မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/(၃၂) ကောဋ္ဌာသ

ဝီကီရင်းမြစ် မှ

ပဋိကူလမနသိကာရ အရိုးစုကမ္မဋ္ဌာန်း

ဤအပိုင်း၌ကား စတုရာရက္ခ = အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများကို ရှုပွားပုံကို ဝိပဿနာသို့ မကူးမီ ပွားများ အားထုတ်ထားရန် ဆက်လက် တင်ပြအပ်ပါသည်။ စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများရာ၌ ဩဒါတကသိုဏ်းမှ သို့မဟုတ် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို ပွားများပြီးပါမှ ကူးခဲ့သော် ယောဂီအများစု၌ ပိုမို၍ လွယ်ကူသည်ကို တွေ့ရ၏၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းအတွက်လည်း များစွာ အထောက်အကူ ပြု၏၊

ထိုကြောင့် စတုရာရက္ခကမ္မဋ္ဌာန်းများကို မတင်ပြမီ ..
(၃၂)ကောဋ္ဌာသရှုပုံ,
အရိုးစုကမ္မဋ္ဌာန်းရှုပုံ,
ဩဒါတကသိုဏ်းနှင့် တကွ အခြားအခြားသော ကသိုဏ်းတို့ကို ရှုပုံ,
ကသိုဏ်းတစ်ခုတစ်ခု၌ သမာပတ် (၈)ပါးစီ ပေါက်အောင် ရှုပုံတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။

လင်းရောင်ခြည်စွမ်းအင်များ .. ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် အာနာပါနစတုတ္ထစျာန်သမာဓိသို့ တိုင်အောင် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အလွန်အားကောင်းလာသောအခါ ယင်း လင်းရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့် အောက်ပါ (၃၂)ကောဋ္ဌာသတို့ကို ရှုကြည့်ပါ။

ထိုသို့ ရှုရာ၌ ပထဝီကောဋ္ဌာသ (၂၀)တို့ကို (၅)ခုစီ (၅)ခုစီ ပိုင်း၍, အာပေါကောဋ္ဌာသ (၁၂)မျိုးတို့ကို (၆)ခုစီ (၆)ခုစီ ပိုင်း၍ ရှုကြည့်ပါ။ အစဉ်အတိုင်း ကောဋ္ဌာသ တစ်ခုပြီး တစ်ခု ရှုပါ။ ကြည်လင်သော မှန်အတွင်းသို့ ကြည့်လိုက်သောအခါ မိမိ၏ မျက်နှာရိပ်ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့ရသကဲ့သို့ (၃၂)ကောဋ္ဌာသ တို့ကိုလည်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်အောင်ရှုပါ။ ထိုသို့ ရှုရာ၌ လင်းရောင်ခြည်စွမ်းအင်များ မှိန်သွား၍ ကောဋ္ဌာသတို့ကို ကြည့်ရာ၌ ဝိုးတိုးဝါးတား မထင်မရှား ဖြစ်လာပါက အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ကောဋ္ဌာသတို့ကို တစ်ဖန်ပြန်၍ ရှုပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤနည်းကို အသုံးပြုပါ။

(၃၂) ကောဋ္ဌာသ

ယင်း (၃၂)ကောဋ္ဌာသတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။

ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂၀)

တစပဉ္စက
၁။ ကေသာ = ဆံပင် ၅၃။
၂။ လောမာ = မွေးညင်း ၅၃။
၃။ နခါ = ခြေသည်း လက်သည်း ၅၃။
၄။ ဒန္တာ = သွား ၅၃။
၅။ တစော = အရေ (အရေထူ အရေပါး) ၅၃။

ဝက္ကပဉ္စက
၆။ မံသံ = အသား ၅၃။
၇။ နှာရု = အကြော ၅၃။
၈။ အဋ္ဌိ = အရိုး ၅၃။
၉။ အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ ၅၃။
၁၀။ ဝက္ကံ = အညှို့ = ကျောက်ကပ် ၅၃။

ပပ္ဖါသပဉ္စက
၁၁။ ဟဒယံ = နှလုံး ၅၃။
၁၂။ ယကနံ = အသည်း ၅၃။
၁၃။ ကိလောမကံ = အမြှေး ၅၃။
၁၄။ ပိဟကံ = အဖျဉ်း = သရက်ရွက် ၅၃။
၁၅။ ပပ္ဖါသံ = အဆုတ် ၅၃။

မတ္ထလုင်္ဂပဉ္စက
၁၆။ အန္တံ = အူမ ၅၃။
၁၇။ အန္တဂုဏံ = အူသိမ် (အူထုံး-အူချည်ကြိုး) ၅၃။
၁၈။ ဥဒရိယံ = အစာသစ် (ဥတုဇရုပ်) ၈။
၁၉။ ကရီသံ = အစာဟောင်း (ဥတုဇရုပ်) ၈။
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက် ၅၃။

အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂)

မေဒဆက္က
၁။ ပိတ္တံ = သည်းခြေ (အိမ်သည်းခြေ+အရည်သည်းခြေ) ၅၃။
၂။ သေမှံ = သလိပ် ၅၃။
၃။ ပုဗ္ဗော = ပြည် (ဥတုဇရုပ်) ၈။
၄။ လောဟိတံ = သွေး (အိုင်နေသောသွေး+အကြောတွင်းရှိသွေး) ၅၃။
၅။ သေဒေါ = ချွေး (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၆။ မေဒေါ = အဆီခဲ ၅၃။

မုတ္တဆက္က
၇။ အဿု = မျက်ရည် (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၈။ ဝသာ = ဆီကြည် ၅၃။
၉။ ခေဠော = တံတွေး (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၁၀။ သိင်္ဃာနိကာ = နှပ် (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၁၁။ လသိကာ = အစေး ၅၃။
၁၂။ မုတ္တံ = ကျင်ငယ် (ဥတုဇရုပ်) ၈။

ယောဂါဝစရပုဂ္ဂိုလ်သည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကိုယူ၍ ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့ တိုင်အောင်, ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ၌ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

ထိုအခါ ယင်းအာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီကိုပင် ယူ၍ ထိုလင်းရောင်ခြည်ပြန့်နှံ့ရာ အနီးကပ်ဆုံး နေရာ၌ အထူးသဖြင့် ရှေ့တည့်တည့်၌ တည်ရှိသော သူတော်ကောင်း တစ်ဦး၏ သို့မဟုတ် သတ္တဝါတစ်ဦး၏ သန္တာန်၌တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် ကြိမ်ဖန် များစွာ ရှုကြည့်ပါ။ အောင်မြင်မှု ရရှိသောအခါ အဇ္ဈတ္တ၌ တစ်လှည့်, ဗဟိဒ္ဓ၌ တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်ပါမှ ဘာဝနာစွမ်းအင်သည် ကြီးမားလာမည် ဖြစ်ပေသည်၊ ဉာဏ်လင်းရောင်ခြည်များသည်လည်း ပို၍ ပို၍ ကြီးမား ကျယ်ပြန့်စွာ တောက်ပလာကြမည် ဖြစ်ပေသည်။

ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာ အားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်းအာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် တွေ့ထိမိရာ လူ တိရ စ္ဆာန် စသည့် သတ္တဝါတိုင်းကို တစ်ဦးပြီးတစ်ဦး တစ်ယောက်ပြီးတစ်ယောက် အဇ္ဈတ္တ တစ်လှည့်, ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရ စ္ဆာန်ဟု မတွေ့မမြင်တော့ဘဲ (၃၂)ကောဋ္ဌာသ အစုအပုံဟု ကြည့်လိုက်တိုင်း တွေ့မြင်နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

လမ်း (၃) သွယ်

ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးရာ အချိန်အခါမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မုခ်ဦးဝဖြင့် ဝင်ရောက်သွားခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်သည်။ ကမ္မဋ္ဌာန်းသည် ..

၁။ ဝဏ္ဏ = အရောင်အဆင်း = ဝဏ္ဏကသိုဏ်းအားဖြင့်သော်လည်းကောင်း၊
၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလအားဖြင့်သော်လည်းကောင်း၊
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသော သုညတဓာတ်သဘောအားဖြင့်သော်လည်းကောင်း ထင်လာနိုင်၏၊ ပ။

၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်းအားဖြင့်၊
၂။ အလိုရှိသသူအား ပဋိကူလအားဖြင့်၊
၃။ အလိုရှိသသူအား သုညတဓာတ်သဘောအားဖြင့် ကမ္မဋ္ဌာန်းသည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။[မှတ်စု ၁]

ဤ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် (၃၂)ကောဋ္ဌာသတို့ကို နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာပြီးသောအခါ အထက်ပါ လမ်းသုံးသွယ်တို့တွင် မိမိကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်၍ ရှုနိုင်သည်သာ ဖြစ်ပေသည်။ ဤကျမ်းတွင်ကား လမ်းသုံးသွယ်လုံးကိုပင် ရေးသားတင်ပြပေအံ့ ..။

ပဋိကူလမနသိကာရ

အဇ္ဈတ္တ ဗဟိဒ္ဓ ကောဋ္ဌာသနှစ်မျိုးတို့တွင် မိမိ၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ဝယ် ကောဋ္ဌာသတစ်ခုစီ၌ဖြစ်စေ, ကောဋ္ဌာသအများစု၌ဖြစ်စေ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်ဟု ပရိကမ်ကိုပြုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည်လည်းကောင်း, ဥပစာရစျာန်သည်လည်းကောင်း နှစ်မျိုးလုံး ဖြစ်နိုင်၏၊ ဗဟိဒ္ဓ သူတစ်ပါး၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော ကောဋ္ဌာသ၌ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ကား အပ္ပနာစျာန်သည်လည်း မဖြစ်နိုင်၊ ဥပစာရစျာန်သည်လည်း မဖြစ်နိုင်။[မှတ်စု ၂]

အမေး – (၁၀)မျိုးကုန်သော အသုဘအလောင်းကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ ဤ အပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံးပင် ဖြစ်နိုင်သည် မဟုတ်လော – ဤကား အမေးတည်း။

အဖြေ – အိမ်း ..ဖြစ်နိုင်၏၊ မှန်ပေသည် - ထို (၁၀)မျိုးသော အသုဘအလောင်းကောင်တို့သည်ကား အနုပါဒိန္နကပက္ခ = သက်မဲ့အဖို့အစု၌ တည်နေကြကုန်၏၊ ထိုကြောင့် ထို (၁၀)မျိုးကုန်သော အသုဘအလောင်းကောင် တို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ အပ္ပနာစျာန်သည်လည်းကောင်း, ဥပစာရစျာန်သည်လည်းကောင်း ဖြစ်နိုင်၏၊[မှတ်စု ၃]

တစ်ဖန် ဤဗဟိဒ္ဓဖြစ်သော သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသသည်ကား ဥပါဒိန္နကပက္ခ = သက်ရှိအဖို့အစု၌ တည်နေ၏ (သက်ရှိသတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကို အာရုံယူ၍ ပဋိကူလအားဖြင့် ရှုပွားရ၏)။ ထိုကြောင့် ဤသက်ရှိ ဗဟိဒ္ဓ သူတစ်ပါး၏ကိုယ်၌ တည်ရှိသော (၃၂)ကောဋ္ဌာသ၌ ဤအပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံးသည်လည်း မဖြစ်နိုင်။ သို့သော် အသုဘာနုပဿနာဟု ဆိုအပ်သော ဝိပဿနာဘာဝနာသည်ကား ဖြစ်နိုင်၏ဟု သိရှိပါလေ။[မှတ်စု ၄] (ဝိဇယသုတ္တန်စသည်တို့၌ လာရှိသော သဝိညာဏကအသုဘာနုပဿနာဘာဝနာတည်း။ ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)

မူလဋီကာ၏ ရှင်းလင်းချက်

အနုပါဒိန္နကပက္ခေ ဌိတာနိ– သက်မဲ့ အသုဘအလောင်းကောင် (၁၀)မျိုးတို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ အသုဘအလောင်းကောင်တို့ကား အနုပါဒိန္နကပက္ခ = သက်မဲ့အဖို့အစု၌ တည်နေကြကုန်၏ဟု အဋ္ဌကထာက ဖွင့်ဆိုထား၏၊ ယင်းစကားရပ်ဖြင့် စေတိယတောင်၌ သီတင်းသုံးတော်မူသော မဟာတိဿ မထေရ် မြတ်ကြီးကဲ့သို့လည်းကောင်း,[မှတ်စု ၅] သံဃရက္ခိတမထေရ်မြတ်ကြီး၏ အလုပ်အကျွေး ဖြစ်တော်မူသော သာမဏေကဲ့သို့ လည်းကောင်း[မှတ်စု ၆] ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ ကိုယ်၌ တည်ရှိသော (၃၂)ကောဋ္ဌာသကိုလည်း အနုပါဒိန္နကပက္ခ= သက်မဲ့အဖို့အစု၌ ထား၍ အာရုံယူခြင်းငှာ စွမ်းနိုင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ (၁၀) မျိုးသော အသုဘ၏ အဖြစ်ဖြင့် အသက်ရှင်ဆဲဖြစ်သော ကိုယ်၌လည်း ထင်လာလတ်သော် ဥပစာရစျာန်သို့ ရောက်ခြင်းကို ညွှန်ပြအပ်၏ဟု သိရှိပါလေ။[မှတ်စု ၇]

အတ္ထိဿ ကာယေ” = “ထိုသူ၏ ကာယ၌ (၃၂-ကောဋ္ဌာသသည်) ရှိ၏”ဟု ဆံပင် စသော ကောဋ္ဌာသတို့ကို သူတစ်ပါး၏ ဆံပင် စသည်ဖြင့် စွဲယူအပ်ကုန်လတ်သော် သတ္တဝါ၏အဖြစ်ဖြင့် စွဲယူသည် မည်၏၊ ထိုသို့ မယူဘဲ–“ဣမသ္မိံ ကာယေ” = “ဤကိုယ်၌”ဟု စွဲယူခဲ့သော် မည်သူ၏ကိုယ်ဟု မစွဲယူဘဲ “ဣမသ္မိံ ကာယေ” = “ဤကိုယ်၌”ဟုသာ ယူသဖြင့် သတ္တဝါဟု ယူခြင်းမှ ကင်းနေ၏၊ ထိုသို့ သတ္တဝါဟု စွဲယူခြင်းမှကင်းသော ငါဟုပြုအပ်သော ကိုယ်၌ “ငါ၏ ကိုယ်”ဟု မဆိုသောကြောင့် ဖျက်ဆီးအပ်ပြီးသော “ငါဟု နှလုံးသွင်းခြင်း” ရှိသော အခါခပ်သိမ်း (သမာဓိနှင့် ယှဉ်သော ဉာဏ်၏)အနီး၌ စုဝေးတည်နေသော ထင်ရှားသည်လည်းဖြစ်သော မိမိ၏ (၃၂)ကောဋ္ဌာသ ကာယ၌ သတိ၏ ရှေးရှု ကပ်၍ တည်နေခြင်းသည် ဖြစ်သကဲ့သို့ တစ်နည်း (၃၂)ကောဋ္ဌာသတို့၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် ဖြစ်သကဲ့သို့ ထို့အတူ ထိုဗဟိဒ္ဓ သူတစ်ပါး၏ကိုယ်၌ သတိ၏ ရှေးရှုကပ်၍တည်နေခြင်းသည် တစ်နည်း (၃၂)ကောဋ္ဌာသတို့၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် မဖြစ်ပေ။ ထိုကြောင့် ဗဟိဒ္ဓ သူတစ်ပါး၏ (၃၂)ကောဋ္ဌာသတို့၌ ပဋိကူလအားဖြင့် နှလုံးသွင်းခဲ့သော် အပ္ပနာစျာန်သို့ မရောက်နိုင်။ ထိုသို့ အပ္ပနာစျာန်သို့ မရောက်နိုင်သော်လည်း ဝိဇယသုတ္တန်[မှတ်စု ၈]၌ ဟောကြားထားတော်မူသည့်အတိုင်း ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ မိမိခန္ဓာ သူတစ်ပါးခန္ဓာတို့၏ ဟုတ်မှန်တိုင်းသော အပြစ်ကို မြင်အောင်ရှုသော အာဒီနဝါနုပဿနာဟူသော ဝိပဿနာဉာဏ်ကား ထို သူတစ်ပါး၏ (၃၂)ကောဋ္ဌာသ တို့၌လည်း ဖြစ်နိုင်၏၊ ဤကဲ့သို့သော အဓိပ္ပါယ်ကို ရည်ရွယ်တော်မူ၍ အဋ္ဌကထာဆရာတော်က အသုဘာနုပဿနာဟု ဆိုအပ်သော ဝိပဿနာဘာဝနာကား ဖြစ်နိုင်၏ဟု သိရှိပါလေ”ဟု ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊[မှတ်စု ၉]

ဤမူလဋီကာဆရာတော်၏ ရှင်းလင်းချက်နှင့်အညီ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့၌ ဥပစာရစျာန် အပ္ပနာစျာန်ကို လည်းကောင်း, ဗဟိဒ္ဓ သက်ရှိကိုယ်ကောင်ကိုလည်း ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်အရာ၌ ထား၍ တစ်နည်း ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကိုလည်း ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်၏ ကောဋ္ဌာသအရာ၌ ထား၍ ပဋိကူလအားဖြင့် ရှုနိုင်သူတို့အဖို့ ဗဟိဒ္ဓ ကောဋ္ဌာသ၌လည်း ဥပစာရစျာန်ကိုလည်းကောင်း ရရှိနိုင်ပေသည်။ ဥပစာရ စျာန်၌လည်း စျာန်အင်္ဂါ (၅)ပါးပင် ရှိ၏၊ အပ္ပနာစျာန်၌လည်း စျာန်အင်္ဂါ (၅)ပါးပင် ရှိ၏၊ စျာန်အင်္ဂါချင်းကား တူညီလျက် ရှိ၏၊ စွမ်းအင်ချင်းသာ ကွာခြားလျက် ရှိ၏၊

ဥပစာရဘုံ၌ နီဝရဏကို ပယ်ခွာနိုင်ခြင်းကြောင့် ဘာဝနာစိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ တည်ကြည်နေခြင်းဖြစ်၏၊ စျာန်ကို ရရှိသည့် ပဋိလာဘဘုံ၌ကား စျာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား စွမ်းအင်ကြီးမားစွာ ဖြစ်ပေါ်လာခြင်းကြောင့် ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်သည် တည်ကြည်နေခြင်း ဖြစ်၏၊ ဥပစာရဘုံ၌ စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်မလာနိုင်ကုန်သေး၊ အပ္ပနာစျာန်အခိုက်၌ကား စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာကြ၏၊[မှတ်စု ၁၀]

အရိုးစုကမ္မဋ္ဌာန်း

ဤ (၃၂)ကောဋ္ဌာသတို့ကို ပဂုဏဖြစ်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်း (၃၂)ကောဋ္ဌာသတို့ကို ခြုံငုံ၍ ဖြစ်စေ၊ ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီကိုဖြစ်စေ အာရုံယူ၍ ပဋိကူလ မနသိကာရကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ပေသည်။[မှတ်စု ၁၁]

ဤတွင် အရိုးစုကောဋ္ဌာသတစ်ခုကို အာရုံယူ၍ ရှုပွားပုံကို တင်ပြအပ်ပါသည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့တွင် နှစ်ခြိုက်ရာက စနိုင်၏၊ ဤ၌ အဇ္ဈတ္တကစ၍ အားထုတ်ပုံကို တင်ပြအပ်ပါသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ အဇ္ဈတ္တ (၃၂) ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ၌လည်း အနီးကပ်ဆုံး၌ တည်ရှိသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိသော သတ္တဝါတစ်ဦး၏ (၃၂)ကောဋ္ဌာသတို့ကိုလည်း သိမ်းဆည်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ တစ်ကြိမ် နှစ်ကြိမ်ခန့် သိမ်းဆည်းပါ။ ထိုနောင် အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို ဉာဏ်ဖြင့် ခြုံငုံ၍ သိမ်းဆည်းပါ။ အရိုးစုကောဋ္ဌာသ ထင်ရှားလာသောအခါ ယင်းအရိုးစု ကောဋ္ဌာသ၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူ၍ –

၁။ ပဋိကူလ-ပဋိကူလ = ရွံစရာ-ရွံစရာဟုလည်းကောင်း၊
၂။ အဋ္ဌိကပဋိကူလ = အရိုးစုရွံစရာဟုလည်းကောင်း၊
၃။ အဋ္ဌိက-အဋ္ဌိက = ရွံစရာအရိုးစု ရွံစရာအရိုးစုဟုလည်းကောင်း –

ပါဠိလို ဖြစ်စေ မြန်မာလို ဖြစ်စေ နှစ်ခြိုက်သလို ရှုနေပါ။ ထိုရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ အာနာပါနစတုတ္ထစျာန်၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော ယင်း ပဋိကူလမနသိကာရ ဘာဝနာစိတ်သည် အလွန့်အလွန် စွမ်းအင်ကြီးမားနေမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုရာ၌ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ဉာဏ်ဖြင့် ပေါလောကြီးပေါ်နေအောင် ထင်လင်းနေအောင် ရှုပါ။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၂]အဖွင့်နှင့် အညီ ..
၁။ ဝဏ္ဏ= အရိုးစု၏ အရောင်၊
၂။ သဏ္ဌာန= အရိုးစု၏ ပုံသဏ္ဌာန်၊
၃။ ဒိသ = အရိုးစု၏တည်ရှိရာ ခန္ဓာကိုယ်၏ အထက်ပိုင်း အောက်ပိုင်းဒေသ၊
၄။ ဩကာသ = အရိုးစု တည်ရှိရာအရပ်၊
၅။ ပရိစ္ဆေဒ = အခြားကောဋ္ဌာသတို့နှင့် မရောယှက်ဘဲ အရိုးစု ကောဋ္ဌာသချည်း သီးသန့်တည်နေပုံ, အရိုးစု ကောဋ္ဌာသ အချင်းချင်းလည်း မရောမယှက် တည်နေပုံ –

ဤ (၅)မျိုးသော အခြင်းအရာအားဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသကား ဥဂ္ဂဟနိမိတ်တည်း။ ယင်း ငါးမျိုးသော အခြင်းအရာဟူသော ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ၏ အစွမ်းဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသကား ပဋိဘာဂနိမိတ်တည်း။[မှတ်စု ၁၃]

ယင်း ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသပဋိဘာဂနိမိတ်ကို မှီဝဲသော ပွားများသော ယောဂါဝစရပုဂ္ဂိုလ်အား ပထမစျာန်၏ အစွမ်းဖြင့်သာလျှင် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာ၏၊[မှတ်စု ၁၄] ကြွင်းကျန်သော ကောဋ္ဌာသတို့၌လည်း အလိုရှိပါက နည်းတူပင် ပွားနိုင်သည်။

စျာန်အင်္ဂါ (၅) ပါး

၁။ ဝိတက်= ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။
၂။ ဝိစာရ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ= ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်ခြင်းသဘော။
၄။ သုခ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်တည်ငြိမ်နေခြင်းသဘော။

ပီတိ သောမနဿ

ဤမျှ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အရိုးစုကောဋ္ဌာသ၌ အဘယ်သို့လျှင် ပီတိသောမနဿ ဖြစ်နိုင်ပါအံ့နည်းဟု မေးရန်ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏၊ ပဋိကူလမနသိကာရလမ်းမှ ရှုပွားသုံးသပ်နေသော ဤအရိုးစုကောဋ္ဌာသသည် ရွံရှာစက်ဆုပ်ဖွယ် ဧကန်ဖြစ်သော်လည်း ထိုအရိုးစုကောဋ္ဌာသပဋိဘာဂနိမိတ်အာရုံ၌ “အဒ္ဓါ ဣမာယ ပဋိပဒါယ ဇရာမရဏမှာ ပရိမုစ္စိဿာမိ” = မချွတ်ဧကန် အမှန်အားဖြင့် ဤကျင့်ဝတ်ပဋိပတ်ဖြင့် အိုဘေးဆိုးကြီး သေဘေးဆိုးကြီးမှ ငါလွတ်မြောက်ရပေတော့အံ့ – ဟု မိမိရရှိမည့် အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, နီဝရဏအညစ်အကြေးတည်းဟူသော စိတ်အစဉ်ကို ပူပန်စေတတ်သော တရားဆိုးကို ပယ်နိုင်ခြင်းကြောင့်လည်းကောင်း ပီတိ-သောမနဿသည် ဖြစ်ပေါ်လာနိုင်၏၊ လောကူပမာအားဖြင့်ကား “ယခုအခါ၌ များစွာသော အဖိုးအခကို ငါရပေတော့အံ့”ဟု အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသော ပုပ္ဖဆဍ္ဍက = ပန်းမှိုက်သွန် မစင်ဘင်ကျုံးသမားအား မစင်ပုံကြီးကို အာရုံပြု၍ မစင်ပုံကြီး၌ ပီတိ-သောမနဿ ဖြစ်သကဲ့သို့လည်းကောင်း, အပြင်းအထန် ဖျားနာခြင်း ဗျာဓိဒုက္ခသို့ ရောက်ရှိနေသော ရောဂါသည်အား ပျို့အန်ခြင်း ဝမ်းလျှောခြင်း ဖြစ်ရာ၌ ပီတိ-သောမနဿသည် ဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း မှတ်ပါ။[မှတ်စု ၁၅]

သတိပြုရန်

ဤ ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ပွားများရာ၌ အရိုးဟူသော အမည်နာမ ပညတ်ကို စွန့်လွှတ်၍ ထိုအရိုးစုအာရုံ၌ “ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ”ဟု ရွံရှာစက်ဆုပ်ဖွယ်သဘော၌သာ သတိကို တည်အောင်ထားပါ။ သို့သော် ထိုသို့ အားထုတ်ရာ၌ ရှေးဦးစွာ အားထုတ်လျှင် အားထုတ်ချင်း ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်သဘောအားဖြင့်ကား မထင်လာနိုင်သေးပေ။ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် မထင်သေး သမျှ ကာလပတ်လုံး အရိုးစုဟူသော အမည်နာမ ပညတ်ကို မလွှတ်ပါနှင့်။ အကြင်အခါ၌ကား ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ အရိုးစုဟူသော အမည်နာမပညတ်ကို သို့မဟုတ် အရိုးစုပညတ်ကို လွှတ်၍ ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ- ဟုသာ နှလုံးသွင်းပါ။ အထက်တွင် ဖော်ပြထားသော ငါးမျိုးသော အခြင်းအရာဟူသော ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ထင်လာအောင် နှလုံးသွင်းပါ။[မှတ်စု ၁၆]

အဇ္ဈတ္တ - ဗဟိဒ္ဓ

အဇ္ဈတ္တဝယ် (၃၂)ကောဋ္ဌာသတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ထိုအခါ၌ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ဗဟိဒ္ဓသူတစ်ပါးသန္တာန်တို့သို့လည်း ကောဋ္ဌာသကို နှလုံးသွင်းခြင်း = မနသိကာရကို အကယ်၍ ကပ်ဆောင် ငြားအံ့၊ ထိုသို့ ကပ်ဆောင်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ကောဋ္ဌာသအားလုံးတို့သည် ထင်ရှားသည်ဖြစ်၍ ဖြစ်ကုန်လတ်သော် လှည့်လည်ကျက်စား သွားလာနေထိုင်ကြကုန်သော လူ တိရ စ္ဆာန် အစရှိသော သတ္တဝါတို့သည် သတ္တဝါဟု စွဲယူထိုက်သော အခြင်းအရာကို စွန့်၍ ကောဋ္ဌာသတို့၏ အစုအပုံ၏ အဖြစ်ဖြင့်သာလျှင် ထင်လာကုန်၏၊ (လင်းရောင်ခြည်စွမ်းအင်ဖြင့် တွေ့ရှိနေရသော) ထိုလူ တိရ စ္ဆာန်စသော သတ္တဝါတို့သည် စားမျိုအပ်သော သောက်ဖွယ် စားဖွယ် အစရှိသော အာဟာရသည် ကောဋ္ဌာသအစုအပုံ၌ ထည့်သွင်းအပ်သကဲ့သို့ ထင်လာ၏၊ ထိုအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တကောဋ္ဌာသ အများစု၌ သို့မဟုတ် ထင်ရှားရာ ကောဋ္ဌာသတစ်ခုခု၌ “ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ”ဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းလတ်သော် အစဉ်အားဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်၏၊၊[မှတ်စု ၁၇]

ဤ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တအရိုးစုကောဋ္ဌာသ၌ ပဋိကူလအားဖြင့် နှလုံးသွင်း ရှုပွားလေရာ ပထမစျာန်သမာဓိသို့ ဆိုက်သည်ဖြစ်အံ့၊ ယင်း ရွံရှာစက်ဆုပ်ဖွယ် အဇ္ဈတ္တအရိုးစုကောဋ္ဌာသ အာရုံ၌ ဘာဝနာစိတ်သည် နစ်မြုပ်လျက် ငြိမ်ဝပ်စွာ ကပ်တည်နေသည် ဖြစ်အံ့။ ထိုအခါတွင် ပထမစျာန်သို့ ဆိုက်ရောက်ပြီ ဖြစ်၏၊ ယင်းပထမစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းပြီးသော် မိမိ၏ ရှေ့တည့်တည့်တွင် သို့မဟုတ် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အနီးစပ်ဆုံး တစ်နေရာတွင် တွေ့ရှိရသော သူတစ်ပါး‌၏ အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအားဖြင့်ပင် နှလုံးသွင်းပါ။ စျာန်အင်္ဂါများ ထင်ရှားလာသည့်တိုင်အောင် နှလုံးသွင်းပါ။ သို့သော် ယင်းစျာန်မှာ အထက်ပါမူလဋီကာ၏ ရှင်းလင်းချက် အရ ဗဟိဒ္ဓအလောင်းကောင်၏ အရိုးစုကဲ့သို့ သက်မဲ့အရိုးစုအာရုံအရာ၌ ထား၍ နှလုံးသွင်းနိုင်သောကြောင့် ရရှိလာသော ဥပစာရစျာန်သာ ဖြစ်သည်။ ယင်းစျာန်အင်္ဂါများ ထင်ရှားလာသောအခါ အဇ္ဈတ္တသို့ တစ်ဖန်ပြန်၍ အဇ္ဈတ္တအရိုးစုကိုပင် ပဋိကူလအားဖြင့် နှလုံးသွင်းပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် နှလုံးသွင်းပါ။ ယင်းသို့ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် ပဋိကူလမနသိကာရဘာဝနာသည် အလွန့် အလွန် အရှိန်အဝါကောင်း၍ စွမ်းအင်ပြည့်ဝလာမည် ဖြစ်သည်။ ထိုနောင် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ် (၁၀)မျက်နှာ၌ တည်ရှိသော အဝေး အနီး အရပ်အားလုံးသို့ ဉာဏ်ကိုစေလွှတ်၍ အရိုးစုကောဋ္ဌာသများကိုလည်း တစ်ခုပြီးတစ်ခု နည်းတူပင် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘော ထင်ရှားလာသည့် တိုင်အောင် ရှုပါ။

ထိုသို့ ရှုရာ၌ အဇ္ဈတ္တအရိုးစုကောဋ္ဌာသအာရုံ၌သာလျှင် ပထမစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်ပြီး ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသအာရုံ၌ကား အထက်က ရှင်းပြခဲ့သည့်အတိုင်း သက်မဲ့အလောင်းကောင်၏ အရိုးစုကောဋ္ဌာသအရာ၌ ထား၍ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ရှုပွား သုံးသပ်နိုင်ပါမှသာလျှင် ဥပစာရသမာဓိသို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပါသည်။

အဝေး အနီး အရပ်အားလုံးသို့ ဉာဏ်ကိုစေလွှတ်၍ နည်းတူပင် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုရာဝယ် အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း ရှုလိုက်တိုင်း သတ္တဝါကို မတွေ့တော့ဘဲ အရိုးစု ကောဋ္ဌာသချည်းသက်သက် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှု ရရှိသောအခါ ဩဒါတကသိုဏ်းသို့ ကူးနိုင်ပေပြီ။

  1. ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ။ အာကင်္ခမာနဿ ဝဏ္ဏတော အာကင်္ခမာနဿ ပဋိကူလတော အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)
  2. ဧတ္ထ ပန အတ္တနော ဇီဝမာနကသရီရေ ပဋိကူလန္တိ ပရိကမ္မံ ကရောန္တဿ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ပရဿ ဇီဝမာနကသရီရေ ပဋိကူလန္တိ မနသိကရောန္တဿ နေဝ အပ္ပနာ ဇာယတိ၊ န ဥပစာရံ။ နနု စ ဒသသု အသုဘေသု ဥဘယမ္ပေတံ ဇာယတီတိ။ အာမ ဇာယတိ။ တာနိ ဟိ အနုပါဒိန္နကပက္ခေ ဌိတာနိ၊ တသ္မာ တတ္ထ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ဣဒံ ပန ဥပါဒိန္နကပက္ခေ ဌိတံ၊ တေနေဝေတ္ထ ဥဘယမ္ပေတံ န ဇာယတိ။ အသုဘာနုပဿနာသင်္ခါတာ ပန ဝိပဿနာဘာဝနာ ဟောတီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)
  3. ဧတ္ထ ပန အတ္တနော ဇီဝမာနကသရီရေ ပဋိကူလန္တိ ပရိကမ္မံ ကရောန္တဿ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ပရဿ ဇီဝမာနကသရီရေ ပဋိကူလန္တိ မနသိကရောန္တဿ နေဝ အပ္ပနာ ဇာယတိ၊ န ဥပစာရံ။ နနု စ ဒသသု အသုဘေသု ဥဘယမ္ပေတံ ဇာယတီတိ။ အာမ ဇာယတိ။ တာနိ ဟိ အနုပါဒိန္နကပက္ခေ ဌိတာနိ၊ တသ္မာ တတ္ထ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ဣဒံ ပန ဥပါဒိန္နကပက္ခေ ဌိတံ၊ တေနေဝေတ္ထ ဥဘယမ္ပေတံ န ဇာယတိ။ အသုဘာနုပဿနာသင်္ခါတာ ပန ဝိပဿနာဘာဝနာ ဟောတီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)
  4. ဧတ္ထ ပန အတ္တနော ဇီဝမာနကသရီရေ ပဋိကူလန္တိ ပရိကမ္မံ ကရောန္တဿ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ပရဿ ဇီဝမာနကသရီရေ ပဋိကူလန္တိ မနသိကရောန္တဿ နေဝ အပ္ပနာ ဇာယတိ၊ န ဥပစာရံ။ နနု စ ဒသသု အသုဘေသု ဥဘယမ္ပေတံ ဇာယတီတိ။ အာမ ဇာယတိ။ တာနိ ဟိ အနုပါဒိန္နကပက္ခေ ဌိတာနိ၊ တသ္မာ တတ္ထ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ဣဒံ ပန ဥပါဒိန္နကပက္ခေ ဌိတံ၊ တေနေဝေတ္ထ ဥဘယမ္ပေတံ န ဇာယတိ။ အသုဘာနုပဿနာသင်္ခါတာ ပန ဝိပဿနာဘာဝနာ ဟောတီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)
  5. (ဝိသုဒ္ဓိ၊၁၊၂၀၊ စာပိုဒ်၊၁၅။)
  6. (မ၊ဋ္ဌ၊၁၊၂၅၉၊ စာပိုဒ်၊၁၀၉။)
  7. (မူလဋီ၊၂၊၁၅၅။)
  8. (သုတ္တနိပါတ၊၃၀၇-၃၀၈။)
  9. (မူလဋီ၊၂၊၁၅၅-၁၅၆။)
  10. (ဝိသုဒ္ဓိ၊၁၊၁၂၃- ကြည့်ပါ။)
  11. (ဝိသုဒ္ဓိ၊၁၊၂၅၇-ကြည့်ပါ)
  12. တတ္ထ ကေသာဒီနံ ဝဏ္ဏသဏ္ဌာနဒိသောကာသပရိစ္ဆေဒဝသေန ဥပဋ္ဌာနံ ဥဂ္ဂဟနိမိတ္တံ။ သဗ္ဗာကာရတော ပဋိက္ကူလဝသေန ဥပဋ္ဌာနံ ပဋိဘာဂနိမိတ္တံ။ (ဝိသုဒ္ဓိ၊၁၊၂၅၇။)
  13. (ဝိသုဒ္ဓိ၊၁၊၂၅၇။ မဟာဋီ၊၁၊၃၁၀။ အဘိ၊ဋ္ဌ၊၂၊၂၃၇။)
  14. (ဝိသုဒ္ဓိ၊၁၊၂၅၇။)
  15. (ဝိသုဒ္ဓိ၊၁၊၁၈၈။)
  16. (အဘိ၊ဋ္ဌ၊၂၊၂၄၅- ကြည့်ပါ။)
  17. သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ ဧဝံ သဗ္ဗကောဋ္ဌာသေသု ပါကဋီဘူတေသု အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ကောဋ္ဌာသရာသိဝသေနေဝ ဥပဋ္ဌဟန္တိ။ တေဟိ စ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ကောဋ္ဌာသရာသိမှိ ပက္ခိပိယမာနမိဝ ဥပဋ္ဌာတိ။ အထဿ အနုပုဗ္ဗမုဉ္စနာဒိဝသေန ပဋိကူလာ ပဋိကူလာတိ ပုနပ္ပုနံ မနသိကရောတော အနုက္ကမေန အပ္ပနာ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၂၊၂၃၆-၂၃၇၊၊)