မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝဏ္ဏကသိုဏ်း (၄) မျိုး

ဝီကီရင်းမြစ် မှ

ကသိုဏ်း (၁၀) ပါး - သမာပတ် (၈) ပါး

ဝဏ္ဏကသိုဏ်း (၄) မျိုး

(၃၂)ကောဋ္ဌာသတို့၌ နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်း ဩဒါတကသိုဏ်းဟု ဝဏ္ဏကသိုဏ်း (၄)မျိုးတို့ကို ရနိုင်၏၊

၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း – ဆံပင် မွေးညင်း သည်းခြေတို့၌လည်းကောင်း, မျက်လုံးတို့၌ မည်းနက်ရာအရပ်၌လည်းကောင်း ညိုသောအရောင်ကို အာရုံပြု၍ နီလံ နီလံ = အညို အညိုဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[မှတ်စု ၁]

၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း – အဆီခဲ၌လည်းကောင်း, မျက်လုံးတို့၏ ဝါရွှေရာအရပ်၌လည်းကောင်း, (ဝါသော အရေပြား၌လည်းကောင်း, ဝါသော လက်ဖဝါး ခြေဖဝါးတို့၌လည်းကောင်း) အဝါရောင်ကို အာရုံယူ၍ ပီတကံ ပီတကံ = အဝါ အဝါဟု နှလုံးသွင်းသောပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[မှတ်စု ၂]

၃။ လောဟိတကသိုဏ်း= အနီရောင်ကသိုဏ်း – အသား၌လည်းကောင်း, သွေး၌လည်းကောင်း (လျှာ၌ လည်းကောင်း) မျက်လုံးတို့၏ နီမြန်းရာ အရပ်၌လည်းကောင်း အနီရောင်ကို အာရုံယူ၍ လောဟိတကံ လောဟိတကံ = အနီ အနီဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[မှတ်စု ၃]

၄။ ဩဒါတကသိုဏ်း= အဖြူရောင်ကသိုဏ်း – ခြေသည်း-လက်သည်း၌လည်းကောင်း, သွား၌လည်းကောင်း, အရေထူ-အရေပါး၌လည်းကောင်း, အရိုး၌လည်းကောင်း, မျက်လုံးတို့၏ ဖြူရာအရပ်၌လည်းကောင်း အဖြူရောင်ကို အာရုံပြု၍ ဩဒါတံ ဩဒါတံ = အဖြူ အဖြူဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[မှတ်စု ၄]

အဘိဘာယတနစျာန်

ယင်းသို့ (၃၂)ကောဋ္ဌာသမှ ဝဏ္ဏကသိုဏ်း လေးမျိုးသို့ ကူး၍ ရရှိသော စျာန်များကို ယင်းကသိုဏ်းအာရုံတို့ကို လွှမ်းမိုးဖိစီးလျက် ရရှိသော စျာန်များ ဖြစ်ခြင်းကြောင့် အဘိဘာယတနစျာန်ဟု ခေါ်ဆို၏၊ ကိလေသာအညစ်အကြေး စသည့် ဆန့်ကျင်ဘက်တရားတို့ကို လွယ်ကူစွာ လွှမ်းမိုးဖိစီးနိုင်သောကြောင့်လည်း အဘိဘာယတနစျာန်ဟု ခေါ်ဆို၏၊

အဘိဘာယတနတို့ဟူသည် .. လွှမ်းမိုး ဖိစီး နှိပ်နင်းကြောင်းတရားတို့တည်း = ရူပါဝစရစျာန်တို့တည်း။ အဘယ်တရားကို လွှမ်းမိုး ဖိစီး နှိပ်နင်းကြသနည်း။ ဆန့်ကျင်ဘက်တရားတို့ကိုလည်း လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊ ကသိုဏ်းအာရုံတို့ကိုလည်း လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊ မှန်ပေသည် ထို အဘိဘာယတနစျာန်တို့သည် ထိပ်တိုက် ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့် ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊ အဘိဘာယတနစျာန်တို့ကို ရရှိအောင် ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏ ထက်မြက်စူးရှသည့်အတွက်ကြောင့် ကသိုဏ်းအာရုံ တို့ကိုလည်း လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊[မှတ်စု ၅]

သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကောဋ္ဌာသပင် ဖြစ်ချင်ဖြစ်ပါစေ။ ယင်းကဲ့သို့သော ကောဋ္ဌာသကို အာရုံယူ၍ အညိုရောင်ကသိုဏ်းကို ပွားများရာ၌ အညိုရောင်ကသိုဏ်းနိမိတ် ဖြစ်သည်နှင့် အတူတကွ အပ္ပနာစျာန်ကို ဖြစ်စေနိုင်၏ဟု ဆိုလို၏၊ ဤသို့ ဖြစ်စေအပ်ကုန်သော စျာန်တို့ကို အဘိဘာယတနစျာန်တို့ဟူ၍ ဆိုအပ်ကုန်၏၊[မှတ်စု ၆]

အဘိဘုလည်း ဟုတ်၍ အာယတနလည်း ဟုတ်သောကြောင့် အဘိဘာယတနမည်သော တရား။ ယောဂါဝစရပုဂ္ဂိုလ်၏ ကသိုဏ်းပရိကမ္မဘာဝနာနှင့် ဉာဏ်သည် ကသိုဏ်းအာရုံနှင့် ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်သောကြောင့် အဘိဘု မည်၏၊ ယင်းအဘိဘုဟူသော အာယတန အကြောင်းတရား ထင်ရှားရှိသော စျာန်သည် အဘိဘာယတနစျာန် မည်၏၊ တစ်နည်း – လွှမ်းမိုး ဖိစီး နှိပ်နင်းထိုက်သော ကသိုဏ်းအာရုံဟု ဆိုအပ်သော အကြောင်းတရားရှိသော စျာန်သည် အဘိဘာယတနစျာန် မည်၏၊ ကသိုဏ်းအာရုံကို လွှမ်းမိုးဖိစီး နှိပ်နင်း တတ်သောကြောင့် အဘိဘုလည်း ဟုတ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ချမ်းသာအထူး၏ တည်ရာ အာယတနလည်း ဟုတ်သောကြောင့် သမ္ပယုတ်တရားနှင့် တကွသော ရူပါဝစရစျာန်သည် အဘိဘာယတနစျာန် မည်၏၊[မှတ်စု ၇]

ကသိုဏ်းအာရုံကို လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်၏ဟူသည် သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကသိုဏ်းဝန်းပင် ဖြစ်ချင်ဖြစ်ပါစေ, ဦးခေါင်းခွံအရိုးစုကဲ့သို့ အနည်းငယ်ကြီးမားသော ကသိုဏ်းဝန်းပင် ဖြစ်ချင်ဖြစ်ပါစေ၊ ထို ကသိုဏ်း အာရုံကို လွယ်လွယ်ကူကူ မပင်မပန်း ချမ်းချမ်းသာသာဖြင့် အလိုရှိသလောက် အရပ် (၁၀)မျက်နှာသို့တိုင်အောင် = အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်နိုင်မှု အပ္ပနာစျာန်သို့ဆိုက်အောင် ပွားနိုင်မှုကို ဆိုလိုသည်။

ဘုရားရှင်သည် ဤအဘိဘာယတနစျာန်တို့ကို မဟာပရိနိဗ္ဗာနသုတ္တန်,[မှတ်စု ၈] အဘိဘာယတနသုတ္တန်,[မှတ်စု ၉] ဓမ္မသင်္ဂဏီ ပါဠိတော်[မှတ်စု ၁၀] စသည့် ထိုထိုပါဠိတော်တို့၌ ဟောကြားထားတော်မူခဲ့၏၊

အဇ္ဈတ္တနှင့် ဗဟိဒ္ဓ

သုတ္တန်ဒေသနာတော်တို့၌ အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ[မှတ်စု ၁၁] စသည်ဖြင့် အဇ္ဈတ္တကောဋ္ဌာသတို့၌လည်း အရောင်ဝဏ္ဏကသိုဏ်း ရှုပွားပုံများကို ထည့်သွင်း၍ ဟောကြားထားတော်မူ၏၊ အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော်[မှတ်စု ၁၂]၌ကား – အဇ္ဈတ္တံ အရူပသညီဟု အဇ္ဈတ္တကောဋ္ဌာသတို့၌ ဝဏ္ဏကသိုဏ်း ရှုကွက်ကို ဟောကြားထားတော်မမူခဲ့ပေ။ ထိုသို့ မဟောကြားခြင်း၏ အကြောင်းကို အဋ္ဌကထာ ဋီကာ[မှတ်စု ၁၃]တို့က ဤသို့ ရှင်းပြထား၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တ (၃၂)ကောဋ္ဌာသ၌ တည်ရှိသော ကသိုဏ်းရုပ်တို့ကို ဝဏ္ဏကသိုဏ်းအာရုံအဖြစ် ရှုပွားခဲ့သော် အဇ္ဈတ္တရူပေ ပရိကမ္မဝသေန အဇ္ဈတ္တံ ရူပသညီ နာမ ဟောတိ[မှတ်စု ၁၄] ဟူသော အဋ္ဌကထာအဖွင့်နှင့် အညီ ပရိကမ္မဘာဝနာကား ဖြစ်နိုင်၏၊ သို့သော် အဇ္ဈတ္တကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူ၍ ကသိုဏ်းပရိကံကို စီးဖြန်း ခဲ့သော် အဇ္ဈတ္တကသိုဏ်းရုပ်တို့ကား ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကဲ့သို့ မထင်ရှားပေ။ ဉာဏ်ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်တို့ အဖို့ ပဋိဘာဂနိမိတ်ဖြစ်ပေါ်သည်နှင့် အတူတကွ ဥပစာရသမာဓိဇောဝီထိ အကြိမ်အနည်းငယ် ဖြစ်ပေါ်ပြီးနောက် အပ္ပနာစျာန်ဇောကို ဖြစ်စေနိုင်ခြင်းသည် ကသိုဏ်းဝန်းအာရုံကို လွှမ်းမိုး ဖိစီး နှိပ်နင်းနိုင်သောကြောင့်သာ ဖြစ်ရ၏၊ ယင်းသို့ လွှမ်းမိုးဖိစီးနှိပ်နင်းနိုင်ခြင်းမှာလည်း ကသိုဏ်းရုပ်က ထင်ရှားပါမှသာလျှင် ဖြစ်နိုင်၏၊ ထင်ရှားမှုနှင့် ကင်း၍ကား မဖြစ်နိုင်။ ထိုကြောင့် အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်က မထင်ရှားသောကြောင့် ယင်းအဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာသာ ဖြစ်နိုင်၍ ဥပစာရဘာဝနာ အပ္ပနာဘာဝနာသည် မဖြစ်နိုင်ပေ။

ထိုသုတ္တန်ပါဠိတော်တို့၌လည်းကောင်း, ဤအဘိဓမ္မာပါဠိတော်၌လည်းကောင်း ကသိုဏ်းရုပ်ရှုကွက်တို့၌ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဗဟိဒ္ဓကောဋ္ဌာသတို့၏ ဝဏ္ဏကသိုဏ်းရုပ်တို့ကိုသာလျှင် အပ္ပနာစျာန်သို့ ဆိုက်သည့် တိုင်အောင် လွှမ်းမိုးဖိစီးနှိပ်နင်းနိုင်ကုန်၏၊ ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကိုသာလျှင် အပ္ပနာစျာန်သို့ ဆိုက်သည့်တိုင်အောင် ပွားများ၍ ရနိုင်ကုန်၏၊ ဗဟိဒ္ဓကသိုဏ်းရုပ်တို့၏ ထင်ရှားသောကြောင့် ဖြစ်၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများပြီးနောက် ဆက်လက်၍ ဗဟိဒ္ဓကသိုဏ်းရုပ်တို့၌လည်း ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို (အဘိဘာယတနစျာန်ကို အလိုရှိခဲ့လျှင်) ပွားများရမည်သာ ဖြစ်၏၊ အကယ်၍ အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများ၍ မရနိုင်သောကြောင့်လည်းကောင်း, အဇ္ဈတ္တ ကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများရန် အလိုမရှိသောကြောင့်လည်းကောင်း, အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ကသိုဏ်းပရိကမ္မဘာဝနာကို မစီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓကသိုဏ်းရုပ်တို့၌သာ ကသိုဏ်း ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို ပွားများရ၏၊

ထိုကြောင့် ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို သုတ္တန်၌ဖြစ်စေ, အဘိဓမ္မာ၌ဖြစ်စေ မြဲသောအားဖြင့် ဟောကြားတော် မူထိုက်သောကြောင့် ထိုသုတ္တန်ပါဠိတော်၌လည်းကောင်း, ဤအဘိဓမ္မာပါဠိတော်၌လည်းကောင်း ဟောကြားတော် မူအပ်ကုန်ပြီ။[မှတ်စု ၁၅]

ဤကား အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို အားထုတ်သော်လည်း မရနိုင်သောပုဂ္ဂိုလ် သို့မဟုတ် အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ပွားများအားထုတ်ခြင်းငှာ အလိုမရှိသော ပုဂ္ဂိုလ်တို့အတွက် ဖွင့်ဆိုချက်တည်း။[မှတ်စု ၁၆]

သို့သော် ဝိမောက္ခကထာ၌ကား အဇ္ဈတ္တကောဋ္ဌာသတို့၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစား အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိနိုင်ကြောင်း လာရှိပေသည်။[မှတ်စု ၁၇]

ယင်းအဘိဘာယတနစျာန်တို့၌ အောက်ပါအတိုင်း ကသိုဏ်းအာရုံ (၄)မျိုး လာရှိ၏၊
၁။ ပရိတ္တ= မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုဏ်းဝန်း၊
၂။ အပ္ပမာဏ = တိုးပွားအောင် ဖြန့်ကြက်အပ်ပြီးသော ကသိုဏ်းဝန်း၊
၃။ သုဝဏ္ဏ = အရောင်အဆင်း လှသော ကသိုဏ်းဝန်း၊
၄။ ဒုဗ္ဗဏ္ဏ= အရောင်အဆင်း မလှသော ကသိုဏ်းဝန်း၊

ဤသို့လျှင် ကသိုဏ်းအာရုံ (၄)မျိုး လာရှိ၏၊[မှတ်စု ၁၈] ထိုတွင် –

၁။ ပရိတ္တ= မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုဏ်းဝန်းရုပ်သည် ဝိတက်စရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊
၂။ အပ္ပမာဏ= တိုးပွားအောင် အတိုင်းအတာပမာဏမရှိ ဖြန့်ကြက်အပ်ပြီးသော ကသိုဏ်းရုပ်သည် မောဟစရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊
၃။ သုဝဏ္ဏ= အရောင်အဆင်း လှသော ကသိုဏ်းဝန်းရုပ်သည် ဒေါသစရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊
၄။ ဒုဗ္ဗဏ္ဏ = အရောင်အဆင်း မလှသော ကသိုဏ်းဝန်းရုပ်သည် ရာဂစရိုက် ထူပြောများပြားသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊[မှတ်စု ၁၉]

ဩဒါတကသိုဏ်းသည် အသာဆုံး အမြတ်ဆုံး

ရဟန်းတို့ ...ဤ အဘိဘာယတနစျာန် (၈)မျိုးတို့တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဇ္ဈတ္တ သန္တာန်၌ တည်ရှိသော ကောဋ္ဌာသတို့၏ အဆင်းရုပ်တို့ကို မရှုမူ၍ ဗဟိဒ္ဓ၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသော အရောင်ရှိသော ဖြူသောကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ “ငါသိ၏၊ ငါမြင်၏”ဟု ဤသို့ အမှတ်သညာ ရှိ၏၊ ဤအဘိဘာယတနစျာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။[မှတ်စု ၂၀]

တွေ့ထိမိရာ လူ တိရ စ္ဆာန် စသည့် သတ္တဝါတိုင်းကို တစ်ဦးပြီးတစ်ဦး တစ်ယောက်ပြီး တစ်ယောက် အဇ္ဈတ္တ တစ်လှည့်, ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရ စ္ဆာန်ဟု မတွေ့မမြင်တော့ဘဲ (၃၂)ကောဋ္ဌာသအစုအပုံဟု ကြည့်လိုက်တိုင်း တွေ့နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

အထက်ပါ ဒေသနာတော်နှင့်အညီ ဝဏ္ဏကသိုဏ်း လေးမျိုးတို့တွင် ဩဒါတ = အဖြူရောင်ကသိုဏ်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို အထူးကြည်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုဏ်းတစ်ခု ဖြစ်၏၊ ထိုကြောင့် ဩဒါတကသိုဏ်းရှုကွက်ကို ဦးစားပေး၍ တင်ပြပေအံ့ ..။

  1. (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
  2. (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
  3. (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။)
  4. (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။)
  5. အဘိဘာယတနာနီတိ အဘိဘဝနကာရဏာနိ။ ကိံ အဘိဘဝန္တိ? ပစ္စနီကဓမ္မေပိ အာရမ္မဏာနိပိ။ တာနိ ဟိ ပဋိပက္ခဘာဝေန ပစ္စနီကဓမ္မေ အဘိဘဝန္တိ၊ ပုဂ္ဂလဿ ဉာဏုတ္တရိယတာယ အာရမ္မဏာနိ။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။ မ၊ဋ္ဌ၊၃၊၁၇၇။ အံ၊ဋ္ဌ၊၃၊၂၄၃။)
  6. (ပဋိသံ၊ဋ္ဌ၊၁၊၆၉- ကြည့်ပါ။)
  7. (ဒီ၊ဋီ၊၂၊၁၅၉။ မ၊ဋီ၊၃၊၁၂၁။ အံ၊ဋီ၊၃၊၂၄၅။)
  8. (ဒီ၊၂၊၉၂-၉၃-၉၄။)
  9. (အံ၊၃၊၁၂၅-၁၂၆။)
  10. (အဘိ၊၁၊၆၄-၆၅။)
  11. (ဒီ၊၂၊၉၂။)
  12. (အဘိ၊၁၊၆၄-၆၅။)
  13. အဇ္ဈတ္တရူပါနိ အနဘိဘဝနီယတော။ တတ္ထ ဝါ ဣဓ ဝါ ဗဟိဒ္ဓါရူပါနေဝ အဘိဘဝိတဗ္ဗာနိ။ တသ္မာ တာနိ နိယမတော
    ဝတ္တဗ္ဗာနီတိ တတြပိ ဣဓပိ ဝုတ္တာနိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၄။)
    အဇ္ဈတ္တရူပါနံ အနဘိဘဝနီယတာစ ဗဟိဒ္ဓါရူပါနံ ဝိယ အဝိဘူတတ္တာ။ (မူလဋီ၊၁၊၁၀၆။)
    အဝိဘူတတ္တာတိ ဣဒံ ဉာဏုတ္တရာနံ သဟ နိမိတ္တုပ္ပါဒနေန အပ္ပနာနိဗ္ဗတ္တနံ အာရမ္မဏဿ အဘိဘဝေါ န သုဋ္ဌု ဝိဘူတဘာဝမန္တရေန သမ္ဘဝတီတိ ကတွာ ဝုတ္တံ။ (အနုဋီ၊၁၊၁၁၄။)
  14. (ဒီ၊ဋ္ဌ၊၂၊၁၅၁။)
  15. အဇ္ဈတ္တရူပါနိ အနဘိဘဝနီယတော။ တတ္ထ ဝါ ဣဓ ဝါ ဗဟိဒ္ဓါရူပါနေဝ အဘိဘဝိတဗ္ဗာနိ။ တသ္မာ တာနိ နိယမတော
    ဝတ္တဗ္ဗာနီတိ တတြပိ ဣဓပိ ဝုတ္တာနိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၄။)
    အဇ္ဈတ္တရူပါနံ အနဘိဘဝနီယတာစ ဗဟိဒ္ဓါရူပါနံ ဝိယ အဝိဘူတတ္တာ။ (မူလဋီ၊၁၊၁၀၆။)
    အဝိဘူတတ္တာတိ ဣဒံ ဉာဏုတ္တရာနံ သဟ နိမိတ္တုပ္ပါဒနေန အပ္ပနာနိဗ္ဗတ္တနံ အာရမ္မဏဿ အဘိဘဝေါ န သုဋ္ဌု ဝိဘူတဘာဝမန္တရေန သမ္ဘဝတီတိ ကတွာ ဝုတ္တံ။ (အနုဋီ၊၁၊၁၁၄။)
  16. တတ္ထ အဇ္ဈတ္တံ အရူပသညီတိ အလာဘိတာယ ဝါ အနတ္ထိကတာယ ဝါ အဇ္ဈတ္တရူပေ ပရိကမ္မသညာဝိရဟိတော။ (အဘိ၊ဋ္ဌ၊၁၊၂၃၃။)
  17. (အံ၊၃၊၁၂၆။ အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅-တို့၌ ကြည့်ပါ။)
  18. အဇ္ဈတ္တံ ရူပသညီ (အရူပသညီ) ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ (အပ္ပမာဏာနိ) သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ (ဒီ၊၂၊၉၂။ အံ၊၃၊၁၂၅-၁၂၆။ အဘိ၊၁၊၅၅-၅၆။)
  19. (အဘိ၊ဋ္ဌ၊၁၊၂၃၄။)
  20. ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ အဋ္ဌန္နံ အဘိဘာယတနာနံ၊ ယဒိဒံ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတနိဘာသာနိ၊ တာနိ အဘိဘုယျ “ဇာနာမိ ပဿာမီ”တိ ဧဝံ သညီ ဟောတိ။ (အံ၊၃၊၃၀၆။ ပဌမကောသလသုတ်။)