မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မကောင်းအုပ်စု

ဝီကီရင်းမြစ် မှ

အပိုင်း (၄) - သိမ်းဆည်းရှုပွားပုံအပိုင်း (မကောင်းအုပ်စု)

အကုသိုလ်တရားတွေကို ရှုနေလျှင် အကုသိုလ် ထပ်မဖြစ်ဘူးလား?

“အကုသိုလ်တရားတွေကို ရှုနေလျှင် အကုသိုလ်တွေ ထပ်မဖြစ်ဘူးလား?” ဟူသော ဤမေးခွန်းကို ယောဂါဝစရ ပုဂ္ဂိုလ် တော်တော်ခပ်များများက မကြာခဏ မေးမြန်းတတ်ကြ၏၊ ထိုမေးခွန်းရှင်အား – သရာဂံ ဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ၊ ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂစိတ္တန္တိ ပဇာနာတိ = ရာဂနှင့်ယှဉ်တွဲနေသော စိတ်ကိုလည်း ရာဂနှင့်ယှဉ်တွဲနေသော စိတ်ဟု ကွဲကွဲပြားပြားသိ၏၊ ရာဂကင်းသောစိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု ကွဲကွဲပြားပြား သိ၏၊[မှတ်စု ၁] –– ဤသို့ စသည်ဖြင့် ရာဂနှင့် အတူတကွဖြစ်သောစိတ်, ရာဂကင်းသောစိတ် –– စသည်တို့ကို ရှုပွားသုံးသပ်ရန် ဘုရားရှင် ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူပါကြောင်းကို ရှင်းလင်းတင်ပြသောအခါ .. “ဒီညွှန်ကြားချက်က သူဟာသူ အလိုလို ရာဂ ဒေါသ မောဟ စသည်တို့ ဖြစ်ပေါ်လာတဲ့အခါ ရှုရန်သာ ညွှန်ကြားထားတာပါ” –– ဟု ဆင်ခြေပေးတတ်ကြ၏၊ သင်္ခတနယ်၌ အလိုအလျောက် ဖြစ်သော တရားဟူသည် မရှိ စကောင်းပေ။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော သင်္ခတတရားတို့ ချည်းသာ ဖြစ်ကြ၏၊ ထိုသင်္ခတတရားတို့၏ အကြောင်းတရားတို့တွင် ဤအကုသိုလ်ဇော စောရာ၌ အယောနိသော မနသိကာရကား အနီးကပ်ဆုံး အကြောင်းတရားပင် ဖြစ်ပေသည်။ အာရုံတစ်ခုနှင့် တွေ့ကြုံရာဝယ် ယင်းအာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ပါက နည်းမှားလမ်းမှား နှလုံးသွင်းနေပါက = အယောနိသောမနသိကာရ ဖြစ်နေပါက အကုသိုလ်ဇောများသည် ထိုက်သလို စောနေကြမည်သာ ဖြစ်ပေသည်။ သတ္တဝါတို့ကား အကုသိုလ်တရားများကိုလည်း မက်မောနေတတ်ကြပြန်၏၊ သားကို ချစ်မြတ်နိုးနေရသည်ကို ဂုဏ်ယူတတ်ကြ၏၊ သမီးကို ချစ်မြတ်နိုးရသည်ကို နှစ်သက်ကျေနပ်နေတတ်ကြ၏၊ မြေးကို ချစ်မြတ်နိုးရမှ အမောပြေတတ်ကြ၏၊ “ငါ့လောဘက သူများလောဘနှင့် တူတာမဟုတ်ဘူး၊ ငါ့ဒေါသက သူများဒေါသနှင့် တူတာ မဟုတ်ဘူး”စသည်ဖြင့် မိမိ၏ အကုသိုလ်တရားများကို ပြန်လည်၍ မက်မောနေတတ်ကြ၏၊ ရှေးရှေး ရာဂကို အကြောင်းပြု၍ နောက်နောက် ရာဂများ ထပ်တလဲလဲ ဖြစ်နေတတ်ကြ၏၊ ရှေးရှေး ဒေါသကို အကြောင်းပြု၍ နောက်နောက် ဒေါသများ ထပ်တလဲလဲ ဖြစ်နေတတ်ကြ၏၊ ထိုကြောင့် ယင်း ရာဂ ဒေါသ စသည့် အကုသိုလ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် လိုအပ်သည်သာ ဖြစ်ပေသည်။ ယောဂီသူတော်ကောင်းသည် ဤမျှဖြင့် ဘဝင်မကျသေးလျှင် အောက်ပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ[မှတ်စု ၂]အဖွင့်ကို ဖတ်ရှုကြည့်ပါ။

“ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟု အကုသလဝိတက် သုံးမျိုး ရှိ၏၊ ထိုအကုသလဝိတက် သုံးမျိုးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ကာမဂုဏ်နှင့် ပတ်သက်သော ကြံစည်စိတ်ကူးမှု ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ရန်အလို့ငှာ ယင်းကာမဝိတက်ကိုသော်လည်းကောင်း, ကာမဝိတက်မှ အခြားတစ်ပါးသော တစ်စုံတစ်ခုသော သင်္ခါရတရားကိုသော်လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်နေသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ပေါ်နေဆဲခဏ၌ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပအမည်ရသော ဝိတက်သည် ထိုထိုအကုသိုလ်အစိတ်အပိုင်းကို ပယ်တတ်သော ထိုထိုကုသိုလ်အစိတ်အပိုင်း၏ အစွမ်းဖြင့် = တဒင်္ဂ၏အစွမ်းဖြင့် ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကိုပြုလျက် ဖြစ်ပေါ်လာ၏၊ ဝိပဿနာကို ဉာဏ်စဉ်အတိုင်း လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်စေ၏၊ ထိုသို့ အရိယမဂ်သို့ ဆိုက်ရောက်သွားသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပမဂ္ဂင်သည် အကြွင်းမဲ့ ပယ်သတ်ခြင်း = သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏၊ သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီးလိုသော ကြံစည်စိတ်ကူးမှု = ဗျာပါဒဝိတက်၏လည်း ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းငှာ ဗျာပါဒဝိတက်ကိုသော်လည်းကောင်း, ဗျာပါဒဝိတက်မှ အခြားတစ်ပါးသော သင်္ခါရတရားကိုသော်လည်းကောင်း လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသော ကြံစည် စိတ်ကူးမှု = ဝိဟိံသာဝိတက်၏လည်း ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းငှာ ဝိဟိံသာဝိတက်ကိုသော်လည်းကောင်း ဝိဟိံသာဝိတက်မှ အခြားတစ်ပါးသော သင်္ခါရတရားကိုသော်လည်းကောင်း, လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်နေသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ပေါ်နေဆဲခဏ၌ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပအမည်ရသော ဝိတက်သည် တဒင်္ဂ၏အစွမ်းဖြင့် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏၊ ဝိပဿနာကို ဉာဏ်စဉ်အတိုင်း လုံ့လကြိုးကုတ်အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်စေ၏၊ ထိုသို့ အရိယမဂ်သို့ ဆိုက်ရောက်သွားသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပမဂ္ဂင်သည် အကြွင်းမဲ့ပယ်သတ်ခြင်း = သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏၊”

ကာမဝိတက်ဟူသည် လောဘမူစိတ်နှင့် သို့မဟုတ် လောဘမူစိတ်စေတသိက်တရားစုနှင့် ယှဉ်တွဲနေသော ဝိတက်တည်း။ ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသည် ဒေါသမူစိတ်နှင့် သို့မဟုတ် ဒေါသမူစိတ်စေတသိက်တရားစုနှင့် ယှဉ်တွဲနေသော ဝိတက်တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ကာမဝိတက်နှင့် တကွသော လောဘမူစိတ်စေတသိက် နာမ်တရားစု, ဗျာပါဒဝိတက် ဝိဟိံသာဝိတက်နှင့် တကွသော ဒေါသမူစိတ်စေတသိက် နာမ်တရားစုတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏၊ ကြွင်းသော သင်္ခါရတရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဝိပဿနာအခိုက်၌ ယင်းဝိပဿနာဉာဏ်က တစ်နည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော သမ္မာသင်္ကပ္ပမဂ္ဂင်က ယင်းအကုသလဝိတက်တို့ကို တဒင်္ဂအားဖြင့် ပယ်သတ်၏၊ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်တရားက အကြွင်းမဲ့ (= သမုစ္ဆေဒအားဖြင့်) ပယ်သတ်၏၊ ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။

ထိုကြောင့် အကုသိုလ်တရားတို့ကို ဝိပဿနာရှုခြင်းသည် ယင်း အကုသိုလ်တရားတို့ကို တဒင်္ဂ သမုစ္ဆေဒအားဖြင့် ပယ်သတ်ရန် အလို့ငှာသာ ဝိပဿနာရှုခြင်း ဖြစ်သည်၊ အကုသိုလ်တရားများ တိုးပွားအောင် ကြိုးစားနေခြင်း မဟုတ်ဟု သဘောပေါက်ပါ။ ဤတွင် အုပ်စုအလိုက် ဖြစ်ပေါ်တတ်ကြသော အကုသိုလ် နာမ်တရားအုပ်စုတို့ကို ရှေ့ဦးစွာ တင်ပြအပ်ပါသည်။

လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၄) ချက်

အသိစိတ် ၁
အညသမာန်း = နှစ်ဘက်ရစေတသိက် ၁၃
အကုသလသာဓာရဏစေတသိက် ၄
လောဘ ဒိဋ္ဌိ ၂
အားလုံးပေါင်းသော် ၂ဝ

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကဖြစ်လျှင် - ၂၀
၂။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကဖြစ်လျှင် ပီတိမပါ - ၁၉
၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကဖြစ်လျှင် - ၂၀ + ထိန + မိဒ္ဓ = ၂၂
၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကဖြစ်လျှင် - ၁၉ + ထိန + မိဒ္ဓ = ၂၁
အားလုံးပေါင်းသော် လောဘ-ဒိဋ္ဌိအုပ်စု ၄ - ချက်

ဤအုပ်စုများ၌ သောမနဿဝေဒနာဖြစ်လျှင် ပီတိယှဉ်၍ ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မယှဉ်ပေ။ ဤ၌ ဝီရိယမှာ အထူးသဖြင့် လောဘ-ဒိဋ္ဌိ ဖြစ်အောင် ကြိုးစားမှု ဖြစ်သည်။ ဆန္ဒမှာ လောဘ-ဒိဋ္ဌိဖြစ်လိုသည့်သဘော ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရမူ ဝီရိယမှာ ရာဂဖြစ်အောင်ကြိုးစားမှု, ဆန္ဒမှာ ရာဂဖြစ်လိုသည့်သဘော ဖြစ်သည်။ ကျန်စေတသိက်တို့၏ သဘောသွားမှာ နားလည်လောက်ပေပြီ။

လောဘ-မာနအုပ်စု နာမ်တရား (၄) ချက်

လောဘ-ဒိဋ္ဌိ အုပ်စုတွင် ဒိဋ္ဌိအရာဝယ် မာန ပြောင်းထည့်ရုံသာ ဖြစ်သည်။ (၂၀-၁၉-၂၂-၂၁) လုံးသော နာမ်တရားများပင်တည်း။ သို့သော် - မာနသည် ကဒါစိစေတသိက် ဖြစ်သဖြင့် ရံခါ မာနမပါသည်လည်း ရှိတတ်၏၊ မာန မယှဉ်သော် (ဒိဋ္ဌိလည်း မယှဉ်သော်) (၁၉-၁၈-၂၁-၂၀) သော နာမ်တရားများတည်း။ (၄)ချက်ပင် ရှုပါ။ ဒိဋ္ဌိဂတသမ္ပယုတ် (၄)ချက်, ဒိဋ္ဌိဂတဝိပ္ပယုတ် (၄)ချက် = ပေါင်းသော် လောဘမူစိတ် (၈)ပါးတည်း။

ဒေါသအုပ်စု နာမ်တရား (၂) ချက်

၁။ အသိစိတ် ၁
ပီတိမပါ အညသမာန်း = နှစ်ဘက်ရ စေတသိက် ၁ ၂
အကုသလသာဓာရဏ စေတသိက် ၄
ဒေါသ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁ ၈

၂။ သသင်္ခါရိကဖြစ်သော် –– ထိန-မိဒ္ဓ ထည့်ပါက ၁၈ + ထိန + မိဒ္ဓ = ၂ ဝ

ဒေါသ-ဣဿာအုပ်စု နာမ်တရား (၂) ချက်

၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
ဣဿာ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁၉

၂။ သသင်္ခါရိကဖြစ်သော် –– ၁၉ + ထိန + မိဒ္ဓ = ၂၁

ဒေါသ-မစ္ဆရိယအုပ်စု နာမ်တရား (၂) ချက်

၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
မစ္ဆရိယ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁၉

၂။ သသင်္ခါရိကဖြစ်သော် –– ၁၉ + ထိန + မိဒ္ဓ = ၂ ၁

ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရား (၄) ချက်

၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
ကုက္ကုစ္စ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁၉

၂။ သသင်္ခါရိကဖြစ်သော် –– ၁၉ + ထိန + မိဒ္ဓ = ၂၁

ပြုပြီး ဒုစရိုက်တစ်ခုခုကို အာရုံယူ၍ အသင်္ခါရိက သသင်္ခါရိက နှစ်ချက် ရှုပါ။ မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်ကို အာရုံယူ၍ အသင်္ခါရိက သသင်္ခါရိက နှစ်ချက် ရှုပါ။ ဤတွင် ဒေါသမူစိတ် (၂)မျိုး ရှုကွက်ပြီး၏၊ မောဟမူစိတ် (၂)မျိုး ရှုကွက်မှာ အောက်ပါအတိုင်း ဖြစ်၏၊

မောဟ-ဥဒ္ဓစ္စအုပ်စု နာမ်တရား (၁) ချက်

၁။ အသိစိတ် ၁
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇
ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ (ပီတိ-ဆန္ဒ မပါ၊) ၄
အကုသလသာဓာရဏ စေတသိက် ၄
အားလုံးပေါင်းသော် ၁ ၆

မောဟ-ဝိစိကိစ္ဆာအုပ်စု နာမ်တရား (၁) ချက်

၁။ အသိစိတ် ၁
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇
ဝိတက် ဝိစာရ ဝီရိယ (အဓိမောက္ခ-ပီတိ-ဆန္ဒ မပါ၊) ၃
အကုသလသာဓာရဏ စေတသိက် ၄
ဝိစိကိစ္ဆာ ၁
အားလုံးပေါင်းသော် ၁၆

ဤတွင် မောဟမူစိတ် (၂)မျိုး ရှုကွက်ပြီး၏၊ လောဘမူစိတ် (၈)မျိုး, ဒေါသမူစိတ် (၂)မျိုး, မောဟမူစိတ် (၂)မျိုး - အားလုံးပေါင်းသော် အကုသိုလ်စိတ် (၁၂)မျိုး ရှုကွက်ဖြစ်သည်။

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊ ဒွါရသင်္ဂဟဝယ် .. ဓမ္မသင်္ဂဏီပါဠိတော် စသော အဘိဓမ္မာဒေသနာတော်များ၌ လာရှိသည့်အတိုင်း စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၌လည်းကောင်း, မနောဒွါရဝီထိများ၌လည်းကောင်း, ကာမဇော (၂၉)မျိုးလုံး စောနိုင်ကြောင်း အဆိုအမိန့်များ ရှိနေ၏၊ ထိုဇော (၂၉)မျိုးတို့တွင် အကုသိုလ်ဇော (၁၂)မျိုးတို့လည်း ပါဝင်လျက် ရှိကြ၏၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ရာဂနှင့်တကွ ဖြစ်သော သရာဂစိတ်, ဒေါသနှင့်တကွ ဖြစ်သော သဒေါသစိတ်, မောဟနှင့်တကွ ဖြစ်သော သမောဟစိတ်များကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရန် မဟာသတိပဋ္ဌာနသုတ္တန် စိတ္တာနုပဿနာပိုင်းတွင် ဟောကြားထားတော်မူခဲ့၏၊

သို့အတွက် နာမ်ကမ္မဋ္ဌာန်းကို အားသစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် - တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ “ဣဒံ အရူပ”န္တိ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ ဟူသော အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၃]၏ ညွှန်ကြားချက်နှင့်အညီ ရှေ့ဦးစွာ ရုပ် (၂၈)ပါးတို့တွင် ရုပ်တစ်မျိုး တစ်မျိုးကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ရုပ် (၂၈)ပါးလုံးကို ကုန်စင်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ရုပ် (၂၈)ပါးကို အာရုံအလိုက် ခွဲတမ်းချလိုက်သော် အာရုံ (၆)ပါးပင် ဖြစ်သည်။ ဤတွင် ဓမ္မာရုံအမည်ရသော ဓမ္မာရုံစာရင်းဝင် ရုပ်အစစ် (၁၀/၁၁)လုံး ရုပ်အတု (၁၀)လုံး ဟူသော ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရှေးဦးစွာ ဖော်ပြမည် ဖြစ်ပေသည်။

သို့သော် ရုပ်ပရမတ်တရား တစ်ခုတစ်ခုကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်တရားတို့ကို အုပ်စု အလိုက် ရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ အချို့သော အကုသိုလ်အုပ်စုများမှာ အရှုရခက်နေတတ်ပါသည်။ ထိုသို့ဖြစ်ပါက ရွှေ ငွေ အဝတ် သင်္ကန်းစသော ပညတ် အတုံးအခဲများကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်တရားစုတို့က စ၍ သိမ်းဆည်းရှုပွားပါကလည်း အလွန်ကြီး မခက်ခဲတော့ဘဲ လွယ်ကူမှုရှိသည်ကို တွေ့ရပေသည်။ အကြောင်းမူ ပရမတ်ဉာဏ်ပညာမျက်စိ မရှိကြသော သတ္တဝါတို့၏ စိတ်ဓာတ်သည် ပညတ်နယ်မှာသာ ကျက်စားမှုများသောကြောင့် ဖြစ်၏၊ ထိုကြောင့် သရက်ပင်ကို ရေလောင်းပေးခြင်း ကိစ္စလည်း ပြီးစေ၊ ဆရာ ရေချိုးခြင်း ကိစ္စလည်း ပြီးစေဟူသော အမ္ဗသေစနဂရုသိနှာနနည်းအားဖြင့် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရား တို့ကိုလည်း ရှုတတ်စေ၊ အကုသိုလ်တရားတို့ကိုလည်း သဘောပေါက်မြန်စေဟူသော ဦးတည်ချက် နှစ်မျိုးဖြင့် အခက်အခဲ ရှိနေသူ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်ကြလာသော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပေသည်။ ပရမတ္ထရုပ်တရားတို့ကို တိုက်ရိုက်အာရုံယူ၍ ရှုလိုကလည်း ရှုနိုင်ပေသည်။ ပရမတ္ထရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းနိုင်သောအခါ၌ကား ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်နာမ်တရားစုတို့ကို ထပ်မံ၍ သိမ်းဆည်းရှုပွားရန် မလိုအပ်ဟု မှတ်သားပါလေ။ ဉာဏ်နုသူတို့အတွက် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိက အကုသိုလ်ဇောဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းပုံ အမြွက်မျှကို တင်ပြပေအံ့ ..။

  1. (မ၊၁၊၇၆၊၊)
  2. တတ္ထ ယောဂါဝစရော ကာမဝိတက္ကဿ ပဒဃာတနတ္ထံ ကာမဝိတက္ကံ ဝါ သမ္မသတိ အညံ ဝါ ကိဉ္စိ သင်္ခါရံ။ အထဿ ဝိပဿနာက္ခဏေ ဝိပဿနာသမ္ပယုတ္တော သင်္ကပ္ပေါ တဒင်္ဂဝသေန ကာမဝိတက္ကဿ ပဒဃာတံ ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ၊ ဝိပဿနံ ဥဿုက္ကာပေတွာ မဂ္ဂံ ပါပေတိ။ အထဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တော သင်္ကပ္ပေါ သမုစ္ဆေဒဝသေန ကာမဝိတက္ကဿ ပဒဃာတံ ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ။ ဗျာပါဒဝိတက္ကဿာပိ ပဒဃာတနတ္ထံ ဗျာပါဒဝိတက္ကံ ဝါ အညံ ဝါ သင်္ခါရံ သမ္မသတိ။ ဝိဟိံသာဝိတက္ကဿ ပဒဃာတနတ္ထံ ဝိဟိံသာဝိတက္ကံ ဝါ အညံ ဝါ သင်္ခါရံ သမ္မသတိ။ အထဿ ဝိပဿနာက္ခဏေတိ သဗ္ဗံ ပုရိမနယေနေဝ ယောဇေတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၁၀။)
  3. (အဘိ၊ဋ္ဌ၊၁၊၂၇၁။)