မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဦးနှောက်နှင့် အသိဉာဏ်

ဝီကီရင်းမြစ် မှ

ဦးနှောက်နှင့် အသိဉာဏ်

ဦးနှောက်၌ ပညိန္ဒြေအမည်ရသော ဉာဏ်သည် ရှိ-မရှိ ဖြစ်-မဖြစ်ကို ဤအပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သည် လက်တွေ့စမ်းသပ် ရှုကြည့်နိုင်ပါသည်။ ဗုဒ္ဓ၏အဘိဓမ္မာနည်းအရ ဦးနှောက်ဟူသည် ရုပ်ကလာပ်တို့၏ အပေါင်းအစု မျှသာ ဖြစ်သည်။ ဤအပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဦးနှောက်၌တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိမည် ဖြစ်သည်။ အကြောင်းမူ -ရုပ်ကမ္မဋ္ဌာန်းပိုင်းကတည်းက ဦးနှောက်၌ တည်ရှိသော ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၃)မျိုးတို့ကို ကျေပွန်စွာ သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်တည်း။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဦးနှောက်၌ တည်ရှိသော ထိုရုပ် (၅၃)မျိုးတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။ ထို (၅၃)မျိုးထဲမှ ကာယအကြည်ဓာတ်ကို ရွေးထုတ်၍ ထပ်မံ သိမ်းဆည်းပါ။ ထိုနောင် ––

၁။ ယင်းကာယအကြည်ဓာတ် = ကာယဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,
၂။ ယင်းကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံးဖြစ်သည့် ရုပ်ကလာပ်အများစု၌ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော ပထဝီဓာတ်, သို့မဟုတ် တေဇောဓာတ်, သို့မဟုတ် ဝါယောဓာတ်ဟူသော ဓာတ်တစ်ခုခုကို လည်းကောင်း ပူးတွဲသိမ်းဆည်းပါ။

ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ဦးနှောက်၌ တည်ရှိသော ယင်းကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် ဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ သို့မဟုတ် ယင်းဒွါရနှစ်ခု၌ ထင်လာသောအခါ ယင်း ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုကို အာရုံယူ၍ ကာယဒွါရိကဝီထိစိတ်နှင့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသည် ဝီထိတစ်ခုနှင့် တစ်ခုအကြားတွင် ဘဝင်များစွာ ခြားလျက် ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်းဝီထိစိတ်တို့တွင် ပါဝင်သော ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့က ယောနိသောမနသိကာရ ဖြစ်သော် (= ပထဝီဟု, တေဇောဟု, ဝါယောဟု, ရုပ်တရားဟု, အနိစ္စဟု – စသည်ဖြင့် ဆုံးဖြတ်ခဲ့သော်) မဟာကုသိုလ်ဇောဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ဇောစိတ္တက္ခဏတိုင်း၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်သော် (၃၄), ဉာဏ်သာယှဉ်၍ ပီတိမယှဉ်သော် (၃၃)မျိုးသော နာမ်တရားတို့ ပါဝင်ကြ၏၊ ယင်း (၃၄) သို့မဟုတ် (၃၃)မျိုးသော နာမ်တရားတို့ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ် ၍ ဖြစ်ကြ၏၊ ယင်း နာမ်တရားစုတို့တွင် ပညိန္ဒြေအမည်ရသော ဉာဏ်သည် ပါဝင်လျက်ရှိ၏၊ ဦးနှောက်၌ တည်ရှိသော ကာယအကြည်ဓာတ်ကို မှီ၍ ကာယဝိညာဏ်စိတ်နှင့် တကွ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး = နှစ်ရပ်ပေါင်းသော် နာမ်တရား (၈)လုံးတို့သာ ဖြစ်နိုင်စွမ်း ရှိကြ၏၊ ယင်းနာမ်တရား (၈)လုံးတို့တွင်ကား ဉာဏ်မပါပေ။ ဤအဆိုကို မှန်-မမှန် သိရှိရအောင် ယောဂီသူတော်ကောင်းကိုယ်တိုင် ကြိမ်ဖန်များစွာ စမ်းသပ် သိမ်းဆည်း ရှုပွားကြည့်ပါ။[မှတ်စု ၁]

ဤတွင် – ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း–– ဟူသော (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရေးသားတင်ပြပြီးလေပြီ။ ယောဂီသူတော်ကောင်းသည် (၆)လိုင်းလုံးအတွင်း၌ တည်ရှိသော ကုသိုလ်ဇောနှင့် တကွသော ယင်းနာမ်တရားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်သောအခါ ရူပါရုံလိုင်းမှ စ၍ ဓမ္မာရုံလိုင်းသို့ တိုင်အောင် အစဉ်အတိုင်း သိမ်းဆည်းရှုပွားပါ။ ဓမ္မာရုံလိုင်း၌ ကုသိုလ်ဇော စောသည့် အကောင်းအုပ်စုများကို (၄)စု ခွဲခြားထားပါသည်။ ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် မှတ်သား၍ လွယ်ကူစေရန် ဖြစ်သည်။ ယင်း (၄)အုပ်စုတို့မှာ ဤသို့ ဖြစ်၏၊ ––

(က) ရုပ်အစစ် (၁၀/၁၁)ကို အာရုံယူ၍ ရှုရသော နာမ်တရားအုပ်စု၊
( ခ ) ရုပ်အတု (၁၀)မျိုးကို အာရုံယူ၍ ရှုရသော နာမ်တရားအုပ်စု၊
( ဂ ) ဝိရတိ အပ္ပမညာ ဗုဒ္ဓါနုဿတိ မရဏာနုဿတိ နာမ်တရားအုပ်စု၊
(ဃ) စျာန်နာမ်တရားအုပ်စု ––

ဤသို့ (၄)အုပ်စု ခွဲခြားထားပေသည်။ ဤမျှဖြင့် ကုသိုလ်ဇောများ စောကြသည့် အကောင်းအုပ်စု နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားပုံကို အဆုံးသတ်လိုက်ပါသည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး .. စသည့် ထိုထိုကမ္မဋ္ဌာန်းတို့ကို ရှုထားပြီးသူ ဖြစ်ပါက .. ထိုစျာန်သမာပတ်အတွင်း၌ တည်ရှိသော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ အထက် အရူပစျာန်တို့ကား ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးစီချည်းသာရှိသော စျာန်များ ဖြစ်ကြ၏၊ ယင်းစျာန်နာမ်တရားတို့မှာလည်း ဝိတက် ဝိစာရ ပီတိတို့ မယှဉ်ကြသဖြင့် (၃၁)လုံးစီသာ အသီးအသီး ရှိကြပေသည်။

၁။ အာကာသာနဉ္စာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ ပထဝီကသိုဏ်းစသည့် ကသိုဏ်းတစ်ခုခုကို ခွာ၍ ရအပ်သော အနန္တအာကာသပညတ်ကို အာရုံယူ၍ အာကာသာနဉ္စာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း အနန္တ အာကာသပညတ်အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပါ။

၂။ ဝိညာဏဉ္စာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံယူ၍ ဝိညာဏဉ္စာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, အာကာသာနဉ္စာယတနဝိညာဏ်အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

၃။ အာကိဉ္စညာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ အာကာသာနဉ္စာယတန ဝိညာဏ်၏ မရှိခြင်းသဘောတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံယူ၍ အာကိဉ္စညာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘောတည်းဟူသော နတ္ထိဘောပညတ် အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

၄။ နေဝသညာနာသညာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ အာကိဉ္စညာယတန ဝိညာဏ်အာရုံကို အာရုံယူ၍ နေဝသညာနာသညာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, အာကိဉ္စညာယတနဝိညာဏ်အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

ယခုတစ်ဖန် အကုသိုလ်ဇောများ စောကြသည့် မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

  1. မှတ်ချက်---- ဤဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဖောဋ္ဌဗ္ဗာရုံသည် ဣဋ္ဌာရုံဖြစ်က ကာယဝိညာဏ်၌ သုခဝေဒနာ ယှဉ်၏၊ အနိဋ္ဌာရုံဖြစ်က ကာယဝိညာဏ်၌ ဒုက္ခဝေဒနာ ယှဉ်၏၊ သဘောပေါက်အောင် သိမ်းဆည်းရှုပွားပါ။ ဤကာယဝိညာဏ်၌သာမက (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ဝီထိစိတ္တက္ခဏတိုင်း၌လည်း သောမနဿ ဥပေက္ခာ စသည့် ဝေဒနာများကို ကွဲကွဲပြားပြား သိအောင် သိမ်းဆည်းရှုပွားပါ။