မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရူပသတ္တက ဝိပဿနာရှုနည်း

ဝီကီရင်းမြစ် မှ

ရူပသတ္တက ဝိပဿနာရှုနည်း

အာဒါနနိက္ခေပနတော၊ ဝယောဝုဍ္ဎတ္ထဂါမိတော။
အာဟာရတော စ ဥတုတော၊ ကမ္မတော စာပိ စိတ္တတော။
ဓမ္မတာရူပတော သတ္တ၊ ဝိတ္ထာရေန ဝိပဿတိ။[မှတ်စု ၁]

၁။ အာဒါနနိက္ခေပရုပ် ရှုနည်း – ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင်သော အချိန်ကာလအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

၂။ ဝယောဝုဍ္ဎတ္ထင်္ဂမရုပ် ရှုနည်း = အရွယ်၏အစွမ်းဖြင့် ကြီးပွားလာသော ရုပ်တရား၏ အဆင့်ဆင့် ချုပ်ငြိမ်းမှုကို ရှုခြင်း – ယောဂီသူတော်ကောင်း၏ သက်တမ်းကို ယေဘုယျ သတ်မှတ်ချက်သို့လိုက်၍ အနှစ် (၁၀၀)ဟု သတ်မှတ်ပါ။ အတိုးအဆုတ် အနည်းငယ်ကား ရှိကောင်းသည်သာ ဖြစ်သည်။

၁။ အနှစ် ၁၀၀- ကို (၃၃-၃၄-၃၃)ဟု (၃)ပုံ ပုံ၍လည်းကောင်း, (၃၃-နှစ်စီ)
၂။ ။ (၁၀)ပုံ ။ (၁၀-နှစ်စီ)
၃။ ။ (၂၀)ပုံ ။ (၅-နှစ်စီ)
၄။ ။ (၂၅)ပုံ ။ (၄-နှစ်စီ)
၅။ ။ (၃၃)ပုံ ။ (၃-နှစ်စီ)
၆။ ။ (၅၀)ပုံ ။ (၂-နှစ်စီ)
၇။ ။ (၁၀၀)ပုံ ။ (၁-နှစ်စီ)
၈။ ။ (၃၀၀)ပုံ ။ (၁-ဥတုစီ)
၉။ ။ (၆၀၀)ပုံ ။ (၂-လစီ)
၁၀။ ။ (၂၄၀၀)ပုံ ။ (၁-ပက္ခ = ၁၅-ရက်စီ)

ထိုအပုံ အသီးအသီးအတွင်း၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့ကို အသီးအသီး လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ တဖြည်းဖြည်း တစ်ပုံပြီး တစ်ပုံ ဝိပဿနာ ရှုလာပါ။ (၁)ပုံ၌ တည်ရှိသော ရုပ်တရားသည် နောက် (၁)ပုံသို့ ပြောင်းရွှေ့မသွားပုံကိုလည်း သဘောပေါက်အောင် ရှုပါ။ ထိုထိုအခိုက်၌ ပျက်ပျက်သွားပုံကို မြင်အောင် ရှုပါ။ ထိုနောင် တစ်ရက်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို –

၁။ နေ့နှင့် ည ခွဲ၍ နေ့တစ်ပုံ ညတစ်ပုံ (၂)ပုံ ပုံ၍လည်းကောင်း,
၂။ နေ့၌ နံနက် နေ့လယ် ညနေဟု (၃)ပုံ ပုံ၍လည်းကောင်း,

ညဉ့်၌ ပုရိမယာမ် မဇ္ဈိမယာမ် ပစ္ဆိမယာမ် (= ညဉ့်ဦးယာမ် သန်းခေါင်ယာမ် မိုးသောက်ယာမ်)ဟု (၃)ပုံ ပုံ၍လည်းကောင်း – [တစ်နေ့၌ (၆)ပုံ ပုံ၍ဟု ဆိုလိုသည်။]

ထိုအချိန်ကာလ အသီးအသီးအတွင်း၌ တည်ရှိသော ရုပ်တရားများကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ (အနှစ်-၁၀၀-ဖြင့် ပိုင်းခြားသတ်မှတ်ထားအပ်သော အချိန်ကာလအတွင်း၌ နေ့စဉ် နေ့စဉ် ရက်တိုင်း ရက်တိုင်း၌ ၆-ပုံ ပုံ၍ ရှုရန် ဖြစ်သည်။ တစ်ရက်မျှလောက်ကိုသာ ရှုရမည် မဟုတ်သည်ကို သတိပြုပါ) ထိုသို့ ဝိပဿနာ ရှုပြီးပါက ထိုတစ်နေ့တာ၏ အချိန်ပိုင်း (၆)ပိုင်းတို့တွင် တစ်ပိုင်းတစ်ပိုင်း အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ..

၁။ ရှေ့သို့တက်ရာ၌ ဖြစ်နေသော ရုပ်တရား,
၂။ နောက်သို့ဆုတ်ရာ၌ ဖြစ်နေသော ရုပ်တရား,
၃။ တည့်တည့်ကြည့်ခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၄။ စောင်းငဲ့ကြည့်ခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား –

ဤ ရုပ်တရား အသီးအသီးကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ (အနှစ်- ၁၀၀ဖြင့် သတ်မှတ်ထားအပ်သော ရက်တိုင်း ရက်တိုင်း၌ ထိုသို့ ရှုရန်ဖြစ်သည်။)

ထိုနောင် တစ်နေ့တာ တစ်နေ့တာအတွင်း ရှေ့သို့တက်ခိုက် နောက်သို့ဆုတ်ခိုက် စသည့် ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇဉ်ပိုင်းဆိုင်ရာ ထိုထိုအခိုက်အတန့်တို့ဝယ် ..

၁။ မြေမှ ခြေကို ကြွချီမြှောက်သောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၂။ ကြွချီပြီး ခြေကို (ရပ်သော ခြေသို့တိုင်အောင်) ရှေ့သို့ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား, ၃။ ရပ်ထားသော ခြေကို ကျော်လွန်အောင် လှမ်းသောခြေကို ရှေ့သို့ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
တစ်နည်း –– ခလုတ် သစ်ငုတ် စသည်ကို ရှောင်လွှဲခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား, ၄။ ရပ်ထားသော ခြေ၏ ရှေ့သို့ ကျော်လွန်၍ ယူဆောင်လာသော ခြေကို အောက်သို့ လွှတ်ချသောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၅။ ထိုခြေကို မြေကြီး၌ ချထားခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၆။ တစ်ဖန် ထိုခြေကို နောက်ထပ် ခြေတစ်လှမ်း လှမ်းရန်အတွက် ခြေမကြွခင် မြေကို ဖိနင်းလိုက်သောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား –

ဤအထက်ပါ (ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိ)ဟူသော အခိုက်အတန့် (၆)မျိုးတွင် တစ်မျိုးတစ်မျိုး၌ ဖြစ်ပေါ် နေသော ရုပ်တရားတို့ကို အသီးအသီး ခွဲခြား၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပါ။ (’အရိပ်ပြလျှင် အကောင် ထင်၏’ဟူ၏သို့ တစ်နေ့တာအတွင်း ထိုထိုဣရိယာပထ ထိုထိုသမ္ပဇည အခိုက်အတန့် အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာယာဉ် တင်၍ ဝိပဿနာရှုရန် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ညွှန်ကြားနေခြင်းဖြစ်သည်ဟု သဘောပေါက်ပါ။) အနှစ် (၁၀၀)ဖြင့် ပိုင်းခြားသတ်မှတ်ထားအပ်သော အချိန်ကာလ အတွင်းဝယ် နေ့စဉ် နေ့စဉ် ဖြစ်ဖြစ်သမျှ ကိုယ်လှုပ်ရှားမှုမှန်သမျှ၌ ရှုပါ။

၃။ အာဟာရမယရုပ် ရှုနည်း

၁။ အစာအာဟာရ ဆာလောင်သောအခါ၌ ဖြစ်သော (ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးပါးကြောင့် ဖြစ်သော) စတုသန္တတိရုပ်,
၂။ အစာစားပြီး၍ အစာဝသောအခါ၌ ဖြစ်သော စတုသန္တတိရုပ် –
တစ်နေ့ တစ်နေ့တာအတွင်းဝယ် ထိုအချိန်အခါ နှစ်မျိုး၌ဖြစ်သော စတုသန္တတိရုပ်တရားတို့ကို လက္ခဏာယာဉ် အသီးအသီး တင်၍ ဝိပဿနာ ရှုပါ။

၄။ ဥတုမယရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ..
၁။ ပူသောအခါ၌ ဖြစ်သော စတုသန္တတိရုပ်တရား,
၂။ အေးသောအခါ၌ ဖြစ်သော စတုသန္တတိရုပ်တရား –
ဤရုပ်တရားတို့ကို လက္ခဏာယာဉ် အသီးအသီး တင်၍ ဝိပဿနာ ရှုပါ။

၅။ ကမ္မဇရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ..
၁။ စက္ခုဒွါရ = မျက်စိ၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၂။ သောတဒွါရ = နား၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၃။ ဃာနဒွါရ = နှာ၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၄။ ဇိဝှါဒွါရ = လျှာ၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၅။ ကာယဒွါရ = ကိုယ်၌ ဖြစ်ပေါ်နေသော (၅၃)မျိုးသော ရုပ်တရား,
၆။ မနောဒွါရ = နှလုံး၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား –

ဤရုပ်တရားတို့ကို ထိုရုပ်တရားတို့၏ ဒွါရတစ်ခုမှ ဒွါရတစ်ခုသို့ မပြောင်းရွှေ့ဘဲ ထိုထိုဒွါရ၌ပင် ဖြစ်ပျက်မှု ချုပ်ပျက်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်လျက် လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပါ။ နေ့စဉ် နေ့စဉ် ထိုထိုဒွါရ၌တည်ရှိသော ရုပ်တရားတို့ကို ဝိပဿနာရှုရန် ဖြစ်သည်။

၆။ စိတ္တသမုဋ္ဌာန်ရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ..

၁။ သောမနဿိတ = ဝမ်းမြောက်မှုဖြစ်ခိုက်၌ ဖြစ်ပေါ်နေသော စတုသန္တတိရုပ်တရားများ, ၂။ ဒေါမနဿိတ = စိတ်မချမ်းသာမှု ဝမ်းနည်းမှုဖြစ်ခိုက်၌ ဖြစ်ပေါ်နေသော စတုသန္တတိရုပ်တရားများ –

ထို နေ့စဉ် နေ့စဉ် ဖြစ်ပေါ်နေသော စတုသန္တတိ ရုပ်တရားအားလုံးတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

၇။ ဓမ္မတာရုပ် ရှုနည်း

အနိန္ဒြိယဗဒ္ဓ = ဇီဝိတိန္ဒြေ စသော ကမ္မဇရုပ်ဟူသော ဣန္ဒြေတို့နှင့် ဆက်စပ်မှု မရှိသော –– သံ-ကြေး-သလွဲခဲ-ရွှေ-ငွေ-ပုလဲ-ပတ္တမြား-ကြောင်မျက်ရွဲ-ခရုသင်း-ကျောက်သလင်း-သန္တာ-ဥဿဖရား-ပတ္တမြားပြောက်-သစ်ပင်-ရေမြေ-တော-တောင် စသည့် သက်မဲ့လောက၌ တည်ရှိသော ဥတုဇဩဇဋ္ဌမကရုပ် သဒ္ဒနဝကကလာပ်ရုပ်တရားတို့ကို ရှုရမည် ဖြစ်သည်။ ယောဂီသူတော်ကောင်းသည် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် ယင်း ရွှေ-ငွေ-ပတ္တမြား-သစ်ပင်-ရေ-မြေ-တော-တောင် စသည့် ထိုထို သက်မဲ့အရာဝတ္ထုတို့၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို လှမ်း၍ သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော (၈)မျိုး (၉)မျိုးသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းကာ ယင်းပရမတ်ရုပ်တရားတို့ကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။[မှတ်စု ၂]

  1. (ဝိသုဒ္ဓိ၊၂၊၂၅၃။)
  2. မှတ်ချက်---- နံ ပါ တ် (၁)မှ (၆)သို့ တိုင်အောင်သော ရုပ်တရားတို့ကား သက်ရှိလောက ရုပ်တရားများ ဖြစ်ကြ၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ နံပါတ် (၇)ဖြစ်သည့် ဓမ္မတာရုပ်ကား သက်မဲ့ အနုပါဒိန္န သင်္ခါရတရား ဖြစ်၏၊ ဗဟိဒ္ဓ သက်မဲ့ လောက၌သာ ရှုပါ။