နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အရူပသတ္တက ရှုနည်း
အရူပသတ္တက ရှုနည်း
အရူပသတ္တက၏ အစွမ်းဖြင့် ဝိပဿနာရှုနည်း၌ ..
၁။ ကလာပအားဖြင့် ရှုနည်း,
၂။ ယမကအားဖြင့် ရှုနည်း,
၃။ ခဏိကအားဖြင့် ရှုနည်း,
၄။ ပဋိပါဋိအားဖြင့် ရှုနည်း,
၅။ ဒိဋ္ဌိဥဂ္ဃါဋနအားဖြင့် ရှုနည်း,
၆။ မာနသမုဂ္ဃါဋနအားဖြင့် ရှုနည်း,
၇။ နိကန္တိပရိယာဒါနအားဖြင့် ရှုနည်းဟု – (၇)နည်း လာရှိ၏၊
၁။ ကလာပအားဖြင့် ရှုနည်း = ပေါင်းစုခြုံငုံ၍ ရှုနည်း
အောက် (= ရှေ့ပိုင်း) ရူပသတ္တကရှုနည်းဝယ် (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားကို အနိစ္စဟု (ဒုက္ခဟုအနတ္တဟု) လက္ခဏာယာဉ် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေသောစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် အနိစ္စဟု (ဒုက္ခဟု-အနတ္တဟု) လက္ခဏာယာဉ် တစ်လှည့်စီ တင်၍ တစ်ဖန်ပြန်၍ ဝိပဿနာ ရှု၏၊ ဤဝိပဿနာရှုပွားနည်းကို ကလာပအားဖြင့် ရှုနည်းဟု ခေါ်ဆို၏၊
အာဒါနနိက္ခေပရုပ်စသော ရူပသတ္တကနည်းဝယ် ဖော်ပြခဲ့သော (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားကို (၇)ဌာန မခွဲခြားတော့ဘဲ တပေါင်း တစည်းတည်းပြု၍ ယင်းပေါင်းစုခြုံငုံထားသော ရုပ်တရားကို အနိစ္စဟု ရှု၏၊ ယင်းအနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ရှု၏၊။ ယင်းအနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဒုက္ခဟု ရှု၏၊။ ယင်းအနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို တစ်ဖန်ပြန်၍ နောက်ဝိပဿနာစိတ်ဖြင့် အနတ္တဟု တစ်ဖန်ပြန်၍ ဝိပဿနာ ရှု၏၊
တစ်ဖန် ယင်း (၇)ဌာနဝယ် တည်ရှိသော ရုပ်တရားတို့ကို ဒုက္ခဟု ဝိပဿနာ ရှု၏၊ ဒုက္ခဟု ရှုနေသော ယင်း ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ဝိပဿနာ ရှု၏၊။ ဒုက္ခဟု ဝိပဿနာ ရှု၏ ။။ အနတ္တဟု ဝိပဿနာ ရှု၏၊
တစ်ဖန် ယင်း (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့ကို အနတ္တဟု ဝိပဿနာ ရှု၏၊။ အနတ္တဟု ရှုနေသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ဝိပဿနာရှု၏၊။ ဒုက္ခဟု ဝိပဿနာရှု၏၊။ အနတ္တဟု ဝိပဿနာရှု၏၊ ဤသို့ ရှုနည်းကို ကလာပအားဖြင့် ရှုနည်းဟု ခေါ်ဆိုပေသည်။ (၇)ဌာနရုပ်တရားတို့ကို ပေါင်းစုံခြုံငုံ၍ ဝိပဿနာရှုနည်းတည်း။
ရှေးဝိပဿနာစိတ် နောက်ဝိပဿနာစိတ်
ဝိပဿနာရှုသော စိတ်ဟူသည် (ပုထုဇန်နှင့် သေက္ခများအတွက်) မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသာ ဖြစ်ကြောင်းကို ဉာဏဝိဘင်းအဋ္ဌကထာ[မှတ်စု ၁]၌ လာရှိ၏၊ ယင်း ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။
ဝိပဿနာ မနောဒွါရိကဇောဝီထိ
ယှဉ်ဖက်သမ္ပယုတ်စေတသိက်တို့နှင့် တကွသော ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ် တစ်ခုလုံးကိုပင် –
၁။ အနိစ္စဟု ရှုသောစိတ်, ဒုက္ခဟု ရှုသောစိတ်, အနတ္တဟု ရှုသောစိတ် စသည်ဖြင့်လည်းကောင်း,
၂။ ပထမစိတ် ဒုတိယစိတ် စသည်ဖြင့်လည်းကောင်း,
၃။ ရှေ့စိတ် နောက်စိတ်ဟုလည်းကောင်း –
ဧကတ္တနည်းအားဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်သားပါ။ အကြောင်းကား ပထမ ဝိပဿနာမနောဒွါရိက စိတ်အစဉ်၏ အာရုံမှာ (၇) ဌာန၌ တည်ရှိသော ရုပ်တရားအာရုံဖြစ်၏၊ ဒုတိယ ဝိပဿနာမနောဒွါရိကဇောဝီထိ၏ အာရုံမှာ ပထမ ဝိပဿနာမနောဒွါရိကဇောဝီထိစိတ်အစဉ် ဖြစ်၏ = နာမ်တရား ဖြစ်၏၊ တစ်ခုတည်းသော အာဝဇ္ဇန်း ရှိသော ဇောဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော တစ်ခုသော စိတ်က ရုပ်တရားကို, တစ်ခုသော စိတ်က နာမ်တရားကို အာရုံပြုဖို့ရန် အလွန်ခက်ခဲလှသော အဆင့်ပင် ဖြစ်၏၊ ထိုကြောင့် ရုပ်ကို အာရုံပြုသော ဝီထိက တစ်ဝီထိ, နာမ်ကို အာရုံပြုသော ဝီထိက တစ်ဝီထိဟု မှတ်သားပါ။ ယင်းဝီထိစိတ်အစဉ်တစ်ခုလုံးကိုပင် ဧကတ္တနည်းအားဖြင့် ရှေ့စိတ် နောက်စိတ် စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်သားပါလေ။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ တဒါရုံကျခဲ့သော် အဟိတ်တဒါရုံ သို့မဟုတ် သဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ အနိဋ္ဌာရုံ ဖြစ်ခဲ့သော် အကုသလဝိပါက်တဒါရုံ, ဣဋ္ဌာရုံ ဖြစ်ခဲ့သော် ကုသလဝိပါက်တဒါရုံ ထိုက်သလို ကျနိုင်၏၊
၂။ ယမက = အစုံအားဖြင့် ရှုနည်း
အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ ထိုရှုသောစိတ်ကို နောက်စိတ်ဖြင့် အနိစ္စဟုလည်းကောင်း, ဒုက္ခဟု လည်းကောင်း, အနတ္တဟုလည်းကောင်း အသီးအသီးရှု၏၊ (ဒုက္ခဟုရှုရာ, အနတ္တဟုရှုရာတို့၌လည်း နည်းတူမှတ်ပါ၊၊)
ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်, အာဟာရမယရုပ်, ဥတုမယရုပ်, ကမ္မဇရုပ်, စိတ္တသမုဋ္ဌာန်ရုပ်, ဓမ္မတာရုပ်တို့၌လည်း နည်းတူမှတ်ပါ။ ကလာပရှုနည်း၌ (၇)ဌာန၌ တည်ရှိသော ရုပ်တရားတို့ကို (၁)ဌာနစီ မခွဲဘဲ ခြုံ၍ရှု၏၊ ဤယမက ရှုနည်း၌ကား (၁)ဌာနစီ ခွဲ၍ ရှု၏၊ ဤသို့သာ ထူးသည်။ သို့သော် ဌာန (၁)ခုစီ ခွဲ၍ ရှုသည်ဆိုသော်လည်း ဌာနတစ်ခု တစ်ခု၌ ခပ်စိပ်စိပ် ရှုဖို့ လိုအပ်ပေသည်။ အထူးသဖြင့် ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်၌ ရူပသတ္တက၌ ရှုခဲ့သည့်အတိုင်း .. ပထမအရွယ်ရုပ်ကို ရှုလိုက်, ရှုသည့်ဉာဏ် = ရှုသည့်စိတ်ကို (= ရှုနေသည့် ဝိပဿနာဇောဝီထိစိတ်အစဉ် နာမ်တရားစုကို) တစ်ဖန် ရှုလိုက်, ဒုတိယအရွယ်ရုပ်ကို ရှုလိုက်, ရှုသည့်ဉာဏ် = ရှုသည့်စိတ်ကို (= ရှုနေသည့် ဝိပဿနာဇောဝီထိစိတ် အစဉ် နာမ်တရားစုကို) တစ်ဖန် ရှုလိုက် - ဤသို့ စသည်ဖြင့် အရွယ်အဆင့်ဆင့် ပိုင်းခြားထားသည့်အတိုင်း - ရုပ်ကို ရှုလိုက်, ရှုသည့် ဝိပဿနာစိတ်ကို (= ရှုနေသည့် ဝိပဿနာဇောဝီထိစိတ်အစဉ် နာမ်တရားစုကို) ရှုလိုက်ဖြင့် ခပ်စိပ်စိပ် ရှုပေးပါ။ အခြားသော ရုပ်တရားတို့၌လည်း နည်းတူသဘောပေါက်ပါ။
၃။ ခဏိကအားဖြင့် ရှုနည်း
အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ –
၁။ ထိုရှုသော ပထမစိတ်ကို (= ပထမ ဝိပဿနာမနောဒွါရိကဇောဝီထိကို) ဒုတိယစိတ်ဖြင့် (= ဒုတိယ ဝိပဿနာ မနောဒွါရိကဇောဝီထိစိတ်ဖြင့်),
၂။ ဒုတိယစိတ်ကို တတိယစိတ်ဖြင့်,
၃။ တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်,
၄။ စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့် အနိစ္စဟု ရှု၏၊ (ဒုက္ခဟု ရှု၏၊ အနတ္တဟု ရှု၏ – တစ်လှည့်စီ ရှု၏၊)
အာဒါနနိက္ခေပရုပ်ကို ဒုက္ခဟု ရှုရာ အနတ္တဟု ရှုရာတို့၌လည်း နည်းတူမှတ်ပါ။ အလားတူပင် – ဝယောဝုဍ္ဎတ္ထင်္ဂမ ရုပ်စသော ရုပ်တို့၌လည်း သဘောပေါက်ပါလေ။ ရူပသတ္တကရှုကွက်အတိုင်း ရုပ်ကိုရှု၍ ရှုကွက်တိုင်း၌ ယင်းရုပ်ကို ရှုသော ဝိပဿနာမနောဒွါရိကဇောဝီထိတိုင်းကို (၄)ဆင့် (၄)ဆင့် ရှုရမည် ဖြစ်ပေသည်။ ရှေ့ဝိပဿနာဝီထိစိတ်အစဉ်ကို နောက်ဝိပဿနာဝီထိစိတ်အစဉ်ဖြင့် ရှုခြင်းပင်တည်း။
၄။ ပဋိပါဋိအားဖြင့် ရှုနည်း
အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ –
၁။ ထိုသို့ရှုသော ပထမစိတ်ကို ဒုတိယစိတ်ဖြင့် အနိစ္စဟု ရှု၏၊
၂။ ဒုတိယစိတ်ကို တတိယစိတ်ဖြင့်,
၃။ တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်,
၄။ စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့်,
၅။ ပဉ္စမစိတ်ကို ဆဋ္ဌစိတ်ဖြင့်,
၆။ ဆဋ္ဌစိတ်ကို သတ္တမစိတ်ဖြင့်,
၇။ သတ္တမစိတ်ကို အဋ္ဌမစိတ်ဖြင့်,
၈။ အဋ္ဌမစိတ်ကို နဝမစိတ်ဖြင့်,
၉။ နဝမစိတ်ကို ဒသမစိတ်ဖြင့်,
၁၀။ ဒသမစိတ်ကို ဧကာဒသမစိတ်ဖြင့် - အနိစ္စဟု အဆင့်ဆင့် ရှုပွား၏၊
[ဒုက္ခဟုလည်း ရှုပွားသုံးသပ်၏၊ အနတ္တဟုလည်း ရှုပွားသုံးသပ်၏၊ အာဒါနနိက္ခေပရုပ်ကိုပင် ဒုက္ခဟု ရှုပွား သုံးသပ်ရာ အနတ္တဟု ရှုပွားသုံးသပ်ရာ၌လည်းကောင်း, ဝယောဝုဍ္ဎတ္ထင်္ဂမရုပ် စသည်ကို အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု ရှုပွားသုံးသပ်ရာတို့၌လည်းကောင်း နည်းတူပင် သဘောပေါက်ပါ။]
၅။ ဒိဋ္ဌိဥ ဂ္ဃါဋန = ဒိဋ္ဌိကို ခွာသောအားဖြင့် ရှုနည်း
သင်္ခါရတရားတို့ကို အနတ္တသဘောအားဖြင့် = အနတ္တဟု တွင်တွင်ကြီး ဝိပဿနာရှုသော် ဒိဋ္ဌိကို ခွာသည် မည်၏၊ (အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးမှု = အားပေးထောက်ပံ့မှုကို ရရှိသော အနတ္တာနုပဿနာဉာဏ်သည် ဒိဋ္ဌိကို = အတ္တဒိဋ္ဌိကို ပယ်ခွာနိုင်၏၊)
၆။ မာနဥ ဂ္ဃါဋန = မာနကို ခွာသောအားဖြင့် ရှုနည်း
သင်္ခါရတရားတို့ကို အနိစ္စသဘောအားဖြင့် = အနိစ္စဟု တွင်တွင်ကြီး ဝိပဿနာရှုသော် မာနကို ပယ်ခွာသည် မည်၏၊ (ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု = အားပေးထောက်ပံ့မှုကို ရရှိသော အနိစ္စာနုပဿနာဉာဏ်သည် မာနကို ပယ်ခွာနိုင်၏၊)
၇။ နိကန္တိ ပရိယာဒါန = တဏှာနိကန္တိကို ကုန်အောင် မဖြစ်အောင် ရှုနည်း
သင်္ခါရတရားတို့ကို ဒုက္ခသဘောအားဖြင့် = ဒုက္ခဟု တွင်တွင်ကြီး ဝိပဿနာရှုသော် သိမ်မွေ့သော တဏှာ ဟူသော နိကန္တိကို ကုန်စေသည် မည်၏၊ (အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားပေးထောက်ပံ့မှုကို ရရှိသော အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံရသော ဒုက္ခာနုပဿနာဉာဏ်သည် တဏှာကို ကုန်စေနိုင်၏၊ ထိုကြောင့် တဏှာသည် မဖြစ်တော့ပေ၊၊)
သတိပြုရန် –– သင်္ခါရတရားတို့ကို အနတ္တသက်သက် ရှုရုံမျှဖြင့် အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိကို မခွာနိုင်။ ဒုက္ခဟု သက်သက်ရှုရုံမျှဖြင့်လည်း ဒုက္ခာနုပဿနာဉာဏ်က တဏှာကို မကုန်စေနိုင်၊ အနိစ္စဟု သက်သက်ရှုရုံမျှဖြင့် လည်း အနိစ္စာနုပဿနာဉာဏ်က မာနကို မခွာနိုင်။ အနုပဿနာဉာဏ်တစ်ခုကို ကျန်အနုပဿနာဉာဏ် နှစ်ခုတို့က အားပေးထောက်ပံ့မှသာလျှင် ဆိုင်ရာ အနုပဿနာဉာဏ်က ဆိုင်ရာ ကိလေသာကို ခွာနိုင် ပယ်သတ်နိုင်သည်ဟု မှတ်ပါ။[မှတ်စု ၂]
ဤအထက်ပါ ညွှန်ကြားချက်များနှင့် အညီ ယောဂီသူတော်ကောင်းသည် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကို ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပြီးသောအခါ ယင်းသင်္ခါရတရားတို့ကို –
၁။ အနတ္တသက်သက် ဦးစားပေး၍လည်းကောင်း,
၂။ အနိစ္စသက်သက် ဦးစားပေး၍လည်းကောင်း,
၃။ ဒုက္ခသက်သက် ဦးစားပေး၍လည်းကောင်း –
အနည်းဆုံး တစ်ထိုင်စီ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ အနတ္တာနုပဿနာဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ယင်းသင်္ခါရတရားတို့၌ အတ္တဟူသော အမှတ်သညာသည် အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ အလားတူပင် ယင်းသင်္ခါရတရားတို့၌ အနိစ္စာနုပဿနာ ဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ယင်းသင်္ခါရတရားတို့၌ နိစ္စဟူသော အမှတ် သညာသည် အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ အလားတူပင် – “ငါ - ငါ”ဟု ထောင်လွှား တက်ကြွနေသော မာနစွဲသည်လည်း အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ နိစ္စသညာ ရှိသူ၏ သန္တာန်၌သာလျှင် မာနစွဲသည် ဝင်ရောက်ခွင့် ရှိပေသည်။ အလားတူပင် ယင်းသင်္ခါရတရားတို့အပေါ်၌ ဒုက္ခာနုပဿနာ ဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ယင်းသင်္ခါရတရားတို့၌ သုခဟူသော အမှတ် သညာသည် အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ သင်္ခါရတရားတို့၌ သုခဟူသော အမှတ်သညာ ရှိသူ၏ သန္တာန်၌သာလျှင် ယင်းသင်္ခါရတို့၌ တွယ်တာမက်မောသည့် တဏှာနိကန္တိသည် ထောက်ရာတည်ရာကို ရရှိနိုင်ပေသည်။ ထိုကြောင့် ဒုက္ခာနုပဿနာဉာဏ်အမြင် ရင့်သန်လျက်ရှိသော သူတော်ကောင်း၏ သန္တာန်၌ တဏှာ နိကန္တိသည်လည်း ထောက်ရာ တည်ရာကို မရရှိနိုင်တော့ပေ။
ပဂုဏ ဖြစ်လေပြီ
ဤ ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်းတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ အဝါးဝစွာ နိုင်နိုင် နင်းနင်း ရှုပွားနိုင်ခဲ့သော် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးကို အဝါးဝစွာ လေ့လာနိုင်နင်းပြီး ဖြစ်ပေသည်၊၊[မှတ်စု ၃] စွမ်းနိုင်ပါက အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုနိုင်ပါက “တိုင်းထက်အလွန် တံခွန်နှင့်ဘုရား” ဖြစ်ချေသည်။
သမ္မသနဉာဏ်ခန်း ပြီး၏၊