မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရူပါရုံလိုင်း အကုသိုလ်ဇော စောသည့် မကောင်းအုပ်စု

ဝီကီရင်းမြစ် မှ
1720နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းရူပါရုံလိုင်း အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုကို ရှုပုံစနစ်ဖားအောက်တောရဆရာတော်

ရူပါရုံလိုင်း အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုကို ရှုပုံစနစ်

အထက်တွင် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကုသိုလ်ဇောများ ပါဝင်သည့် မကောင်းအုပ်စု စက္ခုဒွါရ ဝီထိ စိတ်စေတသိက်တို့၌ အကျုံးဝင်သော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ရေးသားတင်ပြခဲ့ပြီး ဖြစ်၏၊ ယင်းသံယောဇဉ် (၁၀)ပါး ဖြစ်ပုံမှာ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည့် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ စနစ်ပင် ဖြစ်သည်။ အလားတူပင် ကျန်ရုပ် (၂၇)ပါးကိုလည်း နည်းမှီး၍ ရှုရမည် ဖြစ်ပေသည်။ ဤတွင် ထိုစနစ်ကို နည်းမှီး၍ ရူပါရုံလိုင်း မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံစနစ်ကို လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားတို့ကို စံထား၍ ရေးသားတင်ပြအပ်ပါသည်။

၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ဉာဏ်၌ ထင်နေအောင် ပူးတွဲသိမ်းဆည်းပါ။
၃။ စက္ခုအကြည်ဓာတ်နှင့် ခပ်လှမ်းလှမ်းတွင် တည်ရှိနေသော ရုပ်ကလာပ်အများစု၏ ရူပါရုံအရောင်ကို လှမ်း အာရုံယူပါ။
၄။ ထိုရူပါရုံ = အရောင်က ဒွါရနှစ်ခုကို ပြိုင်တူ ရှေးရှုရိုက်ခတ်သောအခါ ဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ယင်းရူပါရုံကို အာရုံပြု၍ စက္ခုဒွါရဝီထိ မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြပေမည်။ ထိုဝီထိစိတ်တို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့က ထိုရူပါရုံအရောင်ကို –
(က) နိစ္စ = မြဲ၏ဟုလည်းကောင်း,
( ခ ) သုခ = ချမ်းသာ၏ဟုလည်းကောင်း,
( ဂ ) အတ္တဟုလည်းကောင်း = အတ္တကောင်ဟုလည်းကောင်း,
(ဃ) သုဘ = လှသည် တင့်တယ်သည်ဟုလည်းကောင်း –

ဤသို့ အသီးအသီး ဆင်ခြင် ဆုံးဖြတ်ကြည့်ပါ။ အယောနိသောမနသိကာရဖြစ်၍ လောဘ-ဒိဋ္ဌိ ဦးဆောင်သည့် အကုသိုလ်ဇောများ ပါဝင်သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြပေမည်။ သို့သော် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောကား အာရုံကို နိစ္စ သုခ အတ္တ သုဘဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်။ မနောဒွါရဝီထိတွင် ပါဝင်သော အကြိမ်များစွာ ထပ်ကာထပ်ကာ ဖြစ်နေသော မနောဒွါရာဝဇ္ဇန်းကသာလျှင် တစ်နည်း မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော အဓိမောက္ခ စေတသိက်ကသာလျှင် အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်၍ ယင်းသို့ ဆုံးဖြတ်ချက်ချနိုင်သော မနောဒွါရဝီထိ၌ အကျုံးဝင်သော လောဘဒိဋ္ဌိတို့ကသာလျှင် အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲစွဲမြဲမြဲ ဆုပ်ကိုင်တတ်ပေသည်။ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောသည် အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် ဆုံးဖြတ်ချက် ချသကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်သည် ဟုသာ မှတ်သားပါလေ။ သို့သော် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသော သူတော်ကောင်းတစ်ဦးအဖို့ ယင်းရူပါရုံကို နိစ္စ သုခ အတ္တဟု ရှုရန်မှာ ခက်ခဲဖွယ်ရာ ရှိပေသည်။ သုဘဟူသော အခြင်းအရာအားဖြင့် စွဲယူ၍ လွန်စွာ သာယာ တပ်မက်သော ကာမရာဂသံယောဇဉ်ကား ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။ နိစ္စ သုခ အတ္တ သုဘဟု စွဲယူရာ၌ကား လောဘမူစိတ် (၈)မျိုးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတည်း။ သုဘဟူသော အခြင်းအရာအားဖြင့် သာယာတပ်မက်၍ ကာမရာဂသံယောဇဉ် ဖြစ်ရာ၌ကား လောဘမူစိတ် (၈)မျိုးလုံးပင် ထိုက်သလို ဖြစ်နိုင်၏၊ အလားတူပင် ထိုကဲ့သို့သော ရူပါရုံမျိုးနှင့် ပြည့်စုံသည့် ဘဝသမ္ပတ္တိတစ်ခုခုကို တွယ်တာတပ်မက်ရာ၌လည်း လောဘမူ စိတ် (၈)မျိုးလုံး ထိုက်သလို ဖြစ်နိုင်၏၊ ဉာဏ်ရှိသလို ချဲ့ထွင်ရှုပါလေ။ သောမနဿဝေဒနာဖြစ်လျှင် ပီတိယှဉ်၏၊ ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မယှဉ်။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိန+မိဒ္ဓ ယှဉ်၏၊ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိန+မိဒ္ဓ မယှဉ်။

ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ စိတ်+စေတသိက် အရေအတွက်ကို ဇယားဖြင့် ဖော်ပြထားပါသည်။ ဇောတွင် သောမနဿဝေဒနာဖြစ်၍ ပီတိယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် ဖြစ်သည်၊ ပီတိလည်း ယှဉ်သည်။ ဇောတွင် ဥပေက္ခာဝေဒနာဖြစ်၍ ပီတိ မယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာဝေဒနာပင် ဖြစ်သည်၊ ပီတိလည်း မယှဉ်ပေ။ သို့သော် သန္တီရဏနှင့် တဒါရုံတို့မှာ ယေဘုယျအားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း ဇောသည် ဒေါမနဿဝေဒနာနှင့် ယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌ ဒေါမနဿဝေဒနာနှင့် မယှဉ်နိုင်သဖြင့် ယင်းသန္တီရဏနှင့် တဒါရုံတို့၌ ဥပေက္ခာဝေဒနာသာ ယှဉ်သည်။ ဥပေက္ခာသန္တီရဏ, ဥပေက္ခာတဒါရုံသာကျသည်။

အာရုံသည် .. အတိဣဋ္ဌာရုံ ဖြစ်က သောမနဿတဒါရုံ (၅)မျိုးသာ ကျနိုင်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက်တဒါရုံ (နာမ်တရား = ၃၄), သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာဝိပါက်တဒါရုံ (နာမ်တရား = ၃၃), အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ (နာမ်တရား = ၁၂) ကျနိုင်၏၊

ဣဋ္ဌာရုံ၌ကား မဟာဝိပါက်တဒါရုံ (၈)မျိုး (နာမ်တရား = ၃၄/၃၃/၃၃/၃၂) အဟိတ် ကုသလဝိပါက် တဒါရုံ (၂)မျိုး (နာမ်တရား = ၁၂/၁၁) ကျနိုင်၏၊

အနိဋ္ဌာရုံ၌ကား အကုသလဝိပါက် တဒါရုံ တစ်မျိုးသာ ကျ၏၊ (နာမ်တရား = ၁၁) တည်း။ ထိုကြောင့် ဇယားများတွင် စုပေါင်း၍ ပြထားပါသည်။ (နာမ်တရား = ၁၁)မှာ ကုသလဝိပါက် အကုသလဝိပါက် နှစ်မျိုး ထိုက်သလို ဖြစ်နိုင်သည်။ (နာမ်တရား = ၁၁)တစ်ခုမှာ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ, (နာမ်တရား = ၁၁)တစ်ခုမှာ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သည်။ ဣဋ္ဌာရုံ၌ ကုသလဝိပါက်, အနိဋ္ဌာရုံ၌ အကုသလဝိပါက် ထိုက်သလို ကျသည်။ သို့သော် ဝီထိစဉ်တစ်ခုအတွင်း၌ကား တဒါရုံတစ်မျိုးသာ ကျနိုင်သည်။ ကျသည့်တဒါရုံကိုသာ သိမ်းဆည်းပါ။[မှတ်စု ၁]

ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတို့တွင် တည်ရှိသော နာမ်တရားတို့၏ အရေအတွက်မှာ အကောင်းအုပ်စု နာမ်တရားအရေအတွက်နှင့် ပုံစံတူပင်ဖြစ်သည်။ ဇော၌ တည်ရှိသော နာမ်တရား အရေအတွက်သာလျှင် အကောင်းအုပ်စုနှင့် မကောင်းအုပ်စုတို့ မတူညီကြပေ။

ကြွင်းကျန်နေသော လောဘ-မာန, ဒေါသ စသော အကုသိုလ်အုပ်စု နာမ်တရားများကို သံယောဇဉ် (၁၀)ပါး ဖြစ်ပုံအပိုင်းကို ကြည့်၍ လောဘ-ဒိဋ္ဌိ၌ ရှုသည့်ပုံစံကို နည်းမှီး၍ ရှုပါလေ။

  1. မှတ်ချက်---- တဒါရုံနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှေးစာမျက်နှာ (၄၀၄) တွင် ပြန်ကြည့်ပါ။ အထူးသဖြင့် အာဂန္တုကဘဝင်အကြောင်းကိုလည်း ရှေးစာမျက်နှာ (၄၀၆) တွင် ပြန်ကြည့်ပါ။