နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သံယောဇဉ် (၁၀) ပါး ဖြစ်ပုံ
သံယောဇဉ် (၁၀) ပါး ဖြစ်ပုံ
ရုပ် (၂၈)ပါးတို့တွင် ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်ပုံကို မဟာဝဂ္ဂအဋ္ဌကထာနှင့် မူလပဏ္ဏာသအဋ္ဌကထာတို့[မှတ်စု ၁]၌ မဟာသတိပဋ္ဌာနသုတ္တန် အာယတနပဗ္ဗပိုင်းအဖွင့်တွင် ဖွင့်ဆိုထားပေသည်။ ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို သဘောပေါက်ပါက ကျန်ရုပ်တရား (၂၇)ပါးတို့ကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်ပုံကိုလည်း နည်းမှီး၍ သိနိုင်ပေသည် = သိမ်းဆည်းရှုပွားနိုင်ပေသည်။ အဋ္ဌကထာ[မှတ်စု ၂] ဋီကာ[မှတ်စု ၃]များ ကလည်း အဘိဓမ္မာနည်းအရ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ဖွင့်ဆိုထားတော်မူကြ၏၊ ဤ၌ လောဘမူစိတ် ဒေါသမူစိတ် မောဟမူစိတ်တို့၏ ရှုကွက် မှတ်သားလွယ်ကူစေရန် ရေးသားတင်ပြအပ်ပါသည်။
၁။ ကာမရာဂသံယောဇဉ် –– စက္ခုဒွါရ မနောဒွါရ၌ ရှေးရှု ထင်လာသော အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌဖြစ်သော ရူပါရုံကို ကာမဿာဒ = ကာမတဏှာ၏ အစွမ်းဖြင့် သုဘဟုရှု၍ လွန်စွာ သာယာတပ်မက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ကာမရာဂသံယောဇဉ် ဖြစ်၏၊ ကာမရာဂသံယောဇဉ်ဟူသည် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ လွန်စွာ သာယာတပ်မက်တတ်သော လောဘမူစိတ် (၈)ခု၌ ယှဉ်သော တဏှာလောဘတည်း။ ဒိဋ္ဌိဂတသမ္ပယုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် နှစ်မျိုးလုံး၌ ယှဉ်၏၊
၂။ ဘဝရာဂသံယောဇဉ်– “အာရုံငါးပါး ကာမဂုဏ်တရားတို့ ကုံလုံပြည့်စုံသည့် သမ္ပတ္တိဘဝ၌ ဤကဲ့သို့သော ရူပါရုံမျိုးသည် ရလွယ်သော သဘော ရှိပေစွတကား”ဟု ပြည့်စုံသည့် သမ္ပတ္တိဘဝကို လိုလားတောင့်တသူ၏ သန္တာန်၌ ဘဝရာဂသံယောဇဉ်သည် ဖြစ်၏၊ တရားကိုယ်မှာ သမ္ပတ္တိဘဝကို တွယ်တာတပ်မက်သော လောဘပင်တည်း။ [သုတ္တန်နည်း၌ ဤဘဝရာဂသံယောဇဉ်အရာ၌ ရူပရာဂသံယောဇဉ် အရူပရာဂသံယောဇဉ်ဟု လာရှိ၏၊ ရူပစျာန်နှင့် ထိုစျာန်၏ အကျိုးဝိပါက်၌ သာယာ တပ်မက်သော တဏှာ = လောဘသည် ရူပရာဂသံယောဇဉ် မည်၏၊ အရူပစျာန်နှင့် ထိုအရူပစျာန်၏ အကျိုးဝိပါက်၌ သာယာတပ်မက်သော တဏှာ = လောဘသည် အရူပရာဂသံယောဇဉ် မည်၏၊ ဤဘဝရာဂသံယောဇဉ်ပိုင်း၌ကား ရူပါရုံစသည့် အာရုံ (၆)မျိုးလုံးတို့နှင့် ပြည့်စုံသည့်ဘဝကို တောင့်တမှုကို အဋ္ဌကထာ များက ပုံစံထုတ်ပြထား၏၊ သို့ဖြစ်၍ ဘဝရာဂသံယောဇဉ်နှင့် ရူပရာဂသံယောဇဉ် အရူပရာဂသံယောဇဉ်တို့မှာ အဓိပ္ပါယ် အကျဉ်းအကျယ် ကွာဟချက် ရှိနိုင်ပေသည်။] ထိုကြောင့် ဘဝရာဂသံယောဇဉ်ဟူသည် လောဘမူစိတ် (၈)မျိုးလုံး၌ပင် ထိုက်သလို ယှဉ်သော လောဘတည်းဟုသာ မှတ်သားပါလေ။
၃။ ဒိဋ္ဌိသံယောဇဉ်–ထို ရူပါရုံကိုပင် ..
(က) နိစ္စဟု = မြဲ၏ဟု, ဓုဝဟု = ခိုင်ခံ့၏ဟု
( ခ ) သုခဟု = ချမ်းသာ၏ဟု
( ဂ ) အတ္တဟု = အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု
စွဲယူခဲ့သော် ဒိဋ္ဌိသံယောဇဉ်ဖြစ်၏၊ ဤ၌ နိစ္စဟု သုခဟု အတ္တဟု အသိမှားမှုကား မောဟတည်း။ နိစ္စဟု သုခဟု အတ္တဟု ခံယူချက် မှားမှု = ယုံကြည်ချက်မှားမှုကား ဒိဋ္ဌိတည်း။ ဇောအသီးအသီး၌ လောဘဒိဋ္ဌိအုပ်စု နာမ်တရား (၂၀-၁၉-၂၂-၂၁)တို့ပင်တည်း၊ ဒိဋ္ဌိဂတသမ္ပယုတ် လောဘတည်း။
၄။ သီလဗ္ဗတပရာမာသသံယောဇဉ်–– နွားအကျင့် ခွေးအကျင့် စသော မှားယွင်းသော ကျင့်စဉ် ဟူသော သီလဗ္ဗတအကျင့်ကို ကျင့်ပါက နောင်အနာဂတ်၌လည်း ဤ ရူပါရုံမျိုးကို ရနိုင်၏ဟု နှလုံးပိုက်၍ သီလဗ္ဗတအကျင့်ကို ဆောက်တည်သော = ဆောက်တည်ကျင့်သော သူ၏ သန္တာန်၌ သီလဗ္ဗတပရာမာသ သံယောဇဉ် ဖြစ်၏၊ ဤသံယောဇဉ် မှာလည်း လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၂၀-၁၉-၂၂-၂၁) တို့ပင်တည်း၊ ဒိဋ္ဌိဂတသမ္ပယုတ် လောဘပင်တည်း။ ယခုကဲ့သို့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ ယုံကြည်သက်ဝင်သော သဒ္ဓါတရားနှင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းလျက်ရှိသော စိတ်ဖြင့် နာမရူပပရိစ္ဆေဒဉာဏ်သို့ တိုင်အောင် အားသစ်လျက်ရှိသော ဗုဒ္ဓ၏တပည့် သာဝကတစ်ဦး၏ သန္တာန်၌ ဤသီလဗ္ဗတပရာမာသသံယောဇဉ်မှာ အလွန်ဖြစ်ခဲဖွယ်ရာ ရှိပေသည်။ ဤသံယောဇဉ်ကို ဖြစ်နိုင်ခွင့်ရှိသော သတ္တဝါတို့ကို ရည်ညွှန်း၍သာ ဖော်ပြထားသည်ဟု သဘောပေါက်ပါလေ။
၅။ မာနသံယောဇဉ်–– “ငါမှတစ်ပါး အခြားသူတစ်ဦးသည် ဤရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို အသိဉာဏ်၌ ထင်ရှားလာအောင် ရှုနိုင်စွမ်းရှိသောသူမည်သည် မရှိ ဖြစ်ခဲ့၏၊ ဤ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို ငါမို့ ရှုရတာ” ဟု မိမိကိုယ်ကို မိမိ အထင်ကြီးလျှင် မာနသံယောဇဉ်ဖြစ်၏၊ လောဘ-မာနအုပ်စု အကုသိုလ်ဇောများတည်း၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တည်း။ ဇောအသီးအသီး၌ (၂၀-၁၉-၂၂-၂၁)လုံးသော လောဘ-မာနအုပ်စု နာမ်တရားများတည်း။
၆။ ပဋိဃသံယောဇဉ်– အလိုမရှိအပ် မနှစ်သက်အပ်သော အနိဋ္ဌဖြစ်သော ရူပါရုံကို တွေ့ကြုံရာ၌ မနှစ်သက်သော် ဒေါသထွက်သော် ပဋိဃသံယောဇဉ်ဖြစ်၏၊ ဒေါသအုပ်စု နာမ်တရားများတည်း။ အလိုမရှိအပ်သော အနိဋ္ဌဖြစ်သော ရူပါရုံကို အာရုံယူ၍ ရှုပါ။ ဇောအသီးအသီး၌ (၁၈-၂၀)လုံးသော ဒေါသအုပ်စု နာမ်တရားများတည်း။
၇။ ဣဿာသံယောဇဉ် –– “ဤရူပါရုံမျိုးကို ငါမှတစ်ပါးသော သူတို့ မရကုန်မူကား ကောင်းလေစွ”ဟု ငြူစူသော ပုဂ္ဂိုလ်၏သန္တာန်၌ ဣဿာသံယောဇဉ် ဖြစ်၏၊ ဒေါသ-ဣဿာအုပ်စု နာမ်တရားများ ဖြစ်၏၊ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသ-ဣဿာအုပ်စု နာမ်တရားများတည်း။ ဣဿာဖြစ်နေကျ သူတစ်ပါး၏ ရူပါရုံကို အာရုံယူ၍ ရှုပါ။ ဥပမာ –– အဆင့်မြင့်နေသော အရောင်ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပနေသော သူတစ်ပါး၏ စိန်နားကပ်အရောင်ကို အာရုံယူ၍ ရှုပါ။ အဆင်းအရောင် လှပတင့်တယ်နေသော သူတစ်ပါး၏ အဝတ် သင်္ကန်း စသည်တို့ကိုလည်း အာရုံယူကာ ရှုနိုင်ပါသည်။
၈။ မစ္ဆရိယသံယောဇဉ်– မိမိ ရရှိထားသော ရူပါရုံကို သူတစ်ပါးတို့နှင့် မဆက်ဆံဖြစ်အောင် ပြုလုပ်ခြင်းဖြင့် အခြားသူအတွက် ဝန်တိုသောပုဂ္ဂိုလ်၏ သန္တာန်၌ မစ္ဆရိယသံယောဇဉ်ဖြစ်၏၊ ဒေါသ-မစ္ဆရိယအုပ်စု နာမ်တရားများ ဖြစ်၏၊ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသမစ္ဆရိယအုပ်စု နာမ်တရားများတည်း။ အထိမခံနိုင်ဖြစ်နေကျ မိမိပိုင် သက်ရှိ သက်မဲ့ ကာမဝတ္ထု၏ အရောင်ကို အာရုံယူ၍ ရှုပါ။ ဥပမာ –– စင်ကြယ်သန့်ရှင်းနေသော မိမိ၏ အဝတ်ကို အခြားသူတစ်ဦးက မင်ဖြင့် လာရောက်တို့လိုက်သောအခါ နှမြော၍ကား မဟုတ်၊ ယခုကဲ့သို့ လာရောက် စော်ကားမှုမျိုးကို မခံချင်သည့်သဘောတည်း။ ဖြစ်ဖူးသည့်အာရုံ ဖြစ်နေကျအာရုံကို အာရုံယူ၍ ရှုပါ။
* ကုက္ကုစ္စ– သံယောဇဉ် (၁၀)ပါးတွင် ဤကုက္ကုစ္စကား မပါဝင်ပေ။
(က) ပြုလိုက်မိ ကျင့်လိုက်မိသော ဒုစရိုက်,
( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက် –
ဤသို့ နှစ်မျိုးခွဲ၍ ရှုပါ။
(က) ရူပါရုံကို အာရုံပြု၍ = ရူပါရုံနှင့် ပတ်သက်၍ ပြုလိုက်မိ ကျင့်လိုက်မိသော ဒုစရိုက်ကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်သော် ကုက္ကုစ္စဖြစ်၏၊ ဒေါသ-ကုက္ကုစ္စ နာမ်တရားစုတည်း။ ဖြစ်ဖူးသည့် အာရုံကို ယူ၍ရှုပါ။ ဥပမာ- သူတစ်ပါး၏ အကျႋအရောင် ပျက်အောင် မင်ဖြင့် တို့မိ၍ နောင်တတစ်ဖန် ပူပန်ဖူးသည် ဖြစ်အံ့ = စိတ်မကောင်း ဖြစ်ဖူးအံ့၊ ထိုအာရုံကိုပင် အာရုံယူ၍ ရှုပါ။
( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်တစ်ခုခုကို အာရုံ ယူ၍ နောင်တတစ်ဖန် ပူပန်သော် ကုက္ကုစ္စဖြစ်၏၊ ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြ၏ ဟူလို။ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသကုက္ကုစ္စအုပ်စု နာမ်တရားများတည်း။ ပန်းအရောင်လှနေတုန်း ဘုရားလှူရန် ရည်စူးထားရာ မအောင်မြင်သဖြင့် စိတ်မကောင်းဖြစ်ဖူးသော် ထိုအာရုံမျိုးကို အာရုံယူ၍ ရှုပါ။ ဤဒေါသ-ကုက္ကုစ္စအုပ်စုမှာ ပရမတ်ကို အာရုံယူ၍ ရှုရာ၌ အချို့ယောဂီများ၌ အခက်အခဲ ရှိတတ်ပေသည်။ ထိုအခါ ပညတ်ကို အာရုံယူ၍ ယင်းဒေါသ-ကုက္ကုစ္စ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပြီးမှ ပရမတ်ကို အာရုံယူ၍ ယင်းနာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရှုပွားပါ။
* ဥဒ္ဓစ္စ– ဤဥဒ္ဓစ္စသံယောဇဉ်မှာ အဘိဓမ္မာနည်း သံယောဇဉ် (၁၀)ပါး၌ မပါဝင်ပေ။ သုတ္တန်နည်း သံယောဇဉ် (၁၀)ပါး၌သာ ပါဝင်ပေသည်။ ရူပါရုံကို အာရုံပြု၍ စိတ်ပျံ့လွင့်သော် ဥဒ္ဓစ္စဖြစ်၏၊ မောဟ-ဥဒ္ဓစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြ၏၊ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရားများတည်း။ လောဘ ဒေါသကား မဖြစ်၊ သို့သော် စိတ် မငြိမ်မသက် ဖြစ်ဖူးသည့် ရူပါရုံ အရောင်ကို အာရုံယူ၍ ရှုကြည့်ပါ။
၉။ ဝိစိကိစ္ဆာသံယောဇဉ် – “ဤရူပါရုံသည် သတ္တလေလော, အတ္တလေလော, သတ္တ၏ဥစ္စာလော, အတ္တ၏ဥစ္စာလော = အတ္တ၏ အရောင်လေလော”ဟု ယုံမှားသော ပုဂ္ဂိုလ်၏သန္တာန်၌ ဝိစိကိစ္ဆာသံယောဇဉ်ဖြစ်၏ = ဝိစိကိစ္ဆာအုပ်စု နာမ်တရားများဖြစ်၏၊ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရားများတည်း။ ရူပါရုံကို အတ္တ၏ အရောင်လေလောဟု အာရုံယူ၍ ရှုကြည့်ပါ။
၁၀။ အဝိဇ္ဇာသံယောဇဉ်– အထက်ပါ သံယောဇဉ်အမျိုးမျိုးတို့ ဖြစ်တိုင်း ဖြစ်တိုင်း အဝိဇ္ဇာသံယောဇဉ်ကား = အသိမှားမှု သဘောကား ယှဉ်တွဲပါဝင်လျက် ရှိပေသည်။[မှတ်စု ၄]
ဤအထက်ပါ သံယောဇဉ်တို့ကား သံယောဇဉ်တစ်ခုချင်း သီးသန့်ဖြစ်ကြသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့နှင့်အတူ ယှဉ်တွဲ၍သာ အုပ်စုအလိုက် ဖြစ်ကြရပေသည်။ ယင်း နာမ်တရားအုပ်စုတို့သည်လည်း ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ကြရသည်။ သို့ဖြစ်ရကား ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့ကို သိမ်းဆည်းရာ၌ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနများကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပါ။
သတိပြုရန်
ဤအထက်ပါ ရူပါရုံကို အာရုံ ပြု၍ သံယောဇဉ် (၁၀)ပါးဖြစ်ပုံကို ဖွင့်ဆိုရာ၌ အဋ္ဌကထာများ[မှတ်စု ၅]က – စက္ခုဒွါရေ စက္ခုဒွါရ၌လည်း ဖြစ်နိုင်ကြောင်းကို ဖွင့်ဆိုထားတော်မူကြ၏၊ ထိုတွင် ယင်းရူပါရုံကို နိစ္စ သုခ အတ္တ သုဘဟု နှလုံးသွင်းနိုင်မှုတို့မှာ စက္ခုဒွါရဝီထိနောင်၌ မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ပြီးနောက် ယင်းမနောဒွါရဝီထိတို့က နိစ္စ သုခ အတ္တ သုဘဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပြီးမှ နောက်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်ပေါ်လာသော စက္ခုဒွါရဝီထိအချို့တို့၌သာ နိစ္စ သုခ အတ္တ သုဘဟူသော အခြင်းအရာအားဖြင့် အာရုံပြုမှု အထိုက်အလျောက် ရှိကောင်းရှိနိုင်ပေသည်။ သို့သော် နိစ္စဟု သုခဟု အတ္တဟု သုဘဟု ပိုင်ပိုင်နိုင်နိုင်သိ၍ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချ၍ သိနိုင်သည်ကား မဟုတ်ပေ။ ထိုသို့သော အခြင်းအရာအားဖြင့် သာမန်သိရုံသဘောမျှလောက်သာ ရှိကောင်း ရှိနိုင်ပေသည်။ အောက်ပါ သံယုတ်အဋ္ဌကထာ[မှတ်စု ၆]နှင့် သံယုတ်ဋီကာ[မှတ်စု ၇]တို့ကို ရှုကြည့်ပါ။
“စက္ခုဝိညာဏ်သည် တစ်နည်း စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိနာမ်တရားစုသည် အညို အရွှေ စသည် ပြားသော အရောင်မျှကိုသာ သိ၏၊ ယင်းအရောင်ကို အညို အရွှေပဲ စသည်ဖြင့်ကား မသိပေ။ ရူပါရုံကို အာရုံယူနိုင်သော်လည်း ‘ဤကား အညို, ဤကား အရွှေ’ ဤသို့ စသည်ဖြင့်ကား အာရုံမယူနိုင်။ အဘယ်မှာလျှင် နိစ္စ အနိစ္စ စသော သဘောမှန်ကို အာရုံယူခြင်းငှာ စွမ်းနိုင်ပါအံ့နည်း။”
သို့သော် .. ဒိဋ္ဌိစေတသိက်သည် စက္ခုဒွါရဝီထိဇောတို့၌လည်း ဖြစ်နိုင်သည့် သဘောကား ရှိနေ၏၊ အကုသိုလ်ဇောအားလုံးသည် စက္ခုဒွါရဝီထိ၌ ဖြစ်နိုင်ခွင့် ရှိနေ၏၊ ထိုကြောင့် မနောဒွါရဝီထိတို့၌ အကျုံးဝင်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်က စွဲယူထားသော ဒိဋ္ဌိအယူစွဲကို = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲယူထားသော အယူစွဲကို စက္ခုဒွါရဝီထိ၌ အကျုံးဝင်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်ကလည်း ဆက်ခံသကဲ့သို့ဖြစ်သော အခြင်းအရာကား ရှိကောင်း ရှိနိုင်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် လက်တွေ့စမ်းသပ်၍ ရှုကြည့်ပါ။ သို့သော် ရုပ်ကမ္မဋ္ဌာန်းကို ကျေပွန်စွာ လေ့လာပြီးမှ နာမ်ကမ္မဋ္ဌာန်းသို့ ကူးလာသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ .. ယင်းရုပ်တရားကို နိစ္စ သုခ အတ္တဟု စွဲယူရန်မှာလည်း အခက်အခဲ ရှိကောင်း ရှိနိုင်ပါသည်။ သုဘဟု စွဲယူမှုမှာသာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ပရမတ် ဉာဏ်ပညာ မျက်စိ မရှိသူတို့၌ကား နိစ္စ သုခ အတ္တ သုဘဟူသော အစွဲများသည် ရာနှုန်းပြည့် ရှိနေမည်သာ ဖြစ်ပေသည်။
- ↑ စက္ခုဒွါရေ တာဝ အာပါထဂတံ ဣဋ္ဌာရမ္မဏံ ကာမဿာဒဝသေန အဿာဒယတော အဘိနန္ဒတော ကာမရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ အနိဋ္ဌာရမ္မဏေ ကုဇ္ဈတော ပဋိဃသညောဇနံ ဥပ္ပဇ္ဇတိ။ “ဌပေတွာ မံ န ကောစိ အညော ဧတံ အာရမ္မဏံ ဝိဘာဝေတုံ သမတ္ထော အတ္ထီ”တိ မညတော မာနသညောဇနံ ဥပ္ပဇ္ဇတိ။ “ဧတံ ရူပါရမ္မဏံ နိစ္စံ ဓုဝ”န္တိ ဂဏှတော ဒိဋ္ဌိသညောဇနံ ဥပ္ပဇ္ဇတိ။
“ဧတံ ရူပါရမ္မဏံ သတ္တော နု ခေါ, သတ္တဿ နု ခေါ”တိ ဝိစိကိစ္ဆတော ဝိစိကိစ္ဆာသညောဇနံ ဥပ္ပဇ္ဇတိ။ “သမ္ပတ္တိဘဝေ ဝတ နော ဣဒံ သုလဘံ ဇာတ”န္တိ ဘဝံ ပတ္ထေန္တဿ ဘဝရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ “အာယတိမ္ပိ ဧဝရူပံ သီလဗ္ဗတံ သမာဒိယိတွာ သက္ကာ လဒ္ဓု”န္တိ သီလဗ္ဗတံ သမာဒိယန္တဿ သီလဗ္ဗတပရာမာသသညောဇနံ ဥပ္ပဇ္ဇတိ။ “အဟော ဝတ ဧတံ ရူပါရမ္မဏံ အညေ န လဘေယျု”န္တိ ဥသူယတော ဣဿာသညောဇနံ ဥပ္ပဇ္ဇတိ။ အတ္တနာ လဒ္ဓံ ရူပါရမ္မဏံ အညဿ မစ္ဆရာယတော မစ္ဆရိယသညောဇနံ ဥပ္ပဇ္ဇတိ။ သဗ္ဗေဟေဝ သဟဇာတအညာဏဝသေန အဝိဇ္ဇာသညောဇနံ ဥပ္ပဇ္ဇတိ။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။) - ↑ စက္ခုဒွါရေ တာဝ အာပါထဂတံ ဣဋ္ဌာရမ္မဏံ ကာမဿာဒဝသေန အဿာဒယတော အဘိနန္ဒတော ကာမရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ အနိဋ္ဌာရမ္မဏေ ကုဇ္ဈတော ပဋိဃသညောဇနံ ဥပ္ပဇ္ဇတိ။ “ဌပေတွာ မံ န ကောစိ အညော ဧတံ အာရမ္မဏံ ဝိဘာဝေတုံ သမတ္ထော အတ္ထီ”တိ မညတော မာနသညောဇနံ ဥပ္ပဇ္ဇတိ။ “ဧတံ ရူပါရမ္မဏံ နိစ္စံ ဓုဝ”န္တိ ဂဏှတော ဒိဋ္ဌိသညောဇနံ ဥပ္ပဇ္ဇတိ။
“ဧတံ ရူပါရမ္မဏံ သတ္တော နု ခေါ, သတ္တဿ နု ခေါ”တိ ဝိစိကိစ္ဆတော ဝိစိကိစ္ဆာသညောဇနံ ဥပ္ပဇ္ဇတိ။ “သမ္ပတ္တိဘဝေ ဝတ နော ဣဒံ သုလဘံ ဇာတ”န္တိ ဘဝံ ပတ္ထေန္တဿ ဘဝရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ “အာယတိမ္ပိ ဧဝရူပံ သီလဗ္ဗတံ သမာဒိယိတွာ သက္ကာ လဒ္ဓု”န္တိ သီလဗ္ဗတံ သမာဒိယန္တဿ သီလဗ္ဗတပရာမာသသညောဇနံ ဥပ္ပဇ္ဇတိ။ “အဟော ဝတ ဧတံ ရူပါရမ္မဏံ အညေ န လဘေယျု”န္တိ ဥသူယတော ဣဿာသညောဇနံ ဥပ္ပဇ္ဇတိ။ အတ္တနာ လဒ္ဓံ ရူပါရမ္မဏံ အညဿ မစ္ဆရာယတော မစ္ဆရိယသညောဇနံ ဥပ္ပဇ္ဇတိ။ သဗ္ဗေဟေဝ သဟဇာတအညာဏဝသေန အဝိဇ္ဇာသညောဇနံ ဥပ္ပဇ္ဇတိ။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။) - ↑ နိစ္စံ ဓုဝန္တိ ဧတံ နိဒဿနမတ္တံ။ “ဥစ္ဆိဇ္ဇိဿတိ ဝိနဿိဿတီတိ ဂဏှတော”တိ ဧဝမာဒီနမ္ပိ သင်္ဂဟော ဣစ္ဆိတဗ္ဗော။ ဘဝံ ပတ္ထေန္တဿာတိ “ဤဒိသေ သမ္ပတ္တိဘဝေ ယသ္မာ အမှာကံ ဣဒံ ဣဋ္ဌာရမ္မဏံ သုလဘံ ဇာတံ၊ တသ္မာ အာယတိမ္ပိ သမ္ပတ္တိဘဝေါ ဘဝေယျာ”တိ ဘဝံ နိကာမေန္တဿ။ ဧဝရူပံ သက္ကာ လဒ္ဓုန္တိ ယောဇနာ။ (မ၊ဋီ၊၁၊၃၇၉။)
- ↑ စက္ခုဒွါရေ တာဝ အာပါထဂတံ ဣဋ္ဌာရမ္မဏံ ကာမဿာဒဝသေန အဿာဒယတော အဘိနန္ဒတော ကာမရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ အနိဋ္ဌာရမ္မဏေ ကုဇ္ဈတော ပဋိဃသညောဇနံ ဥပ္ပဇ္ဇတိ။ “ဌပေတွာ မံ န ကောစိ အညော ဧတံ အာရမ္မဏံ ဝိဘာဝေတုံ သမတ္ထော အတ္ထီ”တိ မညတော မာနသညောဇနံ ဥပ္ပဇ္ဇတိ။ “ဧတံ ရူပါရမ္မဏံ နိစ္စံ ဓုဝ”န္တိ ဂဏှတော ဒိဋ္ဌိသညောဇနံ ဥပ္ပဇ္ဇတိ။
“ဧတံ ရူပါရမ္မဏံ သတ္တော နု ခေါ, သတ္တဿ နု ခေါ”တိ ဝိစိကိစ္ဆတော ဝိစိကိစ္ဆာသညောဇနံ ဥပ္ပဇ္ဇတိ။ “သမ္ပတ္တိဘဝေ ဝတ နော ဣဒံ သုလဘံ ဇာတ”န္တိ ဘဝံ ပတ္ထေန္တဿ ဘဝရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ “အာယတိမ္ပိ ဧဝရူပံ သီလဗ္ဗတံ သမာဒိယိတွာ သက္ကာ လဒ္ဓု”န္တိ သီလဗ္ဗတံ သမာဒိယန္တဿ သီလဗ္ဗတပရာမာသသညောဇနံ ဥပ္ပဇ္ဇတိ။ “အဟော ဝတ ဧတံ ရူပါရမ္မဏံ အညေ န လဘေယျု”န္တိ ဥသူယတော ဣဿာသညောဇနံ ဥပ္ပဇ္ဇတိ။ အတ္တနာ လဒ္ဓံ ရူပါရမ္မဏံ အညဿ မစ္ဆရာယတော မစ္ဆရိယသညောဇနံ ဥပ္ပဇ္ဇတိ။ သဗ္ဗေဟေဝ သဟဇာတအညာဏဝသေန အဝိဇ္ဇာသညောဇနံ ဥပ္ပဇ္ဇတိ။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။) - ↑ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။)
- ↑ စက္ခုဝိညာဏံ ဟိ ရူပေ ရူပမတ္တမေဝ ပဿတိ၊ န နိစ္စာဒိသဘာဝံ။ (သံ၊ဋ္ဌ၊၃၊၂၈။)
- ↑ ရူပမတ္တမေဝါတိ နီလာဒိဘေဒံ ရူပါယတနမတ္တံ၊ န နီလာဒိ။ ဝိသေသနိဝတ္တနတ္ထော ဟိ အယံ မတ္တ-သဒ္ဒေါ။ ယဒိ ဧဝံ ဧဝ- ကာရော ကိမတ္ထိယော? စက္ခုဝိညာဏံ ဟိ ရူပါယတနေ လဗ္ဘမာနမ္ပိ နီလာဒိဝိသေသံ “ဣဒံ နီလံ နာမ ဣဒံ ပီတံ နာမာ”တိ န ဂဏှာတိ။ ကုတော နိစ္စာနိစ္စာဒိ သဘာဝတ္ထန္တိ သံဟိတဿပိ နိဝတ္တနတ္ထံ ဧဝကာရဂ္ဂဟဏံ။ တေနာဟ “န နိစ္စာဒိသဘာဝ” န္တိ။ (သံ၊ဋီ၊၂၊၃၀၃။)