မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/လောဘ-မာနအုပ်စု စသည်ကို ရှုပုံစနစ်

ဝီကီရင်းမြစ် မှ
1725နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းစက္ခုအကြည်ဓာတ်အာရုံ - လောဘ-မာနအုပ်စု စသည်ကို ရှုပုံစနစ်ဖားအောက်တောရဆရာတော်

စက္ခုအကြည်ဓာတ်အာရုံ - လောဘ-မာနအုပ်စု စသည်ကို ရှုပုံစနစ်

မနောဒွါရကို သိမ်းဆည်းလျက် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ “ဤစက္ခုအကြည်ဓာတ်ကို ငါမို့ ရှုရတာ”ဟု နှလုံးသွင်းကြည့်ပါ။ လောဘ-မာန ဦးဆောင်သည့် အကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြပေမည်။ နာမ်တုံးနာမ်ခဲ နာမ်ဃနကို ဖြိုခွဲလျက် ပရမတ်နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဒေါသအုပ်စု –– မကျေမနပ်ဖြစ်ဖူးသော အနိဋ္ဌ ဖြစ်သော စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ မနောဒွါရကိုပါ ပူးတွဲသိမ်းဆည်းလျက် ဤဒေါသအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဒေါသ-ဣဿာ –– မိမိစက္ခုအကြည်ဓာတ်ထက် သာလွန်တင့်တယ်သော သူတစ်ပါး၏ စက္ခုအကြည်ဓာတ်ကို (= မိမိမျက်လုံးထက် ပို၍လှသော သူတစ်ပါး၏ မျက်လုံးကို) အာရုံယူ၍ “ဒီစက္ခုအကြည်ဓာတ်မျိုး ဒင်းမရလျှင် ကောင်းမှာပဲ”ဟု နှလုံးသွင်းကြည့်ပါ။ (= “ဒီမျက်လုံးမျိုး ဒင်းမရလျှင် ကောင်းမှာပဲ”ဟု နှလုံးသွင်းကြည့်ပါ။) ဒေါသဣဿာ ဦးဆောင်သည့် နာမ်တရားအုပ်စုတို့ ဖြစ်ပေါ်လာပေမည်။ ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။

ဒေါသ-မစ္ဆရိယ –– အထိမခံနိုင်သော မိမိ၏ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ရှုပါ။ “နင့်မျက်စိက ဘာပဲ ညာပဲ” စသည်ဖြင့် တစ်ဘက်သူက ပြောဆိုလာလျှင် မခံချင်သည့် သဘောကိုလည်း အာရုံယူ၍ ရှုနိုင်ပါသည်။

ဒေါသ-ကုက္ကုစ္စ–– စက္ခုအကြည်နှင့် ပတ်သက်၍ ပြောမှားဆိုမှား ပြုမှားမိသည့် မကောင်းမှုတစ်ခုကို အာရုံ ယူ၍လည်း ရှုနိုင်သည်။ စက္ခုအကြည်နှင့် ပတ်သက်၍ ပြုသင့်ပြုထိုက်သည်ကို မပြုလိုက်ရ၍ နောင်တတစ်ဖန် ပူပန်မှု ဖြစ်ဖူးလျှင် ထိုအာရုံကို အာရုံယူ၍လည်း ရှုနိုင်သည်။

မောဟ-ဥဒ္ဓစ္စ– စက္ခုအကြည်ဓာတ်နှင့် ပတ်သက်၍ စိတ်မငြိမ်မသက် ဖြစ်ဖူးလျှင် ယင်းအာရုံကိုပင် အာရုံယူ၍ ရှုပါ။ (လောဘ ဒေါသ မပါစေရ။)

မောဟ-ဝိစိကိစ္ဆာ – “ဤ စက္ခုအကြည်ဓာတ်သည် အတ္တ၏အကြည်ဓာတ်လေလော”ဟု အာရုံယူ၍ ရှုကြည့်ပါ။ အဋ္ဌကထာများ[မှတ်စု ၁]၌ ဖော်ပြထားသော ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါးဖြစ်ပုံကို နည်းမှီး၍ ရှုခြင်း ဖြစ်သည်။ (နောက်တွင် ထင်ရှားလတ္တံ့။)

တဒါရုံ –– ဇယားများတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကို ချပြထားပါသည်။ ဝီထိစဉ် တစ်ခု၏ အတွင်း၌ သဟိတ်တဒါရုံ အဟိတ်တဒါရုံ နှစ်မျိုးလုံး ဖြစ်နိုင်သည်ဟုကား အယူအဆ မမှားစေလိုပါ။ အဟိတ်တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း သဟိတ်တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း ကျနိုင်သည်ဟုသာ ဆိုလိုရင်းဖြစ်သည်။ ယင်းတဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုးသာ ဝီထိတစ်ခုအတွင်း၌ ကျနိုင်၏၊ ထိုသို့တဒါရုံကျရာ၌ ယေဘုယျအားဖြင့် ဇောနှင့် တဒါရုံတို့သည် ဝေဒနာချင်း တူတတ်၏၊ ဇောက သောမနဿဝေဒနာဖြစ်လျှင် တဒါရုံလည်း သောမနဿ ဝေဒနာပင် ဖြစ်၏၊ ဇော၌ ပီတိယှဉ်လျှင် တဒါရုံ၌လည်း ပီတိယှဉ်၏၊ ဇောက ဥပေက္ခာဝေဒနာဖြစ်လျှင် တဒါရုံလည်း ဥပေက္ခာဝေဒနာပင် ဖြစ်၏၊ ဇော၌ ပီတိမယှဉ်လျှင် တဒါရုံ၌လည်း ပီတိမယှဉ်ပေ။ သို့သော် တဒါရုံမှာ ယေဘုယျ အားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း ဇော၌ ဒေါမနဿဝေဒနာဖြစ်လျှင် တဒါရုံ၌လည်း ဒေါမနဿဝေဒနာ မဖြစ်နိုင်သဖြင့် ဥပေက္ခာဝေဒနာသာ ဖြစ်သည်ဟု မှတ်ပါ။ ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံသာ ကျခွင့်ရှိသည်ဟူလို။ အထက်တဒါရုံဇယားတွင် ဖော်ပြထားခဲ့သည့်အတိုင်း အကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက် တဒါရုံများသည်လည်း ထိုက်သလို ကျနိုင်၏၊ ဘုရား အစရှိသော အလွန်နှစ်သက်မြတ်နိုးအပ်သည့် အတိဣဋ္ဌာရုံတို့၌ နှလုံးသွင်းမှားမှု အယောနိသောမနသိကာရကြောင့် အကုသိုလ်ဇော စောရာ၌ ယင်းအကုသိုလ်ဇောများ၏နောင်၌ မဟာဝိပါက် တဒါရုံများသည်လည်း ထိုက်သလို ကျနိုင်သည်သာ ဖြစ်သည်။ ထိုကြောင့် ဤစာမူဇယားတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကိုပင် ချပြထားပါသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ရှုနေရင်းဖြင့် သဘောပေါက်နိုင်လိမ့်မည်ဟု ဤကျမ်းက မျှော်လင့်ထားပါသည်။

ကြွင်းကျန်သည့် ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်အုပ်စု နာမ်တရားတို့ကိုလည်း စက္ခုအကြည်ဓာတ်၌ ရှုပုံနည်းစနစ်ကို နည်းမှီး၍ ရှုပါလေ။

ကောင်းသော စနစ်တစ်ခုကို အကြံပြုပါရစေ

ယောဂီအများစုကို သုတေသနပြုကြည့်ရာ၌ အကုသိုလ်ဇောစောသည့် ဝီထိများကိုသာ တစ်ထိုင်လုံး တစ်ဖက်သတ် သိမ်းဆည်းရှုပွားနေပါက တစ်စတစ်စ စိတ်ဓာတ်များလည်း မကြည်မလင် ဖြစ်လာတတ်ကြကြောင်းကိုလည်း တွေ့ရှိရ၏၊ ဉာဏ်အရောင်အလင်းများသည်လည်း တဖြည်းဖြည်း မှေးမှိန်လာကြောင်းနှင့် မှေးမှိန်သွားကြောင်းကိုလည်း တွေ့ရှိရ၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ကုသိုလ်ဇော စောသည့် ဝီထိများကိုလည်း သိမ်းဆည်းရှုပွားတတ်ပြီး ဖြစ်သဖြင့် ကုသိုလ်ဇော စောသည့် ဝီထိနှင့် အကုသိုလ်ဇော စောသည့် ဝီထိများကို တစ်လှည့်စီ သိမ်းဆည်းရှုပွားပါက ပို၍ ကောင်းပေသည်။ ဥပမာ –– စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇော စောသည့် မနောဒွါရဝီထိကို သိမ်းဆည်းပြီးသောအခါ ယင်းစက္ခုအကြည်ဓာတ်ကိုပင် (ဧကတ္တနည်းအရ ဆိုခြင်းတည်း)[မှတ်စု ၂] အာရုံပြု၍ ဖြစ်ပေါ်လာသော အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ ဤသို့လျှင် ရုပ်တစ်လုံး တစ်လုံးကို အာရုံ ပြု၍ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇောစောသည့် အကောင်းအုပ်စုဝီထိ အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုဝီထိတို့ကို တစ်လှည့်စီ သိမ်းဆည်းရှုပွားပါက စိတ်ညစ်နွမ်းမှုလည်း မဖြစ်ဘဲ အရောင်အလင်းလည်း မှေးမှိန်မသွားဘဲ ရှိတတ်ကြ၏၊

ယခုတစ်ဖန် ရူပါရုံစသည့် ပဉ္စာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်ဇော စောသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ အဋ္ဌကထာကြီးများတွင် ဖွင့်ဆိုထားသော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ကြိုတင်၍ သိထားသင့်ပေသည်။

  1. (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။)
  2. မှတ်ချက်--- ဧကတ္တနည်း---- စက္ခုအကြည်ဓာတ် တစ်ခုကို အာရုံယူကာ ကုသိုလ်ဇောဝီထိအမျိုးမျိုး အကုသိုလ်ဇောဝီထိအမျိုးမျိုး ဖြစ်ပေါ်လာပုံကို ရှုရာ၌ စက္ခုအကြည်ဓာတ်တစ်ခုတည်းက ထိုကဲ့သို့ ရှုနိုင်လောက်အောင် အဓွန့်ရှည်စွာ သက်တမ်းရှည်စွာ စိတ္တက္ခဏ (၁၇)ချက်ထက် ပိုလွန်ကာ အသက်ရှည်နေသည်ဟုကား အယူအဆ မမှားစေလိုပါ။ ယင်းစက္ခုအကြည်ဓာတ်မှာ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့က ချုပ်ပျက်သွားမည်သာ ဖြစ်၏၊ သို့သော် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ယင်းစက္ခုအကြည် ဓာတ်နှင့် အလားတူ ဆက်ကာဆက်ကာ ဖြစ်ပေါ်နေသည့် စက္ခုအကြည်ဓာတ်တစ်ခုတစ်ခုကို အာရုံယူကာ ဆက်လက်ရှုပွားရန်ကိုသာ ဆိုလိုရင်း ဖြစ်သည်။ မူလ အာရုံယူကာ ရှုပွားလိုက်သည့် စက္ခုအကြည်ဓာတ်နှင့် နောက်နောက် ဆက်လက်အာရုံယူကာ ရှုပွားနေသည့် စက္ခုအကြည်ဓာတ် အသီးအသီးမှာ စက္ခုအကြည်ဓာတ်ချင်း တူညီနေသဖြင့် ဧကတ္တနည်းအရ တစ်စုတစ်ပေါင်းတည်း ပြုကာ ယင်းစက္ခုအကြည်ဓာတ်ဟု ဆိုခြင်း ဖြစ်ပေသည်။ ဤသို့ ဆိုခြင်းကိုပင် ဧကတ္တနည်းဟု ခေါ်ဆိုပေသည်။ ကြွင်းကျန်သော ရုပ်တရားတို့ကို အာရုံယူကာ ရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။