မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အကြောင်းတရားကို ရှာဖွေပုံ စနစ်တစ်ခု

ဝီကီရင်းမြစ် မှ

အပိုင်း (၂)

အကြောင်းတရားကို ရှာဖွေပုံ စနစ်တစ်ခု

“အကြောင်းတရားတို့၌ အကျိုးတရားတို့ကို ဖြစ်ပေါ်စေနိုင်သော စွမ်းအင်များ ရှိကြ၏၊ ယင်းစွမ်းအင်များ ထင်ရှားရှိနေခြင်းကြောင့် အကြောင်းတရားတို့သည် အကျိုးတရားတို့ကို ဆောင်ထားနိုင်ကြ၏ဟု ဆိုရ၏၊ ထို့ကြောင့် အကျိုးတရားတို့သည် အကြောင်းတရားတို့ကြောင့်သာ တည်လည်း တည်နေကြရ, ဖြစ်လည်း ဖြစ်နေကြရသောကြောင့် ယင်းအကြောင်းတရားတို့သည် အကျိုးတရားတို့၏ တည်ရာ ဓမ္မဋ္ဌိတိ မည်၏၊ ယင်းအကျိုးတရားတို့၏ တည်ရာ အကြောင်းတရားတို့ကို ထိုးထွင်းသိတတ်သော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏၊”[မှတ်စု ၁]

“ဤအရာ၌ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားတတ်သော နာမရူပဝဝတ္ထာနဉာဏ်ဟု မဟောဘဲ အဘယ်ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ဟု ဟောတော်မူအပ်ပါသနည်းဟူမူ အဖြေမှာ ဤသို့ ဖြစ်၏ ..။

အကြောင်းတရားတို့ကို သိမ်းဆည်းခြင်းဖြင့်ပင်လျှင် အကျိုးတရားကို သိမ်းဆည်းခြင်း၏ ပြီးစီးသွားသောကြောင့် ဖြစ်၏၊ မှန်ပေသည် - အကျိုးတရားကို မသိမ်းဆည်းရသေးသည်ရှိသော် အကြောင်းတရားကို သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို ပြုလုပ်ဖို့ရန် မစွမ်းနိုင်ပေ။ (အကြောင်းတရား၌ အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသည် မှန်သော်လည်း ယင်းအကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ သာလျှင် ယင်းအကြောင်းတရား၌ အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသည်ဟု သိရှိနိုင်ပေသည်ဟူလို။)

ထို့ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ကို တိုက်ရိုက်ယူငင်ထုတ်ဆောင်၍ ဟောတော်မူခြင်းဖြင့်ပင်လျှင် ထိုဓမ္မဋ္ဌိတိဉာဏ်၏ စွဲမှီရာ အကြောင်းရင်းဖြစ်သော ဓမ္မဋ္ဌိတိဉာဏ်၏ ရှေးက ပြီးစီးထားပြီးဖြစ်သော နာမရူပဝဝတ္ထာနဉာဏ်ကို ဟောပြီးသာလျှင် ဖြစ်သည်ဟု သိရှိပါလေ။”[မှတ်စု ၂]

ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ပစ္စယပရိဂ္ဂဟ = အကြောင်းတရားတို့ကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စယသမုပ္ပန္နဟု ခေါ်ဆိုအပ်သော အကျိုး ရုပ်တရား-နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့်ပိုင်းခြားယူခြင်း နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း ဟူသော နာမရူပဝဝတ္ထာနဉာဏ်ကို ရရှိအောင် ရှေးဦးစွာ ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ အတိတ်အကြောင်းတရားတို့ကို သိမ်းဆည်းလို ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်နေသည့် ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန်ရုပ်တရားနာမ်တရားတို့ကိုလည်းကောင်း, ထိုအကြောင်းတရား တို့၏ စွဲမှီရာ (ဆိုင်ရာဆိုင်ရာ ရှေးရှေးအတိတ်အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်နေသည့်) ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် အတိတ်ရုပ်တရားနာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရားနာမ်တရားတို့ ဖြစ်ပုံကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားတို့၏ စွဲမှီ၍ဖြစ်ရာ ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရားနာမ်တရားတို့ကိုလည်းကောင်း, ထိုပစ္စုပ္ပန်အကြောင်းတရားများကြောင့် ထင်ရှား ဖြစ်ပေါ်လာမည့် အနာဂတ်အကျိုးတရား ငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရားနာမ်တရားတို့ကို လည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။ ပစ္စုပ္ပန်အကျိုးတရား ငါးပါးဟူသည် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့, ပစ္စုပ္ပန်အကြောင်းတရားငါးပါးဟူသည် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သကဲ့သို့, အလားတူပင် အတိတ်အကြောင်းတရားငါးပါးဟူသည် အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ အနာဂတ်အကျိုးတရားငါးပါးဟူသည်လည်း အနာဂတ် ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်၏၊ ထို့ကြောင့် အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးတို့ကို ပရမတ်သို့ဆိုက်အောင် နေရာတကျ သိမ်းဆည်းတတ်ပါက ယင်းတို့၏ အစိတ်အပိုင်းဖြစ်သော အတိတ်အကြောင်းတရားငါးပါး, ပစ္စုပ္ပန် အကျိုးတရားငါးပါး, ပစ္စုပ္ပန်အကြောင်းတရားငါးပါး, အနာဂတ်အကျိုးတရားငါးပါးတို့ကိုလည်း အလွယ်တကူ သိမ်းဆည်း နိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရသော် အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှား ဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံကိုလည်း အလွယ်တကူ သိမ်းဆည်းနိုင်မည်, ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်ပေသည်။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူ သဘောပေါက်ပါ။ သို့ဖြစ်ရကား ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို မသိမ်းဆည်းမီ ရှေ့အဖို့၌ အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးတို့ကို ကြိုတင်၍ သိမ်းဆည်းထားပြီး ဖြစ်ရမည်ဟူသော ဤစနစ်ဟောင်းကို ရှေ့ဦးစွာ မှတ်သားထားလေရာသည်။ အကြောင်းမူ ပဋိစ္စသမုပ္ပါဒ်သဘောတရား ဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရားတို့၏ အချင်းချင်း အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ်ဖြစ်မှု ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားမျှသာ ဖြစ်သောကြောင့်တည်း။

ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဟောကြားတော်မူပုံ ဒေသနာနည်း (၄) နည်း

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၃]နှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ ပဋိစ္စသမုပ္ပါဒ်ဝိဘင်းအဖွင့်[မှတ်စု ၄]တို့၌ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူရာ၌ ဟောကြားတော်မူပုံ ဒေသနာနည်း (၄)နည်းရှိကြောင်း ဝလ္လိဟာရကနယ = နွယ်ခွေယောက်ျား၏ နွယ်ခွေပုံ နည်းလမ်းဥပမာဖြင့် ရှင်းလင်း ဖွင့်ဆိုထားတော်မူကြ၏၊

၁။ အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ ဤသို့ စသည်ဖြင့် ဇာတိကြောင့် ဇရာမရဏဖြစ်ပုံသို့ တိုင်အောင်လည်း ဟောကြားထားတော်မူ၏၊ အစမှ စ၍ အဆုံးသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း ဖြစ်၏၊

၂။ အလယ် ဝေဒနာမှ စ၍ ဘဝကြောင့် ဇာတိဖြစ်ပုံသို့ တိုင်အောင် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကိုလည်း ဟောကြားထားတော်မူ၏၊ အလယ်မှ အဆုံးတိုင်အောင် ဟောကြား ထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း တစ်နည်းပင် ဖြစ်၏၊

၃။ ဇရာမရဏသည် ဇာတိအကြောင်းခံကြောင့် ဖြစ်ပုံမှစ၍ သင်္ခါရသည် အဝိဇ္ဇာအကြောင်းခံကြောင့် ဖြစ်ပုံသို့ တိုင်အောင် ပြောင်းပြန်လှန်၍လည်း ဟောကြားထားတော်မူ၏၊ အဆုံးမှ အစအရင်းသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း ဖြစ်၏၊

၄။ အာဟာရလေးပါးသည် တဏှာကြောင့်ဖြစ်ပုံ၊ တဏှာသည် ဝေဒနာကြောင့်ဖြစ်ပုံ ဤသို့စသည်ဖြင့် သင်္ခါရသည် [မှတ်စု ၅]

အဝိဇ္ဇာကြောင့် ဖြစ်ပုံသို့ တိုင်အောင်လည်း ဟောကြားထားတော်မူ၏၊ အလယ်မှ စ၍ အစအရင်းသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း တစ်နည်းပင် ဖြစ်၏၊

ဤကား ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်း (၄)နည်းတည်း။ တစ်ဖန် .. ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၌လည်း နည်းတစ်နည်း လာရှိပြန်၏၊

၅။ အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ရှုကွက် တစ်မျိုးလည်း လာရှိ၏၊

ဤပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ လာရှိသော အကြောင်းတရားတစ်စု အကျိုးတရားတစ်စု ထား၍ သိမ်းဆည်းသော ဤနည်းကို ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟု ဤကျမ်းတွင် အမည်တပ်ထားပါသည်။ ဤပဉ္စမနည်းကား အဘိဓမ္မာ အခြေခံ ဉာဏ်ပညာ အားနည်းသူ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အား သင်ပြရသည်မှာ လွယ်ကူသယောင် ရှိပေသည်။

ဤပဋိစ္စသမုပ္ပါဒ် ဒေသနာနည်း (၅)နည်းတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် မိမိကြိုက်နှစ်သက်ရာ ဒေသနာ နည်းဖြင့် အကြောင်းတရားများကို သို့မဟုတ် အကြောင်းတရား အကျိုးတရားများကို ရှာဖွေနိုင်ပါသည်။ ထိုငါးနည်းတို့တွင် ဤစာမူ၌ ပဉ္စမနည်းနှင့် ပထမနည်းတို့ကို ပဓာနထား၍ အကြောင်း-အကျိုး စပ်ပုံ သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ အကြောင်းတရားများကို စတင်၍ ရှာဖွေသည့်အပိုင်း၌ အလယ်မှ အစသို့သွားသော နည်းစနစ်ကို အသုံးပြုထားပါသည်။

ထိုသို့ အလယ်မှ အရင်းဘက်သို့ လိုက်၍ အကြောင်းတရားများကို ရှာဖွေရာတွင် အထက်တွင် ရှင်းပြခဲ့သည့် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ ပစ္စုပ္ပန်ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့တိုင်အောင် ခန္ဓာငါးပါး အဆက်ဆက်ကို ရှေ့ဦးစွာ သိမ်းဆည်းထားတတ်လျှင်ကား ပို၍ လွယ်ကူသည်ကို ယောဂီအများစု၌ တွေ့ရှိရပေသည်။ ထို့ကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့တိုင်အောင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါးတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိပိုင်း၌ လာရှိသော အတိတ်ခန္ဓာအဆက်ဆက်ကို သိမ်းဆည်းပုံ နည်းစနစ်ကို အမှီပြု၍ ရေးသားတင်ပြထားပါသည်။ ထိုသို့ ပစ္စုပ္ပန်ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့ တိုင်အောင် ခန္ဓာငါးပါးအဆက်ဆက်ကို သိမ်းဆည်းနိုင်သောအခါ အတိတ်ခန္ဓာငါးပါးကို စွဲမှီ၍ ဖြစ်ပေါ်လာသော အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါး = အကျိုးဝိပါက်တရား ထင်ရှားဖြစ်ပုံကို ထပ်ဆင့်၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ သိမ်းဆည်းရမည် ဖြစ်သည်။ ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကို အောင်မြင်စွာ သိမ်းဆည်း ရှုပွားတတ်ပါက အကြောင်း-အကျိုး စပ်တတ်ပါက ကြွင်းကျန်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်း စသည်တို့သည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နားရှင်းပြီး လွယ်ကူပြီးသာ ဖြစ်နေပေလိမ့်မည်။

ကြိုတင်သတိပြုရန် အချက်တစ်ရပ်

၁။ ဧကတော ဟိ ကာရဏတော န ဣဓ ကိဉ္စိ ဧကံ ဖလမတ္ထိ။
၂။ န အနေကံ။
၃။ နာပိ အနေကေဟိ ကာရဏေဟိ ဧကံ။
၄။ အနေကေဟိ ပန ကာရဏေဟိ အနေကမေဝ ဟောတိ။[မှတ်စု ၆]

“၁။ ဤလောက၌ တစ်ခုတည်းသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခုသော တစ်ခုတည်းသော အကျိုးတရားသည် မရှိပေ။

၂။ တစ်ခုတည်းသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော တစ်ပါးမက များပြားသော အကျိုးတရားသည်လည်း မရှိပေ။

၃။ များစွာကုန်သော အကြောင်းတရားတို့ကြောင့်လည်း ဖြစ်ပေါ်လာသော တစ်ခုတည်းသော အကျိုးတရားသည် မရှိသည်သာတည်း။

၄။ အလျော်အားဖြင့်ဆိုရမူ – များစွာကုန်သော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော များစွာသော အကျိုးတရားသည်သာလျှင် ရှိပေသည်။

ဘုရားရှင်သည် ..
၁။ အချို့သော အရာ၌ ပဓာန = ပြဓာန်းသောကြောင့်,
၂။ အချို့သော အရာ၌ ပါကဋ = ထင်ရှားသည်၏ အဖြစ်ကြောင့်,
၃။ အချို့သော အရာ၌ အသာဓာရဏ = မဆက်ဆံသည်၏ အဖြစ်ကြောင့် –

ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း, ဆုံးမထိုက်သူ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့အားလည်းကောင်း လျော်သောအားဖြင့် တစ်ခုတည်းသာလျှင် ဖြစ်သော အကြောင်းတရားကိုသော်လည်းကောင်း အကျိုးတရားကိုသော်လည်းကောင်း ထင်ရှားပြတော်မူ၏၊”[မှတ်စု ၇] ဤအထက်ပါ အဋ္ဌကထာတို့၏အဖွင့်နှင့် အညီ ပဓာန ပါကဋ အသာဓာရဏဟူသော အကြောင်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းတရားကြောင့် ဒေသနာတော်ကို တင့်တယ်စမ္ပယ်အောင် တန်ဆာဆင်တတ်သော သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း, ဝေနေယျတို့၏ အလိုအကြိုက် စရိုက်ဝါသနာအားလည်းကောင်း လျော်ညီအောင် အဝိဇ္ဇာကဲ့သို့သော အကြောင်းတစ်ခု ဝေဒနာကဲ့သို့သော အကျိုးတစ်ခုကိုသာ ထုတ်ဆောင်၍ ဟောကြားထားတော်မူသော်လည်း တစ်ခုတည်းသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကျိုးတရား၏ ဖြစ်ခြင်း, တစ်ခုတည်းသော အကြောင်း တရားကြောင့် များစွာသော အကျိုးတရား၏ ဖြစ်ခြင်း, များစွာသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကျိုးတရား၏ ဖြစ်ခြင်းသည် မရှိနိုင်သောကြောင့် အကြောင်းတရား များစွာကြောင့်သာလျှင် အကျိုးတရားများစွာ၏ ဖြစ်ခြင်းသည်သာလျှင် ထင်ရှားရှိသောကြောင့် အဝိဇ္ဇာတစ်ခုတည်းကသာလျှင် သင်္ခါရကို ဖြစ်စေသည်ဟုလည်း မယူဆပါနှင့်။ သဠာယတနကြောင့် ဖဿတစ်ခုတည်း ဖြစ်သည်ဟုလည်း မယူဆပါနှင့်။ ဖဿတစ်ခုတည်းကြောင့် ဝေဒနာတစ်ခုတည်းသာ ဖြစ်သည်ဟုလည်း မယူဆပါနှင့်။ အကြောင်းတရား များစွာကြောင့်သာ အကျိုးတရားများစွာ ဖြစ်သည်ဟု သဘောပေါက်ပါ။ ယင်းသို့ဖြစ်လျှင် အဝိဇ္ဇာတစ်ခုတည်း, ဖဿတစ်ခုတည်း, ဝေဒနာတစ်ခုတည်း သိမ်းဆည်းရုံမျှဖြင့် မလုံလောက်ဟု သဘောပေါက်ပါ။ ယင်း အဝိဇ္ဇာ ဖဿ ဝေဒနာတို့နှင့် ယှဉ်ဖက်သမ္ပယုတ်တရား စသည်တို့ကိုပါ ရောနှော သိမ်းဆည်းရမည်ဟု မှတ်သားထားပါ။ အရာရာ၌ နည်းတူ သဘောပေါက်ပါ။

အတိတ်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ

ရှေ့ဦးစွာ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်တို့ကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ အထူးသဖြင့် နံပါတ် (၆)လိုင်းဟု အမည်တပ်ထားသော ဓမ္မာရုံလိုင်း၌ အကောင်းအုပ်စုများကို ဦးစားပေး၍ ရုပ်နာမ်ကို သိမ်းဆည်းပါ။ ထိုသို့ အကောင်းအုပ်စုများကိုသာ အချိန်များစွာ အကြိမ်များစွာ ဦးစားပေး၍ သိမ်းဆည်းနေသော် ယောဂါဝစရပုဂ္ဂိုလ် အများစု၌ ဉာဏ်လင်းရောင်ခြည် စွမ်းအင်များသည် ပို၍ပို၍ အားကောင်းလာတတ်ပါသည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့၌ ထိုကဲ့သို့ ကြိမ်ဖန်များစွာ ရုပ်နာမ်ကို သိမ်းဆည်းနေရခြင်းမှာ ဘုရားရှင်ကိုယ်တော်တိုင်က အကြောင်းတရားတို့ကို မရှာဖွေမီ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ ရုပ်နာမ်တို့ကို သိမ်းဆည်းရန် မဟာသတိပဋ္ဌာနသုတ္တန်၌ ညွှန်ကြားထားတော်မူသောကြောင့် ဖြစ်၏၊ အထူးသဖြင့် ဗဟိဒ္ဓ ရုပ်နာမ်ကို မသိမ်းဆည်းနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ရုပ်နာမ်ကိုလည်း သိမ်းဆည်းနိုင်ဖို့ရန် အလွန်ခဲယဉ်းလှပေသည်။ အကြောင်းမူ အတိတ်ရုပ်နာမ်ကို ရှုခြင်းသည် ဗဟိဒ္ဓရုပ်နာမ်ကို ရှုခြင်းနှင့် သဘောသွားချင်း တူနေသောကြောင့် ဖြစ်၏၊

အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သဖြင့် မိမိ၏ အသိဉာဏ်၌ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် ဘဝင်မနောအကြည်ဟူသော အကြည်ဓာတ် (၆)ပါးလုံးကို ပို၍ပို၍ ထင်ထင်ရှားရှား မြင်လာသောအခါ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်ကို သိမ်းဆည်းနေသော ဉာဏ်ကြောင့် အရောင်အလင်း များသည်လည်း ပို၍ပို၍ အားကောင်းလာသောအခါ ဤရုပ်တရားနာမ်တရားများသည် မည်သည့်အကြောင်းတရား များကြောင့် ဖြစ်နေရပါသနည်းဟု အကြောင်းတရားတို့ကို သိလိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ အာရုံစိုက်၍ စိတ်ကို စေလွှတ်ကြည့်ပါ = ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ယင်းဉာဏ်ကြောင့် ဖြစ်ပေါ်နေသော အလင်းရောင်များသည် မိမိ၏ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ၌ လင်းနေသည်မှန်သော်လည်း မိမိအာရုံ စိုက်ရှုနေသည့်ဘက်၌ ပို၍ပို၍ စူးစူးရှရှ တောက်ပနေသည်ကို ယောဂီအများစုသည် သတိပြုမိတတ်၏၊ ထိုဉာဏ်အရောင်အလင်းဖြင့် အတိတ် အကြောင်းတရားတို့ကို ထိုးစိုက်၍ ရှာဖွေကြည့်ပါ။ အတိတ်က ပြုစုပျိုးထောင်ခဲ့ဖူးသော ယခုလက်ရှိ ပစ္စုပ္ပန်ဝိပါက် ရုပ်နာမ်၏ အကြောင်းရင်းဖြစ်သော ကောင်းမှုကုသိုလ် သင်္ခါရ-ကံ တစ်ခုခုသည် ပေါ်လာတတ်ပါသည်။ ဤစနစ်မှာ အဋ္ဌကထာကြီးများ[မှတ်စု ၈]၌ ဖော်ပြထားသော နည်းစနစ်ပင် ဖြစ်သည်။

အကယ်၍ ဤနည်းစနစ်ဖြင့် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ ကြည့်သော်လည်း အောင်မြင်မှုကို မရရှိခဲ့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ပိုင်း၌ လာရှိသော နည်းစနစ်ကို မှီး၍ အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ရုပ်နာမ်ကစ၍ အတိတ်ဘက်သို့ တစ်စ တစ်စ တိုး၍ ရုပ်နာမ်ကို သိမ်းဆည်းကြည့်ပါ။ ဤနည်းစနစ်မှာ ယောဂီအများစု၌ အောင်မြင်မှုရရှိသော နည်းစနစ်ပင် ဖြစ်သည်။

အကယ်၍ ဤနည်းစနစ်ဖြင့်လည်း မအောင်မြင် ဖြစ်နေခဲ့သော် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ မတွေ့ဖြစ်နေသော် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ အလယ်ဖြစ်သော ကမ္မဝဋ်အမည်ရသည့် အာဟာရလေးပါးမှ စ၍ အဝိဇ္ဇာသို့ တိုင်အောင် ကြောင်း-ကျိုး-ဆက်၍ သိမ်းဆည်းသော နည်းစနစ်ကို အသုံးပြုကြည့်ပါ။ သို့သော် ဤ နည်းစနစ်ဖြင့် အကြောင်းတရားတို့ကို ရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ သင်သိအနေဖြင့် ကျွမ်းကျင်လိမ္မာသူသာ ဖြစ်သင့်ပေသည်။

ဤ၌ကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ပိုင်း၌ လာရှိသော နည်းစနစ်ကို မှီး၍ အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ရုပ်နာမ်ကစ၍ အတိတ်ရုပ်နာမ်တို့ကို သိမ်းဆည်းပုံနှင့် အကြောင်းတရား အကျိုးတရားတို့၏ ကြောင်းကျိုး ဆက်နွယ်မှုသဘောကို ရှုပွားပုံ သိမ်းဆည်းပုံများကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

ယောဂါဝစရပုဂ္ဂိုလ်သည် တရားမထိုင်မီ ထိုင်မည့်ဆဲဆဲ၌ ဘုရား၌ ဆီမီးဖြစ်စေ ရေဖြစ်စေ ပန်းဖြစ်စေ လှူဒါန်း၍ နိဗ္ဗာန်ကို ဆုတောင်းပါ။ ထို့နောက် နိဗ္ဗာန်ကိုမရမီ စပ်ကြား၌ သံသရာဝယ် ကျင်လည်ရသော် ရဟန်းဘဝကို ဖြစ်စေ သို့မဟုတ် အမျိုးသမီးဘဝကို ဖြစ်စေ ယောဂါဝစရပုဂ္ဂိုလ် နှစ်ခြိုက်သည့် ဘဝတစ်ခုကို ဆုတောင်းကြည့်ပါ။ ဝဋ္ဋနိဿိတ ကုသိုလ်ကံသည်သာလျှင် သမုဒယသစ္စာ ထိုက်သောကြောင့် ယင်းသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ယောဂါဝစရပုဂ္ဂိုလ်သည် လွယ်လွယ်ကူကူ ရှု၍ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ်တစ်ခုကို ထူထောင်ခိုင်းခြင်း ဖြစ်သည်။ ထိုကုသိုလ်ကို ထူထောင်စဉ် ဆုတောင်းနေစဉ် ဖြစ်ပေါ်သွားသည့် စိတ်အစဉ်များကိုလည်း သတိပြု၍ မှတ်သားထားပါ။

ထိုနောင် တရားထိုင်သည့်နေရာတွင် သမာဓိကို အဆင့်ဆင့် ထူထောင်၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်ကို သိမ်းဆည်းပါ။ အထူးသဖြင့် ဓမ္မာရုံလိုင်း ကုသိုလ်ဇောဝီထိ စိတ်အစဉ်တို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထိုတွင်လည်း ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါမူ ဤနေရာတွင် စျာန်နာမ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ဉာဏ်အလင်းရောင်များ အလွန်အားကောင်းလာသောအခါ တရားမထိုင်မီ အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ယခင် ဘုရား၌ ပန်း-ဆီမီး-ရေချမ်း လှူဒါန်း၍ ရဟန်းဘဝကို သို့မဟုတ် အမျိုးသမီးဘဝကို ဆုတောင်း နေသည့် စိတ်အစဉ်, နိဗ္ဗာန်ကို ဆုတောင်းနေသည့် စိတ်အစဉ်, လှူဒါန်းနေသည့် စိတ်အစဉ် အစရှိသော နာမ်တရားတို့ကို သိမ်းဆည်းကြည့်ပါ။

ထိုနာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ယင်းနာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိသော ဟဒယဝတ္ထုနှင့် တကွ (၆၃)မျိုးသော ရုပ်တရားများကို ရှေးဦးစွာ သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကို သိမ်းဆည်းရာ၌လည်း ယင်းဆုတောင်းစဉ် ကောင်းမှုကုသိုလ်ပြုစဉ် ခန္ဓာအိမ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ အထူးသဖြင့် ထိုစဉ်က နှလုံးအိမ်၌ တည်ရှိခဲ့သော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါ ဟဒယဝတ္ထုနှင့်တကွ (၆၃)မျိုးသော ရုပ်တရားများကို သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထု၌ မှီတွယ်၍ ဖြစ်ပေါ်နေသော အိမ်ရှင်ဘဝင်စိတ်ကို = ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက် သိမ်းဆည်းပါ။ ထိုဘဝင် မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပြီးသောအခါ ထိုဘဝင်မနောအကြည်ဓာတ်ကို ရှေ့တိုးနောက်ဆုတ် ပြုလုပ်၍ ဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားသော ဝီထိစိတ်အစဉ်ဟု ခေါ်ဆို အပ်သော နာမ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနာမ်တရားတို့ကို သိမ်းဆည်း၍ ရသောအခါ ယခင် မိမိ တရားမထိုင်မီက တကယ် ဆုတောင်းခဲ့သော စိတ်အစဉ်များနှင့် တူမတူကို သတိပြု၍ အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ တူညီသည်ကို တွေ့ရှိပါက အနီးကပ်ဆုံး ဣရိယာပုထ်၌ တည်ရှိခဲ့သော အတိတ်ရုပ်နာမ်ကို သိမ်းဆည်းရနိုင်ပြီ ဖြစ်ပေသည်။

သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါမူ

ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ ဗြဟ္မာ့ချမ်းသာ ဗြဟ္မာဘဝကို လိုလားတောင့်တခဲ့ပါမူ မိမိနှစ်ခြိုက်ရာ ဗြဟ္မာဘဝကို ပို့ဆောင်ပေးမည့် စျာန်ကိုကား ပရိတ္တစျာန် သို့မဟုတ် မဇ္ဈိမစျာန် သို့မဟုတ် ပဏီတစျာန် ဖြစ်အောင်[မှတ်စု ၉]မိမိ၏ အလိုဆန္ဒနှင့် လျော်ညီစွာ ပွားများအားထုတ်ထားရမည် ဖြစ်သည်။ ထိုစျာန်သည်လည်း အကယ်၍ စတုတ္ထစျာန်ဖြစ်မူ ထိုစတုတ္ထစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ထိုစျာန်ကို မဝင်စားမီ သို့မဟုတ် ဝင်စားပြီးရာအခါတို့၌ ဗြဟ္မာဘဝကိုလည်း ဆုတောင်းကြည့်ပါ၊ သို့မဟုတ် စိတ်ညွတ်ကိုင်းရှိုင်းကြည့်ပါ။ ဆုတောင်းခြင်း စိတ်ညွတ်ကိုင်းရှိုင်းခြင်း တို့ကား အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ်ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်၏၊ စျာန်ကို ကြိမ်ဖန်များစွာ ဝင်စားခြင်းကား သင်္ခါရနှင့် ကံဟူသော ကမ္မဝဋ်တရားတို့ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်၏၊

တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ကိလေသဝဋ်နာမ်တရားစု ကမ္မဝဋ်နာမ်တရားစုတို့ကိုလည်းကောင်း, ယင်းနာမ်တရားစုတို့၏ မှီရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုရုပ်နာမ်တို့ကို သိမ်းဆည်း၍ ရရှိပါက အနီးကပ်ဆုံး အတိတ်ရုပ်နာမ်ကို သိမ်းဆည်းမှုသည် အောင်မြင်သွားပြီ ဖြစ်ပေသည်။ ထိုသို့ အတိတ်ရုပ်နာမ်ကို သိမ်းဆည်းရာ၌ ရုပ်ပိုင်းတွင် ဟဒယဝတ္ထုရုပ်ကိုလည်းကောင်း, နာမ်ပိုင်းတွင် ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ရှေ့ဦးစွာ ဦးစားပေး၍ သိမ်းဆည်းရန် မမေ့ပါနှင့်။

ကိလေသဝဋ် နှင့် ကမ္မဝဋ်

အထက်ပါ သံသရာဝဋ်ကို လည်ပတ်စေတတ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တရားစုတို့တည်း။ သင်္ခါရ ကံတို့ကား ကမ္မဝဋ်တရားစုတို့တည်း။ အဝိဇ္ဇာသည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ တဏှာသည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ ဥပါဒါန်သည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိ၏၊ ဤအထက်ပါ ဆုတောင်းနေသည့် အရာဌာနမျိုး၌ မြဲမြံခိုင်ခံ့သည်၏ အဖြစ်သို့ ရောက်ရှိနေသော တဏှာကိုပင် ဥပါဒါန်ဟု ဆိုသည်။

အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော[မှတ်စု ၁၀]အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော[မှတ်စု ၁၁]....

ဤသို့ စသော ဒေသနာတော်များနှင့် အညီ အဝိဇ္ဇာအကြောင်းခံကြောင့် အာသဝေါတရားတို့ ထင်ရှား ဖြစ်ပေါ်လာရသကဲ့သို့ အာသဝေါတရားတို့ကြောင့်လည်း အဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာရပေသည်။ အဝိဇ္ဇာနှင့် အာသဝေါတရားတို့သည် အပြန် အလှန် ကျေးဇူးပြုပေးနေသော တရားတို့ ဖြစ်ကြ၏၊ အာသဝေါတရားတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့လည်း ပါဝင်ကြ၏၊ ထို့ကြောင့် ကိလေသဝဋ်သုံးပါးတို့တွင် အဝိဇ္ဇာနှင့် တဏှာ ဥပါဒါန်တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြ၏၊ စိတ္တက္ခဏချင်း ကွာခြားလျက်လည်း ဖြစ်နိုင်ကြ၏၊ ဤပဋိစ္စသမုပ္ပါဒ်ပိုင်း၌ ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စုအနေဖြင့် အဖြစ်များကြ၏၊ ရံခါ လောဘ-မာနအုပ်စု အနေဖြင့်လည်း ဖြစ်နိုင်ပေသည်။ သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်ပေသည်။ ဤ၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ်ကို စံထား၍ (၂၀)ဟု ဖော်ပြထားပါသည်။ အလားတူပင် သင်္ခါရ-ကံ ဟူသော ကမ္မဝဋ်တရားတို့သည်လည်း အုပ်စုအလိုက်သာ ဖြစ်တတ်ပေသည်။ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ဤ၌ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် အသင်္ခါရိကစိတ်ကို စံထား၍ (၃၄)ဟု ဖော်ပြထားပါသည်။ သို့သော် ယင်းကိလေသဝဋ် ကမ္မဝဋ်တို့သည် သတ္တဝါတစ်ဦးနှင့် တစ်ဦး မတူညီဘဲ ထိုက်သလို ကွဲပြားမှု ရှိနိုင်သည်ကိုကား သဘောပေါက်ပါလေ။

ကိလေသဝဋ် (၃) ပါး

ဘုရားရှင်အား ပန်း ဆီမီး ရေချမ်း လှူဒါန်း၍ ရဟန်းဘဝကို ဆုတောင်းပန်ထွာရာ၌ ကိလေသဝဋ် သုံးပါးမှာ ဤသို့ ဖြစ်၏ ..။

၁။ အဝိဇ္ဇာ (= ၂၀) = ရဟန်းဟု အသိမှားခြင်းသဘော၊
၂။ တဏှာ (= ၂၀) = ရဟန်းဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် (= ၂၀) = ရဟန်းဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးယောဂီဖြစ်၍ အမျိုးသမီးဘဝကိုပင် ဆုတောင်းပန်ထွာသည် ဖြစ်အံ့၊ ကိလေသဝဋ် (၃)ပါးမှာ ဤသို့ ဖြစ်၏၊

၁။ အဝိဇ္ဇာ (= ၂၀) = အမျိုးသမီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ (= ၂၀) = အမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် (= ၂၀) = အမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

ဤ၌ (၂၀)ဟူသည် ဇော အသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိ အုပ်စု အလုံး (၂၀)ကို ရည်ညွှန်းထားပါသည်။ (၁၉-၂၂-၂၁) လုံးသော နာမ်တရားစုတို့သည်လည်း ထိုက်သလို ဖြစ်နိုင်ပါသည်။ မိမိ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်နေဆဲ အတိုင်း ဖြစ်လတ္တံ့အတိုင်း သေသေချာချာ ဆန်းစစ်၍ ရှုရန် ဖြစ်သည်။

ကမ္မဝဋ် (၂) ပါး

၄။ သင်္ခါရ (= ၃၄) ဘုရား၌ ပန်း ဆီမီး ရေချမ်း လှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စု (= သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်)၊
၅။ ကံ = ယင်းသင်္ခါရ (= ၃၄) ၏ ကမ္မသတ္တိ။

ကိလေသဝဋ် အမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ် အနေဖြင့် အဖြစ်များ၏၊ မိမိဆုတောင်းပန်ထွာထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝတို့၌ တည်နေသော ရူပါရုံစသည့် ကာမအာရုံကို = ကာမရုပ်နာမ်ကို အာရုံပြုနိုင်မူ တဒါရုံလည်း ကျခွင့်ရှိ၏၊ ဇော အသီးအသီး၌ လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀)ကို စံထား၍ ဖော်ပြထားသည်။

တစ်ဖန် သင်္ခါရနှင့် ကံဟူသော ကမ္မဝဋ်တရားတို့သည်လည်း မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင် ဖြစ်၏၊ ဇောအသီးအသီး၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်ခဲ့သော် (၃၄)လုံးစီ ရှိ၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ဇောစိတ်ကို စံထား၍ ဖော်ပြထားပါသည်။ ဤတွင်လည်း ကံကို ထူထောင်စဉ်က မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းရန် ဖြစ်သည်။ ယင်းကုသိုလ်ဇောများမှာ သောမနဿ ဥပေက္ခာ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်ပေသည်။

ယင်းကုသိုလ်ဇောစေတနာ = သင်္ခါရအုပ်စုတရားတို့ကား အနိစ္စတရားများသာ ဖြစ်ခြင်းကြောင့် ဥပါဒ်-ဌီဘင် = ဖြစ်-တည်-ပျက် သက်တမ်းစေ့သော် ချုပ်ပျက်သွားကြသည်သာ ဖြစ်၏၊ သို့သော် နောင်တစ်ချိန် အနာဂတ်ဘဝ တစ်ခုခု၌ မိမိရည်သန်တောင့်တထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝကို ဖြစ်စေနိုင်သည့် စွမ်းအင် ကမ္မသတ္တိကို ရုပ်နာမ်အစဉ်တွင် မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်၍ သွားပေသည်။ ဝိပါက်နာမ်တရား ကြိယာနာမ်တရားများ ကဲ့သို့ စွမ်းအင်သတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲ ချုပ်ပျက်သွားသည်ကား မဟုတ်ပေ။ ထိုစွမ်းအင်ကမ္မသတ္တိကိုပင် ကံဟု ခေါ်ဆိုပေသည်။ နာနာက္ခဏိကကမ္မသတ္တိပေတည်း။ ယခုတစ်ဖန် ဗြဟ္မာဘဝကို ဆုတောင်းသည့် ဒုတိယ ဆုတောင်းပိုင်းကို ဆက်လက်တင်ပြအပ်ပါသည်။

ဒုတိယဆုတောင်းခန်း (ဗြဟ္မာဘဝ)

၁။ အဝိဇ္ဇာ (= ၂၀) = ဗြဟ္မာဟု အသိမှားခြင်းသဘော။
၂။ တဏှာ (= ၂၀) = ယင်းဗြဟ္မာဘဝကို တွယ်တာတပ်မက်ခြင်းသဘော။
၃။ ဥပါဒါန် (= ၂၀) = ယင်းဗြဟ္မာဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းသဘော။
၄။ သင်္ခါရ (= ၃၁) = ဗြဟ္မာဘဝကို ရည်သန်တောင့်တ၍ ပြုစုပျိုးထောင်ထားသော စတုတ္ထစျာန်ကုသိုလ်စေတနာ အုပ်စု။
၅။ ကံ = ယင်းသင်္ခါရ (= ၃၁)၏ ကမ္မသတ္တိ။

ဤ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်၌ လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀) ဖြစ်သည်၊ လောဘမူ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင်တည်း။ သင်္ခါရ၌ စတုတ္ထစျာန် နာမ်တရား (၃၁) ဖြစ်သည်၊ စတုတ္ထစျာနိက စျာနဝီထိစိတ်အစဉ်ပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ဤ ကိလေသဝဋ် ကမ္မဝဋ်ဟူသော အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သည့် နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားနိုင်လျှင်ကား အနီးကပ်ဆုံးဖြစ်သည့် အတိတ် ရုပ်နာမ်ကို သိမ်းဆည်းခြင်းလုပ်ငန်းမှာ အောင်မြင်မှုကို ရရှိသွားပြီ ဖြစ်၏၊

ရုပ်ပုံပေါ်လာခဲ့သော် ပြုကျင့်ရမည့် လုပ်ငန်းခွင်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်နာမ်တို့ကို သိမ်းဆည်းနေရာ ယင်းရုပ်နာမ်တို့ကို သိမ်းဆည်းနေသော နာမရူပပရိစ္ဆေဒဉာဏ်ကြောင့် အရောင်အလင်းများသည်လည်း အားကောင်း မောင်းသန်စွာ ဖြစ်ပေါ်လာခဲ့ပါမူ ယင်းအရောင်အလင်း၏ အကူအညီဖြင့် အနီးကပ်ဆုံးသော ဣရိယာပုထ်၌ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို လှမ်း၍ သိမ်းဆည်းလိုက်သောအခါ ယခင် တရားမထိုင်မီ ဆုတောင်းနေသည့် ပုံသည် ပေါ်လာသည်ဖြစ်အံ့၊ ထိုပုံကို အလင်းရောင်အောက်တွင် တွေ့မြင်နေသည်ဖြစ်အံ့၊ ထိုပုံ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ၌ ရုပ်တရားတို့ကို ရှုသည့်ပုံစံအတိုင်းသာ ယင်းပုံကိုလည်း ဗဟိဒ္ဓကဲ့သို့ပင် သဘောထား၍ ဓာတ်ကြီးလေးပါးကို စိုက်ရှုပါ။ ဗဟိဒ္ဓရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အခက်အခဲကား များစွာ မရှိနိုင်တော့ပြီ။ မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်အမှုန် များကို တွေ့ရှိနိုင်ပေသည်။ ထိုရုပ်ကလာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲလျက် (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ပရမတ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ အထူးသဖြင့် နှလုံးအိမ်၌ တည်ရှိသော (၆၃)မျိုးသော ရုပ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထိုတွင်လည်း ဟဒယဝတ္ထုရုပ်ကို အထူးဦးစားပေး၍ သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ထိုဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားအစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်း၍ ရရှိသော နာမ်တရား အစဉ်သည် ယခင် တကယ် ဆုတောင်းနေခိုက်၌ ဖြစ်ပေါ်ခဲ့သော နာမ်တရားအစဉ် ဟုတ်-မဟုတ်ကို = တစ်ထပ်တည်း တူညီမှု ရှိ-မရှိကို ပြန်လည်၍ ဆန်းစစ်ကြည့်ပါ။ အကယ်၍ တစ်ထပ်တည်း တူညီနေပါက အနီးကပ်ဆုံးဖြစ်သည့် အတိတ်ရုပ်နာမ်ကို သိမ်းဆည်းမှုသည် အောင်မြင်ပြီ ဖြစ်သည်။

ထိုသို့ အောင်မြင်မှုကို ရရှိပါက တဖြည်းဖြည်း အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ယမန်နေ့က ရုပ်နာမ်, တစ်နေ့က ရုပ်နာမ်, လွန်ခဲ့သောလက ရုပ်နာမ်, လွန်ခဲ့သောနှစ်က ရုပ်နာမ် - ဤသို့ စသည်ဖြင့် အတိတ်ရုပ်နာမ် များကို တစ်စတစ်စ တိုး၍ တိုး၍ ခပ်စိပ်စိပ် သိမ်းဆည်းသွားပါ။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ ကြိုးကြား ကြိုးကြား ကုသိုလ်ပြုနေသည့် ရုပ်ပုံများ၊ အကုသိုလ်ပြုနေသည့် ရုပ်ပုံများ၊ ကျေနပ်မှုရရှိနေသော ရုပ်ပုံများ၊ မကျေမနပ်ဖြစ်နေသော ရုပ်ပုံများ၊ ဝမ်းသာနေသော ရုပ်ပုံများ၊ ဝမ်းနည်းနေသော ရုပ်ပုံများ ဤသို့ စသည့် ရုပ်ပုံများ ပေါ်လာခဲ့သော် အထက်ပါအတိုင်း ယင်းရုပ်ပုံ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကစ၍ ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ အမိဝမ်းတွင်း ကလလရေကြည်အခိုက်သို့ တိုင်အောင် တည်ရှိနေခဲ့သော ရုပ်နာမ်တို့ကို ဆက်လက်၍ တဖြည်းဖြည်း သိမ်းဆည်းပါ။ ခပ်စိပ်စိပ် သိမ်းဆည်းနိုင်ပါက ပို၍ ကောင်းပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ မိမိ၏ ရုပ်အသွင်များသည် တဖြည်းဖြည်း ငယ်ငယ်သွားသည်ကို ယောဂီအများစုသည် တွေ့ရှိနေတတ်ပေသည်။ သို့သော် ဤအရာ၌ ပုံသဏ္ဌာန်မှာ လိုရင်း မဟုတ်ပါ၊ ရုပ်နာမ်သည်သာ လိုရင်းဖြစ်ပေသည်။ ပုံသဏ္ဌာန်များကို မတွေ့တော့ဘဲ ပရမတ္ထရုပ်နာမ်သက်သက် ကိုသာ ကလလရေကြည်သို့တိုင်အောင် တွေ့ရှိနေပါက ပို၍ ပို၍ ကောင်းသထက် ကောင်းသည်သာ ဖြစ်ပေသည်။

အတိတ် မရဏာသန္နဘက်သို့

လူသားတို့၏ ပဋိသန္ဓေ ကလလရေကြည်အခိုက်၌ ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသက ကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၃)မျိုး၊ ရုပ်အမျိုးအစားကား (၃၀) ရှိပေသည်။[မှတ်စု ၁၂] တစ်ဖန် - နာမ်ပိုင်းတွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သူ တိဟိတ်ပုဂ္ဂိုလ် ဖြစ်အံ့၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက် နာမ်တရားစု (၃၄)လုံး ဖြစ်သည်။ ယင်းရုပ်နာမ်တို့ကို ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းပါ။ ပရမတ်သို့ ဆိုက်အောင် ဉာဏ်အမြင် သန့်သန့်ရှင်းရှင်းဖြင့် သိမ်းဆည်းနိုင်သောအခါ ဤသို့ စူးစမ်းဆင်ခြင်ပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၏ - “ဤရုပ်နာမ်သည်ကား တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်း ထင်ရှားမရှိဘဲ, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း = ဥပတ္ထမ္ဘကအကြောင်း မရှိဘဲ ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်လာရ၏၊ ထို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့ တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရားကား အဘယ်ပါနည်း”[မှတ်စု ၁၃]ဟု အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ စူးစမ်းဆင်ခြင်လတ်သော် လွန်ခဲ့သော အတိတ်ဘဝ သေခါနီးကာလ = မရဏာသန္နအခါ၌ ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကိုလည်းကောင်း, ယင်းမရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုလည်းကောင်း စတင်၍ တွေ့ရှိတတ်ပါသည်။

အကယ်၍ မရဏာသန္နအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်လျှင်ကား ယင်းမရဏာသန္နဇော ဟူသော နာမ်တရားစု၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို တွေ့ရှိဖို့ရန် အလွန်သေချာသွားပြီ ဖြစ်၏၊ မခဲယဉ်းလှတော့ပေ။ ထိုမရဏာသန္နဇော၏ နိမိတ်ကား အကျိုးပေးမည့် ကံ၏ စွမ်းအင်သတ္တိကြောင့် ထင်လာရသော နိမိတ်ပင် ဖြစ်သည်။ သို့အတွက် ထိုနိမိတ်ကို ရှာဖွေတွေ့ရှိလျှင် ယခုလက်ရှိဘဝ၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့အချို့သော ဝိပါက်ခန္ဓာတို့၏ အကြောင်းရင်းဖြစ်သော သင်္ခါရနှင့် ကံကို တွေ့ရှိဖို့ရန် သေချာသွားပြီ ဖြစ်၏၊ တစ်ဖန် အတိတ် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းလိုက်သော အခါ အကယ်၍ သင်္ခါရနှင့် ကံကို တွေ့ရှိခဲ့သော် ထိုသင်္ခါရနှင့် ကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို ဆက်လက်၍ ရှာဖွေကြည့်ပါ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားတို့ကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် သေခါနီး မရဏာသန္နရုပ်နာမ်ကို မတွေ့ဘဲ သေနေသည့်ပုံသဏ္ဌာန်ကို တွေ့မြင်သော် ထိုသေနေသည့် အလောင်းကောင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ယင်းရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဥတုဇဩဇဋ္ဌမက ပရမတ်ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။

သေနေသည့် အလောင်းကောင်၌ ဥတုဇဩဇဋ္ဌမကရုပ်တို့ ရှိကြသည်ဟူသော ဤအဆိုမှာ ယေဘုယျဟု မှတ်သားပါ။ အကြောင်းမူ ထိုအချိန်အခါဝယ် ထိုအလောင်းကောင်၌ မှီတင်းနေထိုင်ကြသော အချို့အချို့သော အသက်ရှင်ဆဲ ပိုးလောက်များ၏ ရုပ်ကလာပ်အမှုန်များကိုပါ ယောဂါဝစရပုဂ္ဂိုလ်က တစ်ခါတစ်ရံ ရောနှော၍ တွေ့မြင် နေတတ်သောကြောင့် ဖြစ်၏၊ ဤအကြောင်းကြောင့်ပင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထိုအလောင်းကောင်၌ ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့ကို ရောနှော၍ တွေ့မြင်နေကြခြင်း ဖြစ်၏၊ ယင်းပိုးလောက်တို့၌ အနည်းဆုံး ပမာဏအားဖြင့် ကာယဒသကကလာပ်ဟူသော ကြည်သည့်ရုပ်ကလာပ်များ ရှိနေကြ၏၊ သေနေသည့် အလောင်းကောင်သက်သက်၌ကား မကြည်သည့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့သာ တည်ရှိကြသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအလောင်းကောင်၌ တည်ရှိကြသော ရုပ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ အတိတ်ဘက်သို့ အာရုံစိုက်လျက် မသေမီ သေခါနီးဆဲဆဲ ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍ တိုး၍ သိမ်းဆည်းကြည့်ပါ။ သေခါနီးရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ပါက ယင်းသေခါနီးမရဏာသန္နအခါ၌ ထင်နေသော မရဏာသန္နဇော၏ အာရုံကို လှမ်း၍ သိမ်းဆည်းပါ။ အကယ်၍ မအောင်မြင်ဖြစ်နေပါက သေခါနီး ဟဒယဝတ္ထုကို ရရှိအောင် သိမ်းဆည်းပါ။ ထိုနောင် ထိုဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ စွဲမှီ၍ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက် သိမ်းဆည်းပါ။ ထိုဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ပါက မသေမီ ရှေ့ပိုင်း သေခါနီးဆဲဆဲ ဤအချိန်အတွင်း၌ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်လေ့ရှိသော ဘဝင်မနောအကြည်ဓာတ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ မသေမီ ရှေ့ပိုင်းသို့လည်းကောင်း သေခါနီးဆဲဆဲ နောက်ပိုင်းသို့လည်းကောင်း ရှေ့တိုးကြည့်လိုက် နောက်ဆုတ်ကြည့်လိုက်ဖြင့် ယင်းဘဝင်မနောအကြည်ဓာတ်တို့ကို သိမ်းဆည်းနိုင်ပါက ယင်းဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်နေသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မရဏာသန္နဇော၏ အာရုံနိမိတ်ကို ရှာဖွေတွေ့ရှိနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယောဂီတော်တော်ခပ်များများကို သုတေသန ပြုကြည့်ရာတွင် ကံအာရုံနှင့် ကမ္မနိမိတ်အာရုံ ထင်သူ အရေအတွက် များ၏၊ ဂတိနိမိတ်ထင်သူ အရေအတွက် အလွန်နည်းပါးသည်ကို တွေ့ရ၏၊

ထိုမရဏာသန္န သေခါနီးကာလ၌ ထင်လာသော နိမိတ်သည် – အဘိနဝကရဏဝသေန- ဟူသော အဘိဓမ္မတ္ထသင်္ဂဟ[မှတ်စု ၁၄]၌ ဖွင့်ဆိုထားသည်နှင့် အညီ ကောင်းမှုကုသိုလ်တစ်ခုကို အသစ်တစ်ဖန် ပြုနေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်နေသော ကံအာရုံနိမိတ် ဖြစ်အံ့၊ ထိုကောင်းမှုကုသိုလ် ပြုနေသော အချိန်အခါက ဖြစ်ပေါ်ခဲ့သော ရုပ်နာမ်ကို တစ်ဖန် ပြန်၍ သိမ်းဆည်းရမည် ဖြစ်သည်။

ကံအာရုံကို ရှာဖွေပုံ

တကယ်တမ်း ထိုကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ခဲ့သော အချိန်အခါကား မသေမီ အချိန်ကာလတစ်ခုခုပင် ဖြစ်၏၊ ထိုအချိန်အခါသို့တိုင်အောင် ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းရမည် ဖြစ်၏၊ ထိုကံမှာ သေခါနီးကာလတွင် ကပ်ပြီးပြုသော ကံလည်း ဖြစ်နိုင်၏၊ မသေမီ ခပ်စောစောပိုင်းက ပြုစုပျိုးထောင်ခဲ့သော ကံလည်း ဖြစ်နိုင်၏၊ ထိုကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်နေသော ပုံတွင် တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စတင် သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို တွေ့မြင်သော် ရုပ်ပရမတ်သို့ ဆိုက်အောင် ရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ အထူးသဖြင့် ကောင်းမှုကုသိုလ်ပြုခဲ့စဉ်က ဖြစ်ခဲ့သော ဟဒယဝတ္ထုနှင့် တကွသော နှလုံးအိမ်အတွင်း၌ တည်ရှိသော ရုပ် (၆၃)မျိုးတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထို့နောင် ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်သိမ်းဆည်းပါ။ ထို့နောင် ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ကောင်းမှုကုသိုလ် ပြုစဉ် ဖြစ်နေကြသည့် နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ယင်းကောင်းမှုကုသိုလ်ကို မပြုမီ ပြုဆဲ ပြုပြီး အချိန်ကာလတို့၌ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့ကို စေ့စေ့ငုငု ကြည့်ရှုလျက် မည်ကဲ့သို့သော ကောင်းမှုကုသိုလ်ကို ပြုနေသည်၊ မည်ကဲ့သို့သော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်နေကြသည်ကို သေချာစွာ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ကြိမ်ဖန်များစွာ ခေါက်တုံ့ခေါက်ပြန် ရှုခဲ့သော် မည်ကဲ့သို့သော ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်နေသည်ဟူသော အဝိဇ္ဇာ တဏှာ ဥပါဒါန် အုပ်စုကိုလည်းကောင်း, မည်ကဲ့သို့သော ကုသိုလ်ဇောဝီထိ စိတ်အစဉ်ဟူသည့် သင်္ခါရ-ကံများဖြစ်ပေါ်နေသည်ကိုလည်းကောင်း ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ တစ်နည်းဆိုရသော် - အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော ကုသိုလ်သင်္ခါရ-ကံဟူသော ကိလေသဝဋ် ကမ္မဝဋ်တို့ကို ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ (လူ့ဘဝ လူ့ခန္ဓာကို ဖြစ်စေသော သင်္ခါရ-ကံတို့မှာ ကုသိုလ်သင်္ခါရ-ကံတို့သာ ဖြစ်ကြသဖြင့် ကုသိုလ်သင်္ခါရ-ကံတို့ကိုသာ ယခုကဲ့သို့ ကွက်၍ပြောဆိုနေခြင်းဖြစ်သည်ကိုကား သတိပြုပါလေ။)

သုမနာမင်းသမီး၏ ရှေးဆုတောင်း

ဤအရာ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နိုင်ရန်အတွက် ကောသလမင်းကြီး၏ သမီးတော် နာမည်ကျော် သုမနာမင်းသမီး၏ ရှေးဆုတောင်းခန်း တစ်ခုကို ဖော်ပြအပ်ပါသည်။ ဝိပဿီဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူရာအခါ၌ ဝိပဿီဘုရားရှင် အမှူးရှိသော သံဃာတော်အား သုမန အမည်ရသော မြတ်လေးပန်းနှင့် ရေမပါသည့် နို့ဃနာဆွမ်းကို လှူဒါန်းပြီးသောအခါ ထိုအမျိုးကောင်းသမီး၏ ဆုတောင်းကား အောက်ပါအတိုင်း ဖြစ်၏၊

“ဘုရားတပည့်တော်မအား ဘဝကြီးငယ်အသွယ်သွယ်၌ ဖြစ်ရခြင်းသည် ထင်ရှားရှိခဲ့ပါမူ ကြောင့်ကြောင့် ကြကြ တောင့်တောင့်တတဖြင့် အသက်မွေးရခြင်းမည်သည် မဖြစ်ပါစေသတည်း။ ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း၌ ဤမြတ်လေးပန်းကဲ့သို့ လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သူ (အမျိုးသမီးသာ) ဖြစ်ရပါလို၏၊ အမည်နာမအားဖြင့်လည်း သုမနာ အမည်ရှိသည်သာ ဖြစ်ရပါလို၏၊”[မှတ်စု ၁၅]

ဤအထက်ပါ ကောင်းမှုနှင့် ဆုတောင်းခန်းတို့ကို ကြည့်ပါက .. ကိလေသဝဋ်နှင့် ကမ္မဝဋ်တို့ စုံစုံညီညီ ပါဝင်နေသည်ကို တွေ့ရှိနိုင်မည် ဖြစ်၏၊

၁။ အဝိဇ္ဇာ = မကြောင့်မကြ မတောင့်မတရဘဲ အသက်မွေးရသည့် လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သည့် သုမနာ အမည်ရှိသော အမျိုးသမီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ = ဝိပဿီဘုရားအမှူးရှိသော သံဃာတော်တို့အား မြတ်လေးပန်းနှင့် နို့ဃနာဆွမ်း လှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ။

ဤအကြောင်းတရားငါးပါးတို့ကား ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီး၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့သော ဝိပါက်ခန္ဓာတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။

အနောဇာဒေဝီ၏ ဆုတောင်းခန်း

မဟာကပ္ပိနမထေရ်အလောင်းနှင့် အနောဇာထေရီအလောင်းလျာတို့ ဦးဆောင်သည့် ယက္ကန်းသည်မိသားစု တစ်ထောင်တို့သည် ကဿပဘုရားရှင်၏ လက်ထက်တော်က ကြီးကျယ် ခမ်းနားလှသော ကျောင်းတော်ကြီး ဆောက်လုပ်ပြီးနောက် ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပူဇော်ကြ၏၊ ထိုပူဇော်ပွဲတွင် အနောဇာဒေဝီ = အနောဇာထေရီအလောင်း အမျိုးကောင်းသမီးသည် အနောဇာပန်းများ ထည့်ထားသော လင်ပန်းပေါ်၌ အနောဇာပန်းအဆင်းရှိသော အဖိုးတစ်ထောင် ထိုက်တန်သည့် သင်္ကန်းတစ်စုံကို တင်လျက် ကဿပဘုရားရှင်၏ ခြေတော်ရင်း၌ ချထား၍ လှူဒါန်းပူဇော်ရာတွင် ထိုအမျိုးသမီး၏ ဆုတောင်းခန်းမှာ အောက်ပါအတိုင်း ဖြစ်၏ ..။

“အရှင်ဘုရား ...ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း၌ တပည့်တော်မ၏ ခန္ဓာကိုယ်သည် အနောဇာပန်း အဆင်းနှင့် တူသည်သာလျှင် ဖြစ်ပါစေသတည်း။ တပည့်တော်မ၏ အမည်သည်လည်း အနောဇာ အမည်ရှိသည် သာလျှင် ဖြစ်ပါစေသတည်း။”[မှတ်စု ၁၆]

၁။ အဝိဇ္ဇာ = အနောဇာပန်းအဆင်းနှင့် တူသည့် အနောဇာ အမည်ရှိသည့် အမျိုးသမီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာမက်မောခြင်းသဘော၊
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ = ကျောင်း-ပန်း-သင်္ကန်းတို့ကို လှူဒါန်းပူဇော်သည့် ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းသင်္ခါရ ကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ ––

ဤကောင်းမှုကြောင့် အနောဇာဒေဝီ = အနောဇာထေရီ အမည်ရှိသည့် အနောဇာပန်း = လိပ်ဆူးရွှေပန်းအဆင်းနှင့် တူသူ အမျိုးကောင်းသမီးတစ်ဦး လာဖြစ်ရ၏၊ အထက်ပါ အကြောင်းတရားငါးပါးတို့ကား အနောဇာဒေဝီ = အနောဇာထေရီ အမျိုးကောင်းသမီး၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့သော ဝိပါကဝဋ်တရားတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြယ်လှယ်သည့်အတိုင်း ပုံသွင်းပေးလိုက်သည့်အတိုင်း သင်္ခါရ ကံတို့က ထိုက်သင့်ရာ အကျိုးတရားများကို ဖြစ်စေပုံ သာဓကများတည်း။ ကဿပဘုရားရှင်၏ လက်ထက်တော်၌ ရေးဆွဲလိုက်ခဲ့သော ပန်းချီကားတစ်ချပ်ပင် ဖြစ်သည်။

မယ်မင်းကြီးမ သုဘဒ္ဒါ

တစ်ချိန် .. ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ ဓမ္မာသနပလ္လင်ထက်ဝယ် တရားတော်ကို ဟောကြားတော်မူစဉ် ဘိက္ခုနီမကလေးတစ်ဦးသည် အတိုင်းအတာပမာဏ မရှိသော ပါရမီကောင်းမှု ကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ထင်ရှားဖြစ်ပေါ်လာသော, အသာဆုံး အမြတ်ဆုံးသော ရူပကာယတော်နှင့် ပြည့်စုံတော်မူသော, ကိုယ်တော်အား (၁၀)ပါး ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ ခန္ဓာကိုယ်အတ္တဘောကို ကြည့်၍ သံသရာတစ်ခွင်ဝယ် ကျင်လည်ခဲ့ရစဉ်က ဤယောက်ျားမြတ်၏ ခြေရင်း အလုပ်အကျွေးများ ဖြစ်ခဲ့ဖူးလေသလားဟု စဉ်းစားမိ၏၊ ထိုအချိန်အခါတွင် ထိုဘိက္ခုနီမကလေး၏ သန္တာန်၌ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ပြန်ပြောင်း၍ အမှတ်ရနိုင်သော ဇာတိဿရဉာဏ်သည် ထင်ရှား ဖြစ်ပေါ်ခဲ့၏၊ ထိုဇာတိဿရဉာဏ်ဖြင့် အတိတ်ဘဝများကို တစ်ဘဝပြီး တစ်ဘဝ လှမ်းမျှော်ကြည့်လိုက်ရာ တစ်ခုသော ဘဝတွင် ဘုရားအလောင်းတော်၏ ခြေရင်းအလုပ်အကျွေး ဖြစ်ခဲ့ဖူးသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ကြည်နူး သွားခဲ့၏၊ ထိုဘဝကား ဆဒ္ဒန်ဆင်မင်း၏ စူဠသုဘဒ္ဒါမိဖုရားဘဝပင် ဖြစ်ခဲ့ပေသည်။ သို့သော် “အိမ်ရှင်အမျိုးသမီးတို့ မည်သည် အိမ်ရှင်ယောက်ျားတို့၏ အကျိုးစီးပွားကို လိုလားတောင့်တသူကား အလွန့်အလွန် နည်းပါးလှ၏၊ အိမ်ရှင် ယောက်ျားတို့၏ အကျိုးစီးပွားမဲ့ကိုသာ လိုလားတောင့်တသူက ပို၍ပို၍ များပြားလှ၏၊ ငါသည် အိမ်ရှင်ယောက်ျား၏ အကျိုးစီးပွားကို လိုလားတောင့်တသူ ဖြစ်ခဲ့လေသလော သို့မဟုတ် အကျိုးစီးပွားမဲ့ကို လိုလားတောင့်တသူ ဖြစ်ခဲ့လေ သလော”ဟု ထပ်မံကာ စဉ်းစားခဲ့လေ၏၊[မှတ်စု ၁၇]

ထိုသို့ ဆက်လက်ကာ စဉ်းစားလိုက်သောအခါ ..

ဆဒ္ဒန်ဆင်မင်း၏ စူဠသုဘဒ္ဒါမိဖုရား ဖြစ်စဉ်က ကြေကွဲဖွယ်ရာ ဇာတ်လမ်းကို ပြန်ပြောင်း၍ အမှတ်ရသဖြင့် ငိုပွဲကြီး ဆင်ခဲ့ရလေသည်။ ယင်းငိုပွဲကို အကြောင်းပြုကာ ဘုရားရှင်ကလည်း တရားနာပရိသတ်တို့အား ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကို ဟောကြားပြသပေးတော်မူလေသည်။ ဆဒ္ဒန်ဆင်မင်း၌ စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါဟု မိဖုရား နှစ်ဦး ရှိခဲ့၏၊ ဘိက္ခုနီမကလေးကား ထိုစဉ်က စူဠသုဘဒ္ဒါပင်တည်း။

တစ်နေ့တွင် ဆဒ္ဒန်ဆင်မင်း ဦးဆောင်သည့် ဆင်အပေါင်းတို့သည် အင်ကြင်းပန်းများ ပွင့်လန်းသည့်အခါဝယ် အင်ကြင်းတော၏ အတွင်း၌ တောကစားကြ၏၊ စူဠသုဘဒ္ဒါကား လေအထက်က တည်နေ၏၊ မဟာသုဘဒ္ဒါကား လေအောက်က တည်နေ၏၊ ဆဒ္ဒန်ဆင်မင်း၏ လေညာနှင့် လေအောက် တစ်ဘက်တစ်ချက် တည်နေကြ၍ တောကစားကြ၏၊ ဆဒ္ဒန်ဆင်မင်းက ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ကြီးများကို တစ်ပင်ပြီးတစ်ပင် ဦးကင်းဖြင့် ပွတ်တိုက်ကာ ကစားလိုက်၏၊ ထိုအခါ လေအထက်၌ တည်နေသော စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ သစ်ကိုင်းခြောက် သစ်ရွက်ခြောက် ပိုးကောင် (ခါချဉ်) စသည်တို့သည် ပြုတ်ကျခဲ့ကုန်၏၊ လေအောက်၌ တည်နေသော မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ကား အင်ကြင်းပန်းဝတ်မှုန်နှင့် ပွင့်ချပ် ပွင့်လွှာတို့ ပြုတ်ကျခဲ့ကြကုန်၏၊ ထိုအခါ ထိုအပြုအမူကို မနှစ်ခြိုက်သော စူဠသုဘဒ္ဒါသည် –– “ဤဆင်မင်းသည် သူချစ်မြတ်နိုးအပ်သည့် မယားဖြစ်သူ မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ပန်းဝတ်မှုန် ပွင့်ချပ်လွှာတို့ကို ကျစေ၏၊ ငါ၏ ကိုယ်ပေါ်၌ကား သစ်ကိုင်းခြောက်တို့နှင့် ရောနေသည့် သစ်ရွက်ဟောင်းတို့နှင့် ပိုးကောင် (ခါချဉ်)တို့ကို ကျစေဘိ၏၊ ရှိစေ၊ ပြုသင့်တာကို သိစေရမယ်”ဟု ဘုရားလောင်း၏ အပေါ်၌ ရန်ငြိုးဖွဲ့ခဲ့လေ၏၊[မှတ်စု ၁၈]

တစ်ဖန် တစ်နေ့တွင် ဆဒ္ဒန်အိုင်အတွင်း၌ ဆင်အပေါင်းတို့ ရေကစားကြ၏၊ ဆင်တစ်ကောင်က သတ္တုဒ္ဒယ အမည်ရှိသော ပဒုမ္မာကြာပန်းကြီး တစ်ပွင့်ကို ရရှိ၍ ဆဒ္ဒန်ဆင်မင်းအား ဆက်သလာ၏၊ ဆဒ္ဒန်ဆင်မင်းက ထိုပဒုမ္မာကြာပွင့်ကြီးကို နှာမောင်းဖြင့် ယူဆောင်ကာ ဝတ်မှုန်များကို မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ဖြန့်ကြဲလျက် ထိုကြာပန်းကြီးကို မဟာသုဘဒ္ဒါအားပင် ကမ်းလှမ်းပေးလိုက်၏၊ ဤအပြုအမူကိုလည်း စူဠသုဘဒ္ဒါက မကျေနပ်ပေ။ ဤအချက် နှစ်ရပ်ကို အခြေခံကာ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းအပေါ်၌ မယ်မင်းကြီးမ စူဠသုဘဒ္ဒါက ရန်ငြိုးဖွဲ့ခဲ့၏၊

ထိုအချိန်အခါတွင် ဆဒ္ဒန်ဆင်မင်း အမှူးရှိသော ဆင်ပေါင်း (၈၀၀၀)ကျော်တို့ကား ပဒုမဝတီမိဖုရား၏ သားတော်များ ဖြစ်ကြကုန်သော ပစ္စေကဗုဒ္ဓါဘုရားရှင် အဆူ (၅၀၀)တို့အား ချိုမြိန် ကောင်းမြတ်သော သစ်သီးဆွမ်းတို့ဖြင့် လည်းကောင်း, ကြာစွယ်ကြာရင်းတို့ဖြင့်လည်းကောင်း, ချိုမြိန်ကောင်းမြတ်သော ရေကန်ရေတို့ဖြင့်လည်းကောင်း ပြုစုလုပ်ကျွေးခွင့် လှူဒါန်းခွင့်ကို ရရှိနေကြ၏၊ ကြုံခဲလှသော အခွင့်ထူးကြီးတစ်ရပ်ပင် ဖြစ်ခဲ့၏၊ တစ်နေ့တွင် ဆင်အပေါင်းတို့သည် ပစ္စေကဗုဒ္ဓဘုရားရှင်တို့အား သစ်သီးဆွမ်းများကို လှူဒါန်းကြ၏၊ ထိုအလှူပွဲတွင် စူဠသုဘဒ္ဒါလည်း ပါဝင်ခဲ့၏၊

တစ်ဖန် ဆဒ္ဒန်ဆင်မင်း အမှူးရှိသော ဆင်အပေါင်းတို့ကား ဖြူစင်သော ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံ ကြပြန်၏၊ ထို့ကြောင့် ယင်းတို့၏ ဒါနမှာ ဒက္ခိဏာဝိဘင်္ဂသုတ္တန်[မှတ်စု ၁၉]၌ လာရှိသည့် အောက်ပါအင်္ဂါ (၅)ချက်နှင့် ပြည့်စုံနေသည့် အလှူဒါနမျိုးလည်း ဖြစ်ခဲ့ပြန်၏၊ ယင်းအင်္ဂါ (၅)ရပ်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။

၁။ အလှူပေးသော ပုဂ္ဂိုလ်သည် သီလရှိသူဖြစ်ခြင်း,
၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း,
၃။ ပေးလှူနေစဉ် ကြည်လင်သော စိတ်ထားရှိခြင်း,
၄။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရား ထင်ရှားရှိခြင်း,
၅။ အလှူခံပုဂ္ဂိုလ် ဖြစ်တော်မူကြသည့် ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ကလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အဖြူစင်ဆုံးသော သီလရှိသူများ ဖြစ်နေကြခြင်း - ဟူသော ဤအင်္ဂါငါးရပ်နှင့် ပြည့်စုံနေ၏၊

ဤကဲ့သို့သော ဒါနကုသိုလ်ကံမျိုးကား ဝိပုလဖလ = ပြန့်ပြောကြီးကျယ် မြင့်မြတ်သော အဆင့်အတန်း မြင့်မားသော အကျိုးအမျိုးမျိုးကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ဒါနမျိုးတည်း။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ[မှတ်စု ၂၀]ဟူသော ဒေသနာတော်များနှင့် အညီ သီလစင်ကြယ်နေသည့်အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှ ပြီးပြည့်စုံနိုင်သော ဒါနမျိုးလည်း ဖြစ်ခဲ့၏၊

မယ်မင်းကြီးမ စူဠသုဘဒ္ဒါကလည်း ဤအခွင့်အကောင်းကြီးကို နားလည်ထားသူ ဖြစ်ခဲ့၏၊ ထို့ကြောင့် မိမိ ရှာဖွေရရှိလာသော သစ်သီးကြီးငယ်များကို ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား ပေးလှူ၍ အောက်ပါအတိုင်း ဆုတောင်း ပန်ထွာခဲ့လေသည်။

အရှင်မြတ်တို့ဘုရား ...
၁။ တပည့်တော်မသည် ဤဆင်ဘဝမှ စုတေခဲ့သော် မဒ္ဒရာဇ်မင်းမျိုး၌ ဖြစ်ရပါလို၏၊
၂။ ထိုမင်းမျိုး၌ သုဘဒ္ဒါ အမည်ရှိသော မင်းသမီး ဖြစ်ရပါလို၏၊
၃။ အရွယ်ရောက်လတ်သော် ဗာရာဏသီဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားအဖြစ်သို့ ရောက်ရှိရပါလို၏၊
၄။ ထိုဗာရာဏသီဘုရင်မင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရား ဖြစ်ရပါလို၏၊
၅။ ထိုဗာရာဏသီဘုရင်ကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါနိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ရပါလို၏၊
၆။ ထိုဗာရာဏသီဘုရင်အား ပြောကြား၍ မုဆိုးတစ်ယောက်ကို စေခိုင်းကာ ဤဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းစေ၍ အသက်ကုန်အောင် သတ်နိုင်ရပါလို၏၊
၇။ ဆဒ္ဒန်ဆင်မင်း၏ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆင်စွယ်အစုံတို့ကို ဆောင်ယူ စေခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရပါလို၏၊[မှတ်စု ၂၁]ဤသည်တို့ကား မယ်မင်းကြီးမ စူဠသုဘဒ္ဒါ၏ ဆုတောင်းခန်းများပင် ဖြစ်ကြ၏၊

၁။ အဝိဇ္ဇာ = အထက်ပါ စွမ်းအားအမျိုးမျိုးနှင့် ပြည့်စုံသော သုဘဒ္ဒါ အမည်ရှိသော မဒ္ဒရာဇ်မင်းသမီး = ဗာရာဏသီဘုရင်၏ မိဖုရားကြီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ = ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်း လှူဒါန်းခြင်းဟူသော ကုသိုလ်သင်္ခါရအုပ်စု၊
၅။ ကံ = ယင်း ကုသိုလ်သင်္ခါရအုပ်စု၏ ကမ္မသတ္တိ ––

စူဠသုဘဒ္ဒါ အဝင်အပါ ဆဒ္ဒန်ဆင်မင်း ဦးဆောင်သည့် ဆင်အပေါင်းတို့ကား သီလစင်ကြယ်ကြ၏၊ သီလတည်း ဟူသော မြေပေါ်၌ ရပ်တည်၍ သီလရှိတော်မူကြသည့် အရှင်ပစ္စေကဗုဒ္ဓါ အရှင်ကောင်း အရှင်မြတ်တို့အား တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိကြသော သစ်သီးဆွမ်းတို့ကို ကြည်လင်သောစိတ်ထား ကံ-ကံ၏အကျိုးတရားကို ယုံကြည်သည့် သဒ္ဓါတရား အပြည့်အဝဖြင့် လှူဒါန်းခွင့် ရရှိခဲ့ကြ၏၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာ မြေကောင်းသဖွယ် ဖြစ်တော်မူကြသည့် ပစ္စေကဗုဒ္ဓါ အရှင်ကောင်း အရှင်မြတ်တို့၌ ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးခွင့်ကို ရရှိသွားခဲ့ကြ၏၊ သို့အတွက် စူဠသုဘဒ္ဒါ၏ တောင့်တသည့် ဆုအားလုံးသည် တစ်နေ့တွင် ပြည့်ဝစုံညီသွားမည့် ကံမျိုး ဖြစ်၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားငါးပါးတို့ စုံညီနေသည့် ကံမျိုးလည်း ဖြစ်၏၊ ယင်းကဲ့သို့သော အကြောင်းတရားငါးပါး စုံစုံညီညီဖြင့် ပြုစုပျိုးထောင်လိုက်သော ကံသည်ကား အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ ပြန်လည်ဖျက်သိမ်း နှုတ်ပယ်ခြင်းငှာ မရနိုင်သော ကံမျိုးပင်တည်း။

မယ်မင်းကြီးမ ဆုတောင်းပန်ထွာထားသည့်အတိုင်း ဆင်ဘဝမှ ရွေ့လျားသောအခါ သုဘဒ္ဒါ အမည်ရှိသော မဒ္ဒရာဇ်မင်းသမီး ဖြစ်လာရ၏၊ အချိန်တန် အရွယ်ရောက်သောအခါ ဗာရာဏသီဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဘဝသို့လည်း ရောက်ရှိခဲ့၏၊ ဗာရာဏသီမင်းကို မိမိ၏အလိုအကြိုက်သို့ လိုက်ပါစေနိုင်သူလည်း ဖြစ်ခဲ့ရ၏၊ မောင်းမပေါင်း တစ်သောင်းခြောက်ထောင်တို့၏ အထွတ်အထိပ်ဘဝသို့ ရောက်ရှိခဲ့၏၊ မိဖုရားခေါင်ဘဝသို့ ရောက်ရှိနေပြီဖြစ်သဖြင့်လည်း တောထဲမှာ ရှိနေသည့် တိရ စ္ဆာန်တစ်ကောင်မျှသာ ဖြစ်သော ဆဒ္ဒန်ဆင်မင်းအပေါ်၌ ထားရှိခဲ့သည့် ရန်ငြိုးကို ပယ်ဖျောက်ပစ်လိုက်ဖို့ရန် သင့်လှပေသည်။ သို့သော် မပယ်ဖျောက်နိုင်သေး ဖြစ်နေပြန်၏၊ အကြောင်းမှာ ဤသို့ ဖြစ်၏ ..။

စူဠသုဘဒ္ဒါဘဝက ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်း လှူဒါန်းပူဇော်သည့် ကောင်းမှုကုသိုလ်ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့စဉ်က ဆဒ္ဒန်ဆင်မင်းအပေါ်၌ ထားရှိခဲ့သည့် အဒေါသ = မေတ္တာတရားက အားပျော့နေ၏၊ ဆဒ္ဒန်ဆင်မင်းကို ဖျက်ဆီးလိုသည့် ဒေါသတရားက အားကောင်းနေ၏၊ အားပျော့နေသော အဒေါသ = မေတ္တာတရားက အားကောင်းမောင်းသန်နေသည့် ဒေါသတရားကို အနိုင်ယူဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏၊[မှတ်စု ၂၂]

သို့အတွက် အတိတ်က ထူထောင်ထားခဲ့သော ဆဒ္ဒန်ဆင်မင်းကို ဖျက်ဆီးလိုသည့် ဒေါသခြံရံထားသည့် ကံက လှုံ့ဆော်ပေးနေသဖြင့် ဆဒ္ဒန်ဆင်မင်းကို မသတ်ဘဲ မနေနိုင်ဖြစ်နေ၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ စွမ်းအင်က သင်္ခါရ-ကံကို ခြယ်လှယ်ပေးနေခြင်း ဖြစ်၏၊ လှုံ့ဆော်ပေးနေခြင်းဖြစ်၏၊ မသတ်ရ မနေနိုင် ဖြစ်နေ၏၊ သို့အတွက် ဗာရာဏသီဘုရင်၏ အမိန့်တော်ဖြင့် တိုင်းပြည်ရှိ မုဆိုးတို့ကို ဆင့်ခေါ်ခိုင်းလိုက်၏၊ ဘုရားအလောင်းတော်၏ ပါရမီ ဖြည့်ဖက် မိတ်ဟောင်းကြီးတစ်ဦးဖြစ်သည့် အရှင်ဒေဝဒတ်အလောင်း သောနုတ္တိုရ်မုဆိုးက ရှေ့တန်းက ပါဝင်လာခဲ့၏၊ နောက်ဆုံးတွင် သောနုတ္တိုရ်မုဆိုးကို စေခိုင်းစေ၍ ဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းသတ်စေကာ ဆဒ္ဒန် ဆင်မင်း၏ အစွယ်တို့ကို အရယူခဲ့စေလေသည်။ သို့သော် ကြေကွဲဖွယ်ရာ မြင်ကွင်းမှာ ဤသို့ ဖြစ်၏၊

သောနုတ္တိုရ်မုဆိုးက ဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်သတ်ကာ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ဆန်းကြယ်လျက်ရှိသော ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်အစုံတို့ကို ယူဆောင်လျက် ဆက်သလာသောအခါ မယ်မင်းကြီးမ သုဘဒ္ဒါက ယင်းစွယ်တော်အစုံတို့ကို ပေါင်ပေါ်၌ တင်လျက် ဘဝဟောင်းက ချစ်ခင်မြတ်နိုးခဲ့သော အိမ်ရှင်ယောက်ျား ဟောင်း ဆဒ္ဒန်ဆင်မင်း၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးစံပါယ်လျက်ရှိသည့် စွယ်တော်အစုံတို့ကို ကြည့်ကာ “ဤကဲ့သို့သော တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေသော ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်း၍ အသက် ကုန်ခြင်းသို့ ရောက်စေလျက် ဤဆင်စွယ်တို့ကို ဖြတ်တောက်ကာ သောနုတ္တိုရ်မုဆိုးက ယူဆောင်လာခဲ့ပေပကော”ဟု ဘုရားအလောင်းတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အစဉ်လျှောက်၍ ဆင်ခြင်အောက်မေ့စဉ် မယ်မင်းကြီးမ၏ သန္တာန်၌ စိုးရိမ်ပူဆွေးမှု သောကတရားသည် ထင်ရှားဖြစ်ပေါ်လာခဲ့၏၊ သည်းခံခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏၊ ထိုအခါ ထိုနေရာ၌ပင်လျှင် ထိုမယ်မင်းကြီးမ၏ နှလုံးသည် ကွဲရှာလေပြီ။ ထိုသုဘဒ္ဒါသည် ထိုနေ့မှာပင် သေပွဲဝင်ခဲ့ရလေ သည်။[မှတ်စု ၂၃]

သုဘဒ္ဒါမိဖုရားဘဝ၌ တစ်ကြိမ် ငိုပွဲဆင်ခဲ့ရ၏၊ သေပွဲလည်း ဝင်ခဲ့ရ၏၊ ယခုတစ်ဖန် ဘိက္ခုနီမဘဝ၌လည်း ဒုတိယအကြိမ် ငိုပွဲဆင်ရပြန်လေပြီ။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ကံကို ထူထောင်ရာ၌ သတိကြီးစွာပင် ထူထောင်သင့်လှပေသည်။ ဤမျှဆိုလျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏အကြောင်းကို အတော်အသင့် သဘောပေါက်လောက်ပေပြီ။

သတိပြုသင့်လှ၏ –– ဤ စူဠသုဘဒ္ဒါ၏ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ပါက –– ဒေါသတကြီးဖြင့် မကျေနပ်မှုတွေ တစ်ပုံကြီး ခြံရံ၍ ကံများကို အရမ်း မထူထောင်သင့်ကြောင်းကို သဘောပေါက်သင့်လှ၏၊ ကံတစ်ခုကို ထူထောင်ပြီး၍ ကံအရာ မြောက်သွားသောအခါ၌ကား ပြန်လည်နုတ်သိမ်းရန် အလွန်ခက်ခဲသွားပြီ ဖြစ်၏၊ ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယဝေဒနီယကံများ ဖြစ်ခဲ့လျှင် အရိယမဂ်တည်းဟူသောမွေးညှပ်နှင့် ကင်း၍ အထူးသဖြင့် အရဟတ္တမဂ်တည်းဟူသော မွေးညှပ်နှင့်ကင်း၍ ပယ်နုတ်ခြင်းငှာကား မတတ်ကောင်းလေရာသည်။ လူသားတစ်ဦးလည်း ဖြစ်လာရ၍ မိဖုရားကြီးဘဝကိုလည်း ရရှိလာသော သုဘဒ္ဒါအဖို့ ဆဒ္ဒန်ဆင်မင်းကဲ့သို့သော တောထဲ၌သာ ပျော်မွေ့ နေသော ဆင်တစ်ကောင်ကို မသတ်ဘဲ နေမည်ဆိုပါက ဘဝခြားနေသည့်အတွက် နေသင့်လှပေ၏၊ သို့သော် ဆဒ္ဒန်ဆင်မင်းကို သတ်လိုသော စိတ်ဓာတ်များ ခြံရံလျက် ကံကို ထူထောင်မိသည့်အတွက် ထိုကံက အကျိုးပေးနေသော ဘဝတွင် မသတ်ဘဲ မနေနိုင် ဖြစ်နေ၏၊ နုတ်ပယ်ဖို့ရန် အလွန်ခက်ခဲသွားပြီ ဖြစ်ပေသည်။ အကယ်၍ ယောဂီပုဂ္ဂိုလ် တစ်ဦးသည်လည်း ကံတစ်ခုကို အမှားမှား အယွင်းယွင်း ထူထောင်ခဲ့မိလျှင်ကား စူဠသုဘဒ္ဒါကဲ့သို့ပင် ငိုပွဲကြီး ဆင်ရတတ်၏၊ သေပွဲကြီးလည်း ဝင်ရတတ်ပေ၏၊ သတိရှိစေ။

ယောဂီတစ်ဦး၏ ပုံစံတစ်ခု

ပိုမို၍ သဘောပေါက်စေရန် ယောဂီတစ်ဦး၏ ပုံစံကို ထပ်မံ၍ ထုတ်ပြအပ်ပါသည်။ ထိုယောဂီကား အတိတ်ဘဝ သေခါနီး မရဏာသန္နအခါကို စိုက်၍ ရှုလိုက်သောအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သောအခါ အတိတ်ဘဝ သေခါနီး ဘဝင်မနောအကြည်ဓာတ်တွင် သံဃာတော်တစ်ပါးအား သင်္ဘောသီးဆွမ်း လှူဒါန်းနေသည့် ကံအာရုံနိမိတ် ထင်နေသည်ကို တွေ့ရ၏၊ တစ်ဖန် သင်္ဘောသီးဆွမ်း လောင်းလှူနေသော ခန္ဓာအစဉ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှ စ၍ ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းလိုက်သောအခါ ခေတ်ပညာ မတတ်သည့် ဆင်းရဲနွမ်းပါးလှသည့် ကျေးလက် တောသူဘဝကို နာကြည်းလျက် ခေတ်ပညာတတ် မြို့ကြီးသူဖြစ်ရန် ဆုတောင်းနေသည့် စိတ်အစဉ်များကိုလည်းကောင်း, သင်္ဘောသီးဆွမ်း လှူဒါန်းနေသည့် ကုသိုလ်စေတနာအုပ်စု စိတ်အစဉ်တို့ကိုလည်းကောင်း တွေ့ရှိပြန်၏၊ ထိုတွင်..

၁။ အဝိဇ္ဇာ (= ၂၀) = ခေတ်ပညာတတ် မြို့ကြီးသူဟု အသိမှားနေခြင်းသဘော၊
၂။ တဏှာ (= ၂၀) = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် (= ၂၀) = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ (= ၃၄) = သံဃာတော်အား သင်္ဘောသီးဆွမ်း လောင်းလှူသည့် ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းသင်္ခါရ (= ၃၄) ၏ ကမ္မသတ္တိ။

ဤ၌ (၂၀)ဟူသည်မှာ ကိလေသဝဋ် မနောဒွါရိကဇောဝီထိအတွင်းဝယ် ဇောအသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၂၀) ဖြစ်သည်။ (၃၄)မှာ သင်္ဘောသီးဆွမ်း လှူဒါန်းနေသည့် မနောဒွါရိက ကုသိုလ်ဇောဝီထိအတွင်းဝယ် ဇောအသီးအသီး၌ တည်ရှိသော စိတ်စေတသိက်နာမ်တရားစု = သဒ္ဓါ-ပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။

ဤဘဝတွင် ဤယောဂီမှာ ခေတ်ပညာတတ် မြို့ကြီးသူ တစ်ဦးပင် ဖြစ်လာပေသည်။ ယင်းသင်္ဘောသီးဆွမ်း လှူဒါန်းခဲ့သည့် ကုသိုလ်ကံ၏ စွမ်းအင်သတ္တိက ယခုဘဝဝယ် ထိုယောဂီ၏ ပဋိသန္ဓေ ဝိပါက်ခန္ဓာငါးပါး အစရှိသော ဝိပါက်ခန္ဓာအချို့ကို အကျိုးပေးနေသည်ကို ထိုယောဂီကိုယ်တိုင် ကြောင်း-ကျိုး ဆက်စပ်၍ ရှုသောအခါ သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေပေသည်။ ဤကဲ့သို့ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ထိုးထွင်းသိမြင်နေသော ဉာဏ်ကား ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ပင်တည်း။ ပို၍ သဘောပေါက်ရန် နားရှင်းရန် အောက်ပါ ပုံစံတစ်ခုကိုလည်း ကြည့်ပါဦး။

အခြားပုံစံတစ်ခု

ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော၏ အာရုံကို စူးစမ်းရှာဖွေ ကြည့်လိုက်သောအခါ မရဏာသန္နဇော၏ အခိုက်နှင့် မရဏာသန္နဇောမတိုင်မီ အခိုက်အတန့်တို့ကို ရှေ့တိုး နောက်ဆုတ် ပြု၍ အကြိမ်ကြိမ် စူးစမ်းရှာဖွေလိုက်သောအခါ မရဏာသန္နဇော မတိုင်မီ ပတ်ဝန်းကျင်တွင် ကံလေးမျိုး အလုအယက် ထင်နေ၏၊

၁။ စာချပေးသည့် ကံတစ်ခု,
၂။ တရားပြပေးသည့် ကံတစ်ခု,
၃။ တရားနှလုံးသွင်းနေသည့် ကံတစ်ခု,
၄။ တရားဟောသည့် ကံတစ်ခု ––

ဤကံ လေးမျိုးတို့ကား အလုအယက် ဖြစ်နေကြ၏၊ ထိုကံတို့တွင် မည်သည့်ကံက ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ပစ္စုပ္ပန်ဝိပါကဝဋ်တရားအချို့တို့ကို ဖြစ်စေပါသနည်းဟု အကြိမ်ကြိမ် ဆန်းစစ်ကြည့်လိုက်သောအခါ တရားနှလုံး သွင်းနေသည့် ကံက အကျိုးပေးနေသည်ကို တွေ့ရ၏၊ မရဏာသန္နဇော၏ အာရုံမှာ ယင်းတရားနှလုံးသွင်းနေသည့် ကံအာရုံပင် ဖြစ်သည်။ တစ်ဖန် မည်သည့်တရားများကို နှလုံးသွင်းနေပါသနည်းဟု ထပ်မံ၍ ဆန်းစစ်လိုက်သောအခါ ရုပ်နာမ်ပရမတ်တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်နေသော ဝိပဿနာကံ ဖြစ်နေ၏၊ ယင်းဝိပဿနာကံနှင့် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါးတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကိုလည်း အောင်မြင်စွာ ရှု၍ သိမ်းဆည်း၍ ရနေ၏၊ ဤတွင် ဝိပဿနာကံက အဘယ်အကြောင်းကြောင့် ပဋိသန္ဓေကျိုးကို ဖြစ်စေရပါသနည်းဟု ထပ်မံ၍ ဆန်းစစ်ကြည့်သောအခါ ဝိပဿနာကမ္မဋ္ဌာန်းကို မစီးဖြန်းမီနှင့် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများပြီးတိုင်း သူ၏ ဆုတောင်းခန်းမှာ ဤသို့ ဖြစ်၏ ..။

၁။ လူဖြစ်ပါရစေ,
၂။ ရဟန်းဖြစ်ပါရစေ,
၃။ သာသနာပြုနိုင်ပါရစေ ––
ဤသုံးမျိုးကား ထိုယောဂီပုဂ္ဂိုလ်၏ တရားထိုင်တိုင်း တောင်းနေကျ ဆုဖြစ်၏၊

၁။ အဝိဇ္ဇာ (= ၂၀) = လူဟု ရဟန်းဟု သာသနာပြုနိုင်သူဟု အသိမှားမှု သဘော၊
၂။ တဏှာ (= ၂၀) = ယင်းဘဝကို တွယ်တာတပ်မက်မှုသဘော၊
၃။ ဥပါဒါန် (= ၂၀) = ယင်းဘဝကို စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ (= ၃၄) = ဝိပဿနာ ကုသိုလ်သင်္ခါရအုပ်စု၊
၅။ ကံ = ယင်း သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ––

အကြောင်းတရားငါးပါးကား စုံညီသွား၏၊ ဤ၌ ဝိပဿနာကံများက ယခုကဲ့သို့ ပဋိသန္ဓေကျိုးစသည့် အကျိုးကို ပေးနိုင်ပါသလားဟု မေးရန်ရှိ၏၊ အဖြေမှာ – အကျိုးကို ပေးနိုင်သော ဟူ၏၊

“ရဟန်းတို့ ...သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုလည်း စေ့ဆော်ကြိုးကုတ်အားထုတ်မှု မရှိသည်ဖြစ်အံ့၊ လူဖြစ်ရလို၏ နတ်ဖြစ်ရလို၏ စသည်ဖြင့် တဏှာ-ဒိဋ္ဌိတို့ဖြင့် ယှဉ်တွဲလျက်ရှိသော ကြံစည်စိတ်ကူးမှုကိုလည်း မပြုလုပ်သည် ဖြစ်ငြားအံ့၊ ထိုသို့ပင် ဖြစ်သော်လည်း အနုသယဓာတ်သည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ထင်ရှားရှိနေသေးသည် ဖြစ်ငြားအံ့၊ ဤအနုသယဓာတ် ထင်ရှား ရှိနေသေးခြင်းသည်ပင်လျှင် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်တံ့ခြင်းငှာ အကြောင်းတရားပင် ဖြစ်ပေသည်။”[မှတ်စု ၂၄]

အနုသယဓာတ်သည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ထင်ရှားရှိနေသေးသည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်ခြင်းငှာ မတားမြစ်နိုင်သည့်အတွက်ကြောင့် ဤအနုသယဓာတ်၏ ထင်ရှားရှိနေခြင်းသည်ပင် ကမ္မဝိညာဏ် တည်ရှိဖို့ရန် အကြောင်းတရား ဖြစ်ရပေသည်။

ဘုရားရှင်သည် စေတနာသုတ္တန်၌ –
၁။ တဏှာ-ဒိဋ္ဌိတို့နှင့် ယှဉ်တွဲနေသော သို့မဟုတ် ခြံရံနေသော ဝဋ္ဋနိဿိတ ကုသိုလ် အကုသိုလ်,
၂။ တဏှာ-ဒိဋ္ဌိတို့နှင့် ယှဉ်တွဲမှု မရှိသော ခြံရံမှု မရှိသော ဝိဝဋ္ဋနိဿိတ ဖြစ်သော ကုသိုလ် အကုသိုလ် သို့မဟုတ် တေဘူမကစေတနာ,
၃။ အနုသယဓာတ်ကို ပယ်နှုတ်ပြီးသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ဖြစ်သော ကြိယာစိတ်များ (= ဒါန သီလ သမထ ဝိပဿနာ စသော စိတ်များ) –

ဤသို့ သုံးမျိုးခွဲ၍ ဟောကြားထားတော်မူသည်။ အမှတ် (၂) ဖြစ်သော ဒုတိယနည်း၌ (အထက်တွင် ဘာသာ ပြန်ဆိုထားသည့်နည်း၌) ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ၏ ရှေ့အဖို့၌ ဘဝကိုဖြစ်စေနိုင်သော စွမ်းအားရှိသော ကုသိုလ် အကုသိုလ်ကို အားထုတ်ခြင်းသည်လည်းကောင်း၊ ‘ယောက်ျားဖြစ်ရပါလို၏, မိန်းမဖြစ်ရပါလို၏, လူဖြစ်ရပါလို၏, နတ်ဖြစ်ရပါလို၏’ - ဤသို့ စသည်ဖြင့် တဏှာ-ဒိဋ္ဌိတို့ဖြင့် ကြံစည်စိတ်ကူးမှုသည်လည်းကောင်း ကင်းနေ၏၊ ဘဝတို့၌ အပြစ်အာဒီနဝကို ရှုမြင်လေ့ရှိ၏၊ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အနုသယဓာတ် ထင်ရှားရှိနေခြင်း တည်းဟူသော အကြောင်းကြောင့် ဝိပဿနာဉာဏ်နှင့် ယှဉ်သော ဝိပဿနာစေတနာသည်လည်း ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိ၏၊ ဤသို့သော အနက်အဓိပ္ပါယ်ကို ထင်ရှားပြတော်မူခြင်းငှာ ဤဒုတိယနည်းကို ဟောကြားတော်မူခြင်း ဖြစ်၏၊ ဝိပဿနာကံသည် သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကံတို့ကို ကုန်စေတတ်သော ကမ္မက္ခယကံမျိုး ဖြစ်၏၊ ဝိပဿနာဉာဏ်များ အဆက်မပြတ် ဖြစ်ပေါ်နေချိန်ဝယ် သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ် အကုသိုလ်၏ဖြစ်ခွင့် မရှိငြားသော်လည်း ထိုဝိပဿနာဉာဏ် ဖြစ်ခိုက်၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ရုပ်နာမ် သန္တာန်အစဉ်တွင် ထင်ရှားရှိနေသော တေဘူမကဝိပါက်တရား ကာမာဝစရကြိယာတရား ရုပ်တရားတို့၌ အရိယမဂ် တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ကိန်းဝပ်တည်နေသော အနုသယ ကိလေသာ၏ ထင်ရှားရှိနေခြင်းတည်း ဟူသော အကြောင်းကြောင့် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိလာသည်၏ အဖြစ်သည် ထင်ရှားရှိနေ၏၊ ဤသို့သော အဓိပ္ပါယ်ကို ထင်ရှားပြခြင်းငှာ ဤဒုတိယနည်းကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။[မှတ်စု ၂၅]

ဤအထက်တွင် ပုံစံထုတ်ပြထားသော ယောဂါဝစရပုဂ္ဂိုလ်မှာ များသောအားဖြင့် ဝိပဿနာ၏ ရှေ့အဖို့ နောက်အဖို့တို့၌ အနုသယဓာတ်သာမက တဏှာ-ဒိဋ္ဌိပါ ခြံရံထားသည်ကို တွေ့ရ၏၊ အနုသယဓာတ် မကင်းသော သူတော်ကောင်းတို့၏ ဝိပဿနာကံသည် ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သေးလျှင် အနုသယဓာတ်လည်း မကင်းသေးသော တဏှာ-ဒိဋ္ဌိတို့လည်း ခြံရံလျက်ရှိသော ဝိပဿနာကံသည် သာ၍ပင် ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည်သာဖြစ်သည်၊[မှတ်စု ၂၆] အင်္ဂုတ္တိုရ် စတုက္ကနိပါတ်[မှတ်စု ၂၇]တို့၌ လာရှိသော သောတာနုဂတသုတ္တန်နှင့်လည်း အညီပင်တည်း။ ထိုယောဂီနှင့် ဆက်စပ်၍ မှတ်သားစရာ အချက်တစ်ရပ်ကား အတိတ်ဘဝဝယ် ဝိပဿနာဉာဏ်များ ဖြစ်ခဲ့သော်လည်း ပဋိစ္စသမုပ္ပါဒ်ကို လုံးဝ မရှုခဲ့သဖြင့် ယင်းအတိတ်ဘဝ၌ ဖြစ်ခဲ့သော ဝိပဿနာဉာဏ်တို့က ယင်းအတိတ်ဘဝ၌ပင် အရိယမဂ်တရား ထင်ရှား ဖြစ်ပေါ်လာသည့်တိုင်အောင် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုမပေးနိုင်ခြင်းဟူသော အချက်ပင် ဖြစ်သည်။ မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများသော အရှင်ဆန္နမထေရ်ကဲ့သို့ပင်တည်း။[မှတ်စု ၂၈]

ကိလေသဝဋ်နှင့် ကမ္မဝဋ်

ကိလေသဝဋ်နှင့် ကမ္မဝဋ်အကြောင်းကို ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြလိုပေသည်။ ကိလေသဝဋ် ကမ္မဝဋ် အမည်ရသော စိတ်စေတသိက်တို့သည် ယင်းတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြပေသည်။ ယင်းသို့ သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍ ဖြစ်ကြရာ၌လည်း ဝီထိဟု ခေါ်ဆိုသည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ယင်းဓမ္မတာ လမ်းကြောင်းမှ တိမ်းစောင်း၍ ကပြောင်းကပြန် ဇောက်ထိုးမိုးမျှော် ဖြစ်ချင်သလို ဖြစ်ရိုး ဓမ္မတာ မရှိကြချေ။ တစ်ဖန် ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကိလေသဝဋ် ကမ္မဝဋ်တို့မှာ မနောဒွါရိကဇောတို့သာ ဖြစ်ကြသည်။ ပဉ္စဒွါရိကဇောတို့ကား ပဝတ္တိကျိုးမျှလောက်ကိုသာ ဖြစ်စေနိုင်ကြ၏၊ ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်ကြကုန်။ မနောဒွါရိက ဇောတို့ကား ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကို ဖြစ်စေနိုင်သည့်စွမ်းအား ရှိကြ၏၊ ဤတွင် အသိဉာဏ် သန့်ရှင်းရန် အတွက် ထပ်မံ၍ ပုံစံတစ်ခုဖြင့် ရှင်းလင်းတင်ပြအပ်ပါသည်။

ထိုသို့ အတိတ်ဘဝ သေခါနီး မရဏာသန္နဇော၏ အာရုံကို လှမ်း၍ .. အာရုံယူ ရှာဖွေကြည့်သောအခါ စေတီတော်အား ဆွမ်းလှူခဲ့သည့် ကံအာရုံသည် အကယ်၍ ပေါ်လာသည် ဆိုကြပါစို့။ ထိုဆွမ်းလှူနေသည့် ကုသိုလ်ဇော ဝီထိ စိတ်အစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းကုသိုလ်ကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။ အကယ်၍ အောင်မြင်မှု မရခဲ့သော် လည်းကောင်း, ဆွမ်းလှူနေသည့်ပုံကိုသာ တွေ့မြင်နေသော်လည်းကောင်း .. ထိုအခါ၌ ယင်းဆွမ်းလှူနေသည့် ပုံ၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ထိုနောင် ဆွမ်းလှူစဉ်၌ ဖြစ်ခဲ့သော ရုပ်တရား နာမ်တရား တို့ကို ဆက်လက် သိမ်းဆည်းပါ။ အထူးသဖြင့် ဟဒယဝတ္ထုနှင့် ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို ဦးစားပေး၍ သိမ်းဆည်းပါ။ ယင်းဘဝင်မနောအကြည်ဓာတ်တို့တွင်လည်း အထူးသဖြင့် စေတီတော်အား ဆွမ်းမလှူမီ ဆွမ်းလှူနေဆဲ အချိန်တို့၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် မနောဒွါရတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းပါ။ ထိုနောင် ယင်းဘဝင်မနောအကြည်ဓာတ် မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ဆွမ်းလှူဒါန်း နေသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် ဆုတောင်းနေသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းစိတ်အစဉ်တို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်နှင့် သင်္ခါရ-ကံဟူသော ကမ္မဝဋ်တို့ကို တွေ့အောင် ရှာဖွေရမည် ဖြစ်သည်။

အသိဉာဏ်သန့်ရှင်းအောင် ပုံစံတစ်ခုကို ထုတ်ဆောင်ပြပေအံ့။ – “နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော်တစ်ပါး ဖြစ်ပါစေ” သို့မဟုတ် “နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးတစ်ဦး ဖြစ်ပါစေ”ဟု ဆုတောင်းခဲ့သည် ဆိုကြပါစို့ ..။

ကိလေသဝဋ် (၃) ပါး

၁။ နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော် သို့မဟုတ် နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးဟု အသိမှားမှုသဘောကား အဝိဇ္ဇာတည်း။
၂။ နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော်ဘဝ သို့မဟုတ် နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးဘဝကို တွယ်တာတပ်မက်မှု သဘောကား တဏှာတည်း။
၃။ နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော်ဘဝ သို့မဟုတ် နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးဘဝကို စိတ်ကပ်ရောက် စွဲနေမှုသဘောကား ဥပါဒါန်တည်း။

ဤအဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ ယင်းကိလေသဝဋ် အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ယင်းတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းရည်သတ္တိ မရှိကြပေ။ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်စသော ယှဉ်ဖက် စိတ်စေတသိက်တရားတို့နှင့် ဇောစိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်နိုင်ကြ၏၊ ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀) ဖြစ်တတ်သည်၊ ပီတိ မပါသော် ရံခါ (၁၉) ဖြစ်တတ်သည်။ သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်၏၊ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ ရံခါ လောဘ-မာန အုပ်စုလည်း ဖြစ်နိုင်၏၊ ရံခါ ဒိဋ္ဌိ-မာန နှစ်မျိုးလုံးမပါသည့် လောဘမူအုပ်စုလည်း ဖြစ်နိုင်၏၊ ဝီထိစိတ်အစဉ်အားဖြင့်မူ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ် ဖြစ်တတ်၏၊ တဒါရုံသည် ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ မိမိဆုတောင်းနေသည့် ရဟန်းဘဝ၌ တည်ရှိသော ရုပ်နာမ် သို့မဟုတ် မိမိဆုတောင်းနေသည့် အမျိုးသမီးဘဝ၌ တည်ရှိသော ရုပ်နာမ်တို့ကို တွယ်တာမှုဖြစ်မူ တဒါရုံကျခွင့် ရှိ၏၊ ကျနိုင်၏၊

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား –၁၂
၂။ ဇောအသီးအသီး၌ နာမ်တရား (လောဘ-ဒိဋ္ဌိဖြစ်သော်) –၂၀ - စီ
၃။ တဒါရုံကျခဲ့သော် တဒါရုံ၌ နာမ်တရား ထိုက်သလို – ၃၄/၃၃/၃၃/၃၂/၁၂/၁၁ - စီ ဤသို့ အသီးအသီး ဖြစ်နိုင်၏၊

ယင်းနာမ်တရားစုတို့တွင် ပါဝင်သော –
၁။ ဝေဒနာကား ဝေဒနာက္ခန္ဓာ = ဝေဒနာတရားအစု,
၂။ သညာကား သညာက္ခန္ဓာ = သညာတရားအစု,
၃။ ကျန်စေတသိက်တို့ကား သင်္ခါရက္ခန္ဓာ = သင်္ခါရတရားအစု,
၄။ အသိစိတ်ဝိညာဏ်ကား ဝိညာဏက္ခန္ဓာ = သိမှုဝိညာဏ်တရားအစု –

အသီးအသီး ဖြစ်၏၊ သို့အတွက် ယင်းနာမ်တရားတို့ကား နာမ်ခန္ဓာ လေးပါးတို့တည်း။ ယင်းနာမ်တရားတို့၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွ ဟဒယ၌ရှိသော (၆၃)မျိုးသော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။ (ရုပ်အတုများလည်း ထိုက်သလို ပါဝင်နိုင်သည်။) အားလုံးပေါင်းသော် – ရူပက္ခန္ဓာ တစ်ပါး + နာမ်ခန္ဓာ လေးပါး = ခန္ဓာ ငါးပါးတည်း။

၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး,
၂။ ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ,
၃။ တဒါရုံ အသီးအသီး၌ ခန္ဓာငါးပါးစီ –

ဤသို့ အသီးအသီး ဖြစ်၏၊ တဒါရုံ၌ မဟာဝိပါက်တဒါရုံနှင့် အဟိတ် ကုသလဝိပါက်တဒါရုံ, အဟိတ် အကုသလဝိပါက်တဒါရုံတို့တွင် တဒါရုံ တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏၊ ထို့ကြောင့် ၃၄/၃၃/၃၃ /၃၂/၁၂/၁၁ ဟု အသီးအသီး ဖော်ပြထားသည်။ ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားများတွင် ပါဝင်သည့် အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် သင်္ခါရ ကံတို့ကို ခြံရံထားသည့် ကိလေသဝဋ်ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို သိမ်းဆည်းရာ၌ ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် ဤခန္ဓာငါးပါးတို့ကို ပုံစံမှန် သိမ်းဆည်းတတ်ဖို့ လိုပေသည်။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် = နာမရူပဝဝတ္ထာနဉာဏ်ပင် ဖြစ်သည်။

ကမ္မဝဋ် (၂) ပါး

စေတီတော်မြတ်အား (ဘုရားရှင်အား) ဆွမ်းလှူခဲ့ရာ၌ –
၁။ အလှူခံ ဘုရားရှင်အား အာရုံပြု၍လည်း ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏၊
၂။ လှူဖွယ်ဝတ္ထု = ဆွမ်းကို အာရုံပြု၍လည်း ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏၊
၃။ လှူနေသည့် ရှေးရှေး ကုသိုလ်စေတနာများကို အာရုံပြု၍လည်း နောက်နောက်သော ကုသိုလ်စေတနာ = ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏၊

ဆွမ်းလှူနေစဉ် မည်သို့သော ကုသိုလ်ဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်နေသည်ကို သေချာစွာ စိုက်ရှုပါ။ အကယ်၍ ထိုကုသိုလ်ဇောများသည် သောမနဿဝေဒနာနှင့် အတူတကွဖြစ်၍ ဉာဏ်နှင့်ယှဉ်သည့် ဉာဏသမ္ပယုတ်ဇော ဖြစ်အံ့၊ စိတ်+စေတသိက် = နာမ်တရားစုမှာ (၃၄) အသီးအသီး ဖြစ်သည်၊ သဒ္ဓါ-ပညာအုပ်စုပင်တည်း။ ဝီထိစိတ် အစဉ်အားဖြင့် မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် အသီးအသီး ဖြစ်သည်။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား –၁၂
၂။ ဇော အသီးအသီး၌ နာမ်တရား –၃၄ - စီ၊
၃။ တဒါရုံ အသီးအသီး၌ နာမ်တရား – ၃၄/၃၃/၃၃/၃၂/၁၂/၁၁/၁၁ - စီ၊

ယင်းနာမ်တရားစုတို့ကား နာမ်ခန္ဓာ (၄)ပါးတို့ အသီးအသီး ဖြစ်ကြ၏၊ ယင်းနာမ်တရားတို့၏မှီရာ ဟဒယ၌ တည်ရှိသော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။ သို့အတွက် –

၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး,
၂။ ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ,
၃။ တဒါရုံ အသီးအသီး၌ ခန္ဓာငါးပါးစီ –

ဤသို့ အသီးအသီး ဖြစ်ကြသည်။ ယင်းခန္ဓာငါးပါးတို့ကို ရှုနေသော သိနေသော သိမ်းဆည်းနေသော ပိုင်းခြား ယူနေသော ဉာဏ်မှာ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် = နာမရူပဝဝတ္ထာနဉာဏ်ပင် ဖြစ်သည်။ သို့သော် ဤကိလေသဝဋ် ခန္ဓာငါးပါးနှင့် ကမ္မဝဋ် ခန္ဓာငါးပါးတို့ကား ယခုလက်ရှိဘဝ (ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝ)၏ ပဋိသန္ဓေ ဘဝင် စုတိ အစရှိသော အချို့အချို့သော ဝိပါက်ခန္ဓာငါးပါးတို့၏ အကြောင်း ခန္ဓာငါးပါးတို့သာ ဖြစ်ကြသည်။ ဤအထက်ပါ ခန္ဓာငါးပါးတို့တွင် ကုသိုလ်ဇောအသီးအသီး၌ ရှိသော နာမ်တရား (၃၄)တို့ကား မိမိတို့ မျှော်လင့်တောင့်တထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝဟူသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သော တရားများဖြစ်ရကား သင်္ခါရဟူသော အမည်ကို ရရှိကြပေသည်၊ ဘဝတစ်ခု ဖြစ်ပေါ်လာအောင် အားထုတ်ကြောင်းတရားတို့ ဖြစ်ကြသည်။

ယင်းသင်္ခါရတရားတို့ကား အနိစ္စတရားတို့သာ ဖြစ်ကြသဖြင့် ဖြစ်ပြီးက ပျက်သွားကြ၏၊ သို့သော် ဝိပါက် ကိရိယာ အဗျာကတခန္ဓာတို့ကဲ့သို့ ရုပ်နာမ်သန္တာန်အစဉ်၌ တစ်စုံတစ်ခုသော စွမ်းအင်သတ္တိကို ချန်မထားဘဲ ချုပ်ပျောက် သွားကြသည်ကား မဟုတ်။ နောင်တစ်ချိန်ဝယ် မိမိတို့ မျှော်လင့်တောင့်တနေသည့် နိဗ္ဗာန်ကို ရရှိနိုင်သည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝဟူသော ခန္ဓာငါးပါးကို ဖြစ်စေနိုင်သည့် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်သန္တာန်အစဉ်၌ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျောက်သွားကြ၏၊ ယင်းကမ္မသတ္တိကား ကံပင်တည်း။

ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း

ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသို့ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့ကို ရှာဖွေ၍ တွေ့ရှိပါက ယင်းကမ္မသတ္တိဟူသော ကံနှင့် မိမိ၏ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်၌ ရှိသော ကမ္မဇရုပ်အမျိုးအစား (၃၀)နှင့် တိုက်ဆိုင်ကြည့်ပါ။ ယင်းကံကြောင့် ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်-မဖြစ်ကို ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။ ကံနှင့် ကမ္မဇရုပ်တို့၏ တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်မှုသဘော အနေအားဖြင့် ဆက်စပ်မှု ရှိ-မရှိကို သဘောပေါက်အောင် ကြည့်ပါ။ စိတ်နှင့် စိတ္တဇရုပ်တို့သည် တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိသကဲ့သို့ ကံနှင့် ကမ္မဇရုပ်တို့သည်လည်း တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိမရှိကို သေချာစွာ စိုက်ရှုပါ။

အကယ်၍ ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိနေပါက ထိုကံကြောင့် ကမ္မဇရုပ်တို့သည် တဖွားဖွားဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေမည် တွေ့မြင်နေမည် ဖြစ်ပေသည်။ စိတ်ကြောင့် စိတ္တဇရုပ်များ တဖွားဖွား ဖြစ်နေသည်ကို တွေ့မြင်နေရသကဲ့သို့ ကံကြောင့် ကမ္မဇရုပ်များလည်း တဖွားဖွား ဖြစ်နေသည်ကို တွေ့မြင်နေမည် ဖြစ်ပေသည်။

အကယ်၍ မိမိရှာဖွေတွေ့ရှိထားသော ကံနှင့် ပဋိသန္ဓေကမ္မဇရုပ် အစရှိသော ကမ္မဇရုပ်တို့သည် ကြောင်းကျိုး-ဆက်နွယ်မှု မရှိက = ထိုကံကြောင့် ကမ္မဇရုပ်တို့ ဖြစ်နေသည်ကို ဉာဏ်ဖြင့် မတွေ့မမြင်ပါက နောက်ထပ် အကျိုးပေးနေသည့် ကံသစ်တစ်ခုကို ထပ်မံ၍ ရှာဖွေရမည် ဖြစ်သည်။ သေခါနီး မရဏာသန္နအခါ၌ ဖြစ်ခဲ့သော ဘဝင်မနောအကြည်၌ ထင်နေသော အာရုံများကိုပင် ရှေ့ဘက်သို့ တိုးကြည့်လိုက် နောက်ဘက် = မရဏာသန္နဘက်သို့ ဆုတ်ကြည့်လိုက် - ဤသို့ စသည်ဖြင့် အကြိမ်ကြိမ် ပြုလုပ်၍ ရှာဖွေကြည့်ပါ။ အကျိုးပေးနေသော ကံတစ်ခုကို တွေ့ရှိမည်သာ ဖြစ်ပါသည်။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ သေခါနီး ဘဝင်မနောအကြည်ဓာတ်ဝယ် ကံနှစ်မျိုး သုံးမျိုး စသည်ဖြင့် မရှေးမနှောင်း ထင်နေတတ်၏၊ အကျိုးပေးမည့် ကံများမှာ အလုအယက် ဖြစ်နေတတ်၏၊ နွားပေါင်းများစွာကို စုပြုံ၍ လှောင်ထားသော နွားခြံတစ်ခုကို နံနက်မိုးသောက်ထအခါ ဖွင့်ထုတ်လိုက်ပါက နွားခြံဝ၌ အစုလိုက် အပြုံလိုက် နွားတွေ တိုးဝှေ့နေကြသကဲ့သို့ ကံများမှာ သေခါနီးကာလတွင် အချို့သော ပုဂ္ဂိုလ်တို့၌ အလုအယက် ဖြစ်နေတတ်ကြ၏၊ နွားခြံဝအနီး၌ တည်ရှိသော အားကောင်းမောင်းသန်သည့် နွားက အခြားနွားများကို တိုးဝှေ့၍ ရှေ့ဦးစွာ နွားခြံမှ ထွက်လာသကဲ့သို့ သေခါနီးကာလ၌ အစုလိုက် အပြုံလိုက် ထင်နေသော ထိုကံများစွာတို့တွင် အားအကောင်းဆုံးသော ကံက နောက်ဆုံး အကျိုးပေးခွင့် သာသွားသဖြင့် ရှေးဦးစွာ အကျိုးပေးတတ်ပေသည်။ ထိုအကျိုးပေးတော့မည့်ကံကြောင့် ဖြစ်ပေါ်လာရသည့် = ထင်လာရသည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသည့် အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် နောက်ဆုံး မရဏာသန္နဇော၏ အာရုံပင် ဖြစ်သည်။ ထိုသို့ ကံများစွာ သေခါနီးကာလဝယ် ထင်လာရာ၌ မရဏာသန္နဇော၏ အာရုံကို မိအောင် ရှာဖွေ၍ ရှေးနည်းတူ ထိုကံကို ပြုစုပျိုးထောင်စဉ်အချိန်ကာလက ဖြစ်ခဲ့ကြသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေရမည် ဖြစ်သည်။

ထိုသို့ မရဏာသန္နအခါဝယ် ကံများစွာတို့ အလုအယက် မရှေးမနှောင်း ထင်လာရာ၌ ထိုကံတို့တွင် ကံတစ်မျိုးမှာ အကျိုးကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကကံဖြစ်လျှင် ကျန်ကံတို့မှာ ထိုဇနကကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံများ ဖြစ်တတ်ပေသည်။ အတိတ်ဘဝ သေခါနီးကာလဝယ် ဘဝင်မနောအကြည်၌ ထင်နေသော အာရုံကို လှမ်း၍ ရှုရာ၌ မရဏာသန္နဇော၏ အာရုံကို ကျော်၍ မရဏာသန္နဇောမတိုင်မီ ခပ်လှမ်းလှမ်း သို့မဟုတ် မလှမ်းမကမ်း၌ တည်ရှိသော ဘဝင်မနောအကြည်၌ ထင်နေသော အာရုံများကို ရှေ့ဦးစွာ ကျော်၍ စိုက်မိသည်လည်း ရှုမိတတ် သည်လည်း ရှိတတ်၏၊ ထိုသို့ ကျော်၍ ရှုမိလျှင် ဥပတ္ထမ္ဘက = အားပေးထောက်ပံ့တတ်သည့် ကံကို အလျင်သွား၍ တွေ့နေတတ်ပေသည်။ ထိုကံသည် ဥပတ္ထမ္ဘကကံ မှန်လျှင်လည်း ထိုကံနှင့် ပဋိသန္ဓေကမ္မဇရုပ်တို့သည် ကြောင်း-ကျိုး ဆက်နွယ်မှု ရှိ-မရှိကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါက ဆက်စပ်မှု မရှိသည်ကို, ထိုကံကြောင့် ကမ္မဇရုပ် မဖြစ်သည်ကို တွေ့ရှိနိုင်ပေသည်။ အကယ်၍ ပဋိသန္ဓေကမ္မဇရုပ် အစရှိသော ကမ္မဇရုပ်တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံကို ရှေ့ဦးစွာ တွေ့ရှိပါက ထိုကံနှင့် ကမ္မဇရုပ်တို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိ-မရှိကို = ထိုကံကြောင့် ကမ္မဇရုပ်တို့ ဖြစ်-မဖြစ်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါက ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိသည်ကို တွေ့ရှိမည် ဖြစ်ပေသည်။

သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး အနေဖြင့် အတိတ်ကံကို ရှာဖွေရာ၌ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံကို အလျင်တွေ့သည်လည်း ရှိတတ်၏၊ ဇနကကံကို အလျင်တွေ့သည်လည်း ရှိတတ်၏၊ ကျော်၍ ကြည့်မိသောကြောင့် ဖြစ်၏၊ သို့အတွက် အကြိမ်ကြိမ် ဆန်းစစ်၍ တိုက်ဆိုင်၍ ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိ-မရှိကို တိတိကျကျ သိအောင် ရှုနေရခြင်း ဖြစ်သည်။ သေချာပုံ ပေါ်ပါက အတိတ်ဘဝ၏ စုတိနှင့် အနီးကပ်ဆုံး နောက်ဆုံး ဖြစ်သွားသော မရဏာသန္နဇော၏ အာရုံကို မိအောင် စိုက်ရှုပါ။ ထိုအာရုံနိမိတ်မှာ အကျိုးပေးတော့မည့်ကံ၏ စွမ်းအင် သတ္တိကြောင့် ထင်လာရသော အာရုံ ဖြစ်သဖြင့် ထိုကံကို ရှာဖွေရာ၌ တိတိကျကျ သိရှိအောင် စူးစမ်း၍ တိုက်ဆိုင်၍ ရနိုင်သော (၁) ကံ သို့မဟုတ်, (၂) ကမ္မနိမိတ် သို့မဟုတ်, (၃) ဂတိနိမိတ် ဖြစ်သည်။

နိမိတ် အပြောင်းအလဲ

မရဏာသန္နဇောသို့ မရောက်မီ သေခါနီးပတ်ဝန်းကျင်၌ ထင်လာသော ကံတို့ကား သို့မဟုတ် ကံ-ကမ္မနိမိတ်ဂတိနိမိတ်တို့ကား ရံခါ ယောနိသောမနသိကာရ အယောနိသောမနသိကာရ စသည့် အကြောင်းအားလျော်စွာ ပြောင်းလဲတတ်သည်လည်း ရှိ၏၊ သောဏတောင်ခြေ အစေလတောကျောင်း၌ သီတင်းသုံးတော်မူသော အရှင်သောဏ ရဟန္တာမထေရ်မြတ်ကြီး၏ ဖခင်ဖြစ်သော ဦးပဉ္စင်းကြီး၏ သန္တာန်၌ ရှေ့ဦးစွာ ငရဲနိမိတ် ထင်ပြီးမှ သားဖြစ်သူ အရှင်သောဏ မထေရ်မြတ်ကြီး၏ စီစဉ်ပေးချက်အရ စေတီတော်အား ပန်းလှူသည့် အာရုံနိမိတ်ကို ပြောင်း၍ အာရုံယူနိုင်သဖြင့် နတ်ပြည်နိမိတ် နတ်ဘုံဗိမာန်နိမိတ် နတ်သမီးနိမိတ် ထင်လာသကဲ့သို့ မှတ်ပါ။[မှတ်စု ၂၉] ဤဦးပဉ္စင်းကြီး၏ ထုံးကို ကြည့်ပါက မရဏာသန္န သေခါနီးဝန်းကျင်၌ ဖြစ်ပေါ်လာသော နိမိတ်များမှာ နှလုံးသွင်းမှားမှု = အယောနိသော မနသိကာရ, နှလုံးသွင်းမှန်မှု = ယောနိသောမနသိကာရအပေါ်၌ မူတည်၍လည်း အပြောင်းအလဲ ရှိနိုင်သည်ကို သတိပြုလေရာသည်။

ဤကဲ့သို့သော နိမိတ်အပြောင်းအလဲများကြောင့်လည်း အတိတ်အကြောင်းတရားတို့ကို စူးစမ်းရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အကျိုးကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံ အလျင်မထင်လာဘဲ ရံခါ အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံက အလျင်ထင်လာသည်လည်း ရှိတတ်၏၊ ရံခါ အတိတ်ကို လှမ်း၍ အကြောင်း တရားတို့ကို စူးစမ်းရှာဖွေရာ၌ မရဏာသန္နဇော၏ အာရုံကို ကျော်လွန်၍ မရဏာသန္နဇော မစောမီ အချိန်ကာလများက ထိုအတိတ် နာမ်သန္တတိအစဉ်၏ အာရုံများကို ကျော်၍ ရှုမိသည်လည်း ရှိတတ်၏၊ ထိုကဲ့သို့သော အခါမျိုး၌လည်း ဥပတ္ထမ္ဘကကံကို အလျင်တွေ့၍ နောက်မှ ပြန်လည်ဆန်းစစ်ကြည့်လိုက်သောအခါ ဇနကကံကို တွေ့တတ်ပေသည်။ တစ်ဖန် မရဏာသန္နဇော မစောမီကာလ၌ သေခါနီးဝန်းကျင်ဝယ် အာရုံများမှာ အမျိုးမျိုး ဖြစ်ချင်လည်း ဖြစ်နိုင်၏၊ မရဏာသန္နဇော၏ အာရုံသည်ပင် မရဏာသန္နဇောမတိုင်မီ အချိန် ခပ်စောစောကပင် ကြိုတင်၍ ထင်နေသည်လည်း ရှိတတ်၏၊ ဓမ္မိကဥပါသကာကြီး ကွယ်လွန်ခါနီးတွင် နတ်ပြည်ခြောက်ထပ်မှ နတ်ရထားခြောက်စင်းတို့ ထင်လာသည့် နိမိတ်မျိုးပင်တည်း။ ထိုရထားခြောက်စင်းတို့တွင် ဓမ္မိကဥပါသကာကြီးက တုသိတာနတ်ပြည်ကို ရွေးချယ်လိုက်သောအခါ တုသိတာနတ်ရထား တစ်စင်းသာ နောက်ဆုံး မရဏာသန္နအခါ၌ ထင်နေပေတော့သည်။[မှတ်စု ၃၀]

အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံ

ထိုကဲ့သို့ မရဏာသန္နအခါ ထင်လာသော နိမိတ်ကို အခြေခံ၍ အတိတ်အကြောင်းတရားတို့ကို စူးစမ်းရှာဖွေရာ လှမ်း၍ရှုရာအခါ၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မရဏာသန္နဇောအခိုက်၌ စေတီတော်အား ဆွမ်းလှူနေသည့် အာရုံနိမိတ်သည် ထင်နေသည် ဆိုကြပါစို့။ ထိုအာရုံနိမိတ်သည်ကား ကံအာရုံနိမိတ်ပင်တည်း။ ယင်းကံကို ပြုစု ပျိုးထောင်ခဲ့စဉ်က ထိုသို့ ဆွမ်းလှူနေသည့်သူ၏ သန္တာန်ဝယ် တည်ရှိသော ရုပ်နာမ်သန္တာန်အစဉ်၌ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေ၍ ထိုကမ္မသတ္တိနှင့် ကလလရေကြည် အခိုက် ရုပ်အမျိုးအစား (၃၀)နှင့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ကြောင်း-ကျိုး-ဆက်စပ်မှု ရှိ-မရှိကို စူးစမ်းရှာဖွေကြည့်ပါ။ အကြောင်း ကြည့်လိုက် အကျိုး ကြည့်လိုက် ဤသို့ ပြုလုပ်ခြင်းဖြင့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်းကျိုး-ဆက်နွယ်မှုသဘောကို ကြိမ်ဖန်များစွာ တိုက်ဆိုင်ကြည့်ပါ။ စိတ်နှင့် စိတ္တဇရုပ်တို့သည် တစ်ခုနှင့် တစ်ခု ကြောင်းကျိုး-ဆက်နွယ်မှု ရှိသကဲ့သို့ အလားတူပင် ကံဟူသော အကြောင်းတရားနှင့် ကမ္မဇရုပ်ဟူသော အကျိုးတရားကို နှစ်ခုယှဉ်ကြည့်လိုက်သောအခါ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်သဘောအားဖြင့် ဆက်စပ်မှု ရှိနေသည်ကို တွေ့မြင်နေပါက ထိုအခါတွင် အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

အဝိဇ္ဇာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။

ဤသို့ စသည်ဖြင့် အကြောင်းတရားနှင့် အကျိုးတရားကို ဆက်စပ်၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါအတိုင်း အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုသို့ သိမ်းဆည်းမှု ရှုမှုကို ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဟု ခေါ်ဆိုပေသည်။

ကြိုတင်မှတ်သားရန် လိုရင်းအချက်

ရူပက္ခန္ဓာ

ဝိပါကဝဋ်တွင် အကျုံးဝင်သော ဝိပါက်ခန္ဓာငါးပါးတို့၏ အတိတ်အကြောင်းတရားများမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဖြစ်ကြသည်။ ထိုတွင် ရူပက္ခန္ဓာ၌ ကမ္မဇရုပ်တို့၏ အတိတ်အကြောင်းတရားတို့မှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်ကြသည်။ ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် စိတ္တဇရုပ်တို့၏ အကြောင်းတရားမှာ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော စိတ်ဖြစ်သည်။ ဥတုဇရုပ်တို့၏ အကြောင်းတရားမှာ ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသော[မှတ်စု ၃၁] ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော တေဇောဓာတ် = ဥတုဖြစ်သည်။ အာဟာရဇရုပ်၏ အကြောင်း တရားမှာ ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိနေသော ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိနေသော ကမ္မဇဩဇာ, စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိနေသော စိတ္တဇဩဇာ, ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိနေသော ဥတုဇဩဇာ, အာဟာရဇ ရုပ်ကလာပ်တို့၌ တည်ရှိနေသော အာဟာရဇဩဇာဟူသော အာဟာရပင်ဖြစ်သည်။[မှတ်စု ၃၂]

နာမ်ခန္ဓာ (၄) ပါး

ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမှအလွတ်ဖြစ်သော ဝီထိမုတ်စိတ် အမည်ရသည့် ဝိပါက်နာမ်ခန္ဓာ (၄)ပါး, စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ထိုဝီထိစိတ်အစဉ်အတွင်း၌ ပါဝင် တည်ရှိသော ဝိပါက်နာမ်ခန္ဓာ (၄)ပါး - ဤ ဝီထိမုတ်စိတ်-ဝီထိစိတ်ဟူသော နှစ်မျိုးသော ဝိပါက်နာမ်တရားတို့၏ အတိတ်အကြောင်းတရားတို့မှာ – အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်ကြသည်။ ယင်းနာမ်တရားတို့၏ ပစ္စုပ္ပန်အကြောင်းတရားများမှာ – ဝတ္ထု အာရုံ ဖဿစသော အကြောင်းတရားတို့ပင် ဖြစ်ကြသည်။

၁။ ဝတ္ထု= မှီရာဝတ္ထုရုပ် – မှီရာဝတ္ထုရုပ် မရှိက (ပဉ္စဝေါကာရဘုံဝယ်) ယင်းနာမ်တရားတို့သည် ဖြစ်နိုင်သည့် စွမ်းအား မရှိကြကုန်။

၂။ အာရုံ– ဆိုင်ရာအာရုံတစ်ခုခုက ဆိုင်ရာ ဒွါရတို့၌ ထင်လာပါမှ ရှေးရှုကျရောက်လာပါမှ ယင်းနာမ်တရားတို့သည် ဖြစ်နိုင်ကြသည်။ သိစရာ အာရုံရှိပါမှ သိမှုသဘော ဖြစ်နိုင်သည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။

၃။ ဖဿ= ဖဿစသော ယှဉ်ဖက် သမ္ပယုတ်တရားတို့သည် တစ်နည်း နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်းအား သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ယင်းနာမ်တရား တို့သည် ဖြစ်နိုင်ကြသည်။ ခန္ဓာတစ်ပါး ဖြစ်ရေးအတွက် ကျန်နာမ်ခန္ဓာ သုံးပါးတို့က ကျေးဇူးပြုပေးရသည်။ ထိုခန္ဓာတို့တွင် အာရုံကို ရယူရာ၌ ဖဿမှာ ပြဓာန်းသော ပဓာနအကြောင်းတရားတစ်ခု ဖြစ်ပေသည်။

သတိပြုရန် – ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ပဝတ္တိဝိပါက်ဝိညာဏ်တို့မှာ ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ်စိတ်တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံကြောင့်ပင် ဖြစ်ပေါ်ကြရသည်လည်း ရှိနိုင်၏၊ ပဝတ္တိအကျိုးဝိပါက်ကို ဖြစ်ပေါ်စေတတ်သော အခြားသော အသစ်အသစ်သော ဇနကကံကြောင့် ဖြစ်သည် လည်း ရှိနိုင်၏၊ ထိုကံမှာ ကုသိုလ်ကံလည်း ဖြစ်နိုင်၏၊ အကုသိုလ်ကံလည်း ဖြစ်နိုင်၏၊ ကုသိုလ်ကံကြောင့် ကုသလဝိပါက် ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံတို့ ဖြစ်ကြ၏၊ အကုသိုလ်ကံကြောင့် အကုသလဝိပါက် ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံတို့ ဖြစ်ကြ၏၊ ဣဋ္ဌာရုံနှင့် တွေ့ကြုံရာ၌ ကုသလဝိပါက်များ ဖြစ်ကြ၍ အနိဋ္ဌာရုံနှင့် တွေ့ကြုံရာ၌ အကုသလဝိပါက်များ ဖြစ်ကြသည်။ သာဝကတို့သည် ကံ-ကံ၏အကျိုးတရားကို ကုန်စင်အောင် မသိနိုင်သော်လည်း အချို့အဝက်ကိုကား သိရှိရမည် ဖြစ်သည်။ အတိတ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းရာ၌လည်းကောင်း အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာ၌လည်းကောင်း သတိပြု၍ ယင်းအကြောင်းတရားတို့ကို စူးစမ်းရှာဖွေကြည့်ပါ။

တစ်ဖန် .. ပဉ္စဒွါရဝီထိတို့၌ တည်ရှိသော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော, မနောဒွါရဝီထိတို့၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်း - ဤသုံးမျိုးကုန်သော စိတ်တို့ကား ကိရိယာစိတ်တို့တည်း။ ထင်လာသော အာရုံကို ဆင်ခြင်ရုံမျှ ဆုံးဖြတ်ရုံမျှ ဆင်ခြင်ဆုံးဖြတ်ရုံမျှသာ ဖြစ်ကြသည်။ ဒွါရနှင့် အာရုံ တိုက်ဆိုင်လာသောအခါ ဖြစ်ပေါ်လာကြသော ကိရိယာစိတ်တို့သာ ဖြစ်ခြင်းကြောင့် အတိတ်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြရသော နာမ်တရားတို့ မဟုတ်ကြပေ။ ဝတ္ထု အာရုံ ဖဿ စသော ပစ္စုပ္ပန်အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်ကြရသော နာမ်တရားစုတို့ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းနာမ်တရားတို့၌ အတိတ်အကြောင်းတရားများ မရှိကြပေ။ ဝတ္ထု အာရုံ ဖဿ စသော ပစ္စုပ္ပန်အကြောင်းတရားတို့သာ ရှိကြသည်။

အလားတူပင် .. ကုသိုလ်ဇောတို့သည်လည်း ဝတ္ထု အာရုံ ဖဿ ယောနိသောမနသိကာရ .. စသော အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်လာကြ၏၊ အကုသိုလ်ဇောတို့သည်လည်း ဝတ္ထု အာရုံ ဖဿ အယောနိသော မနသိကာရ .. စသော အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်လာကြရ၏၊ ယင်းနာမ်တရားစုတို့သည် အတိတ်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြရသော နာမ်တရားစုတို့ မဟုတ်ကြပေ။ သို့ဖြစ်ရကား ကုသိုလ်ဇော အကုသိုလ်ဇော နာမ်တရားစုတို့၌လည်း အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်ဟု မှတ်ပါ။

နည်းလေးထွေ - ၁။ ဧကတ္တနည်း

ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ် ရှုကွက်နှင့် ဆက်စပ်နေသော အလွန်အရေးကြီးလှသော ဧကတ္တနည်း နာနတ္တနည်း အဗျာပါရနည်း ဧဝံဓမ္မတာနည်းဟူသော နည်းလေးပါးကို ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကို သိမ်းဆည်းရှုပွားသည့်အခါ၌ သဘောပေါက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုတွင် ဧကတ္တနည်းဟူသည်မှာ ဤသို့ ဖြစ်၏ ..။

၁။ အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့သည့် အတိတ်ရုပ်နာမ်၊
၂။ ပစ္စုပ္ပန် ပဋိသန္ဓေမှစ၍ ယခုလက်ရှိ အကြောင်းတရားတို့ကို သိမ်းဆည်းခိုက် သို့မဟုတ် ဝိပဿနာပိုင်းသို့ ရောက်ပြီးလျှင်လည်း ဝိပဿနာရှုခိုက် အခြေအနေအထိ အချိန်အခါအထိ ဖြစ်ပေါ်နေသော ရုပ်နာမ်၊
၃။ အရဟတ္တဖိုလ်သို့ ဆိုက်အောင် အားမထုတ်နိုင်သေးသဖြင့် နောင်အနာဂတ်သည် ထင်ရှားရှိနေသေးခဲ့သော် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်းရှုပွားနေသည့် ယခုအချိန်မှ စ၍ နောင်အနာဂတ်ဆုံးသည့်တိုင်အောင် ဖြစ်ပေါ်လာမည့် အနာဂတ်ရုပ်နာမ်၊

တစ်နည်းဆိုရသော် အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ အနာဂတ်ဘဝဟူသော ဘဝသုံးမျိုးအတွင်း၌ တည်ရှိနေခဲ့သော တည်ရှိနေဆဲဖြစ်သော တည်ရှိလတ္တံ့ဖြစ်သော အတိတ်ရုပ်နာမ်, ပစ္စုပ္ပန်ရုပ်နာမ်, အနာဂတ်ရုပ်နာမ် –ဤအတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိပြီး တည်ရှိဆဲ တည်ရှိလတ္တံ့ဖြစ်သော ရုပ်နာမ်များကို ရုပ်နာမ်သန္တတိအစဉ်အတန်းအားဖြင့် အစဉ်အတန်းတစ်ခုတည်းအဖြစ် ဉာဏ်ဖြင့် မြင်ရမည် ဖြစ်သည်။ ထိုရုပ်နာမ်အစဉ်အတန်းဟူသည်မှာလည်း နိစ္စအစဉ်အတန်း မဟုတ်၊ အနိစ္စအစဉ်အတန်းသာ ဖြစ်သည်၊ ဖြစ်-ပျက် အစဉ်အတန်းသာ ဖြစ်သည်။

ဤထက် အနည်းငယ်ရှင်းအောင် ထပ်၍ဆိုရသော် အတိတ်ဘဝတွင် ဤယခု လူ့ဘဝသို့ ရောက်ကြောင်း ဖြစ်သည့် ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ခဲ့စဉ်က ဘဝင်မနောအကြည်နှင့် ယခုဘဝလက်ရှိ ဘဝင်မနောအကြည် တို့ကို စိုက်ကြည့်လိုက်လျှင် ရှုကြည့်လိုက်လျှင် အပ်ချည်ကြိုး တစ်ချောင်းကို သွယ်တန်းထားဘိသည့်အလား သန္တတိ အစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း လာနေသည်ကို တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း ဖြစ်-ပျက်အစဉ်အတန်း တစ်ခုတည်း ဖြစ်နေသည်ကို သဘောပေါက်အောင် ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ဘဝင်ဟူသည် ဘဝတစ်လျှောက်၌ အများဆုံးဖြစ်တတ်သော စိတ်ဖြစ်သဖြင့် ဘဝင်ကို ပဓာနထား၍ နားလည် လွယ်အောင် ပြောနေခြင်းဖြစ်သည်။ သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ[မှတ်စု ၃၃]ဟူသော မူလဋီကာအဖွင့်နှင့် အညီ (အကုသိုလ်စေတသိက်များသည် ညစ်နွမ်းသော်လည်း) စိတ်အားလုံးကား ဖြူစင်လျက် ကြည်လျက် ရှိ၏၊ ထို့ကြောင့် ဘဝင်၏ ကြည်လင်မှု ဘဝင်၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဝီထိစိတ်တို့၏ ကြည်လင်မှုဟူသော စိတ်အားလုံး၏ ကြည်လင်မှုကား သဘာဝပဏ္ဍရ ဖြစ်သည်။ ယောဂီသူတော်ကောင်းသည် ယင်းသို့ ကြည်လင်နေသော နာမ်သန္တတိ အစဉ်အတန်းကို တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်ခုတည်း ဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ထိုနည်းတူပင် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်ခုတည်း ဖြစ်ပေါ်နေသော ရုပ်သန္တတိ အစဉ်အတန်း ကိုလည်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။

အတိတ်၏ အရှိန်အဝါဟပ်မှု

အတိတ်ဘဝက ကောင်းမှုကုသိုလ်ပြုနေသော ရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သော ဘဝင်မနောအကြည်သည် သို့မဟုတ် နာမ်သန္တတိအစဉ်သည် မိမိ၏ ဘဝင်မနောအကြည် သို့မဟုတ် နာမ်သန္တတိအစဉ် ဟုတ်သည် မဟုတ်သည်ကို သေချာစွာ ရှုကြည့်ပါ။ အကယ်၍ မိမိ၏ ဘဝင်မနောအကြည် မှန်ပါလျှင် သို့မဟုတ် နာမ်သန္တတိအစဉ် မှန်ပါလျှင် မိမိ၏ ဘဝင်မနောအကြည် ဖြစ်ကြောင်းကိုလည်းကောင်း, မိမိ၏ နာမ်သန္တတိအစဉ် ဖြစ်ကြောင်းကိုလည်းကောင်း လွယ်လွယ်ကူကူပင် သဘောပေါက်နိုင်မည်ဖြစ်သည်၊ အလားတူပင် မိမိ၏ ရုပ်သန္တတိအစဉ်ဖြစ်ကြောင်းကိုလည်းကောင်း လွယ်လွယ်ကူကူပင် သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ အကြောင်းမူ နာမ်သန္တတိအစဉ်အတန်း ရုပ်သန္တတိအစဉ် အတန်းမှာ တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း ဖြစ်နေသောကြောင့်တည်း။

ဤသို့ အတိတ်ရုပ်နာမ်သန္တာန်အစဉ်ကို ယခုကဲ့သို့ လှမ်း၍ရှုနေသောအခါ အချို့အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်များကား “အတိတ်ဘဝက စိတ်နေစိတ်ထားများသည် ယခုပစ္စုပ္ပန် စိတ်နေစိတ်ထားများနှင့် များစွာတူညီကြ၏” ဟု ဝန်ခံကြ၏၊ ဝါသနာဓာတ်ငွေ့များ ကပ်ပါနေခြင်း အရှိန်ဟပ်နေခြင်းပင် ဖြစ်သည်။ သမထဘာဝနာ ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ်နေခြင်းသည်ကား မကောင်းသော ဓာတ်ငွေ့များ၏ နေရာ၌ ကောင်းသော ဓာတ်ငွေ့များကို နေရာယူစေခြင်း အစားထိုးပေးနေခြင်း, ကောင်းသော ဓာတ်ငွေ့များကို အဆက်မပြတ် ဆက်တိုက် ဖြစ်အောင် ကြိုးစားခြင်းပင် ဖြစ်သည်။ မကောင်းသော ဓာတ်ငွေ့များကို အမြစ်ပြတ် ချေဖျက်နိုင်သောအခါ ကောင်းသော ဓာတ်ငွေ့ချည်း ရာနှုန်းပြည့် ကြွင်းကျန်နေသောအခါ မိမိ၏ ဘာဝနာလုပ်ငန်းရပ်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

ခက်ယောင်နှင့်လည်း ခက်ပြန်၏၊ နက်ယောင်နှင့်လည်း နက်ပြန်၏၊

ထိုသို့ အတိတ်မှသည် ပစ္စုပ္ပန်သို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌လည်းကောင်း အတိတ်အကြောင်း တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေသို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးသော အခါ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရားတို့ကို ရှာဖွေလိုက်သောအခါ မည်သည့်ရုပ်နာမ်ကိုမျှ မမြင်ဘဲ လင်းထိန်နေသည့် အလင်းရောင်အတုံးအခဲ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ကြီးကိုသာ တွေ့မြင်နေတတ်၏၊ ထိုအခါတွင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဗဟုဿုတ မရှိထားပါလျှင် ရှေ့သို့ဆက်၍ မလုပ်တတ် မကိုင်တတ် ရှိနေတတ်၏၊ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည်ကား များသောအားဖြင့် နတ်ပြည် သို့မဟုတ် ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသူတို့ ဖြစ်တတ်ကြ၏၊ ဟုတ်-မဟုတ်ကို ဆန်းစစ်ကြည့်ဖို့ရန် အထူးလိုအပ်လာပေပြီ။ ထိုကဲ့သို့သော အခက်အခဲနှင့် ကြုံတွေ့နေရသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် များသောအားဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ်နာမ်ကို သိမ်းဆည်းစဉ်ဝယ် အထူးသဖြင့် နတ်တို့၏ သန္တာန်၌ တည်ရှိသော ရုပ်နာမ်၊ ဗြဟ္မာတို့၏ သန္တာန်၌ တည်ရှိသော ရုပ်နာမ်တို့ကို သီးသန့် အလေးပေးကာ မသိမ်းဆည်းမိဘဲ သာမန်ခြုံငုံ၍သာ သိမ်းဆည်းမိသောကြောင့် ယခုကဲ့သို့ ကြီးမားကျယ်ပြန့်သော အလင်းရောင်အစုအပုံကြီးနှင့် ရင်ဆိုင်တွေ့နေရသောအခါ ယင်းအလင်းရောင် အစုအပုံကြီး၌ တည်ရှိသော ရုပ်နာမ်တို့ကို မသိမ်းဆည်းတတ်ခြင်း ဖြစ်၏၊ ဘုန်းကံကြီးမားလျှင် ကြီးမားသလို နတ်တို့၏ ကိုယ်ရောင်ကိုယ်ဝါကား ထွန်းလင်းတောက်ပလျက် ရှိ၏၊ ဗြဟ္မာတို့၏ ကိုယ်ရောင်ကိုယ်ဝါကား နတ်တို့၏ ကိုယ်ရောင် ကိုယ်ဝါထက်ပင် သာလွန်၍ ထွန်းလင်းတောက်ပလေသည်။ နတ်တို့၏ ခန္ဓာကိုယ်သည်လည်း ကြီးမား၏၊ ဗြဟ္မာတို့၏ ခန္ဓာကိုယ်ကား သာလွန်၍ပင် ကြီးမားပေသည်။ နတ်တို့၏ ရုပ်တရားတို့ကား အလွန့်အလွန် သိမ်မွေ့၏၊ ဗြဟ္မာတို့၏ ရုပ်တရားတို့ကား နတ်တို့၏ ရုပ်တရားထက်ပင် သာလွန်၍ သိမ်မွေ့လှပေသည်။ ဗဟိဒ္ဓရုပ်နာမ်ကို သိမ်းဆည်းစဉ်က နတ် ဗြဟ္မာတို့၏ ရုပ်နာမ်ကို စူးစူးစိုက်စိုက် မသိမ်းဆည်းခဲ့မိသူ သာမန်ခြုံငုံ၍သာ သိမ်းဆည်းခဲ့မိသူတို့သည် ဤကဲ့သို့ အလွန်သိမ်မွေ့သော ရုပ်တရားတို့ကို သိမ်းဆည်းခြင်းငှာ မစွမ်းနိုင် ရှိတတ်၏၊

ထိုကဲ့သို့သော အခက်အခဲနှင့် ကြုံတွေ့လာပါက အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ အထူးသဖြင့် နတ်တို့၏ ရုပ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ အောင်မြင်မှုရရှိပါက နတ်ပြည် နတ်လောကဘက်သို့ ဉာဏ်ကို စေလွှတ်၍ အဆင့်ဆင့်သော နတ်တို့၏ သန္တာန်၌ ရှိသော သိမ်မွေ့သော ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်းပါ။ ထိုနောင် ဗြဟ္မာတို့၏ သန္တာန်၌ ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ ဆက်လက်သိမ်းဆည်းပါ။ ဗြဟ္မာတို့၏ ရုပ်တရားတို့ကား အလွန့်အလွန် သိမ်မွေ့သောသဘော ရှိ၏၊ ထိုကြောင့် သမာဓိကို အကြိမ်ကြိမ် ပြန်လည်ထူထောင်၍ အကြိမ်ကြိမ် ထပ်ကာထပ်ကာ သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တရားတို့ကို ဗြဟ္မာ့ပြည်သို့တိုင်အောင် အကြိမ်ကြိမ် သိမ်းဆည်းနိုင်သော အခါ အထူးသဖြင့် ဗြဟ္မာတို့၌ ဃာနဒသကကလာပ် ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ရုပ်တရားတို့ မရှိမှုကို သဘောပေါက်အောင် ဆက်လက် သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။

နတ်တို့၏ သန္တာန်၌ကား လူသားတို့၏ သန္တာန်၌ကဲ့သို့ပင် ကမ္မဇကလာပ် စိတ္တဇကလာပ် အာဟာရဇကလာပ်တို့ အစုံအလင် ရှိတတ်၏၊ ဗြဟ္မာတို့၏ သန္တာန်၌ကား အားလုံးသော ရုပ်ကလာပ်တို့ အစုံအလင် မတည်ရှိနိုင်ကြပေ။ ဤသည်မှာ နတ်နှင့် ဗြဟ္မာတို့၏ ရုပ်ကလာပ်၌ ထူးခြားမှုပင် ဖြစ်သည်။ ဗဟိဒ္ဓ နတ်ဗြဟ္မာတို့၏ ရုပ်နာမ်တို့ကို ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ ယခင် အတိတ်အကြောင်းတရားတို့ကို ရှာဖွေစဉ်က တွေ့ရှိခဲ့သော အလွန် ကြီးမား ကျယ်ပြန့်သော အလင်းရောင် အစိုင်အခဲကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်းကြည့်ပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဆိုက်သည်တိုင်အောင် ဓာတ်ခွဲပါ။ ထိုသို့ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းရာ၌ ယင်းအတုံးအခဲကြီးမှာ နတ်သားဘဝ ဖြစ်ပါက အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း ရုပ်ကလာပ်အစုံအလင်ကို တွေ့ရှိနိုင်ပေသည်။ အကယ်၍ ယင်းအတုံးအခဲကြီးသည် ဗြဟ္မာဘဝ ဖြစ်ပါက ကမ္မဇရုပ်တို့တွင် အထက်တွင် တင်ပြထားသည့်အတိုင်း အချို့သော ကမ္မဇရုပ်တို့ကို ရှာဖွေတွေ့ရှိမည်ကား မဟုတ်ပေ။ ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ဟဒယဝတ္ထုရုပ်ကိုလည်းကောင်း၊ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို လည်းကောင်း၊ ယင်းမနောဒွါရကို အစွဲပြု၍ ယင်းဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို လည်းကောင်း ဆက်လက် သိမ်းဆည်းပါ။ တစ်ဖန် ယင်းနာမ်တရားစုတို့တွင် အကျုံးဝင်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် မနောဒွါရဝီထိနာမ်တရားစုတို့ကိုလည်းကောင်း, သင်္ခါရ ကံဟူသော ကမ္မဝဋ် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းသောအခါ အတိတ်ရုပ်နာမ်သန္တာန် အစဉ်နှင့် ပစ္စုပ္ပန်ရုပ်နာမ်သန္တာန်အစဉ်တို့၏ တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း ဖြစ်နေသည်ကို သိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သိမ်းဆည်းပါ။ ယင်းသို့ သိခဲ့သော် ဧကတ္တနည်းကို သိသည် မည်ပေသည်။

သုံးလေးယောက် တွေ့မြင်နေသော်

တစ်ခါတစ်ရံ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာဝယ် အတိတ်ဘဝ၌ ကောင်းမှုကုသိုလ်ကို ပြုလုပ်နေသည့် အာရုံဝယ် ကောင်းမှုကုသိုလ် ပြုလုပ်နေသူ သုံးလေးယောက်ကို တွေ့မြင်နေတတ်၏၊ ထိုသို့ တွေ့မြင်ခဲ့သော် ပုဂ္ဂိုလ်အသီးအသီး၏ သန္တာန်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို တစ်ယောက်ပြီးတစ်ယောက် စတင်၍ သိမ်းဆည်းရမည်ဖြစ်သည်။ ရှေ့ဦးစွာ ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ ပရမတ္ထ ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် နောက်တစ်ယောက်၌ အလားတူပင် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် နောက်တစ်ယောက်၌လည်း အလားတူပင် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုရုပ်နာမ်တို့တွင် မိမိ၏ လက်ရှိ ပစ္စုပ္ပန်ရုပ်နာမ်နှင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း တွေ့မြင်နေရသော ရုပ်နာမ်မှာ မိမိ၏ ရုပ်နာမ်သန္တတိအစဉ်ပင် ဖြစ်ပေသည်။

ထိုသို့ သိမ်းဆည်းရာ၌ အကယ်၍ မသဲမကွဲ ဖြစ်နေသော် ထိုပုဂ္ဂိုလ်အသီးအသီး၏ ဘဝင်မနောအကြည်ဓာတ်ကို တစ်ဖန် ဦးစားပေး၍ စိုက်ရှုကြည့်ပါ။ မိမိ၏ ဘဝင်မနောအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို ယောဂါဝစရ ပုဂ္ဂိုလ်သည် လွယ်လွယ်ကူကူပင် သဘောပေါက်သည်ကို တွေ့ရတတ်သည်။ အကြောင်းကား - လက်ရှိ မိမိ၏ ဘဝင် မနောအကြည်ဓာတ်နှင့် အတိတ်က ဘဝင်မနောအကြည်ဓာတ်တို့မှာ နာမ်သန္တတိ အစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်းဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိ ဉာဏ်ပညာ မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါ ထိုအတိတ်က ဘဝင်မနောအကြည်မှာ မိမိ၏ ဘဝင် မနောအကြည်ပင် ဖြစ်ကြောင်းကို လွယ်လွယ်ပင် သိမြင်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ အတိတ်က ဘဝင်မနော အကြည်ကို စိုက်ရှုလိုက်သောအခါ ထိုထို မိမိသိမ်းဆည်းရှုပွားနေသော ဘဝင်မနောအကြည် မဟုတ်လျှင်လည်း မိမိ၏ ဘဝင်မနောအကြည် မဟုတ်ဟုပင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် လွယ်လွယ်ကူကူပင် သိမြင်နိုင်ပေသည်။ အကြောင်းမူ နာမ်သန္တတိအစဉ်အတန်းချင်း မဆက်စပ်သောကြောင့် ဖြစ်သည်။ အတိတ်က ရုပ်နာမ်သည် မိမိ၏ ရုပ်နာမ်သန္တတိ အစဉ်အတန်း မဟုတ်လျှင် ထိုအတိတ်က သူတစ်ပါး၏ ရုပ်နာမ်သန္တတိအစဉ်နှင့် ယခုလက်ရှိ မိမိ၏ ရုပ်နာမ်သန္တတိ အစဉ်တို့သည် သန္တတိအစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း မလာဘဲ သန္တတိအစဉ်အတန်းချင်း ဆက်စပ်မှု မရှိသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ကိုယ်တိုင်ပင် တွေ့မြင်နိုင်ပေသည်။

အတိတ်က မိမိ၏ ရုပ်နာမ်သန္တတိအစဉ်နှင့် ယခုပစ္စုပ္ပန် မိမိ၏ ရုပ်နာမ်သန္တတိအစဉ်တို့ကား တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်းအားဖြင့် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေ ပေသည်။ ယင်းသို့ ဖြစ်နေမှုကို ယောဂါဝစရပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါလျှင်ကား ရုပ်နာမ်သန္တတိအစဉ်အတန်း အနေအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း အနေအားဖြင့် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသောကြောင့် ဧကတ္တနည်းကို သိသည် မည်ပေသည်။ တစ်ဖန် .. ယခုပစ္စုပ္ပန် ရုပ်နာမ်သန္တတိအစဉ်နှင့် အနာဂတ် ရုပ်နာမ်သန္တတိအစဉ်တို့၏ သန္တတိအစဉ်အတန်းချင်း တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း အနေအားဖြင့် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဥစ္ဆေဒဒိဋ္ဌိ နှင့် သဿတဒိဋ္ဌိ

“မျိုးစေ့မှ အညှောက် အညွန့် ဖြစ်လာ၏၊ ထိုအညှောက် အညွန့်မှ အရွက် ဖြစ်လာ၏၊ ထိုမျိုးစေ့မှပင် ရိုးတံ ပင်လုံး အခက် ရွက်နု ရွက်ကြမ်း စသည်၏အဖြစ်ဖြင့် အဆက်မပြတ် ဖြစ်နေရကား မျိုးစေ့သည် သစ်ပင်အဖြစ်သို့ ရောက်ရှိလာ၏၊ သစ်ပင်အဖြစ်ဖြင့် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် မျိုးစေ့နှင့် သစ်ပင်သည် တစ်စဉ်တစ်တန်းတည်း ဖြစ်ရကား သန္တာန = အစဉ်အတန်းသည် မပြတ်ချေ။ အစဉ်အတန်း မပြတ်လျှင် “တစ်ခုတည်းပင်ဖြစ်၏”ဟု ယူရသကဲ့သို့ ထို့အတူ ..

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ - ဤသို့ စသည်ဖြင့် ဖြစ်ရာ၌ အကြောင်း အကျိုးအားဖြင့် တစ်စဉ်တည်း တစ်သန္တာန်တည်းဖြစ်၍ အဆက်မပြတ်ရကား “တစ်ခုတည်းဖြစ်သည်”ဟု သိအပ်သော နည်းသည် ဧကတ္တနည်း မည်၏၊

ဤဧကတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်သော ဉာဏ်အမြင်သည် အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပန် အကျိုးတရား, ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂတ်အကျိုးတရား စသည့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် အထပ်ထပ် ဖြစ်ခြင်းတည်းဟူသော ရုပ်နာမ်သန္တတိအစဉ်အတန်း၏ မပြတ်စဲမှုကို ထိုးထွင်းသိမြင်နေသော အသိဖြစ်ရကား “ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာပဲ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်း ဟိုဘက် ဘာမျှမရှိ”ဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒဆိုး ချဉ်ဖတ်အိုးကြီးကို ပယ်စွန့်နိုင်ပေသည်။ ထိုသို့ ကြောင်းကျိုး-ဆက်နွယ်မှုသဘောကို မမြင်ဘဲ အမှားမှား အယွင်းယွင်း မြင်ခဲ့သော် သဿတဒိဋ္ဌိလည်း ဖြစ်နိုင်ပြန်၏၊”[မှတ်စု ၃၄]

အကြောင်းတရားနှင့် အကျိုးတရားတို့ကား အကြောင်းပရမတ်တရား အကျိုးပရမတ်တရားဟု ပရမတ္ထဓမ္မ သဘာဝအားဖြင့်ကား ကွဲပြားမှုရှိနေ၏၊ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ပရမတ္ထဓမ္မသဘာဝအားဖြင့် ကွဲပြားမှု ရှိ ငြားသော်လည်း အကြောင်းတရား၏ အဖြစ်ဖြင့်လည်းကောင်း, အကျိုးတရား၏ အဖြစ်ဖြင့်လည်းကောင်း ထိုအကြောင်းတရားနှင့် အကျိုးတရားတို့၏ အချင်းချင်း အကြောင်း အကျိုးသဘောအားဖြင့် ဆက်စပ်မှု ရှိသည်၏ အဖြစ်သည်သာလျှင် ဤအရာ၌ သန္တာနာနုပစ္ဆေဒ = သန္တာန်အစဉ်၏ မပြတ်စဲမှုဟု ဆိုသည်။ ယင်းသို့ ရုပ်နာမ်သန္တာန် အစဉ်၏ မပြတ်စဲသောကြောင့်ပင်လျှင် အကြင်ရုပ်နာမ်သန္တာန်အစဉ်၌ ကံကို ဖြစ်စေအပ်၏၊ ထိုရုပ်နာမ်သန္တာန် အစဉ်၌သာလျှင် အကျိုးတရားသည် ဖြစ်ပေါ်လာရကား ပြုအပ်ပြီးသော ကံ၏ ပျက်စီးပျောက်ပျက်သွားခြင်းသည် လည်းကောင်း, မပြုအပ်သေးသော ကံ၏ အကျိုးပေးဖို့ရန် ရှေးရှု ဆိုက်ရောက်လာခြင်းသည်လည်းကောင်း မရှိနိုင်ဟု မှတ်ပါ။

ဤ၌ အမှားမှား အယွင်းယွင်း မြင်မှုဟူသည် ကြောင်း-ကျိုး-ဆက်နွယ်လျက် = ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကွဲပြားမှုကို မစူးစမ်း မဆင်ခြင်မူ၍ အကြောင်း တရားကိုလည်းကောင်း အကျိုးတရားကိုလည်းကောင်း မကွဲမပြား တစ်သားတည်းပြု၍ အကြောင်းတရားနှင့် အကျိုး တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် မပြတ်ဖြစ်နေသော ရုပ်နာမ်သန္တာန်အစဉ်၏ မပြတ်စဲမှုကို တစ်ခုတည်းအဖြစ် မကွဲပြားသည်၏အဖြစ်ဖြင့် စွဲယူခြင်းတည်း။ အကြောင်းရုပ်နာမ် အကျိုးရုပ်နာမ်တို့၏အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မမြင်သဖြင့် နိစ္စအနေအားဖြင့်, အတ္တအနေအားဖြင့် – “တဒေဝ ဝိညာဏံ သန္ဓာဝတိ သံသရတိ= ထိုဝိညာဏ်သည်ပင် ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ ပြေးသွား၏၊ တစ်ခုသော ဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား၏” ဤသို့စသည်ဖြင့် ရုပ်နာမ်သန္တာန်အစဉ်ကို တစ်ခုတည်းဟု စွဲယူမှုတည်း။ ယင်းသို့ စွဲယူမှုကား သဿတဒိဋ္ဌိပင်ဖြစ်သည်။ ဧကတ္တနည်းကို အမှားမှား အယွင်းယွင်း သိမြင်က သဿတဒိဋ္ဌိကို ဆုပ်ကိုင်မိလျက်သား ရှိတတ်သည် ဟူ၏၊[မှတ်စု ၃၅]

၂။ နာနတ္တနည်း

ဧကတ္တနည်းအရ ကြောင်း-ကျိုး-ဆက်နွယ်လျက် သန္တတိအစဉ်အတန်း တစ်ခုအနေဖြင့် ဖြစ်ပေါ်လာနေသော အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာမရဏ စသော အကြောင်းတရား အကျိုးတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ပိုင်းခြားမှတ်သားခြင်းသည် နာနတ္တနည်း မည်၏၊[မှတ်စု ၃၆] ယင်းနာနတ္တနည်းကို သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်းရပေမည်။

အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ရုပ်နာမ်တို့သည် .. ရုပ်နာမ်သန္တတိအစဉ်အတန်းအားဖြင့် တစ်စဉ် တစ်တန်းတည်း မှန်သော်လည်း ရုပ်ကလာပ်တစ်ခုချင်း မြင်အောင် စိတ္တက္ခဏတစ်ခုချင်း မြင်အောင် သန္တတိဃန ပြိုအောင် သိမ်းဆည်းရ၏၊ တစ်ဖန် ယင်းအဝိဇ္ဇာစသော တရားတို့သည် ရုပ်ကလာပ် နာမ်ကလာပ်ဟူသည့် အုပ်စု အလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ယင်း ရုပ်ကလာပ် နာမ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ - ဤကား ပထဝီဓာတ်, ဤကား အာပေါဓာတ်, ဤကား တေဇောဓာတ်, ဤကား ဝါယောဓာတ် - ဤသို့ စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် ဤသို့ စသည်ဖြင့်လည်းကောင်း သမူဟဃန ဟူသည့် ရုပ်အပေါင်းအစု အတုံးအခဲ နာမ်အပေါင်းအစု အတုံးအခဲကို ပြိုအောင် သိမ်းဆည်းရ၏၊ တစ်ဖန် ကိစ္စဃနတည်း ဟူသော ရုပ်လုပ်ငန်းကိစ္စ နာမ်လုပ်ငန်းကိစ္စ ပြိုအောင်လည်း သိမ်းဆည်းရ၏၊ ထို့ကြောင့် ယောဂီသူတော်ကောင်းသည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်းတတ်လျှင် ယောဂီသူတော်ကောင်းသည် နာနတ္တနည်းကို သိသည် မည်၏၊

ယင်းနာနတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခဲ့သော် အသစ်အသစ်သော ပရမတ္ထဓာတ်သားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်နေခြင်းကြောင့်, အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကွဲပြားသော သဘာဝလက္ခဏာ ရှိမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေခြင်းကြောင့် “အတ္တသည် သေလျှင် မပြတ် မြဲ၏”ဟု စွဲယူတတ်သော သဿတဒိဋ္ဌိကို ပယ်စွန့်နိုင်၏၊

ယင်းနာနတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ မမြင်ခဲ့သော် အမှားမှား အယွင်းယွင်း မြင်လာတတ်၏၊ ရုပ်နာမ် သန္တာန်အစဉ် တစ်ခုအတွင်း၌ ကျရောက်လျက်ရှိသော ရုပ်နာမ်တရားစုကို သန္တာန်ကွဲပြားသကဲ့သို့ အသီးအသီး တခြားစီဟု စွဲယူမိတတ်၏၊ ရုပ်နာမ်ခန္ဓာအစဉ်သည် ဘဝခြားသော်လည်း တစ်စဉ်တစ်တန်းတည်းသာ ဖြစ်၏၊ သုမေဓာ ရှင်ရသေ့ဘဝမှစ၍ ဂေါတမဘုရားရှင်၏ဘဝသို့ တိုင်အောင် ရုပ်နာမ်သန္တာန်အစဉ်မှာ တစ်စဉ်တစ်တန်းတည်းသာ ဖြစ်၏၊ သို့ဖြစ်ပါလျက် “တစ်သန္တာန်တည်း”ဟု မယူဆနိုင်ဘဲ ယခုဘဝ၌ သေသော သတ္တဝါက တစ်ယောက်, နောက်ဘဝ၌ဖြစ်သော သတ္တဝါက တစ်ယောက်ဟု ကွဲပြားသော သန္တာန်ရှိသကဲ့သို့ ယူဆလာတတ်၏၊ ယင်းသို့ ယူဆခဲ့သော် “သတ္တဝါသည် သေလျှင် ပြတ်၏”ဟူသော ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူမိလျက်သား ရှိတတ်၏၊ “ကောင်းမှု မကောင်းမှုကို ပြုသူက တခြား, ကောင်းကျိုး မကောင်းကျိုးကို ခံစားရသူက တခြား (= ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ် ခံလိမ့်မည်)”ဟု သန္တာန်အစဉ်ကွဲပြားသကဲ့သို့ ယူဆလျှင် ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူမိလေတော့သည် ဟူလို။[မှတ်စု ၃၇]

၃။ အဗျာပါရနည်း

အကြောင်းတရားများဘက်၌လည်း “အကျိုးတရားများကို ဖြစ်ပေါ်လာအောင် ပြုလုပ်မည်”ဟူသော ကြောင့်ကြ ဗျာပါရ မရှိ၊ ကင်းနေ၏၊ အကျိုးတရားများဘက်၌လည်း “အကြောင်းတရားများသည် ထင်ရှား ဖြစ်ခဲ့သော် ငါတို့ အကျိုးတရားများသည်လည်း ထင်ရှားဖြစ်ကြမည်”ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏၊

အဝိဇ္ဇာ၌ – “ငါသည် သင်္ခါရတရားတို့ကို ဖြစ်စေရမည်”ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏၊ သင်္ခါရတရားတို့တွင်လည်း “ငါတို့သည် ဝိညာဏ်ကို ဖြစ်စေရမည်”ဟူသော ကြောင့်ကြဗျာပါရမရှိ၊ ကင်းနေ၏၊ ဤသို့ စသည်ဖြင့် အဝိဇ္ဇာ သင်္ခါရစသော တရားတို့၌ ကြောင့်ကြဗျာပါရ မရှိမှု ကြောင့်ကြဗျာပါရ ကင်းမှုသဘောသည်ကား အဗျာပါရနည်းမည်၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို ရှုရာ၌ ယင်းအဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ကောင်းမွန်မှန်ကန်စွာ သိမြင်ခြင်းဟူသည် “အဝိဇ္ဇာ သင်္ခါရစသော ဤတရားတို့သည် “နိရီဟာ = အကျိုးတရား ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခြင်း လုံ့လဥဿာဟ မရှိကြ။ နိဇ္ဇီဝါ = ထိုသို့ ကြိုးစားအားထုတ်နိုင်လောက်အောင် အသက်ကောင်လည်း မဟုတ်ကြ။ ဓမ္မမတ္တာ = ဆိုင်ရာ အကျိုး ပစ္စယုပ္ပန်ကို ဖြစ်စေနိုင်သော သဘာဝဓမ္မမျှတို့သာတည်း” – ဤသို့ သိမြင်သူကို “သမ္မာ ပဿန္တော = ကောင်းမွန် မှန်ကန်စွာ သိမြင်သူ (= အမြင်မှန်ရှိသူ)”ဟု ဆိုရ၏၊ ဤသို့ သိမြင်ခြင်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခြင်းဟု ဆိုရ၏၊

ယင်းအဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ ယောဂါဝစရပုဂ္ဂိုလ်က ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်ခဲ့သော် ပြုလုပ်နေသော ဖန်ဆင်းနေသော ပရမအတ္တ, အပြုလုပ်ခံရသော အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု စွဲယူသော အတ္တဒိဋ္ဌိစွဲကို ပယ်စွန့်နိုင်၏၊ အကြောင်းတရားတို့၌ အကျိုးတရားများကို ဖြစ်ပေါ်လာအောင် ပြုလုပ်နေသော ကြောင့်ကြဗျာပါရ ကင်းမှု (= မရှိမှု)ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်နေသောကြောင့် ဖြစ်၏၊

ယင်း အဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ မမြင်ဘဲ အမှားမှား အယွင်းယွင်း မြင်ခဲ့သော် အကြောင်းတရား တို့၌ အကျိုးတရားတို့ကို ဖြစ်ပေါ်လာအောင် ကြောင့်ကြဗျာပါရပြုမှု မရှိသော်လည်း အဝိဇ္ဇာစသော အကြောင်းတရားတို့၌ သင်္ခါရစသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သော သဘာဝနိယာမအားဖြင့် ပြီးသော အကြောင်းတရားဖြစ်မှုသဘော တရားသည် ထင်ရှားရှိသည်သာ ဖြစ်၏၊ ယင်းသဘောတရားကို လက်မခံနိုင်သည့်အတွက်ကြောင့် “ပြုလုပ်သော်လည်း ပြုလုပ်သည် မမည်”ဟူသော အယူမှားမှု အကိရိယဒိဋ္ဌိကို စွဲယူမိတတ်၏၊[မှတ်စု ၃၈]

သဘာဝနိယမ – မြဲသော နိယမသဘော – တွဲဖက် ကလာပ်တူ ရုပ်အပေါင်းဟူသော အဆောက်အဦနှင့် တကွဖြစ်သော တေဇောဟူသော မီးဓာတ်၏ အထက်သို့ မျက်နှာရှိသည်၏ အဖြစ်ဟူသော မီးညွန့်၏ အထက်သို့ တက်ခြင်းသည်လည်းကောင်း, တွဲဖက် ကလာပ်တူ ရုပ်အပေါင်းဟူသော အဆောက်အဦနှင့် အတူတကွဖြစ်သော လေ၏ ဖီလာကန့်လန့်သွားခြင်းသည်လည်းကောင်း – ဤသို့ စသော ဖြစ်ပုံသည် သဘာဝနိယမ = မြဲသော သဘော (= ထုံးစံဓမ္မတာ) ဖြစ်သကဲ့သို့ အလားတူပင် ..

အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် သင်္ခါရစသော အကျိုးတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် သင်္ခါရစသော အကျိုးတရားသည်လည်း ထင်ရှားမဖြစ်တော့ပေ။ တစ်နည်းဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားသည် ထင်ရှားရှိခဲ့သော် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားသည်လည်း ထင်ရှား ဖြစ်ပေါ်လာ၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားသည်လည်း ထင်ရှား မဖြစ်တော့ပေ။ ဤသည်ကိုပင် သဘာဝနိယမသိဒ္ဓ ဟေတုဘာဝ = မြဲသော သဘာဝအားဖြင့် ပြီးစီးနေသော အကြောင်းတရားဖြစ်မှုသဘောဟု ဆိုလိုပေသည်။ ယင်းသို့ အဝိဇ္ဇာ စသော အကြောင်းတရားတို့၌ သင်္ခါရ စသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သည့် သဘာဝနိယမ = မြဲသောသဘောအားဖြင့် ပြီးစီးနေသော စွမ်းအင်သတ္တိ ရှိမှုသဘောကို လက်မခံနိုင်ပါက ––

ကဿစိ ကတ္တုနော အဘာဝါ န ကာစိ ကိရိယာ ဖလပဗန္ဓိနီ = ပြုလုပ်တတ်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၏ (= တစ်စုံတစ်ခုသော တရားဓမ္မ၏) မရှိခြင်းကြောင့် တစ်စုံတစ်ခုသော ကိုယ်နှုတ်စိတ် အမူအရာသည် အကျိုးနှင့် ဆက်စပ်ခြင်း မရှိ (= အကျိုးမပေး)”ဟု အကျိုးနှင့် စပ်သော ကိုယ်နှုတ်စိတ် အမူအရာ မရှိဟူသော ကံကံ၏အကျိုးကို ပစ်ပယ်နေသော အကိရိယဒိဋ္ဌိ တစ်မျိုးသည် ဖြစ်ပေါ်လာတတ်သည်ဟု ဆိုလိုသည်။[မှတ်စု ၃၉]

၄။ ဧဝံဓမ္မတာနည်း

နွားနို့ရည် စသည်တို့မှ နို့ဓမ်းစသည်သာ ဖြစ်ပေါ်လာသကဲ့သို့ အလားတူပင် အဝိဇ္ဇာစသော အကြောင်းတရား တို့ကြောင့် အကျိုးတရားများ ဖြစ်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော သင်္ခါရစသော အကျိုးတရားများသာ ဖြစ်ပေါ်လာကြ၏၊ အကြောင်းတရားနှင့် မလျော်ညီသော အခြား အကျိုးတစ်စုံတစ်ရာသည် မဖြစ်ပေ။ တစ်နည်း ဆိုရသော် – အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့ကြောင့် အကျိုးတစ်စုံတစ်ရာ ဖြစ်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့သာ ဖြစ်ပေါ်လာကြ၏၊ အကြောင်းတရားနှင့် မလျော်ညီသော အခြား မည်သည့်အကျိုး တစ်စုံတစ်ရာမျှ မဖြစ်နိုင်ပေ။ ဤသည်မှာ ဧဝံဓမ္မတာနည်း မည်၏၊ ယင်းဧဝံဓမ္မတာနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရား၏ဖြစ်မှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ခြင်းကြောင့် အကြောင်းမရှိဟု စွဲယူသော အဟေတုကဒိဋ္ဌိကိုလည်းကောင်း, ကောင်းမှု မကောင်းမှုကို ပြုလုပ်သော်လည်း ပြုလုပ်သည်မမည်ဟု စွဲယူသော အကိရိယဒိဋ္ဌိကိုလည်းကောင်း၊ အကြောင်းကြောင့်ဖြစ်သော အကျိုးကို ပစ်ပယ်နေသော တစ်နည်း – အကြောင်း အကျိုး နှစ်ရပ်လုံးကို ပစ်ပယ်နေသော ဤဒိဋ္ဌိကြီး နှစ်မျိုးလုံးကို ပယ်စွန့်နိုင်၏၊

ယင်းဧဝံဓမ္မတာနည်းကို ကောင်းမွန်မှန်ကန်စွာ မသိမမြင်သော သူကား အမှားမှား အယွင်းအယွင်း မြင်တတ်၏၊ အမှားမှား အယွင်းအယွင်း မြင်ပုံမှာ ဤသို့ ဖြစ်၏၊ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းကြောင့် အမှတ်မရှိ တစ်စုံတစ်ခုသော အကျိုးသည် ဖြစ်နိုင်သည်ဟု ဆိုလျှင် သဲမှ ဆီ, ကြံမှ နို့ရည် မဖြစ်နိုင်စရာ မရှိ၊ ဖြစ်နိုင်စရာ ရှိ၏၊ ထို့ကြောင့် မည်သည့်အကြောင်းကြောင့်မျှ မည်သည့်အကျိုးသည် မဖြစ်နိုင်ပါဟု အဟေတုကဒိဋ္ဌိ အယူစွဲကို စွဲစွဲလမ်းလမ်း အရဖမ်းယူလေသည်။

ထိုသို့ အမှားမှား အယွင်းအယွင်း စွဲယူခဲ့သော် သိမြင်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရား၏ ဖြစ်မှုကို မယူမူ၍ တစ်စုံတစ်ခုသော အကြောင်းတရားကြောင့် တစ်စုံတစ်ခုသော အကျိုးတရား၏ ဖြစ်မှုကို မယူနိုင် လက်မခံနိုင်သည့်အတွက်ကြောင့် အဟေတုကဒိဋ္ဌိကိုလည်းကောင်း နိယတဝါဒကိုလည်းကောင်း စွဲယူမိလျက်သား ဖြစ်တတ်၏၊[မှတ်စု ၄၀]

နိယတဝါဒ – နိယတဝါဒဟူသည် သတ္တဝါတို့၏ ကောင်းကျိုး ဆိုးကျိုးများသည် ပုံသေသတ်မှတ်ချက် ရှိသည်ဟု ယူသော ကံ-ကံ၏အကျိုးတရား ထင်ရှားရှိမှုကို ပစ်ပယ်သော ဝါဒတစ်မျိုးဖြစ်သည်။ “ထိုသို့ အကြောင်း မရှိလျှင် ယခုမျက်မြင်ဖြစ်သော သတ္တဝါ-အရာဝတ္ထုများသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်နေရပါသနည်း”ဟု ထိုအဟေတုက အယူရှိသူကို ပြန်၍ မေးလျှင် – “နိယတ = မည်သည့်အချိန်အခါ၌ လူ, သို့မဟုတ် နတ်, သို့မဟုတ် တိရ စ္ဆာန်အမျိုးမျိုး ဖြစ်ရမည်”ဟု သတ်မှတ်ပြီး ဖြစ်သည်ဟု ပြောဆို၏၊ ထိုအယူကို နိယတဝါဒဟု ခေါ်ဆို၏၊[မှတ်စု ၄၁] (အကျယ်ကို သာမညဖလသုတ် မက္ခလိဂေါသာလဝါဒ၌ ကြည့်ပါ။)

သို့အတွက် ယောဂီသူတော်ကောင်းသည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် မိစ္ဆာဝါဒ မိစ္ဆာဒဿန မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့ကို ပယ်သတ်ရေး တိုက်ဖျက်ရေးအတွက် အကောင်းဆုံးသော လက်နက်ကြီးတစ်ခုပင် ဖြစ်သည်ဟု ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ နာယူ မှတ်သားလေရာသည်။

  1. ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ။ (ပဋိသံ၊၁။)
  2. “နာမရူပဝဝတ္ထာနေ ဉာဏ”န္တိ အဝတွာ ဧဝ ကသ္မာ “ဓမ္မဋ္ဌိတိဉာဏ”န္တိ ဝုတ္တန္တိ စေ? ပစ္စယပရိဂ္ဂဟေနေဝ ပစ္စယသမုပ္ပန္နပရိဂ္ဂဟိတဿ သိဒ္ဓတ္တာ။ ပစ္စယသမုပ္ပန္နေ ဟိ အပရိဂ္ဂဟိတေ ပစ္စယပရိဂ္ဂဟော န သက္ကာ ဟောတိ ကာတုံ။ တသ္မာ ဓမ္မဋ္ဌိတိဉာဏဂဟဏေနေဝ တဿ ဟေတုဘူတံ ပုဗ္ဗေ သိဒ္ဓံ နာမရူပဝဝတ္ထာနဉာဏံ ဝုတ္တမေဝ ဟောတီတိ ဝေဒိတဗ္ဗံ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈၊။)
  3. (ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅။)
  4. (အဘိ၊ဋ္ဌ၊၂၊၁၂၄-၁၂၅။)
  5. (ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅။)
  6. (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)
  7. (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)
  8. (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မ၊ဋ္ဌ၊၁၊၂၈၁၊၊)
  9. မှတ်ချက်---- စျာန်ကို ခြံရံထားသည့် ဆန္ဒ ဝီရိယ စိတ် ဝီမံသ (= ပညာ)ဟူသည့် ဣဒ္ဓိပါဒ်လေးပါးတို့ အညံ့စားဖြစ်သော စျာန်သည် ပရိတ္တစျာန်, အလတ်စားဖြစ်သော စျာန်သည် မဇ္ဈိမစျာန်, အမြတ်စားဖြစ်သော စျာန်သည် ပဏီတစျာန် ဖြစ်သည်။ (အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ၊၁၈၅၊ ဝီထိမုတ္တပရိစ္ဆေဒဝဏ္ဏနာ- စာပိုဒ်၊၇၅။)
  10. (မ၊၁၊၆၈။)
  11. (မ၊၁၊၆၇။)
  12. ရုပ်ကလာပ်အမျိုးအစားသာ (၃)မျိုး၊ ရုပ်အမျိုးအစားသာ (၃၀) ဖြစ်သည်။ တစ်မျိုးတစ်မျိုး၌ အရေအတွက်ကား များစွာ ရှိကောင်းရှိနိုင်သည်။ အကျိုးပေးနေသော ကံအပေါ်၌ အခြေစိုက်လျက် ရှိ၏၊
  13. သော “ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယော”တိ ဥပပရိက္ခန္တော “အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာ”တိ တဿ ပစ္စယံ ဝဝတ္ထပေတွာ “အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါ”တိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)
  14. (အဘိဓမ္မတ္ထသင်္ဂဟ၊ ဝီထိမုတ်ပိုင်း၊ စာပိုဒ်၊၉၀။)
  15. ဘဝါဘဝါဘိနိဗ္ဗတ္တိယံ မေ သတိ ပရိတဿနဇီဝိတံ နာမ မာ ဟောတု။ အယံ သုမနမာလာ ဝိယ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ပိယာဝ ဟောမိ နာမေန စ သုမနာယေဝ။ (အံ၊ဋ္ဌ၊၃၊၁၃-၁၄။) သုမနာ = မြတ်လေးပန်း = မမြတ်လေး။
  16. ဘန္တေ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ အနောဇပုပ္ဖဝဏ္ဏံယေဝ မေ သရီရံ ဟောတု၊ အနောဇာ ဧဝ စ မေ နာမံ ဟောတု။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၃၊၊) အနောဇာပန်း = လိပ်ဆူးရွွှေပန်း။
  17. (ဇာတက၊ဋ္ဌ၊၅၊၃၇။)
  18. (ဇာတက၊ဋ္ဌ၊၅၊၃၉-၄၀။)
  19. (မ၊၃၊၃၀၀။)
  20. (အံ၊၃၊၇၁။)
  21. ဘန္တေ ဣတော စဝိတွာ မဒ္ဒရာဇကုလေ နိဗ္ဗတ္တိတွာ သုဘဒ္ဒါ နာမ ရာဇကညာ ဟုတွာ ဝယပ္ပတ္တာ ဗာရာဏသိရညော အဂ္ဂမဟေသိဘာဝံ ပတွာ တဿ ပိယာ မနာပါ တံ အတ္တနော ရုစိံ ကာရေတုံ သမတ္ထာ ဟုတွာ တဿ အာစိက္ခိတွာ ဧကံ လုဒ္ဒကံ ပေသေတွာ ဣမံ ဟတ္ထိံ ဝိသပီတေန သလ္လေန ဝိဇ္ဈာပေတွာ ဇီဝိတက္ခယံ ပါပေတွာ ဆဗ္ဗဏ္ဏရံသိံ ဝိဿဇ္ဇန္တေ ယမကဒန္တေ အာဟရာပေတုံ သမတ္ထာ ဟောမိ။ (ဇာတက၊ဋ္ဌ၊၅၊၄၀။)
  22. (အဘိ၊ဋ္ဌ၊၁၊၃၀၈။)
  23. “ဧဝရူပံ သောဘဂ္ဂပ္ပတ္တံ ဝါရဏံ ဝိသပီတေန သလ္လေန ဇီဝိတက္ခယံ ပါပေတွာ ဣမေ ဒန္တေ ဆိန္ဒိတွာ သောနုတ္တရော အာဂတော”တိ မဟာသတ္တံ အနုဿရန္တီ သောကံ ဥပ္ပါဒေတွာ အဓိဝါသေတုံ နာသက္ခိ။ အထဿာ တတ္ထေဝ ဟဒယံ ဖလိ၊ တံ ဒိဝသမေဝ ကာလမကာသိ။ (ဇာတက၊ဋ္ဌ၊၅၊၅၆။)
  24. နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ။ (သံ၊၁၊၂၉၅။ စေတနာသုတ္တန်။)
    နော စေ ဘိက္ခဝေ စေတေတီတိ ဣမိနာ တေဘူမကစေတနာယ အပ္ပဝတ္တနက္ခဏော ဝုတ္တော။ နော စေ ပကပ္ပေတီတိ ဣမိနာ တဏှာဒိဋ္ဌိကပ္ပါနံ အပ္ပဝတ္တနက္ခဏော။ အထ စေ အနုသေတီတိ ဣမိနာ တေဘူမကဝိပါကေသု ပရိတ္တကိရိယာသု ရူပေတိ ဧတ္ထ အပ္ပဟီနကောဋိယာ အနုသယော ဂဟိတော။ အာရမ္မဏမေတံ ဟောတီတိ အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)
  25. ဧတ္ထ စ “နော စေ ဘိက္ခဝေ စေတေတိ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတီ”တိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တကကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓေဇနကာ ဟောတီတိ ဒဿနတ္ထံ ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ တဒါ ဝိဇ္ဇမာနတေဘူမက ဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)
  26. မှတ်ချက်----သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်အပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရား ထင်ရှားရှိခဲ့လျှင် ယင်းကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရုပေက္ခာဉာဏ်သည်ပင် ဘဝသစ်ဟူသော ပဋိသန္ဓေကျိုးကို ပေးနိုင်ကြောင်းကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် အဋ္ဌကထာတို့တွင်လည်း လာရှိပေသည်။ (ပဋိသံ၊၆၀။ ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)
  27. (အံ၊၁၊၅၀၄-၅၀၇။)
  28. (သံ၊၂၊၁၀၈- ဆန္နသုတ္တန်ကို ကြည့်ပါ။)
  29. (အဘိ၊ဋ္ဌ၊၂၊၄၂၀-၄၂၁- ကြည့်ပါ။)
  30. (ဓမ္မပဒ၊ဋ္ဌ၊၁၊၈၃-၈၅။)
  31. မှတ်ချက်---- ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း စက္ခုဒသကကလာပ်စသည့် ထိုထို ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ် အတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ရုပ်ကလာပ်များ အဆင့်ဆင့် ဖြစ်ပွားရာ၌ နောက်ဆုံးအဆင့်တွင် တည်ရှိသော ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ် = ဥတုမှာ ဥတုဇရုပ်ကို မဖြစ်စေနိုင်။ သို့အတွက် “ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသော”ဟု သုံးစွဲထားခြင်း ဖြစ်သည်။
  32. မှတ်ချက်---- စား မျိုအပ်သော ကဗဠီကာရ-ဥတုဇဩဇာက ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပုံကိုလည်းကောင်း, ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြားအာဟာရဇဩဇာတို့က အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ဖြစ်စေပုံကိုလည်းကောင်း- ဤအလုံးစုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။ ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာ၏ အားပေး ထောက်ပံ့မှုနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ကလာပ်ပြားအာဟာရဇဩဇဋ္ဌမကရုပ်များတွင် ပါဝင်သော အာဟာရဇဩဇာကလည်း အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို (၁၀)ဆင့် (၁၂)ဆင့်သို့ တိုင်အောင်ပင် ဖြစ်စေပြန်သည်။ သို့ဖြစ်ရကား အာဟာရဇရုပ်၏ အကြောင်းတရားပိုင်းတွင် ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာတွင်သာမက ကလာပ်ပြား အာဟာရဇဩဇာကိုပါ ထည့်သွင်းဖော်ပြထားပေသည်။
  33. (မူလဋီ၊၁၊၁၂၅။)
  34. တတ္ထ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏန္တိ ဧဝံ ဗီဇဿ အင်္ကုရာဒိဘာဝေန ရုက္ခဘာဝပ္ပတ္တိ ဝိယ သန္တာနာနုပစ္ဆေဒေါ ဧကတ္တနယော နာမ၊ ယံ သမ္မာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနဿ အနုပစ္ဆေဒါဝဗောဓတော ဥစ္ဆေဒဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနာနုပစ္ဆေဒဿ ဧကတ္တဂ္ဂဟဏတော သဿတဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
  35. (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မူလဋီ၊၂၊၁၃၁။ မဟာဋီ၊၂၊၃၄၇။)
  36. အဝိဇ္ဇာဒီနံ ပန ယထာသကလက္ခဏဝဝတ္ထာနံ နာနတ္တနယော နာမ၊ ယံ သမ္မာ ပဿန္တော နဝနဝါနံ ဥပ္ပါဒဒဿနတော သဿတဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ဧကသန္တာနပတိတဿ ဘိန္နသန္တာနေဿဝ နာနတ္တဂ္ဂဟဏတော ဥစ္ဆေဒဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
  37. (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မူလဋီ၊၂၊၁၃၂။ မဟာဋီ၊၂၊၃၄၇၊၃၄၈)
  38. အဝိဇ္ဇာယ သင်္ခါရာ မယာ ဥပ္ပါဒေတဗ္ဗာ၊ သင်္ခါရာနံ ဝါ ဝိညာဏံ အမှေဟီတိ ဧဝမာဒိဗျာပါရာဘာဝေါ အဗျာပါရနယော နာမ။ ယံ သမ္မာ ပဿန္တော ကာရကဿ အဘာဝါဝဗောဓတော အတ္တဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ယော အသတိပိ ဗျာပါရေ အဝိဇ္ဇာဒီနံ သဘာဝနိယမသိဒ္ဓေါ ဟေတုဘာဝေါ၊ တဿ အဂ္ဂဟဏတော အကိရိယဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
  39. (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မဟာဋီ၊၂၊၃၄၈။)
  40. အဝိဇ္ဇာဒီဟိ ပန ကာရဏေဟိ သင်္ခါရာဒီနံယေဝ သမ္ဘဝေါ ခီရာဒီဟိ ဒဓိအာဒီနံ ဝိယ၊ န အညေသန္တိ အယံ ဧဝံဓမ္မတာနယော နာမ။ ယံ သမ္မာ ပဿန္တော ပစ္စယာနုရူပတော ဖလာဝဗောဓာ အဟေတုကဒိဋ္ဌိံ အကိရိယဒိဋ္ဌိဉ္စ ပဇဟတိ။ မိစ္ဆာ ပဿန္တော ပစ္စယာနုရူပံ ဖလပ္ပဝတ္တိံ အဂ္ဂဟေတွာ ယတော ကုတောစိ ယဿ ကဿစိ အသမ္ဘဝဂ္ဂဟဏတော အဟေတုကဒိဋ္ဌိဉ္စေဝ နိယတဝါဒဉ္စ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၀-၂၂၁။)
  41. (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၀-၂၂၁။ မူလဋီ၊၂၊၁၃၂။ မဟာဋီ၊၂၊၃၄၈။)