မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း

ဝီကီရင်းမြစ် မှ

အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း

၁။ နံရံပေါက်၌သော်လည်းကောင်း,
၂။ သံကောက်ပေါက်၌သော်လည်းကောင်း,
၃။ လေသာပြူတင်းပေါက်ကြား၌သော်လည်းကောင်း
အာကာသကသိုဏ်း = အကြားအပေါက်ကသိုဏ်း = ကောင်းကင်ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။

ရှေးရှေးဘဝက အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှုကုသိုလ် ရှိသသူအား နံရံပေါက်စသော အကြားအပေါက် တစ်ခုခုကို တွေ့မြင်ခဲ့သော် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏၊ အဓိကာရကောင်းမှုကုသိုလ် အားနည်းသသူကား နေပြောက်မထိုးရအောင် ကောင်းစွာ မိုးထားအပ်သော မဏ္ဍပ်၌သော်လည်းကောင်း, သားရေ, ဖျာ စသည်တို့တွင် တစ်ခုခု၌သော်လည်းကောင်း, တစ်ထွာ လက်လေးသစ် စသည် ပမာဏရှိသော ဝန်းဝိုင်းသော အပေါက်ကို ပြုလုပ်၍ ထိုကသိုဏ်းဝန်းအဖြစ် ပြုလုပ် ထားအပ်သော အပေါက်ကိုသော်လည်းကောင်း, နံရံပေါက် စသော တစ်ခုခုသော အပေါက်ကိုသော်လည်းကောင်း အာကာသနိမိတ်အဖြစ် အာရုံယူ၍ အာကာသော - အာကာသော - အာကာသော = ကောင်းကင် - ကောင်းကင် - ကောင်းကင်ဟူ၍ နှလုံးသွင်း ပွားများအပ်၏၊

အကယ်၍ အောင်မြင်မှုကို မရရှိခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အချင်းရှိသော အပေါက်အဝိုင်းတစ်ခုကို သစ်သားပျဉ်ချပ်တွင် စက်ဝိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုဏ်းဝန်းပါသော ပျဉ်ချပ်ကို သစ်ပင်, မိုးသား, တိမ်ရိပ် စသော အပြစ်ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြှောက်၍ ကိုင်ထားပါ။ ထိုအဝန်းအဝိုင်း အာကာသနိမိတ်ကို စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုဏ်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်ဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဉ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုဏ်းဝန်း၌သာ အာကာသကသိုဏ်းနိမိတ်ကို ယူပါ။ အကယ်၍ လွယ်ကူစွာဖြင့် နိမိတ်ကို ယူ၍ မရနိုင် ဖြစ်နေသေးလျှင် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုနောင် ပုံစံတူပင် အာကာသကသိုဏ်းဝန်းနိမိတ်ကို ပုံစံတူပင် မျက်စိဖွင့်၍ ပြန်ယူကြည့်ပါ။ မျက်စိမှိတ်လိုက်သောအခါ ဥဂ္ဂဟနိမိတ်သည် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှု ရရှိသောအခါ အာကာသနိမိတ်ကို ခိုင်ခံ့အောင် အနည်းငယ် ဆက်လက် လေ့ကျင့်၍ မိမိ အလိုရှိရာအရပ်သို့ သွား၍ ထိုင်လျက် ပွားများနိုင်ပေပြီ။

မိမိ ကြိုက်နှစ်သက်ရာ တစ်နေရာ၌ သွားရောက်ထိုင်သောအခါ မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုနောင် မိမိ ရရှိထားပြီးဖြစ်သည့် အာကာသကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူပါ။ ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိမှာလည်း လွယ်ကူချောမောလျက်ပင် ရှိနေတတ်ပါသည်။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဤအာကာသကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါက် စသည်တို့နှင့် အတူတကွ ထိုမူလနံရံပေါက် စသည်တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။ ဥဂ္ဂဟနိမိတ်အခိုက်၌ ဘာဝနာစွမ်းအား နည်းပါးသည့်အတွက်ကြောင့် ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေ။ ပဋိဘာဂနိမိတ်ကား အပေါက်ဖောက်ထားသည့် စက်ဝိုင်း အာကာသနိမိတ်၏ နံရံစွန်းစသည် မထင်တော့ဘဲ ကောင်းကင်အာကာသအဝန်းသက်သက်သာဖြစ်၍ ထင်လာ တော့သည်။ ထိုအခါ အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း အာကာသကသိုဏ်း ဘာဝနာသမာဓိသည် မြဲမြံသွားပြီ ဖြစ်သောကြောင့် ကသိုဏ်းဝန်းကို တိုးပွားစေသော်လည်း ကသိုဏ်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်းနည်းတူပြီ၊၊[မှတ်စု ၁]

ကသိုဏ်း (၁၀) ပါး

စတုတ္ထစျာန်သမာဓိ ဆိုက်သည်တိုင်အောင်သော – ကသိုဏ်း (၁၀)ပါး ရှုကွက်ကား ဤတွင် ပြီးဆုံးသွားပြီ ဖြစ်ပေသည်။ ဤကဲ့သို့ အောင်မြင်မှုကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီ, အာပေါ, တေဇော, ဝါယော, နီလ, ပီတ, လောဟိတ, ဩဒါတ, အာလောက, အာကာသဟူသော ဘုရားဟော ဒေသနာစဉ်အတိုင်း .. ကသိုဏ်း (၁၀)ပါးတို့၌ ကသိုဏ်းတိုင်း ကသိုဏ်းတိုင်းဝယ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများအားထုတ်ပါ။

ထိုသို့ ကြိုးစားအားထုတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့် တွေ့ကြုံရသည် ဖြစ်စေ ကသိုဏ်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့် အရာဝတ္ထု မှန်ပါက ယင်းဝတ္ထုကို ကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုဏ်းနိမိတ်ကို လွယ်လွယ်ကူကူပင် ရယူနိုင်ပေသည်။ ကသိုဏ်း (၁၀)ပါးလုံးတို့ကို စတုတ္ထစျာန် သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျွမ်းကျွမ်းကျင်ကျင် ရှုနိုင်သူ ယောဂီတစ်ဦးအား အလွန်သေးငယ်သော စကားဝါပန်း တစ်ပွင့်ကလည်း အဝါရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေမည်သာ ဖြစ်၏၊ နီမြန်းသော နှင်းဆီပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင်, အလွန်သေးငယ်သော စံပယ်ပန်း တစ်ပွင့်ကလည်း အဖြူရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် အလားတူပင် ကျေးဇူးပြုပေး နေမည်သာ ဖြစ်၏၊

သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုမှ, အနှစ်သာရ ဘာမျှ ရှာမရသော ဤခန္ဓာကိုယ်ယုတ် အကောင်ပုပ်ကြီးမှ ဘာဝနာဟူသော အနှစ်သာရကို ထုတ်ယူတတ်ပါက ယခုကဲ့သို့ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသော မနသိကာရတရား ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးအဖို့ စတုတ္ထစျာန်သမာဓိကဲ့သို့သော ဘာဝနာ အနှစ်သာရများကား လွယ်လွယ်ကူကူပင် ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ယင်းစတုတ္ထစျာန်သမာဓိကို အခြေခံ၍ ဝိပဿနာသို့ ကူးတက်သွားပါက ယင်းသမာဓိတရားတို့က အရဟတ္တဖိုလ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေး နေမည်သာ ဖြစ်ပေသည်။ သို့သော် ယခုအခါ၌ကား ကသိုဏ်းပညတ်ကို အာရုံယူ၍ ရရှိသော စတုတ္ထစျာန်သမာဓိကို အခြေခံ၍ အရူပစျာန်များကို ပွားများအားထုတ်ပုံအပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

  1. (ဝိသုဒ္ဓိ၊၁၊၁၆၉။)