မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း

ဝီကီရင်းမြစ် မှ

အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း

အာလောကကသိုဏ်းကို နိမိတ်ယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ..
၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင် အဝန်း,
၂။ သံကောက်ပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင် အဝန်း,
၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင် အဝန်း ––
ဤအဝန်းတစ်ခုခု၌ နိမိတ်ကို ယူနိုင်၏၊[မှတ်စု ၁]

အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရ ကောင်းမှုကုသိုလ် ပါရမီရှိသောပုဂ္ဂိုလ် အား နံရံပေါက်စသည်တို့တွင် တစ်ခုခုသော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း, လရောင်သည်လည်းကောင်း ဝင်၍ နံရံပေါ်၌လည်းကောင်း, မြေ (= ကြမ်းပြင်)ပေါ်၌လည်းကောင်း ထင်လာသော အလင်းရောင် အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏၊ တစ်ခဲနက် ထူသော အရွက်ရှိသော သစ်ပင်၏ အခက်အကြားဖြင့်သော်လည်းကောင်း, တစ်ခဲနက် ထူသော သစ်ခက်မဏ္ဍပ်ကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေပေါ်၌သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏၊[မှတ်စု ၂]

အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားပျော့သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား အထက်တွင် တင်ပြထားသော အလင်းရောင်သုံးမျိုးတို့တွင် တစ်မျိုးမျိုး၌ အာလောကော- အာလောကော - အာလောကော = အလင်းရောင် - အလင်းရောင် - အလင်းရောင်- ဟု နှလုံးသွင်း ပွားများပါ။ မအောင်မြင်ခဲ့သော် အိုးတစ်လုံး၏ အတွင်း၌ ဆီမီးကို ညှိထွန်း၍ အိုးဝကို ပိတ်၍ အိုး၌ အပေါက်ငယ်တစ်ခု ပြုလုပ်၍ နံရံသို့ ရှေးရှုတည်ထားပါ။ ထိုဖောက်ထားသော အိုးပေါက်မှ ဆီမီးရောင်သည် ထွက်၍ နံရံပေါ်၌ အဝန်းအဝိုင်း ထင်နေပေမည်။ ထိုနံရံပေါ်၌ ထင်နေသော ဆီမီးရောင် အဝန်းအဝိုင်းကို အာလောကော - အာလောကော အာလောကော = အလင်းရောင် - အလင်းရောင် - အလင်းရောင်- ဟု နှလုံးသွင်း ပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင်ကသိုဏ်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုဏ်းဝန်းထက် ပို၍ တာရှည်ခံပေသည်။[မှတ်စု ၃]

အထက်တွင် တင်ပြထားသော စတုတ္ထစျာန်သမာဓိအမျိုးမျိုးတို့ကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ညနေချမ်းအခါဝယ် သို့မဟုတ် နံနက်ခင်းအခါဝယ် ထူထဲသော သစ်ခက် သစ်ရွက်ရှိသော သစ်ပင်၏ အကြားမှ မြင်တွေ့ရသော နေရောင်ခြည်၏ အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုဏ်းနိမိတ်ကို ရယူခဲ့သော် လွယ်လွယ်ကူကူပင် နိမိတ်ကို ယူ၍ ရတတ်ပေ၏၊ အလင်းရောင်စွမ်းအင်မှာလည်း ပို၍ အားကောင်းတတ် ပေသည်။ မှောင်မိုက်နေသော ညဉ့်အခါဝယ် ယင်းကဲ့သို့သော ကသိုဏ်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော် ကသိုဏ်းဝန်းကို ဖြန့်ကြက်ထားပြီးရာ အရပ်အတွင်း၌ တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏၊

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဤအာလောကကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါ်၌လည်းကောင်း, မြေ = ကြမ်းပြင်ပေါ်၌လည်းကောင်း, သစ်ခက်သစ်ရွက်ကြားစသည်၌လည်းကောင်း ထင်နေသော ပကတိ အလင်းရောင် အဝန်းအဝိုင်းနှင့် တူ၏၊ ပဋိဘာဂ နိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက် ဖြစ်၍ အထူး ကြည်လင်သော အလင်းရောင်အစုနှင့် တူ၏၊ ကြွင်း နည်းတူ မှတ်ပါလေ။[မှတ်စု ၄]

ထိနမိဒ္ဓ ပယ်ဖျောက်ရေး

ဤ အာလောကသညာ ခေါ် အာလောကကသိုဏ်းမှာ .. ထိနမိဒ္ဓ = စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုကို ပယ်ဖျောက်ရေးအတွက် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏၊ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် ပစလာယမာနသုတ္တန်[မှတ်စု ၅]၌ ဘုရားရှင်သည် ထိနမိဒ္ဓ ပျောက်ကင်းကြောင်းတရား (၇)မျိုးတို့ကို ခွဲခြားကာ ဟောကြား ထားတော်မူခဲ့၏၊ ယင်း (၇)မျိုးတို့တွင် ဤအာလောကသညာသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်တိုင်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်း တစ်မျိုးပင် ဖြစ်သည်။ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံကသိုဏ်းတို့တွင် ဤအာလောကကသိုဏ်းမှာ အကောင်းဆုံး အသာဆုံး အမြတ်ဆုံးသော ကသိုဏ်းတစ်ခုပင် ဖြစ်သည်။

  1. (ဝိသုဒ္ဓိ၊၁၊၁၆၉။)
  2. (ဝိသုဒ္ဓိ၊၁၊၁၆၉။)
  3. (ဝိသုဒ္ဓိ၊၁၊၁၆၉။)
  4. (ဝိသုဒ္ဓိ၊၁၊၁၆၉။)
  5. (အံ၊၂၊၄၆၃။)