မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/အာဂန္တုကဘဝင် အကြောင်း

ဝီကီရင်းမြစ် မှ

အာဂန္တုကဘဝင် အကြောင်း

ဇယားဟူသည် ယေဘုယျ စည်းကမ်းသို့ လိုက်၍ ခြုံငုံ၍သာ ရေးသားတင်ပြထားခြင်း ဖြစ်၏၊ ထိုကြောင့် သောမနဿဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံ, ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံဟူသည်မှာလည်း ယေဘုယျပင် ဖြစ်သည်။ သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သော သတ္တဝါတစ်ဦး၏ ဘဝင်မှာလည်း ယင်းပဋိသန္ဓေနှင့် မျိုးတူ သောမနဿဘဝင်သာ ဖြစ်၏၊ ထိုသောမနဿပဋိသန္ဓေ တည်နေခဲ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် ပဝတ္တိအခါဝယ် ဒေါသဇော စောလေရာ ယင်းဒေါသဇော၏နောင်၌ တစ်စုံတစ်ခုသော အကြောင်းကြောင့် အကယ်၍ တဒါရုံကျခွင့်ကို မရခဲ့သော် ထုံးစံအတိုင်းဆိုလျှင် ဒေါသဇော၏နောင်၌ ဘဝင်ကျရတော့မည်။ ဘဝင်ကျပြန်လျှင်လည်း တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိတို့သည် တစ်ထပ်တည်း တူကြရလေသောကြောင့် သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သူဖြစ်၍ သောမနဿဘဝင် ကျရပေလိမ့်မည်။ ထိုသောမနဿဘဝင်ကား ဒေါသဇောနှင့် မလိုက်လျောနိုင်ချေ။ ဤကဲ့သို့ အခက်အခဲ တွေ့ကြုံနေသည့်အခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရန် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်နှစ်မျိုးတို့တွင် အနိဋ္ဌာရုံဖြစ်က အကုသလဝိပါက်, ဣဋ္ဌာရုံ အတိဣဋ္ဌာရုံဖြစ်က ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တစ်မျိုးမျိုးသည် အာဂန္တုကဘဝင်ကိစ္စကို တပ်လျက် ဖြစ်ပေါ်လာ၏၊

ပဋိသန္ဓေစိတ်၏ နောက်မှ စ၍ ဖြစ်ခဲ့ကြသော ဘဝင်တို့သည် ပဋိသန္ဓေစိတ်နှင့် တစ်ထပ်တည်း တူညီကြ၏၊ ထိုကြောင့် ယင်းဘဝင်တို့မှာ ခန္ဓာအိမ်ပေါ်စကပင် ခန္ဓာအိမ်၌ တည်ရှိသော ဘဝင်များတည်း။ ထိုကြောင့် ထိုဘဝင်များကို အာဝါသိကဘဝင် = အိမ်ရှင်ဘဝင်ဟု ခေါ်ဆိုသည်။ ဤဥပေက္ခာသန္တီရဏကိုကား ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့ရာ တစ်ရံတစ်ခါမှ ဖြစ်ပေါ်လာသောကြောင့် အာဂန္တုကဘဝင် = ဧည့်သည်ဘဝင်ဟု ခေါ်ဆိုသည်။ ယင်းအာဂန္တုက ဘဝင်သည် ဇောယူသည့် အာရုံကို မယူသည့်အတွက် တဒါရုံဟူသော အမည်ကို မရ။ မူလ အာဝါသိကဘဝင်က ယူထားသော အာရုံကိုလည်း မယူနိုင်သဖြင့် ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမအာရုံ တစ်ခုခုကိုသာလျှင် အာရုံ ပြုပေသည်။ ထိုအလေ့အကျက်များသော = များစွာ စိတ်ဝင်စားထားသော အာရုံသည် ဣဋ္ဌာရုံဖြစ်အံ့၊ ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်၏၊ အနိဋ္ဌာရုံ ဖြစ်အံ့၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်၏၊

၁။ သောမနဿပဋိသန္ဓေ တည်နေခဲ့၍ မိစ္ဆာအယူရှိသူသည် ဘုရား အစရှိသော အတိဣဋ္ဌ ဖြစ်သော အတိမဟန္တာရုံ သို့မဟုတ် ဝိဘူတာရုံကို အာရုံပြုလျက် ဒေါသဇော စောခဲ့သော်လည်းကောင်း, သို့မဟုတ် သောမနဿပဋိသန္ဓေ တည်နေသူ၏ အတိဣဋ္ဌ ဖြစ်သော နတ်သမီးစသော အတိမဟန္တာရုံ ဝိဘူတာရုံများကို အာရုံပြုလျက် ကြောက်ရွံ့ ထိတ်လန့်သောအားဖြင့် ဒေါသဇော စောခဲ့သော်လည်းကောင်း ယင်း ဒေါသဇော၏ နောင်၌ တဒါရုံကျခွင့် မရ။ တဒါရုံကျလျှင်လည်း အတိဣဋ္ဌာရုံ၌ သောမနဿတဒါရုံသာ ကျရိုး ဓမ္မတာ ရှိ၏၊ ထိုသောမနဿတဒါရုံသည် ဒေါသဇောနောင်၌ မဖြစ်ထိုက်။[မှတ်စု ၁]

၂။ သောမနဿပဋိသန္ဓေ တည်နေသူ၏ သန္တာန်၌ မဟန္တာရုံ အဝိဘူတာရုံ ဖြစ်သည့် ကာမအာရုံကို အာရုံပြု၍ ဒေါသဇော စောလျှင် ထိုဒေါသဇော နောင်၌ တဒါရုံ မကျထိုက်။ ပဉ္စဒွါရ၌ အတိမဟန္တာရုံ, မနောဒွါရ၌ ဝိဘူတာရုံ ဖြစ်ပါမှ တဒါရုံကျခွင့် ရှိ၏၊

၃။ သောမနဿပဋိသန္ဓေ နေခဲ့သော ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်ကို ရရှိပြီးမှ ယင်းစျာန်က လျှောကျသဖြင့် ထိုလျှောကျလေပြီးသော မဟဂ္ဂုတ်စျာန်ကို အာရုံပြုလျက် “ငါ၏ မွန်မြတ်သော တရားသည် ပျက်ပြားခဲ့ချေပေါ့” ဟု ဒေါသဇောဖြစ်သည့်အခါ မဟဂ္ဂုတ်အာရုံ ဖြစ်၍ တဒါရုံ မကျထိုက်။

၄။ သောမနဿပဋိသန္ဓေ နေခဲ့သော ပုဂ္ဂိုလ်သည် ပညတ်အာရုံတစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ်ကို အာရုံပြု၍ တဒါရုံ မကျထိုက်၊ ကာမအာရုံ မဟုတ်သောကြောင့်တည်း။

ဤသို့ တဒါရုံ ကျခွင့်မရသော ဇောဝါရတို့၌ ဒေါသဇောနောင်ဖြစ်၍ ပဋိသန္ဓေနှင့် အလားတူသော သောမနဿ မူလဘဝင်လည်း မကျနိုင် ဖြစ်နေ၏၊ ထိုသို့ တဒါရုံလည်းမကျ ဘဝင်လည်း မကျနိုင်သဖြင့် အခက်အခဲ ကြုံသည့်အခါ ဒေါသဇောနှင့် သောမနဿမူလဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရာ အာဂန္တုကဘဝင်ကိစ္စ တပ်လျက် ဥပေက္ခာသဟဂုတ် သန္တီီရဏစိတ်သည် ဖြစ်ရလေသည်။

ဤအထက်ပါ အရပ်ရပ်သော အဆိုအမိန့်တို့နှင့် အညီ တဒါရုံတစ်ခုကို သဘောပေါက်စေရန် ဓမ္မာရုံလိုင်း သုဒ္ဓမနောဒွါရဝီထိ အကောင်းအုပ်စု ဇယား တစ်ခုကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ဤဇယားကို နည်းမှီ၍ ကြွင်းကျန်သော ဇယားတို့၌လည်း နည်းတူ သဘောပေါက်ပါ။ သောမနဿဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာ ဇောနောင်၌ ဥပေက္ခာတဒါရုံများကို အလိုရှိအပ်သည့် ယေဘုယျစည်းကမ်းကိုလည်း မမေ့ပါနှင့်။ သို့သော် အာရုံသည် အနိဋ္ဌာရုံဖြစ်က ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံဟူသော ဝိပါက်စိတ်တို့သည် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်ဟူသော စည်းကမ်းအရမူ အနိဋ္ဌာရုံ၌ သောမနဿဇော စောစေကာမူ တဒါရုံ၌ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏ တစ်မျိုးသာ ကျနိုင်သဖြင့် နာမ်တရား (၁၁)ဟု ဖော်ပြထားပါသည်။ သို့သော် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ၌လည်း နာမ်တရား (၁၁)လုံးပင် ရှိပေသည်။ (ရူပါရုံလိုင်းဇယားတွင် ကြည့်ပါ။) ထိုကြောင့် ဇယား၌ (၁၁)ဟု တွေ့လျှင် အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ, ဣဋ္ဌာရုံ၌ ကုသလဝိပါက် ဥပေက္ခာသန္တီရဏဟု မှတ်ပါ။

ဤ အထက်ပါဇယား၌ သောမနဿဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံကို ချပြထားပါသည်။ ယောနိသောမနသိကာရ ရှိနေသူအဖို့ အနိဋ္ဌာရုံနှင့် တွေ့ကြုံရစေကာမူ ယောနိသောမနသိကာရ ဖြစ်နေသဖြင့် ဇော၌ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ သို့သော် တဒါရုံ၌ကား အာရုံက အနိဋ္ဌာရုံ ဖြစ်နေသဖြင့် အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံသာ ကျခွင့် ရှိတော့၏၊

အကယ်၍ အာရုံသည် ဣဋ္ဌမဇ္ဈတ္တဟူသော ဣဋ္ဌာရုံ ဖြစ်နေပါက ယောနိသောမနသိကာရ ရှိနေသဖြင့် ဇောမှာ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ် ကုသလဝိပါက်တဒါရုံ ထိုက်သလို ကျနိုင်၏၊ သဟိတ် အဟိတ် တဒါရုံနှစ်မျိုးလုံး ဝီထိစဉ်တစ်ခုအတွင်း၌ ကျနိုင်သည်ဟုကား အယူအဆ မမှားစေလိုပါ။ ဝီထိစဉ်တစ်ခု၏ အတွင်း၌ သဟိတ် မဟာဝိပါက်တဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက်တဒါရုံသော်လည်းကောင်း တစ်မျိုးမျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။ အကယ်၍ ဇောသည် မဟာကုသိုလ်ဉာဏသမ္ပယုတ် သောမနဿဇော ဖြစ်အံ့၊ တဒါရုံသည်လည်း မဟာဝိပါက် ဉာဏသမ္ပယုတ် သောမနဿတဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံသော်လည်းကောင်း တစ်ခုခု ကျနိုင်၏၊ အကယ်၍ ဇောသည် မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာဇော ဖြစ်အံ့၊ တဒါရုံသည်လည်း မဟာဝိပါက် ဉာဏသမ္ပယုတ် ဥပေက္ခာတဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံသော်လည်းကောင်း တစ်မျိုးမျိုးသည် ဖြစ်နိုင်၏၊ ဉာဏဝိပ္ပယုတ် သောမနဿ, ဉာဏဝိပ္ပယုတ် ဥပေက္ခာတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါ။ ဉာဏ်မပါသည်သာ ထူး၏၊

အကယ်၍ အာရုံသည် အလွန်အလိုရှိအပ်သော အတိဣဋ္ဌာရုံ ဖြစ်ခဲ့လျှင် ယောနိသောမနသိကာရ ဖြစ်နေသဖြင့် ဇော၌ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ သို့သော် သောမနဿ အဖြစ်များတတ်ပေသည်။ တဒါရုံ၌ကား မဟာဝိပါက် သောမနဿတဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ (၁)မျိုး – ပေါင်း (၅)မျိုးသော တဒါရုံတို့တွင် တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏၊

ဤရှင်းလင်းချက်များနှင့် အညီ ဇယားတွင် အဟိတ်တဒါရုံ၌ – ၁၂/၁၁ - ဟုလည်းကောင်း, ၁၁/၁၁ - ဟု လည်းကောင်း ဖော်ပြထား၏၊ ရှေ့ဂဏန်း (၁၂)မှာ အဟိတ် ကုသလဝိပါက် သောမနဿတဒါရုံ နာမ်တရားစုကို ဆိုလို၏၊ တစ်ဖန် ရှေ့ဂဏန်း (၁၁)မှာ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ နာမ်တရားစုကို ဆိုလို၏၊ နောက်ဂဏန်း (၁၁)မှာ အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက် ဖြစ်ပေါ်လာသော အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ နာမ်တရားစုကို ဆိုလို၏၊

ပုံစံတူ ရှုရန် ရုပ်အစစ်များ

၁။ သောတအကြည်
၂။ ဃာနအကြည်
၃။ ဇိဝှါအကြည်
၄။ ကာယအကြည်
၅။ အာပေါဓာတ်
၆။ ဣတ္ထိဘာဝရုပ်
၇။ ပုရိသဘာဝရုပ်
၈။ ဟဒယဝတ္ထုရုပ်
၉။ ဇီဝိတရုပ်
၁၀။ ဩဇာရုပ်

ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ်များမှာ စက္ခုအကြည်ဓာတ်နှင့် တကွ အားလုံး (၁၁)မျိုး ရှိ၏၊ မိမိ ရှုလိုသည့် အာရုံပြုလိုသည့် ရုပ်တရား ပါဝင်နေသည့် ဆိုင်ရာ ဆိုင်ရာ ရုပ်ကလာပ်တစ်ခုခုကို ဓာတ်ခွဲ၍ မိမိ အာရုံပြုလိုသော ရုပ်အစစ်ကို ရွေးထုတ်၍ အာရုံယူကာ ယင်းရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ ထိုတွင် အဇ္ဈတ္တ၌ အမျိုးသားယောဂီသည် ပုရိသဘာဝရုပ် = ပုမ္ဘာဝရုပ်ကို, အမျိုးသမီးယောဂီသည် ဣတ္ထိဘာဝရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားကိုသာ သိမ်းဆည်းရှုပွားရန် ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစုခြုံငုံ၍ကား ဘာဝရုပ် (၂)မျိုးလုံးကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားနိုင်ပေသည်။

တစ်ဖန် ဓမ္မာရုံလိုင်းစာရင်းဝင် အနိပ္ဖန္နရုပ် = ရုပ်အတု (၁၀)မျိုးတို့ကား လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာရှုကောင်းသော ရုပ်တရားများ မဟုတ်ကြပေ။ သို့အတွက် ရုပ်အတုတစ်မျိုးကို ဖြစ်စေ, အားလုံးကိုဖြစ်စေ အနိစ္စဟု ရှုသော်လည်း အနိစ္စဟု သိသော ဝိပဿနာဇောဝီထိစိတ်အစဉ်များသည် မဖြစ်နိုင်ပေ။ ဒုက္ခ အနတ္တတို့၌လည်း နည်းတူ မှတ်ပါ။ ထိုကြောင့် ရုပ်အတု တစ်မျိုး တစ်မျိုး၌ နှစ်ကြိမ်သာ ရှုပါ။ ပုံစံအားဖြင့် –

၁။ အာကာသဓာတ်ဟု ရှုပါ။ အာကာသဓာတ်ဟု ရှုနေသော စိတ်စေတသိက်တို့ကို ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုပါ။
၂။ ယင်းအာကာသဓာတ်ကို ရုပ်တရားဟု ရှုပါ။ ရုပ်တရားဟု ရှုနေသော စိတ်စေတသိက်တို့ကို ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။

ဤ၌လည်း ရှေ့ဦးစွာ ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသဓာတ်ကို မြင်အောင် ရှုပါ။ ထိုနောင်မှ ယင်းအာကာသဓာတ်ကို အာရုံယူနေသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ အောက်ပါ ရုပ်အတု အားလုံးတို့၌ ပုံစံတူပင် မှတ်သားပါ။

ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ အကောင်းအုပ်စုဇယား ရုပ်အတုကို အာရုံယူ၍ ရှုပုံ

ပုံစံတူရှုရန် ရုပ်အတု (၉) မျိုး

၁။ ကာယဝိညတ်
၂။ ဝစီဝိညတ်
၃။ ရူပဿ လဟုတာ
၄။ ရူပဿ မုဒုတာ
၅။ ရူပဿ ကမ္မညတာ
၆။ ဥပစယ [မှတ်စု ၂]
၇။ သန္တတိ
၈။ ဇရတာ
၉။ အနိစ္စတာ

ဤအထက်ပါ ရုပ်အတုများကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌လည်း မိမိရှုပွားလိုသည့် ရုပ်တရားနှင့် ရုပ်ကလာပ်တစ်ခုအတွင်း၌ အတူဖြစ်သော စိတ္တဇရုပ် သို့မဟုတ် ဥတုဇရုပ် သို့မဟုတ် အာဟာရဇရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်းရုပ်ကလာပ်ကို ဓာတ်ခွဲလျက် မိမိရှုလိုသည့် ရုပ်ကို ရွေးထုတ်၍ ရှုရန် ဖြစ်သည်။ အကြောင်းမူ ရုပ်တရားတို့မည်သည် ရုပ်ကလာပ်အလိုက်သာ အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိသောကြောင့် ဖြစ်၏၊

သို့အတွက် ရှေးဦးစွာ ရုပ်ကလာပ်ကိုမြင်အောင် ပထမရှုပါ။ ထိုနောင် ယင်း ရုပ်ကလာပ်ကို ရုပ်အမျိုးအစား (၈)မျိုးရှိက (၈)မျိုး, (၉)မျိုးရှိက (၉)မျိုး, (၁၀)မျိုးရှိက (၁၀)မျိုး – ဤသို့ စသည့် ရုပ်ပရမတ်တရားတို့ကို မြင်အောင် ဓာတ်ခွဲလျက် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် မိမိ အာရုံယူကာ သိမ်းဆည်းရှုပွားလိုသည့် စက္ခုအကြည်ဓာတ်စသော ရုပ်အစစ်, ကာယဝိညတ်စသော ရုပ်အတု တစ်ခုခုကို ရွေးထုတ်၍ ထိုရုပ်တရားက ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာသောအခါ ရှေးရှုကျရောက်လာသောအခါ ထိုရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

ဤတွင် ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇော စောသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားပုံကို ရေးသားတင်ပြပြီးလေပြီ။ ယင်းဇော နာမ်တရား, တဒါရုံ မဟာဝိပါက် နာမ်တရားတို့ကို ခေါ်ဝေါ်လွယ်ကူစေရန် သဒ္ဓါ-ပညာအုပ်စု နာမ်တရားဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ ယခု တစ်ဖန် ကုသိုလ်ဇောစောသည့် မနောဒွါရိကဇောဝီထိတို့တွင် အကျုံးဝင်သော ဝိရတိစေတသိက် အပ္ပမညာစေတသိက်တို့နှင့် ယှဉ်သော နာမ်တရားစုတို့ကို သိမ်းဆည်းပုံကို ဆက်လက်တင်ပြပေအံ့..။

  1. မှတ်ချက်---- ယခုကဲ့သို့ သောမနဿပဋိသန္ဓေ တည်နေခဲ့သူ၏ သန္တာန်၌ အလိုရှိအပ် ကောင်းမြတ်သည့် ဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက်၌သော်လည်းကောင်း, အလွန်အလိုရှိအပ် ကောင်းမြတ်သည့် ဘုရားအစရှိသော အတိဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက်၌ သော်လည်းကောင်း, အလိုမရှိအပ်သည့် မနှစ်သက်ဖွယ် အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက်၌သော်လည်းကောင်း နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်မှု အယောနိသောမနသိကာရကို အကြောင်းခံကာ ဒေါသဇော စောခဲ့သော် ယင်းဒေါသဇော၏ နောင်၌ အထက်တွင် ဖော်ပြထားသော ဥပေက္ခာသန္တီရဏ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသည် တဒါရုံနေရာ၌ အာဂန္တုကဘဝင်အဖြစ်ဖြင့် ဝင်ရောက်ကာ ဖြစ်ပေါ်သောအခါ ဇယားများတွင် စုပေါင်းကာ (၁၁/၁၁)ဟု အဟိတ် တဒါရုံအောက်တွင်ပင် ဖော်ပြထားပါသည်။ သို့သော် ယင်းဥပေက္ခာသန္တီရဏစိတ် တစ်မျိုးမျိုးသည် တဒါရုံ မဟုတ်ပါ၊ အာဂန္တုကဘဝင်သာ ဖြစ်သည်ဟု မှတ်သားပါ။ ဇယားနေရာကျဉ်းရန်အတွက် ရောနှောကာ ဖော်ပြခြင်းသာ ဖြစ်ပါသည်။ တစ်ဖန် ယင်း အာဂန္တုကဘဝင်၏ အာရုံမှာလည်း ပစ္စပ္ပုန်အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးကား မဟုတ်ပေ၊ အတိတ်က အလေ့အကျင့် များခဲ့သော အာရုံတစ်မျိုးမျိုးသာ ဖြစ်သည်။ ဇယားဆွဲရာ၌ လွယ်ကူစေရန်အတွက်သာ ယင်းပစ္စပ္ပုန်အာရုံ (၆)မျိုးတို့၏ အောက်၌ ထည့်သွင်းကာ ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ သို့အတွက် သောမနဿပဋိသန္ဓေ တည်နေခဲ့သူ၏ သန္တာန်ဝယ် အတိဣဋ္ဌာရုံကို အာရုံယူကာ အယောနိသော မနသိကာရကို အကြောင်းခံလျက် ဒေါသဇော စောခဲ့သော် ယင်းဒေါသဇော၏ နောင်၌ ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဖြစ်ပေါ်လာမှုမျိုးကို အထူးသဖြင့် ရည်ညွှန်းကာ (၁၁/၁၁) နှစ်မျိုးကို ဖော်ပြကာ ဒုတိယ (၁၁)ကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ပထမ (၁၁)မှာကား အထက်က ရှင်းပြခဲ့သည့်အတိုင်း ပစ္စပ္ပုန်အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသော ဣဋ္ဌာရုံ သို့မဟုတ် အတိဣဋ္ဌာရုံ သို့မဟုတ် အနိဋ္ဌာရုံ တစ်မျိုးမျိုးကို အာရုံယူကာ ဓမ္မတာအလျောက် ဖြစ်ပေါ်လာသည့် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ သို့မဟုတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ တစ်မျိုးမျိုးကို ရည်ညွှန်းကာ ဖော်ပြထားပါသည်။
  2. မှတ်ချက်---- ဥပစယရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ပဋိသန္ဓေ ကလလရေကြည် တည်စအခိုက်၌ ရှိသော ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါမှ ထပ်မံရှုရန် ဖြစ်သည်။