မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/တဒါရုံအကြောင်း သိကောင်းစရာ

ဝီကီရင်းမြစ် မှ

တဒါရုံအကြောင်း သိကောင်းစရာ

ယေဘုယျအားဖြင့် ကာမဇော, ကာမသတ္တဝါ, ပဉ္စဒွါရ၌ အတိမဟန္တာရုံ မနောဒွါရ၌ ဝိဘူတာရုံ ဟူသော ကာမအာရုံဖြစ်ပါမှသာလျှင် တဒါရုံကျခွင့်ရှိ၏ တဒါရုံကျနိုင်၏၊ ကာမအာရုံဟူသည် ကာမတရားအမည်ရသော ကာမ စိတ်စေတသိက်နှင့် ရုပ် (၂၈)ပါးတို့ဖြစ်ကြသည်။ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ကာမာဝစရ စိတ်စေတသိက် ဟူသော ကာမတရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာမာဝစရ မနောဒွါရိကဇောဝီထိတို့ဝယ် ကာမဇောများ၏ နောင်၌ တဒါရုံကျနိုင်၏၊ ရုပ် (၂၈)ပါးသည်လည်း ကာမတရားအမည်ရသဖြင့် ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များဝယ် ကာမဇောများ၏ နောင်၌လည်း တဒါရုံကျနိုင်၏၊ သို့သော် စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိများ၌ အာရုံသည် အတိမဟန္တာရုံ ဖြစ်ပါမှ မနောဒွါရဝီထိများ၌ ဝိဘူတာရုံ ဖြစ်ပါမှသာလျှင် တဒါရုံ ကျနိုင်၏၊ ထိုကြောင့် ယေဘုယျဟု ဆိုခြင်း ဖြစ်သည်။ ဤသတ်မှတ်ချက်အရ ပညတ်များကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များ၌ ဇောနောင်၌ တဒါရုံ မကျနိုင်ဟု မှတ်ပါ။

တစ်ဖန် ဝိဘင်းပါဠိတော်၏ အဖွင့်ဖြစ်သော သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး[မှတ်စု ၁]၌ ဤသို့ ဖွင့်ဆိုထား၏..။

“လက္ခဏာရေးသုံးတန်လျှင် အာရုံရှိသော တိလက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို မရအပ် မရနိုင်။”

ဝိပဿနာဇောများ၏ နောင်၌ တဒါရုံမကျနိုင်ဟူသော ဤအဆိုအမိန့်မှာ အားကောင်းနေသော ဗလဝ ဝိပဿနာဇောများ၏ နောင်၌သာ တဒါရုံ မကျနိုင်ဟု ဆိုလိုကြောင်းကို ဆရာမြတ်တို့က မိန့်ဆိုတော်မူကြ၏၊ အောက်ပါ ပဋ္ဌာန်းပါဠိတော်[မှတ်စု ၂] ပဋ္ဌာနအဋ္ဌကထာ[မှတ်စု ၃] ကျမ်းဂန် အဆိုအမိန့်များကို ကိုးကားတော်မူကြ၏၊

“သေက္ခ အရိယာ သူတော်ကောင်းတို့သည်လည်းကောင်း, ပုထုဇန် သူတော်ကောင်းတို့သည်လည်းကောင်း ကုသိုလ်တရားကို = ကုသိုလ်နာမ်တရားစုကို အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူကြ၏၊ ယင်းဝိပဿနာကုသိုလ်ဇော၏ နောင်၌ ယင်း ဝိပဿနာကုသိုလ်ဇော၏ အရှုခံ အာရုံဖြစ်သော ကုသိုလ်တရားကိုပင် (= ဇောယူထားသည့် အာရုံကိုပင်) အာရုံပြု၍ ကာမာဝစရ ဝိပါက်နာမ်တရားသည် ဝိပဿနာဇောက ယူထားသည့် ဝိပဿနာဉာဏ်၏ အရှုခံ ကုသိုလ်အာရုံကိုပင် အာရုံပြုခြင်းတည်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာ၏၊”

“ဤ၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ ကုသိုလ်တရားဖြစ်၏၊ ရှုတတ်သော ဝိပဿနာဇောစိတ်အစဉ်မှာလည်း ကုသိုလ်တရားပင် ဖြစ်၏၊ အရှုခံအာရုံမှာလည်း ကာမာဝစရကုသိုလ်တရားဖြစ်၍ ရှုတတ်သော ဝိပဿနာဇောမှာလည်း ကာမာဝစရ မဟာကုသိုလ်ဇောပင် ဖြစ်၏၊ ကာမဇော, ကာမသတ္တဝါ, ကာမအာရုံဟူသော အင်္ဂါသုံးရပ် ညီနေ၏၊ ယင်းဝိပဿနာဇော၏ နောင်၌ တဒါရုံကျနိုင်ကြောင်း ဒေသနာတော်လည်း ထင်ရှားရှိနေ၏၊ ယင်းဒေသနာတော်မှာ နုနယ်နေသေးသော တရုဏ ဝိပဿနာဇောကို ရည်ညွှန်းထားသည်ဟု ဆရာမြတ်တို့က မိန့်ဆိုတော်မူကြ၏၊”[မှတ်စု ၄]

ယခု ဤအပိုင်းကား ကာမတရား အမည်ရသည့် ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမျှသာ ရှိနေသေး၏၊ တကယ့်ဝိပဿနာပိုင်းသို့ပင် မရောက်ရှိသေးပေ။ ဤရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းနေသည့် ဤအပိုင်းဝယ် ရူပပရိဂ္ဂဟ ဉာဏ်ဟူသော ယင်းမဟာကုသိုလ်ဇောနာမ်တရားများ၏ နောင်၌လည်း တဒါရုံများသည် ယင်းရုပ်တရားအာရုံက ထင်ရှားသည့် ဝိဘူတာရုံ ဖြစ်ပါက ကျနိုင်သည်ဟုပင် မှတ်ပါ။

တစ်ဖန် မဟာကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက်တဒါရုံများသည်လည်း သောမနဿနှင့် ဥပေက္ခာ ထိုက်သလို ကျနိုင်၏၊ အလားတူပင် အဟိတ် သန္တီရဏတဒါရုံများလည်း ထိုက်သလို ကျနိုင်၏၊ အကုသိုလ်ဇောများ၏ နောင်၌လည်း မဟာဝိပါက်တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် ထိုက်သလိုကျနိုင်၏၊ ဤစာမူ အထက်ပါ ဇယားတွင်ကား မဟာဝိပါက်တဒါရုံတို့ကိုသာ ယေဘုယျစည်းကမ်းသို့ လိုက်၍ တင်ပြထားပါသည်။ ပုံစံတစ်ခုကို ထုတ်ပြခြင်းမျှသာ ဖြစ်သည်။ ကျန်သည့်အပိုင်းများကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘောပေါက် လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ သောမနဿဇောနောင်၌ သောမနဿတဒါရုံ ကိုလည်းကောင်း, ဥပေက္ခာဇောနောင်နှင့် ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံကိုလည်းကောင်း ချပြထားပါသည်။

မဟာဝိပါက်စိတ် (၈)မျိုးနှင့် သန္တီရဏစိတ် (၃)မျိုး = ပေါင်း (၁၁)မျိုးသော စိတ်တို့သည် ဇောယူသည့်အာရုံကို ဆက်လက်ခံယူခြင်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်ကြသည့်အတွက် တဒါရုံဟူသော အမည်ကို ရရှိကြသည်။ ဤတွင် တိဟိတ် ပုထုဇန်ပုဂ္ဂိုလ် ဖြစ်ကြသည့် ယောဂါဝစရပုဂ္ဂိုလ်များအတွက် အထူး ရည်ရွယ်၍ ဇောနောင်၌ ကျနိုင်သည့် တဒါရုံဇယား တစ်ခုကို ဖော်ပြအပ်ပါသည်။ သောတာပန် သကဒါဂါမ် အနာဂါမ် သူတော်ကောင်းတို့သည်လည်း မိမိတို့ ပယ်ပြီး ကိလေသာများကို နုတ်ပယ်၍ နည်းတူပင် မှတ်ယူနိုင်ပါသည်။

တိဟိတ် ပုထုဇန်များအတွက် တဒါရုံဇယား

ဝိပါက်အမှန် ဇောအပြန်

၁။ သဘာဝဣဋ္ဌာရုံ သဘာဝအတိဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ရသောကြောင့် ဣဋ္ဌမဇ္ဈတ္တ ခေါ်သော အလယ်အလတ်ဖြစ်သော သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ အာဝဇ္ဇန်းနှင့် ဇောမှ တစ်ပါးသော ဝီထိစိတ်များသည် မဟာဝိပါက်စိတ်နှင့် အဟိတ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရသည်။ (ပဉ္စဒွါရ၌ – ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ, မနောဒွါရ၌ တဒါရုံတို့ကို ရည်ညွှန်းထားသည်။) ဇောမှာ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။

၂။ ဘုရား အစရှိသော သဘာဝအတိဣဋ္ဌာရုံ = သဘာဝအတိုင်း အလွန် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော အာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါက် သောမနဿတဒါရုံ (၅)မျိုးသာ ကျနိုင်သည်။ ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စောနိုင်၍ အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။

၃။ သဘာဝအနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရသည် ဖြစ်၍ ထိုအနိဋ္ဌာရုံနှင့် တွေ့ကြုံသော အခါ ဇောမှာ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော, အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စော၍ ပဉ္စဒွါရဝီထိ၌ စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ, မနောဒွါရဝီထိ၌ တဒါရုံ များသည် အဟိတ် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်။ ဤသတ်မှတ်ချက်အရ အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ တစ်မျိုးသာ ကျသည်ဟု မှတ်ပါ။

  1. တိလက္ခဏာရမ္မဏိကဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)
  2. သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။
  3. ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ။ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၃၊၄၃၆၊၊)
  4. (မူလဋီ၊၁၊၁၃၁- ကြည့်ပါ။)