မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မနောဒွါရိက ကုသိုလ်ဇောဝီထိ စိတ်အစဉ်

ဝီကီရင်းမြစ် မှ
1701နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမနောဒွါရိက ကုသိုလ်ဇောဝီထိ စိတ်အစဉ်ကို သိမ်းဆည်းရှုပွားပုံဖားအောက်တောရဆရာတော်

မနောဒွါရိက ကုသိုလ်ဇောဝီထိ စိတ်အစဉ်ကို သိမ်းဆည်းရှုပွားပုံ

၁။ မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို သို့မဟုတ် မိမိနှစ်ခြိုက်ရာ အမြင့်ဆုံး သမာဓိကို ပြန်လည် ထူထောင်ပါ။ ယင်းစျာန်မှ ထလျှင်ထချင်း ..
၂။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၃။ (ပရမတ်) စက္ခုအကြည်ဓာတ်ကို လှမ်းအာရုံယူပါ။

ထိုစက္ခုအကြည်ဓာတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာသောအခါ ရှေးရှုကျရောက် လာသောအခါ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို ဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက –

၁။ စက္ခုအကြည်ဓာတ်ဟု ဆုံးဖြတ်သောအခါ,
၂။ စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ဆုံးဖြတ်သောအခါ,
၃။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း-ပျက်ခြင်းသဘောကို (အပျက်သဘောကို) အာရုံယူ၍ အနိစ္စဟု ဆုံးဖြတ်သော အခါ = ရှုသောအခါ,
၄။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် (အပျက် ဒဏ်ချက်ဖြင့်) အညှဉ်းပန်း အနှိပ်စက် ခံရသည့် သဘောကို အာရုံယူ၍ ဒုက္ခဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
၅။ ထိုစက္ခုအကြည်ဓာတ်၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ အနတ္တဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
၆။ ထိုစက္ခုအကြည်ဓာတ်၏ မကောင်းသော အဆင်း အနံ့ စသည်တို့နှင့် ရောနှောနေသည့် ရွံရှာစက်ဆုပ်ဖွယ် သဘောကို အာရုံယူ၍ အသုဘဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,

ယောနိသောမနသိကာရ ဖြစ်၍ နှလုံးသွင်းမှန်၍ ကုသိုလ်ဇောများ စောမည် ဖြစ်ပါသည်။ ထို (၆)မျိုးသော ယောနိသောမနသိကာရတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် နံပါတ်တစ် ဖြစ်သည့် စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်များကို ရှေးဦးစွာ စတင်၍ သိမ်းဆည်းကြည့်ပါ။ အသိစိတ် ဝိညာဏ်က စ၍ ဖြစ်စေ, ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ သိမ်းဆည်းနိုင်ပါသည်။

အကယ်၍ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းခဲ့သော် ယင်းအသိစိတ်တို့မှာ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် အနေဖြင့် ဖြစ်ပေါ်နေပုံကို ကြိမ်ဖန်များစွာ ဉာဏ်ဖြင့် မြင်အောင် လေ့ကျင့်ပါ။ ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဒွါရ၌ စက္ခုအကြည်ဓာတ်အာရုံသည် ရှေးရှု ကျရောက်နေသောအခါ = ထင်နေသောအခါ ယင်းမနောဒွါရကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ်များသည် တစ်ဝီထိနှင့် တစ်ဝီထိအကြားတွင် ဘဝင်များ ခြားလျက် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် စေတသိက်များကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုး၍ တိုး၍ – [အသိစိတ်-ဖဿ (၂)လုံး (၂)လုံး, အသိစိတ်-ဖဿ-ဝေဒနာ (၃)လုံး (၃)လုံး, အသိစိတ်-ဖဿဝေဒနာ-သညာ (၄)လုံး (၄)လုံး – ဤသို့ စသည်ဖြင့် တစ်စတစ်စ တိုး၍ တိုး၍] မနောဒွါရာဝဇ္ဇန်း၌ (၁၂)လုံး, ဇော အသီးအသီး၌ (၃၄)လုံးစီ, တဒါရုံ အသီးအသီး၌ (၃၄)လုံးစီ ပြည့်သည်တိုင်အောင် စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်မှုကို မြင်အောင် လေ့ကျင့်ပါ။ ထိုသို့ လေ့ကျင့်ရာ၌ နာမ်တရားများမှာ မထင်မရှား ဖြစ်လာပါက စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည် ထူထောင်ပါ။ ဉာဏ်လင်းရောင်ခြည်များ အားကောင်းလာသောအခါ မိမိ ရှုပွားနေသည့် စက္ခုအကြည်ဓာတ် ကဲ့သို့သော အာရုံနှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်းကာ နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ သိမ်းဆည်းပါ။ ဘဝင်မနောအကြည် = မနောဒွါရနှင့် အာရုံကို ပူးတွဲကာ သိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ နာမ်တရားများ မထင်ရှားတိုင်း ဤစနစ်ကို အသုံးပြုပါ။ ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်သောအခါ ယင်း နာမ်တရားတို့၏ စက္ခုအကြည်ဓာတ်အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ “နာမ်တရား နာမ်တရား’’ဟု သိမ်းဆည်းပါ။ ကြွင်းကျန်သော ယောနိသောမနသိကာရ အသီးအသီး၌လည်း နည်းတူ ရှုပါ။ ထိုသို့ ရှုရာ၌ ဇောနှင့် တဒါရုံတို့တွင် –

၁။ ရံခါ ဉာဏ်+ပီတိ နှစ်မျိုးလုံး ယှဉ်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
၂။ ရံခါ ဉာဏ်သာ ယှဉ်၍ ပီတိ မယှဉ်သည်လည်း ရှိ၏၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ် တည်း။
၃။ ရံခါ ဉာဏ်မယှဉ် ပီတိယှဉ်သည်လည်း ရှိ၏၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
၄။ ရံခါ ဉာဏ်မယှဉ် ပီတိမယှဉ်သည်လည်း ရှိ၏၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ်တည်း။ အားလုံးပေါင်းသော် (၄)ချက် ဖြစ်သည်။

စက္ခုအကြည်ဓာတ်ကို စက္ခုအကြည်ဓာတ်ဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ်- မယှဉ်သို့ လိုက်၍ (၄)ချက် လှည့်ရှုရမည် ဖြစ်သည်။ အလားတူပင် စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ရှုရာ, အနိစ္စဟု ရှုရာ, ဒုက္ခဟု ရှုရာ, အနတ္တဟု ရှုရာ, အသုဘဟု ရှုရာတို့၌လည်း (၄)ချက်စီပင် ရှုပါ။ အားလုံးပေါင်းသော် (၂၄)ကြိမ် ဖြစ်သည်။

ဤ မဟာကုသိုလ်စိတ်၌ သသင်္ခါရိက (၄)မျိုး , အသင်္ခါရိက (၄)မျိုး - နှစ်ရပ်ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုးရှိ၏၊ သသင်္ခါရိက = တိုက်တွန်းမှုရှိသော စိတ်, အသင်္ခါရိက = တိုက်တွန်းမှု မရှိသောစိတ်တို့၌ သသင်္ခါရိက အသင်္ခါရိကကို အကြောင်းပြု၍ စိတ်+စေတသိက် အရေအတွက် မကွဲပြားသဖြင့် ဤစာမူ၌ အထက်ပါအတိုင်း (၄)ချက်သာ ရှုကွက်ကို ဖော်ပြထားပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ရှုနေရင်းပင် တဖြည်းဖြည်း အသင်္ခါရိက သသင်္ခါရိက သဘောတရားများကို သဘောပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ သသင်္ခါရိက၌ ရှုကွက် (၄)ချက်, အသင်္ခါရိက၌ ရှုကွက် (၄)ချက် - နှစ်ရပ်ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုး ရှုကွက် ဖြစ်သည်။ ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌သာဖြစ်ကြသော မဟာကြိယာစိတ်တို့၌လည်း နည်းတူပင်တည်း။