မာတိကာသို့ ခုန်သွားရန်

နေမိဇာတ်တော်ကြီး/အခန်း-၀၇

ဝီကီရင်းမြစ် မှ
1941သုဝဏ္ဏသာမဇာတ်တော်ကြီး — ၇။ သုနခ ဥဿဒရက် ငရဲခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ပြုပြီးလျှင် မာတလိနတ်သားသည် ထိုငရဲကို ကွယ်စေလို၍ ခွေးကျားကြီးငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် နေမိမင်းကြီးအား ဆင်းရဲကြီးစွာခံနေရကုန်သော ငရဲသူတို့ကိုပြလေ၏။ ထို သုနခငရဲခွေးတို့သည်ကား ဆင်ပမာဏ ရှိကုန်သော ခွေးတို့သည်လည်း ရှိကုန်၏။ အချို့ကား ရဲရဲနီသော မီးတောက်မီးလျှံအဆင်းရှိကုန်၏။ အချို့ကား ရွှေသောအဆင်းရှိကုန်၏။ အချို့ကား အနီ, အရွှေ, အညို, အဖြူ၊ အမည်း အဆင်း၅-ပါးတို့ဖြင့် ပြွမ်း၍ အကြောင်အကျား ရှိကုန်၏။ ကျီးလင်းတတို့သည်လည်း ကိုယ်သဏ္ဌာန် လှည်းဘီးကြီးပမာဏရှိကုန်၏။ သွားနှုတ်သီးတို့သည် ရဲရဲညီသောသံဖြင့် ပြီး၏။ ထိုငရဲ၌ ခံရကုန်သော ငရဲသူတို့၏ကိုယ်ကား ၃-ဂါဝုတ်မျှ ပမာဏရှိကုန်၏။ ထို ငရဲသူတို့ကို ငရဲခွေးတို့သည် ရဲရဲပြောင်ပြောင် တောက်လောင်သောသံမြေအပြင်၌ ကျစေ၍ ယုန်သမင်တို့ကဲ့သို့သောအမှတ်ဖြင့် အတုံးအစိုင်ကိုက်ခဲလျက် အသားကို စားကြကုန်၏။ အချို့ကိုလည်း သံမြေအပြင်၌ ပက်လက်ထား၍ ရင်ဘတ်, မျက်နှာ, လျှာ, မျက်လုံး, အသား, အသွေးတို့ကို ကိုက်ခဲဆိတ်ဖောက် နုတ်ယူဆွဲပစ်ကာစား၍ အရိုးချည်းသာ ကျန်စေကုန်၏။ ကျီးလင်းတတို့သည်လည်း ထက်လှစွာသောသံနှုတ်သီးဖြင့် အရိုးကိုဖောက်ခွဲ၍ ခြင်ဆီတို့ကိုစားကုန်၏။ ထိုအခါ ငရဲသူတို့သည် ပြင်းစွာသောအသံဖြင့် မြည်တမ်းလျက် ပျက်တုံပြန် ဖြစ်တုံပြန် ကာလမြင့်ရှည်စွာ ခံရကြကုန်၏။ ထိုသို့ငရဲသူတို့ကို နေမိမင်းကြီးမြင်တော်မူလေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်ခြင်းရှိသည်ဖြစ်၍ မာတလိနတ်သားအား “သာမာ စ သောဏာ သဗလာ” အစရှိသော ဂါထာဖြင့် ရွတ်ဆိုတော်မူ၍ မေးတော်မူ၏။

အဓိပ္ပာယ်ကား-

“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ဤသို့သောဆင်းရဲကို ခံရကုန်သော ငရဲသူတို့ကား အဘယ်မကောင်းမှုကို ပြုခဲ့ဖူးသနည်း။ သင် သိမြင်သည့်အတိုင်း ကြားပါလော့”ဟုဆို၏။

ထိုအခါ မာတလိနတ်သားသည် နေမိမင်းကြီးအား ထိုသူတို့၏ မကောင်းမှုကို ကြားလျှောက်၍ “ယေကေစိမေ မစ္ဆရိနော” အစရှိသောဂါထာဖြင့် ရွတ်ဆို၍လျှောက်၏။

အဓိပ္ပာယ်ကား-

“မြေကြီးသေဌ်နင်း မင်းမြတ်။ နာတော်မူလော့။ ထိုငရဲသူတို့ကား လူဖြစ်သောအခါက စဉ်းလဲဝန်တို ဆဲဆိုနှုတ်ကြမ်း လူညစ်ညမ်းတစေတို့ချည်းတည်း။ ထိုသူတို့ကား မကောင်းမှုကိုရွံရှာ၍ ကောင်းရာကိုကျင့်ပါကုန်သော ရဟန်း, ပုဏ္ဏား တရားမြင်မြော် သူတော်ကောင်းတို့ကို ဆဲရေးခြင်း, မလောက်မစား မထီမဲ့မြင် ပြစ်တင်ချုပ်ချယ် ကဲ့ရဲ့ရှုတ်ချခြင်း၊ မိမိဥစ္စာစည်းစိမ်တို့ကို မစွန့်ရက်မလှူရက် ဝန်တိုခြင်းတို့ဖြင့် သူတစ်ပါးတို့နှင့်မဆက်ဆံရအောင် ပိတ်သိုခြင်း, သူတစ်ပါးတို့လှူဒါန်းသည်ကို မနာလို မနှစ်သက်သောအားဖြင့် မြစ်တားခြင်း။ ဤသို့သော မကောင်းမှုတို့ကို ပွားများစေခဲ့ဖူးသောကြောင့် ဤသို့သောဆင်းရဲ၌ ခံကြရသည် မှတ်တော်မူလော့”ဟု ကြားပေ၏။

(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သောသူတို့သည် ဝန်တိုစောင်းမြောင်းခြင်းတည်းဟူသော ဣဿာမစ္ဆရိယ ရန်သူကို သတိ, ပညာ, သဒ္ဓါ, ဝီရိယတို့ဖြင့် နိုင်နင်းအောင် နှိပ်ကွပ်ဆုံးမ၍၊ အကောင်းအမြတ်ကို ကျင့်ဆောင်ပေးသမျှသောသူတို့အား သဒ္ဓါစုံမက် နှစ်သက်မြတ်နိုးခြင်း, ပေးလှူချီးမြှောက်ခြင်း အစရှိသော ကုသိုလ်တရားတို့ကိုသာ အားထုတ်အပ်လှပေသည်ဟု မှတ်အပ်၏။)