နေမိဇာတ်တော်ကြီး/အခန်း-၀၈
ထိုငရဲကို ပြပြီးလျှင် မာတလိနတ်သားသည် သုနခငရဲကိုကွယ်စေ၍ သဇောတိငရဲကို တစ်ဖန် ရှေးရှုနှင်ပြန်သဖြင့် ဆင်းရဲကြီးစွာခံရကုန်သောသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထို သဇောတိငရဲကား ၉-ယူဇနာခန့်လောက် အလျှံပြောင်ပြောင်တောက်သော သံမြေအပြင်၌ ရဲရဲညီးသောကိုယ်ဖြင့်နင်းသွားလျက် ခံရကုန်သောငရဲသူတို့ကိုငရဲထိန်းတို့သည် ထန်းလုံးရှိလောက် တောက်လောင်သောလှံတံဖြင့် အစဉ်တစိုက်လိုက်၍ ရိုက်နှက်လျက် သံမြေအပြင်၌လဲစေပြီးလျှင် ထိုလှံတံဖြင့်ရိုက်ပုတ်၍ မုန့်မုန့်ညက်ညက် ကျေစေကုန်၏။ ဤသို့သောနည်းဖြင့် ပျက်တုံဖြစ်တုံ ဆင်းရဲကြီးစွာခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးမြင်လေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်ခြင်းရှိသဖြင့် မာတလိနတ်သားအား “သဇောတိ ဘူတာ ပထဝိံ”အစရှိသော ဂါထာဖြင့် မေးတော်မူ၏။
အဓိပ္ပာယ်ကား-
“နတ်တို့၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ရဲရဲညီသော သံမြေအပြင်၌ အလျှံတပြောင်ပြောင် တောက်လောင်သောကိုယ်ဖြင့် ထိုသို့ဆင်းရဲကို ခံရကုန်သောငရဲသူတို့သည် အဘယ်မကောင်းမှုကို ပြုဖူးသောကြောင့် ခံရလေသနည်း”ဟု မေးတော်မူ၏။
မာတလိနတ်သားသည် မိမိနတ်မျက်စိဖြင့် သိမြင်တိုင်း ကြားလို၍ “ယေ ဇီဝလောကသ္မိ သုပါပဓမ္မိနော” အစရှိသော ဂါထာဖြင့်ဆို၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“လူတို့၏အရှင်ဖြစ်တော်မူသော နေမိမင်းမြတ်။ နာတော်မူဦးလော့။ ထိုငရဲသူတို့ကား လူဖြစ်သောအခါက နှုတ်အာဘော်ကြမ်းသော လူရမ်းကားတစေတို့ချည်းတည်း။ ထိုသူတို့သည် လူ့ပြည်၌ အမျိုးကောင်းသားသမီး ဖြစ်ကုန်သောသူတို့၏ အမျိုးစာရိတ္တဖြင့် ကောင်းစွာသဘောအကျင့်ရှိသည်ကိုလည်းကောင်း၊ ပဉ္စင်္ဂ, အဋ္ဌင်္ဂစသော သီလအကျင့်တို့၌ ကောင်းစွာကျင့်ဆောက်တည်သည်ကိုလည်းကောင်း၊ သူတစ်ပါးတို့အား ပေးကမ်းလှူဒါန်းခြင်းစသော ကုသိုလ်တရားတို့၌ မွေ့လျော်ပျော်ပါးသည်ကိုလည်းကောင်း နာလိုခြင်း ရှုစိမ့်ခြင်းမရှိမူ၍၊ ထိုအလေ့အကျင့်ကောင်းကိုကျင့်ပါသော သူတော်ကောင်း အမျိုးသား, အမျိုးသမီးတို့အား ကိုယ်,စိတ်ချမ်းသာရာမရအောင် ညှဉ်းဆဲခြင်း, စောင်းမြောင်းချုပ်ချယ်ခြင်းကို ပြုကုန်၏။ ထိုသို့ မိမိတို့၌ အကျင့်မရှိသည်ဖြစ်၍ ကောင်းစွာကျင့်ပါပေသော မိန်းမ, ယောက်ျားတို့ကို ညှဉ်းဆဲချုပ်ချယ်လေ့ရှိကုန်သော မိန်းမ,ယောက်ျားတို့သည် ဤတစ်ကိုယ်လုံးတောက်လောင်သော သဇောတိငရဲ၌ ငရဲထိန်းတို့လက်မှမကွာ ဆင်းရဲကြီးစွာခံရသည် မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။
(ဤသို့ထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းတို့သည် တရားကိုစောင့်ပေသော သူတော်ကောင်းတို့အား ကိုယ့်အလိုနှင့် မပြိုင်မိဟူ၍ ညှဉ်းဆဲချုပ်ချယ်ခြင်းကို မပြုသင့်ပေဟု မှတ်အပ်၏။)