နေမိဇာတ်တော်ကြီး/အခန်း-၁၂
ထိုငရဲကို ပြပြီးလျှင် မာတလိနတ်သားသည် ဒုတိယလောဟကုမ္ဘီငရဲကို ကွယ်စေပြီး၍ ပြာပူမြစ်ငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ပြင်းစွာပင်ပန်းကုန်သောငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုတပေါဒါမြစ်ကား အလျှံတပြောင်ပြောင်တောက်သော သံမြေ၏အနီး၌ စီး၏။ နှစ်လိုမွေ့လျော်ဖွယ်ရှိသော သဲပြင်ဆိပ်ကမ်း၌ မြချမ်းအေးကြည်သော ရေ၏အရောင် ရှိ၏။ ထိုမြစ်အနီး၌ သံမြေတွင်နင်းသွားလျက် ခံရကုန်သောငရဲသူတို့သည် ပူစွာသောမီးအရှိန်ဖြင့် ရေသိပ်ခြင်း ပြင်းစွာရှိ၏။ ဤအလျှံတပြောင်ပြောင်တောက်သော သံမြေအပြင်ကိုနင်းသွားလျက် ထိုမြစ်သို့ ဆင်းသက်ကုန်လတ်သော် မြစ်ဆိပ်ကမ်းအပြင်တို့သည် အလျှံရဲရဲ တောက်လတ်ကုန်၏။ မြစ်ရေအပေါင်းတို့သည်လည်း ရဲရဲတောက်သောပြာပူတို့သာလျှင် ဖြစ်ကုန်၏။ ငရဲသူတို့သည် ရေငတ်ခြင်း ပြင်းစွာနှိပ်စက်ခြင်းကြောင့် ထိုပြာပူကိုပင်လျှင် ရေငတ်ပြေအံ့ထင်၍ သောက်ကြကုန်သဖြင့် နှုတ်ခမ်း, အာစောက်, လည်ချောင်း, ရင်, နှလုံးသည်းပွတ်, အူသိမ်, အူမတို့ကိုလောင်လျက် ထိုပြာပူတို့သည် အစာဟောင်းထွက်ရာတံခါးဖြင့် ထွက်လေကုန်သည်ကို သည်းမခံနိုင်သည်ဖြစ်၍ ငရဲသူတို့သည် လက် ၂-ဘက်ကို ထိပ်ထက်မြှောက်ချီလျက် စီစီညံညံ ပူပန်ပြင်းပြစွာ မြည်တမ်းကြကုန်၏။
ထိုသို့ ပြင်းပြစွာခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးမြင်တော်မူလေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ ပြင်းပြစွာထိတ်လန့်ခြင်းရှိသည်ဖြစ်၍ မာတလိနတ်သားအား ရှေးနည်းအတူပင်လျှင် ထိုသူတို့၏မကောင်းမှုကို မေးပြန်၏။
ထိုအခါ မာတလိနတ်သားသည်လည်း ရှေးနည်းအတူပင်လျှင် နတ်မျက်စိဖြင့် သိမြင်တိုင်း ပြန်ကြားလို၍ “ယေ သုဒ္ဓဓညံ ပလာသေန မိဿံ” အစရှိသော ဂါထာဖြင့် ကြားလျှောက်လေ၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“မင်းကျင့်တရား၌ မွေ့လျော်တော်မူသော မင်းမြတ်။ နာတော်မူဦးလော့။ ထိုငရဲသူတို့ကား လူဖြစ်သောအခါက စပါးကုန်သည် လှည့်စားတစေတို့ချည်းတည်း။ ထိုသူတို့သည် သလေးစပါး, နတ်ကောက်စပါး, မုယောစပါး, လူး, ဆပ်, ပြောင်း, ပဲ, စပါးမျိုး ၇-ပါးတို့တွင် တစ်ခုခုကိုရောင်းသောအခါ ဖွဲ,အဖျင်း,နှံညှာမပါ အစင်အကြယ်စပါးကို ဘန်းပြလျက် “ဤစပါး ဤအဖိုးဖြတ်”ဆို၍ အတိုးခံပြီးလျှင် ပေးသောအခါ စဉ်းလဲစဉ်းစားပြု၍ နှံရိုးနှံညှာ, ဖွဲ, အဖျင်း, ကျောက်စရစ်, သဲမြေမှုန့်, ဆီးသီး, ဆီးစေ့စသည်တို့ကို ရောနှောခုခံသဖြင့်လည်းကောင်း၊ တောင်းငယ်, တောင်းကြီး ချေးနှီးရောင်းစားသော် အငယ်ဝယ် သွင်းသိမ်းခံသော် အကြီး တစ်ပြန်စီးပြုသဖြင့်လည်းကောင်း၊ ရောင်းခြင်း, ဝယ်ခြင်းတို့ကိုပြုလျက် မကောင်းမှုတို့ကို အခါမပြတ်ပွားစေ၏။ ထိုသို့ မကောင်းမှုကြောင့် ဤသို့သောငရဲဆင်းရဲကိုခံရသည် မှတ်တော်မူလော့”ဟု ကြားလျှောက်လေ၏။
(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော အမျိုးသားတို့သည် ချိန်စဉ်းလဲ, တောင်းစဉ်းလဲ, အသပြာစဉ်းလဲတို့ကို မပြုမူ၍၊ “ဤသို့ပြုမှသာ ငါတို့ ဥစ္စာရတတ်မည်မဟုတ်”ဟု တစ်သက်လျာမျှတွင် ဝမ်းဝမည်ကို မရေတွက်ဘဲ အသင့်နှလုံးသွင်းလျက် ရိုးဖြောင့်မှန်ကန်စွာ တရားသဖြင့်ရှာ၍သာ အသက်မွေးရာသည်ဟု မှတ်အပ်၏။)