နေမိဇာတ်တော်ကြီး/အခန်း-၁၃
ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် ပြာပူမြစ်ငရဲကို ကွယ်စေပြီး၍ လက်နက်ငရဲကို ရှေးရှုနှင်ပြန်သဖြင့် ပြင်းစွာမြည်တမ်းလျက် ဆင်းရဲခံရကုန်သောငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ သတ္တိဟတငရဲ၌ကား စိုင်, သမင် သားဟင်းမျိုးတို့ကိုဖမ်းမိသော တောမုဆိုးကဲ့သို့ အလွန်ကြမ်းခက်ကုန်သော ငရဲထိန်းတို့သည် လှံ, သန်လျက်, ခက်ရင်း, ချွန်းတောင်း အစရှိသောလက်နက်တို့ကို စွဲကိုင်ကုန်လျက် အလျှံပြောင်ပြောင်တောက်သော သံမြေ၌ ငရဲသူတို့ကိုဝန်းရံကုန်၍ သန်လျက်ဖြင့် အပိုင်းအပိုင်းဖြတ်ခြင်း၊ လှံမဖြင့် နံပါးတစ်ဘက်မှ နံပါးတစ်ဘက်သို့ပေါက်အောင် ဖက်ရွက်ခြောက်ကိုသီသကဲ့သို့ တစ်စည်းတည်းတွန်းလှဲ၍ ထိုးဆွခြင်း၊ ချွန်းတောင်း, လှံမ, ခက်ရင်းတို့ဖြင့် ချိတ်ငင်တွန်းနှိပ်ခြင်း၊ ရိုက်နှက်ညှဉ်းဆဲခြင်းတို့ကို ပြုကုန်၏။ ထိုသို့ လက်နက်တို့ဖြင့်နှိပ်စက်လျက် ခံရကုန်သောငရဲသူတို့ကို နေမိမင်းကြီးမြင်တော်မူလေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ ပြင်းစွာတုန်လှုပ်သောနှလုံး ရှိတော်မူသည်ဖြစ်၍၊ ရှေးနည်းအတူလျှင် မာတလိနတ်သားအား ထိုငရဲသူတို့၏မကောင်းမှုကို မေးပြန်၍ မာတလိနတ်သားလည်း မိမိမြင်သည့်အတိုင်း လျှောက်ကြားလို၍ “ယေ ဇီဝလောကသ္မိ အသာဓုကမ္မိနော” အစရှိသော ဂါထာဖြင့် ဆို၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“လူတို့သေဌ်နင်း မင်းဖြစ်တော်မူသော နေမိမင်းကြီး၊ ထိုငရဲသူတို့ကား ရှေးလူဖြစ်သောအခါက ဓားပြ, သူခိုး, အဆိုးအသွမ်းတစေတို့ချည်းတည်း။ ထိုသူတို့သည် သူတစ်ပါးတို့၏ သက်ရှိသက်မဲ့ဥစ္စာတို့ကို အိမ်,ခြံစပ်,နံရံ စသည်တို့ကိုဖောက်၍ ခိုးခြင်း၊ မတရား မင်းစေတိုက်၍ခိုးခြင်း၊ အနိုင်အထက် လုယက်၍ခိုးခြင်း၊ စဉ်းလဲစဉ်စားလှည့်ပတ်၍ ခိုးခြင်းစသည်တို့ဖြင့် ရွှေ, ငွေ, ရတနာ, စပါး, ဆန်, ရေ, ဥယျာဉ်, လယ်ယာအစရှိသော သက်မဲ့ဥစ္စာ၊ ဆင်, မြင်း, ကျွဲ, နွား, ဆိတ်, ဝက်, ကြက်, ခို, ဝမ်းဘဲ အစရှိသော သက်ရှိဥစ္စာတို့ကို ခိုးယူ၍သာလျှင် အသက်မွေးဖူးကုန်၏။ ထိုသို့သောမကောင်းမှုတို့ကြောင့် ဤငရဲသူတို့သည် အလျှံပြောင်ပြောင်တောက်သော သံမြေအပြင်၌ ပြေးရာမမြင် လှင်တံ, သန်လျက်, ခက်ရင်း, လှံမတို့ဖြင့် ထိုးဆွခုတ်သတ် ဖြတ်ပိုင်းပေါက်ဆိတ်လျက် ဤသို့သောဆင်းရဲကြီးကို နှစ်လရှည်စွာ ခံရလေသည် မှတ်တော်မူလော့”ဟု ကြားလျှောက်ပေ၏။
(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည်လည်း လုယက်ခြင်းစသည်ဖြင့် ထင်ရှားသော ခိုးခြင်း, လှည့်ပတ်ခြင်းစသည်ဖြင့် မထင်ရှားသောခိုးခြင်းတို့ကို ဓမ္မရာဇ်မင်း, ယမမင်း ၂-ပါးတို့၏အာဏာကိုထောက်၍ ကြောက်ရွံ့ကြဉ်ရှောင်ကုန်ရာ၏။)