နေမိဇာတ်တော်ကြီး/အခန်း-၁၄
ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် သတ္တိဟတငရဲကိုကွယ်စေပြီး၍ အသားစုငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ပြင်းစွာပင်ပန်းကုန်သောငရဲသူတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထိုအခါ ဆင်းရဲခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးမြင်လေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ ထိတ်လန့်သောနှလုံး ရှိတော်မူသဖြင့် မာတလိနတ်သားအား မေးတော်မူလို၍ “ဂီဝါယ ဗန္ဓာ ကိဿ ဣမေ ပုနေကေ” အစရှိသော ဂါထာဖြင့် ဆိုတော်မူ၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ဤငရဲ၌လည်း တစ်ကွဲတစ်သွယ် ကြောက်မက်ဖွယ် ခြိမ်းခြောက်လျက် ငရဲထိန်းတို့၏အဆင်းအသွင်လည်း မြင်၍မျှမကောင်း၊ သံကြိုးကရိုးရိုးရဲရဲ မီးခဲအရှိန်ကလည်း တထိန်ထိန်တလျှံလျှံတောက်လျက် ဆောက်ပုတ်, ခက်ရင်း, လှင်တံ, လှံ, သန်လျက် အစရှိသောလက်နက်တို့ကိုစွဲကိုင်လျက် ငရဲသူတို့လည်ကို ချည်နှောင်ဆွဲငင် စီရင်ခတ်ပုတ် ထိုးခုတ်ကွပ်မျက် လက်နက်ကစားခြင်းနှင့် ဝင်းဝင်းညီးသောသံမြေတွင် မသေမရှင် တပင်ရှားရှား ခံရက်များရှိပါပြီ။ ဤငရဲထိန်းအပေါင်းတို့ ကောင်းစိတ်မဝင် နှိပ်စက်ချင်ခြင်း မပြေတုံဘဲ ငရဲသူများအသားကို ငါးဈေး သားဈေးတည်သကဲ့သို့ အဖို့ဖို့အစုစုပြု၍ ခင်းကျင်းတုံပြန် တစ်ဖန် ရှေးနည်းအတူလည်းကောင်း၊ ဦးခေါင်း,ကိုယ်သဏ္ဌာန် ဖြစ်တုံပျက်တုံပြန် အကြိမ်ကြိမ်ခံ၍မပြီး ကြီးစွာသောဆင်းရဲမှာ မြင့်မြဲစွာ ခံနေရလေဟန်တကား။ ထိုငရဲသူတို့သည်ကား အဘယ်သို့သော မကောင်းမှုကို ပြုဖူးကြလေသနည်း။ သိမြင်တိုင်း သင် လျှောက်ထားဦးလော့”ဟု မေးတော်မူ၏။
ထိုအခါ နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သားသည် ထိုငရဲသူတို့၏ ရှေး၌ပြုခဲ့ဖူးသောမကောင်းမှုကို နေမိမင်းကြီးအား လျှောက်ထားလို၍ “သြရဗ္ဘိကာ သူကရိကာ စ မစ္ဆိကာ” အစရှိသောဂါထာဖြင့် “ဆို၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“လူအပေါင်းတို့ကို အစိုးရတော်မူသော အရှင်နေမိမင်းကြီး။ ထိုငရဲသူတို့သည်ကား ရှေးလူဖြစ်သောအခါက တံငါ, သားထိုး, လူဆိုး, လူကြမ်းတစေချည်းတည်း။ ထိုသူတို့သည် ဆိတ်, ဝက် ကျွဲ, နွား, ဆိတ်ကုလား, ဆိတ်မြန်မာတို့ကို သတ်၍လည်းကောင်း၊ ကွန်ပိုက်, မြှုံး, မျှားစသည်တို့ဖြင့် ငါးတို့ကိုသတ်၍လည်းကောင်း ထိုတံငါသားထိုးတို့နှင့် သဟာယမိတ်ခင်ပွန်းပြုလျက် ထိုးမှုသတ်မှုတို့၌ အစုခံဝင်စား၍ အားပေးသဖြင့်လည်းကောင်း၊ ရအပ်သော သားကောင်, ငါးကောင်, သားတစ်, ငါးတစ်တို့ကို ဈေးကနားတို့၌ ဖောက်ကားကျင်းပလျက် အသက်မွေးဖူးသော မိမိတို့အကုသိုလ်သည် ထိုနှင့်တူစွာပြု၍ ယခု ငရဲ၌ ဆင်းရဲကြီးစွာ ထိုငရဲသူတို့ ခံရကုန်သည် မှတ်တော်မူလော့”ဟု လျှောက်ကြားပေ၏။
(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းတို့သည် ရှေး၌ ထိုသို့သောအမှုကို ပြုမိကျင့်မိလေသော်လည်း ပသဝေတွာ ဟူသောဝိသေသနဖြင့်ပြသောကြောင့် အာစိဏ္ဏပြု၍ ထိုမကောင်းမှုကို အဖန်တလဲလဲ ပွားစေသောသူသည်သာလျှင် သေသည်၏အခြားမဲ့၌ ထိုသို့သောဆင်းရဲသည် ဖြစ်ရာ၏။ ထိုအကုသိုလ်ကို အာစိဏ္ဏမပြုဘဲ “ငါကား ယုတ်မာသောအမှုကို ပြုမိ၏။ ဤသို့သောမကောင်းမှုကို နောင်မပြုပြီ၊ ပြုပြီးသည်ကိုလည်း ဤသို့သောအလှူသီတင်းဖြင့် ကင်းစေကွာစေ ပျောက်စေအံ့”ဟု အသင့်နှလုံးသွင်း၍ သတ္တဝါတို့အား သနားခြင်း, အလှူပေးခြင်း, သီလဆောက်တည်ခြင်း စသည်တို့ကိုပြုလျှင် ထိုအကုသိုလ်သည် ဂရုကံမဟုတ်ခြင်းကြောင့် ဝေးစွာရှိသဖြင့် အပါယ်ငရဲမှလွတ်၍ ဖွပ်လျှော်ပြီးသောပုဆိုးဖြူကဲ့သို့ သူတော်ကောင်းစင်စစ် ဖြစ်လေရာ၏။ ထိုကြောင့် ပဋ္ဌာန်းဒေသနာတော်၌ “အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပါဏံ ဟန္တွာ တဿ ပဋိဃာတာယ ဒါနံ ဒေတိ သီလံ သမာဒိယတိ ဥပေါသထကမ္မံ ကရောတိ” အစရှိသည်ဖြင့် အကုသိုလ်ကိုအမှီပြု၍ ကုသိုလ်ဖြစ်ကြောင်းကို ဟောတော်မူပေ၏။
အကုသလော၊ မကောင်းမှုဖြစ်သော။ ဓမ္မော၊ သူ့အသက်ကို သတ်ခြင်းအစရှိသော တရားသည်။ ကုသလဿ၊ ကောင်းမှုဖြစ်သော။ ဓမ္မဿ၊ အလှူပေးခြင်းအစရှိသော တရားအား။ ဥပနိဿယ ပစ္စယေန၊ အကြောင်းရင်းသတ္တိဖြင့်။ ပစ္စယော၊ ထောက်ပံ့တတ်သည်။ ဟောတိ၊ ဖြစ်၏။ ယော၊ အကြင်သူသည်။ ပါဏံ၊ သူ့အသက်ကို။ ဟန္တွာ၊ သတ်ပြီး၍။ ဝါ၊ သတ်မိသောကြောင့်။ တဿ၊ ထို ပါဏာတိပါတကံကို။ ပဋိဃာတာယ၊ ဆို့ပိတ်ထားဆီး အနီးမချဉ်းစေခြင်းငှာ။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ သီလံ၊ ပဉ္စင်္ဂသီလ, အဋ္ဌင်္ဂသီလ, ဒသင်္ဂသီလကို။ သမာဒိယတိ၊ ဆောက်တည်၏။ ဥပေါသထကမ္မံ၊ ဥပုသ်အဋ္ဌင်္ဂသီလကို။ ကရောတိ၊ ပြု၏။ ဤသည်ကား ပဋ္ဌာန်းဒေသနာတော်မြတ် ပါဌ်၏အနက်တည်း။)