ပဉ္စာဝုဓမင်းသား
သင်ခန်းစာ (၃၄)
ပဉ္စာဝုဓမင်းသား
[ပြင်ဆင်ရန်]ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးနှင့် မိဖုရားကြီးတို့၌ သားတော်လေးတစ်ပါး ဖွားမြင်လေသည်။ သားတော်လေးကို အမည်ပေးကင်ပွန်းတပ်သည့်နေ့တွင် သားတော်လေး၏ ဘဝကံ ကြမ္မာကို ပညာရှိအမတ်ကြီးများအား မေးကြ၏။ ပညာရှိအမတ်အားလုံးက သားတော်လေးသည် ကြီးမြတ်သော ဘုရင်ကြီးတစ်ပါး ဖြစ်လာပြီး ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည့်ဘဝကို ရရှိလိမ့်မည်ဟု တညီတညွတ် တည်း ဟောကြ၏။ ထို့ပြင် လက်နက်ငါးမျိုးကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည့် မင်းသားလည်း ဖြစ် လိမ့်မည်ဟု ဟောခဲ့ကြသည်။ ဘုရင်ကြီးက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ပညာရှိအမတ်တို့အား ဆုတော် လာဘ်တော်များ ချီးမြှင့်လိုက်၏။
လက်နက်ငါးမျိုးကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည့် မင်းသားဖြစ်လိမ့်မည်ဟု ပညာရှိအမတ် များက ဟောကြသောကြောင့် “ပဉ္စာဝုဓမင်းသား”ဟူ၍ နာမည်ပေးလိုက်သည်။ မင်းသားသည် အရွယ်ရောက်လာသောအခါ တက္ကသိုလ်ပြည်ရှိ ဒိသာပါမောက္ခဆရာကြီးထံ၌ ပညာသင်ကြားခဲ့သည်။ ပညာသင်ပြီး ပြန်လာချိန်တွင် ဆရာကြီးက မင်းသားကို လက်နက်ငါးမျိုး လက်ဆောင်ပေးလိုက်သည်။ မင်းသားလေးသည် ဆရာကြီးပေးလိုက်သော လက်ဆောင်ကို ယူ၍ ဗာရာဏသီပြည်သို့ ပြန်လာခဲ့၏။ တောအုပ်ကြီးတစ်ခုသို့ ရောက်သောအခါ လူအချို့က “အသင်မင်းသား ... ဤတောအုပ်ထဲတွင် စေးကပ်သော အမွေးများရှိသည့် ဘီလူးကြီးတစ်ကောင် နေထိုင်ကျက်စားနေပြီး ရောက်လာသူ မှန်သမျှ ကို သတ်ဖြတ် စားသောက်လေ့ရှိ၏၊ ဤတောအုပ်ကြီးထဲသို့ မဝင်ပါနှင့်”ဟု ပြောဆိုတားမြစ် ကြ၏။ သို့သော်လည်း မင်းသားသည် ကြောက်ရွံ့ခြင်းမရှိဘဲ ဘီလူးကြီးနှင့် ရင်ဆိုင်မည်ဟု ဆိုကာ တောအုပ် ကြီးထဲသို့ ဝင်လာခဲ့သည်။
ဘီလူးကြီးသည် မင်းသားကို တွေ့သောအခါ “ဤတောအုပ်ထဲသို့ ရောက်လာသူမှန်သမျှကို ငါ စားခဲ့၏၊ ယခု သင့်ကိုလည်း ငါ စားမည်”ဟု ကြုံးဝါးလေ၏။ မင်းသားသည် ကြောက်ရွံ့ခြင်းမရှိဘဲ ရဲစွမ်းသတ္တိအပြည့်ဖြင့် “သင့်ကို မကြောက်သောကြောင့် ဤတောထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်၏၊ ယခု သင့်ကို မြားဖြင့် ပစ်သတ်မည်”ဟု ဆိုကာ ပစ်လိုက်ရာ မြားတံသည် ဘီလူးကြီး၏ အမွေး၌ ကပ်နေလေသည်။ မင်းသားလည်း အဆက်မပြတ် ပစ်ခတ်ရာ ပစ်သမျှ မြားတို့သည် ဘီလူးကြီး၏ အမွေး၌သာ ကပ်နေ၏။ မြားများ ကုန်သွားသောအခါ ဘီလူးကြီးသည် မင်းသားအနီးသို့ ချဉ်းကပ်လာသည်။
မင်းသားက မကြောက်ဘဲ သူ့တွင်ပါလာသော သန်လျက်ကို ထုတ်၍ ဘီလူးကြီးကို ခုတ်လေ၏။ ခုတ်လိုက်သည့် သန်လျက်သည်လည်း ဘီလူးကြီး၏ အမွေးတွင် ကပ်နေပြန်သည်။ သို့သော်လည်း မင်းသား သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လှံဖြင့် ထပ်မံထိုးပြန်၏။ လှံသည်လည်း ကပ်နေပြန်သည်။ မင်းသား သည် စိတ်ဓာတ်မကျဘဲ တင်းပုတ်ဖြင့် ထပ်ထု၏။ တင်းပုတ်သည်လည်း ဘီလူး၏ ချိုင်းအောက်တွင် ရှိသော ထူထဲသည့် အမွေးများတွင် ကပ်နေပြန်သည်။
မင်းသားသည် မိမိတွင်ပါလာသော လက်နက်များ ကုန်သွားသော်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ “အသင် ဘီလူးကြီး ... ငါသည် လက်နက်ငါးမျိုးတို့ကို ပိုင်ဆိုင်သော မင်းသား ဖြစ်၏၊ သို့သော်လည်း ဤတောထဲသို့ ဝင်လာကတည်းကပင် ငါ၏ လက်နက်များကို ယုံကြည်၍ ဝင်လာခြင်း မဟုတ်၊ ကိုယ့်ကိုယ်ကို ယုံကြည် ၍ ဝင်လာခြင်း ဖြစ်၏။ ထို့ကြောင့် လက်နက်မရှိသော်လည်း သင့်ကို ချေမှုန်းနိုင်သည်”ဟု ဆိုကာ ညာလက် သီးဖြင့် ထိုးလေ၏။ ပြီးလျှင် ဘယ်လက်သီးဖြင့် ထပ်ထိုး၏။ လက်နှစ်ဖက်လုံး ဘီလူးကြီး၏အမွေးတွင် ကပ် နေပြန်သည်။ လက်နှစ်ဖက်ပြီးလျှင် ခြေထောက်ဖြင့် ထပ်ပြီးကန်ပြန်၏။ ဤသို့ဖြင့် ခြေထောက် နှစ်ဖက်လည်း ဘီလူးကြီး၏ အမွေး၌ ကပ်နေပြန်သည်။ မင်းသားသည် မိမိ၏ ခြေလက်အစုံတို့ ဘီလူးကြီး၏ အမွေးများ ၌ ကပ်နေသော်လည်း “သင့်ကို ဖုန်မှုန့်ဖြစ်အောင် ချေမှုန်းပစ်မည်”ဆို၍ ခေါင်းဖြင့် တိုက်ပြန်၏။ ခေါင်းမှာလည်း အမွေးတွင် ကပ်နေပြန်သည်။ သို့သော်လည်း ပဉ္စာဝုဓမင်းသားက ကြောက်ရွံ့ခြင်း အလျဉ်းမရှိသဖြင့် ဘီလူးကြီးသည် အံ့အားသင့်နေ၏။
သို့ဖြစ်၍ ဘီလူးကြီးက “မင်းသား ... သင့်တစ်ကိုယ်လုံး ငါ့အမွေးများတွင် ကပ်နေသော်လည်း အဘယ်ကြောင့် မကြောက်သနည်း”ဟု မေးလေ၏။ ထိုအခါ မင်းသားက “ဘီလူးကြီး .. ငါ၏ ခန္ဓာ ကိုယ်အတွင်း၌ ဓားတစ်ချောင်း ရှိ၏၊ သင်က ငါ့ကို စားသော်လည်း ထိုဓားကို ကျေညက်အောင် စားနိုင် မည် မဟုတ်၊ ထိုဓားက သင်၏ ကလီစာတို့ကို နုပ်နုပ်စဉ်းကာ ငါ သေသကဲ့သို့ သင်လည်း သေရမည် ဖြစ်သောကြောင့် ငါမကြောက်ပါ”ဟု ပြန်ဖြေလိုက်သည်။
မင်းသားပြောသည့် ဓားမှာ သူ၏ ဉာဏ်ပညာကို ရည်ရွယ်ပြီး ပြောခြင်း ဖြစ်၏။ သို့သော်လည်း ဘီလူးက ကြောက်ရွံ့ သွားပြီး မင်းသားကို မသတ်တော့ဘဲ လွှတ်ပေးလိုက်သည်။
ထိုအခါ မင်းသားက “ဘီလူးကြီး ... သင်သည် ရှေးဘဝက မကောင်းမှု အကုသိုလ်များ လုပ်ခဲ့ သဖြင့် ဤဘဝ၌ သူတစ်ပါးအသက်ကို သတ်ဖြတ်စားသောက်သည့် ဘီလူးကြီး ဖြစ်နေရ၏။ ယခုဘဝ ၌လည်း မကောင်းသည့် အကုသိုလ်အလုပ်များကို ဆက်လုပ်နေမည်ဆိုလျှင် သည့်ထက်ဆိုးသည့် ဘဝများသို့ ရောက်ရလိမ့်မည်”ဟု ဆုံးမလိုက်လေသည်။ ထိုအခါ ဘီလူးကြီးသည် “နောင်တွင် ဘယ်တော့မှ သူတစ်ပါး အသက်ကို မသတ်တော့ပါ”ဟု မင်းသားကို ကတိပေးလိုက်လေသည်။