အမည်နှင့် အရည်အချင်း
သင်ခန်းစာ (၃၅)
အမည်နှင့် အရည်အချင်း
[ပြင်ဆင်ရန်]ရှေးအခါက တက္ကသိုလ်ပြည်တွင် ဆရာကြီး တစ်ဦးထံ၌ တပည့်ငါးရာ ပညာသင်ယူနေကြ၏။ တပည့်တစ်ယောက်၏ အမည်သည် “မောင်ဆိုးပေ” ဖြစ်၏။ အခြားသူများက “ငဆိုးပေ ... ငဆိုးပေ” ဖူဟု ခေါ်ကြသောအခါ မောင်ဆိုးပေက “ငါ့ ကို ငဆိုးပေလို့ ခေါ်တာကို ကြားရတာ မင်္ဂလာ မရှိဘူး၊ နာမည် ပြောင်းပေးဖို့ ဆရာကြီးကို ပြောဦးမှပဲ”ဟု တွေးမိ၏။ ထို့နောက် ဆရာကြီးထံသို့ သွား၍ “ဆရာကြီး ... ကျွန်တော့်နာမည်က ကျက်သရေ မင်္ဂလာ မရှိဘူး၊ ကောင်းတဲ့ နာမည်တစ်ခု မှည့်ပေးပါ”ဟု ပြောလေသည်။ ဆရာကြီးက “ကောင်းပြီ၊ တစ်ရွာဝင် တစ်ရွာထွက်၊ တစ်မြို့ဝင် တစ်မြို့ထွက် လှည့်လည်ပြီး သင် လိုလားနှစ်သက်တဲ့ နာမည်ကို သွားရှာခဲ့၊ တွေ့ရင် ပြန်လာခဲ့၊ သင့်နာမည်ကို ငါ ပြောင်းပေးမယ်”ဟု ပြန်ပြောလိုက်၏။
မောင်ဆိုးပေသည် ဝမ်းသာအားရဖြင့် လိုအပ်သည်များ ယူကာ အမည်ရှာရန် ထွက်ခွာသွား ခဲ့လေသည်။ ရွာတစ်ရွာသို့ ရောက်သောအခါ အသုဘတစ်ခု ချလာသည်နှင့် ကြုံလေသည်။ ထိုအခါ မောင်ဆိုးပေက သေသူ၏ အမည်ကို စုံစမ်းကြည့်ရာ “မောင်သက်ရှည်”ဟု ခေါ်ဆိုကြောင်း သိလိုက်ရ၏။
ထိုအခါ “ဟင် ... မောင်သက်ရှည်လို့ ဆိုပြီး တော့ သေတာပဲလား”ဟု မေးလိုက်ရာ “မောင်သက် ရှည်ပဲဖြစ်ဖြစ်၊ မောင်သက်တိုပဲဖြစ်ဖြစ် အားလုံးသေ ကြရတာပဲ၊ နာမည်ဆိုတာ ပညတ်ပဲ၊ လူမှန်ရင် သေ တာပဲ၊ သင် ရူးနေသလား”ဟု လူအများက ပြက်ရယ်ပြု ကာ ပြန်ပြောကြ၏။
ထိုရွာမှ ထွက်လာပြီး မြို့တစ်မြို့သို့ ရောက်သော အခါ မိန်းမတစ်ယောက်ကို လူတစ်စုက ဝိုင်းဝန်းအပြစ် တင် ပြောဆိုနေကြ၏။ အကျိုးအကြောင်း သိလို၍ စုံစမ်းကြည့်ရာ အကြွေးမပေးနိုင်သဖြင့် အပြစ်တင်ခံနေရသည်ကို သိရလေသည်။ ထိုမိန်းမ၏ အမည်ကို စုံစမ်း ကြည့်လိုက်သည့်အခါ “မေ”ဟု ခေါ်ကြောင်း သိရပြီး “မဌေးဆိုတဲ့ နာမည်မှည့်ထားပြီး ဆင်းရဲတာပဲလား” ဟု ပြန်ပြောမိလေသည်။ “မဌေးလို့ မှည့်ထားလည်း ဆင်းရဲနိုင်တာပဲ၊ မမှည့်ထားလည်း ချမ်းသာနိုင်တာပဲ။ နာမည်ဆိုတာ ပညတ်ပဲ၊ သင်မသိဘူးလား”ဟု ဆိုကာ အားလုံးက ဝိုင်းဝန်းပြစ်တင်ပြောဆိုကြပြန်၏။
ထိုနေရာမှ ထွက်လာရာ လမ်းခရီးတွင် လမ်းမှားပြီး မှိုင်နေသော အမျိုးသားတစ်ယောက်ကို တွေ့ပြန်သည်။ အမည်ကို စုံစမ်းကြည့်ရာ “လမ်းပြကြယ်”ဟု ခေါ်ကြောင်းသိရပြီး “လမ်းပြကြယ်ဆိုပြီး လမ်းမှားရသလား”ဟု ဆိုလိုက်ပြန်၏။ “လမ်းပြကြယ်လို့ နာမည်မှည့်ထားလည်း လမ်းမှားတတ်တာပဲ၊ လမ်းမှားလို့ စိတ်ညစ်နေရတဲ့ကြားထဲ ဘာတွေလာပြောနေတာလဲ၊ သင် ရူးနေသလား”ဟု ကြိမ်းမောင်း သည့်အတွက် မောင်ဆိုးပေလည်း ထွက်ပြေးလာရပြန်သည်။
ထိုသို့ဖြင့် ဆရာကြီးထံ ပြန်ရောက်လာရာ “ဘယ်လိုလဲ ငါ့တပည့်၊ သင်နှစ်သက်တဲ့ နာမည်ကို တွေ့ပြီလား”ဟု မေးရာ မောင်ဆိုးပေက “ဆရာကြီး ... မောင်သက်ရှည်လို့ မှည့်ထားလည်း သေတာ ပဲ၊ “မဌေးလို့ မှည့်ထားလည်း ဆင်းရဲတာပဲ၊ လမ်းပြကြယ် လို့ မှည့်ထားလည်း လမ်းပျောက်တာပဲ၊ နာမည် ဆိုတာ ပညတ်ပါ၊ နာမည်ကြောင့် ဘာအကျိုးမှ မရပါ၊ အလုပ်နဲ့ အရည်အချင်းကြောင့်သာ အကျိုး ရတာကို ကျွန်တော် သိပါပြီ”ဟု ဝန်ခံ၏။ ဆရာကြီးကလည်း “မှန်တယ် ငါ့တပည့်၊ လူတစ်ယောက် အတွက် အရေးကြီးတာက နာမည်မဟုတ်ဘူး၊ သူရဲ့ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းတွေပဲ ဖြစ်တယ်”ဟု ပြောဆိုချီးကျူးကာ ဆုလာဘ်များ ပေးအပ်လိုက်လေသည်။