လူကောင်းနှင့် လူဆိုး
သင်ခန်းစာ (၃၆)
လူကောင်းနှင့် လူဆိုး
[ပြင်ဆင်ရန်]သူ့ကိုရှူတော့ကိုယ့်ကိုလောင် ဘုရားရှင်လက်ထက်တော်က တစ်ကိုယ်လုံး မီးတောက်လောင်နေသော စပါးကြီးမြွေတစ်ကောင် ရှိလေသည်။ ထိုစပါးကြီးမြွေသည် ပြိတ္တာကြီးဖြစ်၏။ ရဟန်းများသည် မြွေပြိတ္တာကြီး၏ အတိတ်ဇာတ်ကြောင်းကို သိလိုသည့်အတွက် ဘုရားရှင်အား မေးမြန်းလျှောက်ထားကြ၏။ ဘုရားရှင်သည် ထိုမြွေကြီး၏ ရှေးဘဝ၌ ပြုလုပ်ခဲ့သော အကုသိုလ်ကံကို ဟောကြားတော်မူသည်။
မြွေပြိတ္တာကြီးသည် ရှေးဘဝတစ်ခု၌ သူခိုးတစ်ယောက် ဖြစ်ခဲ့သည်။ တစ်ည၌ ခိုးရာမှအပြန် ဇရပ် တစ်ဆောင်တွင် ဝင်အိပ်လိုက်၏။ နံနက်မိုးလင်းသောအခါ ကျောင်းဒကာသူဌေးကြီးသည် ဘုရားကျောင်း တော်သို့ သွားရာ ထိုဇရပ်၌ ခဏဝင်နား၏။ သူဌေးကြီးသည် သူခိုးကို မြင်သောအခါ “ဒီလူ့ခြေထောက် တွေမှာ ရွံ့တွေပေနေပါလား၊ သူဟာ ညမှာ ကျက်စားပြီး နေ့မှာ အိပ်သူ ဖြစ်ရမယ်”ဟု ပြောမိသည်။
သူခိုးသည် သူ့ကို ဤသို့ပြောရကောင်းလားဟု စိတ်ဆိုး၍ သူဌေးကြီးအား ရန်ငြိုးထားလိုက် သည်။ ထို့နောက် အခွင့်အခါကို စောင့်၍ သူဌေး ကြီး၏ လယ်များနှင့်အိမ်ကို ခုနစ်ကြိမ်တိုင်တိုင် မီးရှို့၏။ သူဌေးကြီး၏ နွားများကို ခုနစ် ကြိမ်တိုင်တိုင် ခြေထောက်များ ဖြတ်ပစ်၏။
ထိုမျှလောက်အထိ လက်စားချေရသည်ကို ပင် မကျေနပ်နိုင်သေးဘဲ မြတ်စွာဘုရား ဆွမ်းခံကြွ ချိန်၌ သူဌေးကြီးလှူဒါန်းထားသော ကျောင်းမှ သောက်ရေအိုးများကို ရိုက်ခွဲပြီး ကျောင်း တော်ကိုပါ မီးရှို့ လိုက်သည်။ သူဌေးကြီး သည် ထိုကျောင်းတော်ကို အမြတ်နိုးဆုံးဖြစ် သော်လည်း စိတ်မဆင်းရဲသည့် အပြင် “ဒီကျောင်း မရှိတော့ရင် နောက်ထပ်ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခွင့် ရတော့မယ်၊ ဝမ်းသာ စရာပဲ”ဟု တွေးကာ ကျောင်းသစ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းသည်။
ထိုကဲ့သို့ ပစ္စည်းဥစ္စာများ ဖျက်ဆီးခံရ သော်လည်း သူဌေးကြီးသည် မတုန်လှုပ်ခဲ့ပေ။ ထိုအခါ သူခိုးသည် ပို၍ မကျေမချမ်းဖြစ်လာ ပြီး သူဌေးကြီးကို သတ်ရန် ကြံစည်တော့ သည်။ ခုနစ်ရက်လုံးလုံး စောင့်နေသော်လည်း အခွင့်မသာဘဲ ဖြစ်နေ၏။ ထိုကြောင့် ကျောင်း အလှူရေစက်ချပွဲ၌ ပရိသတ်ထဲသို့ ဝင်ရောက်လာပြီး အခွင့်ကောင်းကို ချောင်းနေပြန်သည်။ ရေစက်ချချိန်၌ သူဌေးကြီးသည် “အရှင်ဘုရား ... လူတစ်ယောက်ဟာ တပည့်တော်ရဲ့ လယ်တွေ၊ အိမ်တွေကို ခုနစ်ကြိမ်တိုင်တိုင် မီးရှို့ခဲ့ပါတယ်၊ နွားတွေကိုလည်း ခုနစ်ကြိမ်တိုင်တိုင် ဓားနဲ့ ခုတ် ခဲ့ပါတယ်၊ အခု ဒီကျောင်းတော်ကို မီးရှို့သူဟာလည်း သူပဲ ဖြစ်ပါလိမ့်မယ်၊ ဒီအလှူက ရတဲ့ ကုသိုလ်အဖို့ ကို တပည့်တော် သူ့အား အရင်ဆုံး အမျှပေးဝေပါတယ်”ဟု မြတ်စွာဘုရားအား လျှောက်ထားလိုက်သည်။
ထိုစကားကို သူခိုး ကြားသွားသောအခါ အကြီးအကျယ် နောင်တရ၍ သူဌေးကြီး၏ ခြေရင်း၌ ဝပ်စင်းကန်တော့ပြီး တောင်းပန်သည်။ သူဌေးကြီးသည် သူခိုးကို အပြစ်မယူဘဲ သည်းခံ ခွင့်လွှတ်လိုက် သည်။ သို့သော် သူပြုခဲ့ဖူးသော မိုက်ပြစ်တို့ကား သူ့ကို ခွင့်မလွှတ်ခဲ့ပေ။ သူခိုးဘဝမှ ကွယ်လွန်သောအခါ ထိုအကုသိုလ်ကံများကြောင့် အဝီစိငရဲ၌ နှစ်ပေါင်းများစွာ ခံခဲ့ရသည်။ အဝီစိငရဲမှ လွတ်မြောက်သောအခါ ဤဘဝ၌ တစ်ကိုယ်လုံး မီးတောက်လောင်နေသော မြွေပြိတ္တာ ဖြစ်လာရသည်ဟု မြတ်စွာဘုရားရှင်က အတိတ်ဘဝ ဇာတ်ကြောင်းကို ပြန်လည် ဟောကြားတော်မူသည်။