မာတိကာသို့ ခုန်သွားရန်

ပရိတ်ရွတ်ဖတ်ခြင်း

ဝီကီရင်းမြစ် မှ
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ (၁၉၇၅ ခုနှစ်)
by ဆရာသောင်းလွင်
ပရိတ်ရွတ်ဖတ်ခြင်း
2090မိရိုးဖလာလွန် ဗုဒ္ဓဘာသာ — ပရိတ်ရွတ်ဖတ်ခြင်း၁၉၇၅ ခုနှစ်ဆရာသောင်းလွင် (ဘီအေ)

ပရိတ်ရွတ်ဖတ်ခြင်း

အခန်း-၁၀

မေး။ ။ ဘုရားရှင်ကို ပန်း၊ ဆီမီး (အမွှေးတိုင်)တွေ ကပ်လှူပြီးတော့ ဘာဆက်လုပ်ပါသလဲ။

ဖြေ။ ။ ပန်း၊ ဆီမီးတွေ ဆက်ကပ်ပြီးတော့ ပရိတ်ရွတ်ကြပါတယ်။

မေး။ ။ ပရိတ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ပရိတ်ဆိုတာ ပရိတ္တဆိုတဲ့ ပါဠိဘာသာက ပြောင်းလာတဲ့ စကားလုံးဖြစ်တယ်။ အရန်အတား အကာအကွယ် အစောင့်အရှောက်လို့ အဓိပ္ပာယ်ရတယ်။ လောကီရေးရာ ကြီးပွားချမ်းသာဖို့အတွက် လုပ်ဆောင်နေကြတဲ့ လူတွေရော သံသရာမှ လွတ်မြောက်ရေးအတွက် ကျင့်ကြံအားထုတ်နေကြတဲ့ လူတွေရောဟာ ဘေးရန် အနှောင့်အယှက် ကင်းဝေးဖို့လိုတယ်။ သုတ္တန်ဒေသနာတော်တွေ ရှိတယ်။

ထိုသုတ်တွေဟာ နိကာယ်ငါးရပ်မှာ အနှံ့အပြား ပါရှိနေတယ်။ အဲဒီ အနှံ့အပြားဖြစ်နေတဲ့ ပရိတ္တသုတ်တွေကို ရဟန္တာ အရှင်သူမြတ်များက တစ်ကျမ်းတစ်ဖွဲ့အဖြစ် စုဆောင်းပြီး ပရိတ္တလို့ နာမည်ပေးခဲ့တယ်။ အဲဒီပရိတ္တဆိုတဲ့ ပါဠိနာမည်ကို ပရိတ်ကြီးလို့ မြန်မာမှုပြုခဲ့တယ်။ ပရိတ်ကြီးဟာ သုတ်အရေအတွက်အားဖြင့် (၁၁)သုတ် ရှိတယ်။ ရှေးခေတ် ဘုန်းကြီးကျောင်းပညာရေး သင်ယူမှုစနစ်အရ ကျောင်းသားတိုင်းလိုလိုဟာ ပရိတ်ကြီးကို ရကြတာများတယ်။ အခုခေတ်မှာတော့ တချို့က အကုန်ရပြီး တချို့က တစ်သုတ် နှစ်သုတ်လောက်ပဲ ရကြတယ်။ ဗုဒ္ဓဘာသာမှန်ရင်တော့ ပရိတ်ကြီးကို အနည်းနဲ့အများ ရကြတာချည်းပဲ။ မရသေးရင်လဲ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်လောက်တော့ ရအောင်ကျက်ပြီး အဓိပ္ပာယ်လဲသိအောင် ဖတ်ရှုသင့်တယ်။

မေး။ ။ ပရိတ်ရွတ်တဲ့ အစဉ်အလာဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ ပရိတ်ရွတ်တဲ့ အစဉ်အလာကတော့ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က စခဲ့ပါတယ်။ ဝေသာလီပြည်မှာ ရောဂန္တရကပ် ဆိုက်နေစဉ် ဘုရားရှင်ကို လျှောက်ထားပင့်တော့ ဘုရားရှင်ကိုယ်တော်တိုင် လိုက်ကြွချီးမြှင့်ပါတယ်။ ဝေသာလီပြည်ရောက်တော့ ရှင်အာနန္ဒာကို ရတနသုတ်ပရိတ်တွေကို သင်ပေးပြီး ရွတ်စေပါတယ်။ အန္တရာယ်တွေ ပျောက်ကင်း ချမ်းသာသွားတဲ့အခါ ဝေသာလီပြည်သားတွေကို ရတနသုတ်ဆိုင်ရာ တရား၊ သို့မဟုတ် ရတနာသုံးပါးရဲ့ ဂုဏ်ပွားများနည်းတွေကို ဟောခဲ့ပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့နောက်လဲ ရဟန္တာ မထေရ်မြတ်တွေဟာ ပရိတ်တော်တွေကို ရွတ်ဖတ်ပြီး တကာ တကာမတွေကို ချီးမြှင့်ခဲ့ပုံ ရပါတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ် ၅၀၀ လောက်မှာရေးတဲ့ မိလိန္ဒပဥှာပါဠိတော် မစ္စုပါသမုတ္တိပဥှမှာ ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ မောရသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်၊ အင်္ဂုလိမာလသုတ်တွေကို ဖော်ပြထားတယ်။ ဒီပရိတ်တွေရွတ်လို့ သေမင်းရဲ့ ဘေးရန်မှ လွတ် မလွတ် မေးဖြေထားတယ်။ အဲဒီတော့ မိလိန္ဒပဥှာ မရေးမီ အချိန်ကတည်းက အထက်ပါ ပရိတ်ကြီး ၇ သုတ်ကို ရဟန်းတော်များ ရွတ်ဖတ်၊ လူတွေက နာကြားနေကြရပြီလို့ အခိုင်အမာပြောနိုင်တယ်။ မြန်မာပြည်မှာလဲ သာသနာအစ ပုဂံခေတ် ကျန်စစ်သား နန်းတော်ဆောက်တဲ့အခါမှာ သံဃာတော်တွေပင့်ပြီး ပရိတ်ရွတ်ခဲ့တယ်။ ဒါကြောင့် ပရိတ်တော်ဟာ သာသနာ သက်တမ်းနဲ့အမျှ ကြာညောင်းခဲ့တဲ့ ဗုဒ္ဓယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ပရိတ်ကြီး ၁၁ သုတ်ဆိုလျှင် ပရိတ်ငယ် ရှိပါသလား။

ဖြေ။ ။ ပရိတ်ကြီးဟုဆိုလျှင် ပရိတ်ငယ်လဲ ရှိရမယ်လို့ ကြံဆခဲ့ကြတယ်။ ဘိုးတော်မင်းတရားကြီး လက်ထက်က ပရိတ်ကြီးနဲ့ ပရိတ်ငယ်ကို ခွဲခြားခဲ့တယ်။ ပရိတ်မွှမ်း ဂါထာတွေမှာ ပရိတ္တံ တံ ဘဏာမဟေလို့ ပရိတ္တံပါတဲ့ ရတန၊ မေတ္တ၊ ခန္ဓ၊ ဝဋ္ဋ၊ ဓဇဂ္ဂ၊ အာဋာနာဋိယ၊ အင်္ဂုလိမာလ ပရိတ်တွေကို ပရိတ်ကြီးလို့ သတ်မှတ်ပြီး၊ မင်္ဂလံ တံ ဘဏာမဟေလို့ ပရိတ္တံမပါတဲ့ သုတ်တွေကို ပရိတ်ငယ်လို့ သတ်မှတ်ခဲ့ကြတယ်။

ဒီစာရေးသူကတော့ ပရိတ်ကြီး ၁၁-သုတ်လုံးကို ပရိတ်ကြီးဆိုတဲ့ နာမည်အရ ပရိတ်ကြီးအဖြစ် ယူဆပြီး ယခုအများ ရွတ်ဖတ်နေကြတဲ့ ဓာရဏပရိတ်၊ အဘိဏှသုတ်၊ ပရိမိတ္တဇာလသုတ်၊ သမ္ဗုဒ္ဓေဂါထာ စသည်တွေဟာ ရွတ်ဖတ်ပွားများသူကို အကာအကွယ်ပေးတဲ့ သုတ်ငယ်ဖြစ်တယ်လို့ ထင်ပါတယ်။

မေး။ ။ ပရိတ်ကြီးထဲမှာ တချို့သုတ်တွေ ဘုရားဟောမဟုတ်ဘူးဆိုတာ မှန်ပါသလား။

ဖြေ။ ။ တချို့သုတ်တွေ ဘုရားဟော မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ပုဗ္ဗဏှသုတ်ဟာ အင်္ဂုတ္တုရနိကာယ်က ဘုရားဟော ဂါထာအချို့ကိုယူပြီး ဆရာတော်ကြီးများက ဂါထာအချို့ ဖြည့်စွက်စီစဉ် ထည့်သွင်းထားပါတယ်။ အာဋာနာဋိယသုတ် မူရင်းဟာ အာဏာပြင်းထန်လွန်းတဲ့ သုတ်ဖြစ်လို့ ဘီလူးစသည် ပူးကပ်မှ ရွတ်သင့်တဲ့ သုတ်ဖြစ်တယ်။ ဒီသုတ်ကို နေ့စဉ် ရွတ်လို့ရအောင် မူလ အာဋာနာဋိယသုတ်မှ ဂါထာအချို့ကိုယူကာ ဘုရားဂုဏ်တော်တွေကို ဖြည့်စွက်ပြီး ဆရာတော်ကြီးများ စီစဉ်ထားပါတယ်။ ဗောဇ္ဈင်သုတ်ဟာ ဘုရားဟောတော်မူစဉ်က စုဏ္ဏိယစကားပြေနဲ့ ဖြစ်နေလို့ ရွတ်ဖတ်ရလွယ်ကူပြီး သာယာနာပျော်ဖွယ်ဖြစ်အောင် ရှေးဆရာတော်ကြီးတွေက ဂါထာနဲ့ ပြန်စီကုံးထားပါတယ်။

ပရိတ်တော်တွေရဲ့အစက တံဘဏာမဟေ အထိ ပါဠိတွေဟာ ဘုရားဟော မူရင်းမဟုတ်ဘဲ သက်ဆိုင်ရာ ပရိတ်ရဲ့ဂုဏ်ကို ထုတ်ဖော်ချီးကျူးဖို့အတွက် ရှေးဆရာတော်ကြီးတွေ ထည့်သွင်း ရေးသားထားချက်တွေ ဖြစ်ပါတယ်။ ပရိတ်ကြီးအစ သမန္တာ စက္ကဝါဠေသု စတဲ့ နတ်ပင့်ကစပြီး အာရက္ခံဂဏှန္တု အထိဟာလဲ ရှေးဆရာတော်ကြီးတွေ စီစဉ်ထည့်သွင်းထားချက် ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကလဲ ဘုရားဟော ပါဠိတော်တွေထဲက ကောက်နုတ်ဖြည့်စွက်ထားတာ ဖြစ်လို့ အားလုံး ဘုရားဟောဖြစ်တယ်လို့ ယူဆရင်လဲ ဖြစ်ပါတယ်။

မိလိန္ဒပဥှာပါဠိတော်နဲ့ အဋ္ဌကထာတွေမှာ ပရိတ်အဖြစ် မဖော်ပြတဲ့ ဝဋ္ဋသုတ်နဲ့ မင်္ဂလသုတ်ကိုလဲ ဘုရားရှင်ရဲ့ သစ္စာပါရမီကို ဖော်ပြဖို့ လူတိုင်းကျင့်သုံးစရာ မင်္ဂလာတွေကို ဖော်ပြဖို့အတွက် မြန်မာဆရာတော်ကြီးတွေက ပရိတ်အဖြစ် ထည့်သွင်းစီစဉ်ပါတယ်။ မင်္ဂလသုတ်က ဘုရားဟောဖြစ်ပြီး ဝဋ္ဋသုတ်ကတော့ စရိယာပိဋကနဲ့ ဝဋ္ဋဇာတ်ကို ပေါင်းစပ်ပြီး စီစဉ်ထားတာ ဖြစ်ပါတယ်။

မေး။ ။ ပရိတ်နာလို့ အန္တရာယ်ကင်းနိုင်ပါသလား။

ဖြေ။ ။ ပရိတ်နာလို့ အန္တရာယ်ကင်းတာလဲ ရှိပါတယ်။ မကင်းတာလဲ ရှိပါတယ်။ ပရိတ်ရွတ်တဲ့ ပုဂ္ဂိုလ်က ပါဠိကို ပီပီသသရွတ်မယ်။ အနက်အဓိပ္ပာယ်ကို သိမယ်။ အန္တရာယ် ကင်းပါစေဆိုတဲ့ မေတ္တာစိတ်ထားနဲ့ ရွတ်မယ်။ ဒီအင်္ဂါသုံးပါးနဲ့ ညီအောင်ရွတ်ရင် ပရိတ်နာတဲ့လူကလဲ ပဉ္စာနန္တရိယကံ မထိုက်ဘူး။ မိစ္ဆာဒိဋ္ဌိအယူ မရှိဘူး။ ပရိတ်တော်ဟာ အန္တရာယ် ကင်းတယ်လို့ နှစ်နှစ်ကာကာ ယုံတယ်။ ဒီအင်္ဂါ သုံးပါးနဲ့ညီအောင် နာကြားမယ်ဆိုရင် ပရိတ်နာလို့ အန္တရာယ် ကင်းပါတယ်။

အထက်ပါ ပရိတ်ရွတ်သူ အင်္ဂါသုံးပါး၊ ပရိတ်နာသူ အင်္ဂါသုံးပါး မညီရင်တော့ ပရိတ်ဟာ အန္တရာယ်မကင်းပါဘူး။ ကိုယ့်ဘာသာကိုယ် အန္တရာယ်ကင်းအောင် ပရိတ်ရွတ်တဲ့ လူအဖို့တော့ ပါဠိပီအောင် ရွတ်မယ်။ အနက်အဓိပ္ပာယ် သိနားလည်မယ်။ ပရိတ်ဟာ အန္တရာယ် ကင်းတယ်လို့ ယုံကြည်မယ်ဆိုရင် အန္တရာယ်ကင်းပါတယ်။ အခုခေတ် အများရွတ်နေကြတာက ပါဠိလဲ မှန်ပါတယ်။ ယုံကြည်မှုလဲ ရှိပါတယ်။ ဒါပေမယ့် ပရိတ်တော်ရဲ့ အနက်အဓိပ္ပာယ်ကို မသိကြတာ များပါတယ်။ အဓိပ္ပာယ် သိနားလည်အောင် လေ့လာပြီးမှ ရွတ်ကြဖို့ လိုပါတယ်။

မေး။ ။ ဗုဒ္ဓဘာသာမှာ ဘုရားရှင်ကရော၊ သံဃာတော်များကပါ ဘာမှ မလုပ်မပေးနိုင်ဘူး။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုပြီး လူတွေ အန္တရာယ် ကင်းအောင် ဘုန်းကြီးတွေက ပရိတ်ရွတ်ပေးရတယ်ဆိုတာ မဆန့်ကျင်ဘူးလား။

ဖြေ။ ။ ဗုဒ္ဓဘာသာမှာ ဘုရားရှင်နဲ့ သံဃာတော်တွေက လူတွေအတွက် လူ နတ် နိဗ္ဗာန် ချမ်းသာသုခတွေကို ရအောင် မလုပ်မပေး နိုင်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကို ကိုယ်တိုင်လုပ်ယူမှ ရပါတယ်။ ဘုရားရှင်နဲ့ သံဃာတော်တွေကတော့ လမ်းမှန် ညွှန်ပြရုံပါပဲ။ ပရိတ်ရွတ်ပေးတယ်ဆိုတာက ကုသိုလ်ရအောင် ရွတ်ပေးတာ မဟုတ်ပါဘူး။ ဘီလူး၊ သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မင်စာ စတဲ့ ပြိတ္တာတွေ နတ်မိစ္ဆာတွေကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်ကို ကာကွယ် စောင့်ရှောက်တာသာ ဖြစ်ပါတယ်။ မိဘတွေက သားသမီးတွေ အန္တရာယ် ကင်းအောင် ကာကွယ်ပေးနိုင်သလို အစိုးရ၊ ရဲအဖွဲ့က လူကောင်းတွေကို သူခိုးဒမြဘေးမှ ကာကွယ်ပေးနိုင်သလို ဘုရားသားတော် ရဟန်းရှင်များက ဘုရားရှင်ရဲ့ မေတ္တာ သစ္စာတော်ကိုသုံးပြီး ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ ဗုဒ္ဓဘာသာတွေကို ဘေးအန္တရာယ် အမျိုးမျိုးမှ ကာကွယ်တားဆီးနိုင်ပါတယ်။

မေး။ ။ ပရိတ်ကြီး ၁၁-သုတ်မှာပါတဲ့ အကြောင်းအရာတွေဟာ အကျဉ်းချုပ်အားဖြင့် ဘာတွေပါလဲ။

ဖြေ။ ။ ပရိတ်ကြီး ၁၁-သုတ်ကို လေ့လာကြည့်တဲ့အခါမှာ ပါဝင်နေတဲ့ အဓိကအကြောင်းအရာတွေက-

(၁) ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေ

(၂) သစ္စာဓိဋ္ဌာန်ပြုချက်တွေ

(၃) မေတ္တာပို့သချက်တွေ

(၄) နတ်ကောင်း နတ်မြတ်တွေကို မေတ္တာရပ်ခံချက်တွေ ဖြစ်ပါတယ်။

မေး။ ။ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေပါတဲ့ ပရိတ်တော်ကို ရွတ်ဖတ်တာနဲ့ အန္တရာယ်ကင်းမှုဟာ ဘယ်လိုဆက်စပ်ပါသလဲ။

ဖြေ။ ။ လူသားတွေမှာ အန္တရာယ်ဟာ နှစ်မျိုးရှိပါတယ်။ မိမိဘဝ အဆက်ဆက်က ပြုခဲ့တဲ့ အကုသိုလ်ဟောင်းတွေကြောင့် ဖြစ်တဲ့ အန္တရာယ်တွေနဲ့ အစိမ်းသရဲ၊ တစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ စတဲ့ ပြိတ္တာ နတ်မိစ္ဆာ နတ်ဆိုးတွေကြောင့် ဖြစ်ရတဲ့ အန္တရာယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရတနပရိတ် ဓဇဂ္ဂပရိတ်တော်တွေဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ပြထားပါတယ်။ ဒီပရိတ်တော်တွေကို ရွတ်တဲ့အခါ နတ်ကောင်း နတ်မြတ်တွေဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ကြည်ညိုနာကြားဖို့ ပရိတ်ရွတ်တဲ့ နေရာကို လာရောက်ကြပါတယ်။ ဒီနတ်ကောင်း နတ်မြတ်တွေ ရောက်လာတဲ့အတွက် လူကို ဘေးအန္တရာယ်ပြုမယ့် အစိမ်းသရဲ နတ်ဆိုးတွေဟာ ပရိတ်ရွတ်တဲ့လူ ပရိတ်နာတဲ့လူနားကို မကပ်ဝံ့ပါဘူး။ ပရိတ်နာတဲ့သူဟာ ရတနာသုံးပါးရဲ့ ဂုဏ်ကို ယုံယုံကြည်ကြည် နာကြားတယ်။ ဂုဏ်တော်တွေကို စိတ်မှာထားပြီး ကြည်နူးနှစ်သိမ့်နေတဲ့အတွက် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ စိတ်နဲ့ရှိခိုးတဲ့ ကုသိုလ်စေတနာ ဖြစ်ပေါ်တယ်။ အဲဒီ ကုသိုလ်စေတနာဟာ ဘဝအဆက်ဆက်က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ဖြစ်မယ့် အန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်တယ်။ ဒါကြောင့် ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေပါတဲ့ ပရိတ်တော်တွေဟာ ဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ခြင်း ဖြစ်ပါတယ်။

မေး။ ။ သစ္စာဓိဋ္ဌာန် ပြုချက်တွေပါတဲ့ ပရိတ်တော်နဲ့ အန္တရာယ်ကင်းမှုဟာ ဘယ်လိုဆက်စပ်ပါသလဲ။

ဖြေ။ ။ ရတနသုတ်မှာ ရတနာသုံပါးရဲ့ ဂုဏ်တွေကို ထုတ်ဖော်ပြီးနောက် ဧတေန သစ္စဝစ္စေန သုဝတ္ထိဟောတု = ဤသစ္စာစကားကြောင့် ပရိတ်နာသူအား ချမ်းသာခြင်းဖြစ်ပါစေလို့ သစ္စာဓိဋ္ဌာန်ပြုတယ်။ ဝဋ္ဋသုတ်ပရိတ်မှာ ငုံးမင်းရဲ့ သစ္စာစကားကြောင့် တောမီးဟာ သူ့နားမရောက်ခင် ငြိမ်းသွားတယ်။ အင်္ဂုလိမာလသုတ်မှာ အင်္ဂုလိမာလထေရ်ရဲ့ သစ္စာဓိဋ္ဌာန်စကားကြောင့် ကိုယ်ဝန် လွယ်ကူစွာ ဖွားရတယ်။ ကဋ္ဌဝါဟန ဇာတ်တော်မှာ မိခင်ရဲ့ သစ္စာဓိဋ္ဌာန်ကြောင့် ကလေးငယ်ဟာ ကောင်းကင်မှာ ရပ်တည်နိုင်တယ်။ ပါရမီ ၁၀-ပါးမှာ အပါအဝင်ဖြစ်တဲ့ သစ္စာတန်ခိုးဟာ အစွမ်းထက်ပါတယ်။ ဒါကြောင့် ပရိတ်ကြီးမှာပါတဲ့ သစ္စာဓိဋ္ဌာန်ပြုချက်တွေဟာ ပရိတ်နာယူ (ကိုယ်တိုင်ရွတ်သူ) တွေအတွက် အန္တရာယ်မှ ကာကွယ်နိုင်ခြင်း ဖြစ်ပါတယ်။

မေး။ ။ မေတ္တာပို့သတာနဲ့ ဘေးအန္တရာယ်ကို ကာကွယ်တားဆီးမှုဟာ ဘယ်လို ဆက်စပ်ပါသလဲ။

ဖြေ။ ။ မေတ္တာသုတ်မှာ တောထဲမှာ တရားကျင့်နေတဲ့ ရဟန်းတော်တွေကို နတ်တွေက ခြောက်လှန့်နေတယ်။ ဘုရားရှင်က မေတ္တာသုတ် ပရိတ်ရွတ် မေတ္တာပို့သကြလို့ ဟောတော့ ရဟန်းတွေကလဲ မေတ္တာသုတ် ပရိတ်ကိုရွတ် မေတ္တာပို့သကြတော့ နတ်တွေဟာ ချောက်လှန့်မှု မလုပ်ကြဘဲ ရဟန်းတွေအပေါ်မှာ ချစ်ခင်လာကြတယ်။ ခန္ဓသုတ်မှာ နဂါးမင်းတွေကို မေတ္တာပို့လို့ မြွေကိုက် ပိုးထိခြင်း မရှိကြဘူး။ ပုဗ္ဗဏှသုတ်ဟာလဲ မေတ္တာပို့တဲ့သုတ်ပဲ။ မေတ္တာအကျိုး ဆယ့်တစ်မျိုးရှိတယ်။ မေတ္တာဆိုင်ရာ ဖွင့်ပြချက်တွေလဲ ပိဋကတ်မှာ အများအပြားရှိတယ်။ ဒါကြောင့် မေတ္တာပို့တာနဲ့ အန္တရာယ်ကင်းရခြင်း ဖြစ်ပါတယ်။

မေး။ ။ နတ်ကောင်း နတ်မြတ်တွေက လူကို အန္တရာယ်ကင်းအောင် ပြုလုပ်နိုင်ပါသလား။

ဖြေ။ ။ ဘုရားလက်ထက်တော်တုန်းက ဝေသာလီပြည်မှာ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ပါတယ်။ ဘုရားရှင်နှင့် ညီတော် အာနန္ဒာကိုယ်တိုင် ကြွသွားပြီး ဘုရားရှင်ညွှန်ကြားချက်အရ ညီတော် အာနန္ဒာကိုယ်တိုင် ရတနသုတ် ပရိတ်တော်ကို ရွတ်ပါတယ်။ ရတနပရိတ်တော်ကို နာဖို့ နတ်ကောင်း နတ်မြတ်တွေ စုဝေးရောက်လာကြတဲ့ခါမှာ မူလက ဝေသာလီပြည်သားတွေကို ဒုက္ခပေးတဲ့ နတ်ဆိုး ဘုတ် ပြိတ္တာတွေဟာ ထွက်ပြေးတိမ်းရှောင် ကြရတယ်။ နတ်ဆိုး ပြိတ္တာတွေကြောင့် ဖြစ်နေတဲ့ ကပ်ရောဂါဟာလဲ ပျောက်ကင်းကုန်ကြတယ်။ ဘုရားရှင်ဟောတဲ့ ရတနသုတ် ပရိတ်အစမှာ လူတွေဟာ သင် နတ်မြတ် နတ်ကောင်းတွေကို နေ့ရောညပါ ပူဇော်နေကြတယ်။ ကျေးဇူးတုံ့ပြန်သောအားဖြင့် လူတွေကို မေတ္တာထားပြီး မမေ့မလျော့ စောင့်ရှောက် မစကြပါလို့ ပါရှိတယ်။ ဒါကြောင့် နတ်ကောင်း နတ်မြတ်တွေ အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ခြင်း ဖြစ်တယ်။

မေး။ ။ ပရိတ်တော်ဟာ ရွတ်ရ ဖတ်ရ နာကြားရမယ့် တရားလား၊ ကျင့်ကြံအားထုတ်မယ့် တရားလား။

ဖြေ။ ။ ပရိတ်တရားတော်တွေဟာ ရွတ်ရ ဖတ်ရ နာကြားရတဲ့ တရားလဲ ဖြစ်ပါတယ်။ အားထုတ်ရတဲ့ တရားလဲ ဖြစ်ပါတယ်။

မေး။ ။ ပရိတ်တရားတော် ရွတ်ဖတ်နာကြားလို့ အကျိုးရပုံကို ယုတ္တိသာဓကနဲ့ ပြနိုင်ပါသလား။

ဖြေ။ ။ ပြနိုင်ပါတယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေကို လူတိုင်း သင်အံလေ့ကျက် မဆောင်ရွက်နိုင်ပါဘူး။ ရဟန်းသံဃာတော်များသာ ဆောင်ရွက်နိုင်ပါတယ်။ ရဟန်းသံဃာတော်များက တစ်ဆင့် ဒကာ ဒကာမတွေကို ဟောပြောပေးရပါတယ်။ ပရိတ်ရွတ်တယ်ဆိုတာက ပါဠိဘာသာနဲ့ ဟောပြောတာ ဖြစ်ပါတယ်။ ဒီလို ပါဠိဘာသာနဲ့ ဟောပြောတာကို နာတဲ့လူတွေက နားမလည်ပေမယ့် ပရိတ်တော်ဟာ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် ဒေသနာတော် ဖြစ်ပါတယ်။ နာကြားခြင်း ဓမ္မသဝနကုသိုလ် ရနိုင်ပါတယ်။ ဒီတရားနာတဲ့ ကုသိုလ်ဟာ ဘေးရန်အန္တရာယ်ကို ကာကွယ်တားဆီးနိုင်တယ်လို့ ယုံကြည်တယ်၊ ယုံကြည်တဲ့အတိုင်းလဲ တကယ်ပဲ အန္တရာယ်ကို ကာကွယ်တားဆီးပေးနိုင်တယ်။ ဒါကြောင့် ပရိတ်ရွတ်ရ ပရိတ်နာရကျိုး ရှိပါတယ်။

ဒုတိယယုတ္တိကတော့ လောကီဆရာတွေဟာ စုန်းတစ္ဆေ နတ်ဆိုးတွေ ဖမ်းစားတဲ့အခါ လောကီဂါထာမန္တရားတွေကို မန်းမှုတ်ပြီး နှင်ထုတ်နိုင်ပါတယ်။ ဂါထာမန္တရားတွေမှာ တန်ခိုးအစွမ်း ဣဒ္ဓိပါဒ်တွေ ရှိပါတယ်။ ဒီလို တန်ခိုးရှိတာဟာလဲ ဒီဂါထာမန္တန်တွေကို ရသေ့ရှစ်သောင်း ဆရာပေါင်းတွေ ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ်ဂိုဏ်း ဆရာကြီးတွေဟာ သမထကို ကျင့်ကြံအောင်မြင်ပြီးတဲ့ ပုဂ္ဂိုလ်ထူးတွေ ဖြစ်လို့ပါပဲ။

ပရိတ်တရားတော်တွေဟာ အထက်ပါ လောကီဂါထာ မန္တရားတွေထက် အဆင့်မြင့် တန်ခိုးထက်တဲ့ ဗုဒ္ဓမန္တန်တော်တွေ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ဣဒ္ဓိအစိန္တေယျ မကြံစည် မတုပနိုင်တဲ့ တန်ခိုးအနန္တနဲ့ ပြည့်စုံပါတယ်။ ဒါကြောင့် ဗုဒ္ဓမန္တန်လို့ ခေါ်ဆိုနိုင်တဲ့ ပရိတ်တော်တွေဟာ ရွတ်ဖတ်နာကြားရုံနဲ့ အန္တရာယ်ကင်း ဘေးရန်တွေ ရှင်းရခြင်း ဖြစ်ပါတယ်။

တတိယယုတ္တိကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်၊ သစ္စာတော်၊ မေတ္တာတော် ပါဝင်တဲ့ ပရိတ်တော်တွေကို ရွတ်ဖတ်တဲ့အခါမှာ သမ္မာဒေဝ နတ်တွေက လာရောက်နာကြားကြပါတယ်။ ဒီသမ္မာဒေဝနတ်တွေ လာရောက်စုဝေးတဲ့အတွက် အစိမ်းသရဲ၊ ဘီလူး၊ နတ်ဆိုးတွေဟာ အဝေးကို ရှောင်ရှားပေးရပါတယ်။ အရှိန်အဝါရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် လုံခြုံရေးတွေ စီစဉ်ချထားတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်အနီးတဝိုက် ပတ်ဝန်းကျင် တစ်ရပ်တစ်ရွာ တစ်မြို့လုံး စိတ်ချရသလိုပါပဲ။ သမ္မာဒေဝ နတ်တွေက လူသားတွကို စောင့်ဖို့ ရည်ရွယ်ပြီး လာတာမဟုတ်ပေမယ့် တရားနာဖို့ လာရင်းနဲ့ နတ်မိစ္ဆာ အစိမ်းသရဲတွေကို နှင်ပြီးဖြစ်သွားတဲ့အတွက် ပရိတ်ရွတ်တာကို နာတဲ့လူတွေဟာလဲ အန္တရာယ်ကင်း ချမ်းသာရခြင်း ဖြစ်ပါတယ်။

ရတနသုတ်ပရိတ်ကို ရှင်အာနန္ဒာရွတ်ပေးလို့ ဝေသာလီပြည်သားတွေ အန္တရာယ်ကင်းပါတယ်။ အင်္ဂုလိမာလထေင်္ရ သစ္စာပြု ပရိတ်တော်ကြောင့် မီးမဖွားနိုင်တဲ့ အမျိုးသမီးတွေ လွယ်ကူစွာ မီးဖွားနိုင်ပါတယ်။ အာဋာနာဋိယ ပရိတ်တော်ကို ရဟန်းသံဃာတွေ ရွတ်ပေးလို့ ဘုတ်တစ္ဆေ အစိမ်းသရဲ ဖမ်းစားခံနေရသူတွေ ရောဂါပျောက်ကင်း သွားခဲ့ပါတယ်။ ယနေ့လက်တွေ့လဲ ပရိတ်တော် နာယူလို့ အကျိုးခံစားနေရပါတယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်သည်အထိ ပရိတ်တော်တွေကို ရွတ်ဖတ်နာယူနေကြတာကတော့ ပရိတ်တော်ရဲ့ အကျိုးကို တကယ်လက်တွေ့ ခံစားနေရလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပရိတ်တော်တွေအပေါ်မှာ သံသယ လုံးဝမရှိဘဲ ယုံယုံကြည်ကြည် ရိုရိုသေသေ နာယူကြ၊ ရွတ်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မေး။ ။ ဘုရားရှင်ကိုယ်တော်တိုင် ပရိတ်ရွတ်ပြီး သတ္တဝါကို ကယ်တင်ခဲ့တဲ့ထုံး ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ ဒီဃလင်္ဃိမြို့နေ ပုဏ္ဏားတစ်ယောက်ဟာ သူ့ရဲ့သား ၇ ရက်ကြာပြီး သေမယ်လို့ မိတ်ဆွေ ရသေ့က ဟောလို့ ဘုရားထံ ရောက်သွားတယ်။ ဘုရားကလဲ ၇ ရက်ပဲ အသက်ရှည်မယ်လို့ ဟောတယ်။ အသက်ရှည်အောင် လုပ်လို့ရပါသလားလို့ ဆိုတော့ ဘုရားရှင်က အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး ကလေးကို အလယ်မှာထားကာ သံဃာ ၈-ပါးဖြစ်စေ၊ ၁၆-ပါးဖြစ်စေ၊ နေ့ညမပြတ် ပရိတ်ရွတ်ခိုင်းတယ်။ ၇ ရက်မြောက်ညမှာ ဘုရားရှင်ကိုယ်တိုင် ကြွရောက် ပရိတ်ရွတ်တယ်။ ပရိတ်တရားတော်ကို နာဖို့ နတ်ကောင်း နတ်မြတ်တွေ ရောက်လာတဲ့အတွက် တန်ခိုးနည်းတဲ့ နတ်တွေ၊ ဘီလူးတွေဟာ ဆုတ်ပေးရတယ်။ ဝေဿဝဏ်နတ်မင်းထံက အမိန့်ရလို့ ဒီကလေးကိုစားမယ့် အဝရုဒ္ဓက ဘီလူးဟာလဲ တန်ခိုးကြီးနတ်တွေနား မကပ်ဝံ့ဘဲ မဏ္ဍပ်နဲ့ ဝေးရာမှာ သွားနေရတယ်။ ကလေးကို စားခွင့်မရတော့ ဘုရားရှင်က အသက်ရှည်ပါစေ (ဒီဃာယုကောဟောတိ)လို့ ဆုပေးတယ်။ ဒီကလေး အသက်ရှင်လာတာ့ အသက်ရှည်အောင် လုပ်လို့ရပါသလားလို့ ရဟန်းတွေ ဆွေးနွေးတယ်။ ဘုရားရှင်က အသက်ဂုဏ်သိက္ခာကြီးတဲ့ လူတွေကို ရှိခိုးလေ့ရှိသူဟာ အသက်ရှည်ရုံမဟုတ်၊ အဆင်းလှတယ်။ ချမ်းသာတယ်၊ အင်အားကောင်းတယ်လို့ ဟောတယ်။

ဒီဝတ္ထုမှာ သိစေချင်တဲ့ လိုရင်းကတော့ ဘုရားရှင်ကိုယ်တော်တိုင် ပရိတ်ရွတ်ပြီး အသက်သေမယ့်လူတွေကို ကယ်တင်ခဲ့တယ် ဆိုတဲ့အကြောင်း ပရိတ်တရားတော်မှာ ကာကွယ်တားဆီးနိုင်တဲ့ တန်ခိုးရှိတယ်ဆိုတဲ့အကြောင်းပဲ။ ဒါကြောင့် ပရိတ်တရားတော်ကို ယုံယုံကြည်ကြည်နဲ့ နာကြားကြပါ။ တတ်နိုင်ရင် ပရိတ်တရားတော်တွေမှာပါတဲ့ ဂုဏ်တော်တွေ မေတ္တာတွေကို ပွားများကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မေး။ ။ ပရိတ်တရားတွေဟာ အကျင့်တရား ဖြစ်ပုံကို ရှင်းပြပါ။

ဖြေ။ ။ အထက်မှာ ပြခဲ့တဲ့ ပရိတ်တော်တွေထဲမှာပါတဲ့ အကြောင်းအရာ လေးမျိုးအနက်က နတ်တွေကို မေတ္တာရပ်ခံခြင်း၊ အစောင့်အရှောက် အကာအကွယ်ယူခြင်းတစ်ခုကလွဲ၍ ကျန်သုံးခုဟာ အကျင့်တရားတွေ ဖြစ်တယ်။ ဥပမာ မေတ္တသုတ်ဆိုရင် မေတ္တာပို့နည်း၊ မေတ္တာစိတ်ထားနည်းကို ဖော်ပြခဲ့တဲ့ သုတ်ဖြစ်တယ်။ ညွှန်ကြားခဲ့တဲ့အတိုင်း တကယ် မေတ္တာစိတ်ထား၊ မေတ္တာဘာဝနာ ပွားနေမယ်ဆိုရင် မေတ္တသုတ်ပရိတ်ကို ရွတ်ဖတ်နာယူနေတာထက် ကုသိုလ်အကျိုး ပိုရဖို့ရှိတယ်။ ပရိတ်ရွတ် ပရိတ်နာတဲ့ ဓမ္မဒေသနာ - ဓမ္မသဝန ကုသိုလ်ထက် မေတ္တာ ဘာဝနာကုသိုလ်က ပိုအကျိုးရှိတယ်။

ရတနသုတ်ပရိတ်ဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ညွှန်ထားတဲ့ သုတ်ဖြစ်တယ်။ အဲဒီမှာပါတဲ့ ရတနာသုံးပါးဂုဏ်တွေကို အောက်မေ့ပွားများနေမယ်ဆိုရင် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိဆိုတဲ့ အနုဿတိ ဘာဝနာသုံးပါးကို ပွားများရာ ရောက်ပါတယ်။

အာဋာနာဋိယသုတ်၊ ပုဗ္ဗဏှသုတ် စတဲ့ပရိတ်တော်တွေကလဲ ရတနာသုံးပါး ဂုဏ်တော်ကို ဖော်ထုတ်ချီးကျူး ပူဇော်ထားတာတွေပါပဲ။ ဒီဂုဏ်တော်တွေကို အကာအကွယ်ပြု ဆုတောင်းထားတာပါပဲ။ မေတ္တာတရား ပွားများနည်းတွေကို ဟောကြားထားတာပါပဲ။ မင်္ဂလသုတ်ဆိုရင် လူတိုင်း နေ့စဉ် ကျင့်ရမယ့် ကျင့်ဝတ်တွေကို မင်္ဂလာလုပ်ငန်းအဖြစ်နဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိတ်တော်တွေကို ရွတ်လဲရွတ်ကြပါ။ လက်တွေ့ကျင့်နိုင်အောင် အနက်အဓိပ္ပာယ်နဲ့ ကျင့်ကြံပွားများနည်းတွေကို ဟောပေးကြပါ။ ပရိတ်တရားတော်ကို နာလဲ နာကြပါ။ အဓိပ္ပာယ်သိအောင် အားထုတ်ပြီး လက်တွေ့ ကျင့်ကြံအားထုတ်မှုလဲ ပြုလုပ်ကြပါလို့ တိုက်တွန်းသတိပေးပါတယ်။

မေး။ ။ သမန္တာစက္ကဝါဠေသုဟာ နတ်တွေကို တရားနာဖို့ ပင့်တဲ့ဂါထာဖြစ်တယ်။ ပရိတ်ရွတ်ခါနီး နတ်တွေကို ပင့်တာ ဘုရားအလိုတော်ကျ ဟုတ်ရဲ့လား။

ဖြေ။ ။ နတ်တွေကို တရားနာဖို့ပင့်တာ ဘုရားရှင်ရဲ့ အလိုတော်ကျ ဖြစ်ပါတယ်။ သမန္တာစက္ကဝါဠေသု စတဲ့ နတ်ပင့်ဂါထာကို ရှေးဆရာတော်ကြီး ရေးထားတာပါ။ ဒီလိုရေးတာကလဲ အလွတ်သက်သက် မဟုတ်ပါဘူး။ ဘုရားရှင် ကိုယ်တော်တိုင် ရတနသုတ် ပရိတ်ကို ဟောတဲ့နေရာမှာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ဖော်ပြ သစ္စာမပြုမီမှာ ယာနိဓဘူတာနိ သမာဂတာနိ စတဲ့ ဂါထာနဲ့ နတ်အပေါင်းဟာ နှစ်သက်ရွှင်လန်းပြီး ငါဘုရားရဲ့ တရားတော်ကို ရိုသေစွာ နာယူကြကုန်လော့လို့ တိုက်တွန်းတယ်။ အဲဒီ ရတနသုတ် အစကိုကြည့်ပြီး ပရိတ်ရွတ်ခါနီး နတ်တွေ အဆင်သင့်ဖြစ်နေအောင်၊ အဆင်သင့်ရောက်အောင် သမန္တာ စက္ကဝါဠေသုဂါထာနဲ့ နတ်တွေကိုပင့်ဖို့ ရှေးဆရာတော်တွေ စီစဉ်တာဖြစ်တယ်။ ဘုရားအလိုတော်ကျလဲ ဖြစ်တယ်။

မေး။ ။ လူတွေက နတ်တွေကို ပူဇော် ပသ ထိုက်ပါသလား။

ဖြေ။ ။ ဘုရားရှင်က လူတွေဟာ နတ်တွေကို ပူဇော်ပသနိုင်တယ်လို့ ဟောတယ်။ အင်္ဂုတ္တုရ်ပါဠိတော်မှာ လူတွေဟာ မိမိကြိုးစား ရှာဖွောထားတဲ့ ပစ္စည်းဥစ္စာနဲ့ ဗလိငါးပါးကို ပူဇော်ရမယ်။ အဲဒီ ဗလိငါးပါးထဲမှာ ဒေဝတာဗလိလို့ ခေါ်တဲ့ နတ်တွေကို ပူဇော်ပသမှု ပြုရမယ်လို့ ပါတယ်။ ဒီလို ဗလိငါးပါးကို ပြုလုပ်ခြင်းဖြင့် စည်းစိမ်ဥစ္စာ တိုးတက်ကြောင်း ဖြစ်တယ်လို့ ဟောထားပါတယ်။ အပရိဟာနိယ ခေါ် တိုးတက်ကြီးပွားရေး တရား ၇-ပါးထဲမှာ မိမိတို့ ပူဇော်ပသမြဲဖြစ်တဲ့ နတ်တွေကို ဝတ္တရားမပျက် ပူဇော်ပသရမယ်လို့ ဟောထားပါတယ်။

ဝိနည်းမဟာဝါမှာလဲ ပညာရှိပုဂ္ဂိုလ်ဟာ သီလဝန္တရဟန်းတော်ကို ဆွမ်းလုပ်ကျွေးရမယ်။ နတ်တွေကို ပူဇော်ပသ အမျှဝေရမယ်။ အပူဇော်ခံတဲ့ နတ်တွေဟာ သူတို့ပူဇော်တဲ့ လူတွေကို ကျေးဇူးတုံ့ပြန်ကြတယ်။ သူတို့ မြတ်နိုးတဲ့ လူသားကို သားသမီးရင်းပမာ အမြဲတမ်း စောင့်ရှောက်လေ့ရှိတယ်။ နတ်တွေ အစောင့်အရှောက် ခံရတဲ့လူဟာ ကောင်းမြတ်တဲ့ အာရုံတွေကိုသာ တွေ့ကြုံရတယ်လို့ ဟောထားတယ်။ ကြက်ဆူပင်စောင့်နတ်ကို ဆန်ကွဲမှုန့်နဲ့ ပူဇော်တဲ့အတွက် ကြက်ဆူပင်စောင့်နတ်က ကျေးဇူးတုံ့ဆပ်တဲ့ အနေနဲ့ ရွှေအိုးတွေ တူးဖော်ပေးတယ်လို့ ဇာတ်တော်မှာ ဟောထားတယ်။

ဘုရားရှင်ဟာ လူတွေက နတ်တွေကို ပူဇော်ပသနေတာကို ကိုယ်တွေ့မျက်မြင်ဖြစ်တဲ့ ရတနသုတ်အစမှာ လူတွေဟာ သင်နတ်မင်းတို့ကို နေ့ရောညပါ ပူဇော်ပသနေကြသားပဲ။ ဒါကြောင့် လူသားတွေကို မေတ္တာထားပြီး မမေ့မလျော့ စောင့်ရှောက်ကြကုန်လော့လို့ တိုက်တွန်းပြီးမှ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ထုတ်ဖော်ဟောကြား ထားပါတယ်။ ဒါကြောင့် လူတွေဟာ နတ်တွေကို ပူဇော်ပသ သင့်ပါတယ်။

မေး။ ။ နတ်တွေကို ပူဇော်ပသရမယ် ဆိုတာက နတ်တွေကို ကိုးကွယ်ရမယ်လို့ ဆိုလိုပါသလား။

ဖြေ။ ။ ပူဇော်ပသရမယ်ဆိုတာက ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ ဗလိဆိုတာက ပေးကမ်းထောက်ပံ့ခြင်း၊ ကျွေးမွေးခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဗလိ ၅-ပါးမှာ ဒေဝတာဗလိ - နတ်တွေကို ပသခြင်း၊ အတိထိဗလိ - ဧည့်သည်ကို ကျွေးမွေးခြင်း၊ ဉာတိဗလိ - ဆွေမျိုးတွေကို ပေးကမ်းခြင်း၊ ပုဗ္ဗပေတဗလိ - ကွယ်လွန်သူ ဆွေမျိုးတွေအတွက် လှူဒါန်းအမျှဝေခြင်း၊ ရာဇဗလိ - အစိုးရကို အခွန်ဆောင်ပေးခြင်း ဆိုပြီး ဗလိ ၅-ပါး ပေးကမ်းထောက်ပံ့ခြင်း ၅-ပါးကို ပြပါတယ်။ နတ်တွေကို ပူဇော်တယ်ဆိုတာက နတ်တွေကို စားဖွယ်သောက်ဖွယ်နဲ့ တင်မြှောက်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုပြီးတဲ့အခါ အမျှဝေခြင်းကို လုပ်တာပါပဲ။ ဒါကြောင့် မြန်မာတွေက ဗလိနတ်စာ ကျွေးတယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

နတ်တွေကို မကိုးကွယ်ရဘူးဆိုတဲ့ အကြောင်းကိုတော့ ဓမ္မပဒမှာ အတိအလင်း ဟောထားပါတယ်။ အဂ္ဂိဒတ္တရသေ့ဟာ တော၊ တောင်၊ ဥယျာဉ်၊ သစ်ပင်ကြီးတွေ နတ်ကွန်းတွေကို ကိုးကွယ်ဖို့ လူတွေကို ဟောတယ်။ ဒါကို ဘုရားရှင်သိတော်မူတော့ ဒီလို တော၊ တောင်၊ ဥယျာဉ်၊ သစ်ပင်ကြီး၊ နတ်ကွန်းတွေကို ကိုးကွယ်မှုဟာ ဘေးကင်းသော မြတ်သော ကိုးကွယ်မှု မဟုတ်၊ ဒီလို ကိုးကွယ်မှုကြောင့် ဒုက္ခအပေါင်းမှ မလွတ်နိုင်။ ရတနာသုံးပါးကိုသာ ကိုးကွယ်ခြင်းဟာ ဘေးကင်းသော မွန်မြတ်သော ကိုးကွယ်မှုဖြစ်တယ်။ ဒီရတနာသုံးပါးကို ကိုးကွယ်မှသာ ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာမယ်လို့ ဟောထားတယ်။ ဒါကြောင့် နတ်တွေကို မကိုးကွယ်ရဘူး၊ တင်မြှောက် ပသရမယ်။ အမျှဝေ မေတ္တာပို့ရမယ်။ နတ်တွေကို ရှိခိုးကန်တော့ဖို့ မလိုကြောင်း၊ နတ်ကိုယ်တိုင် ကုန်သည်တွေကို ပြောတဲ့စကားအရ ဝိမနာဝတ္ထု အဋ္ဌကထာမှာ ဖော်ပြထားတာကို တွေ့ရတယ်။

အခါတစ်ပါး ကုန်သည်တွေဟာ လှည်းပေါင်း တစ်ထောင်နဲ့ ကုန်ပစ္စည်းများ တင်ဆောင်ပြီး ကုန်ကူးကြရာ၊ သဲကန္တာရမှာ မျက်စိလည် လမ်းမှားပြီး အတိဒုက္ခရောက်နေကြလို့ အဲဒီ သဲကန္တာရထဲမှာ ဒုက္ခရောက်နေကြတဲ့ လူတွေကို စောင့်ရှောက်ဖို့ ဝေဿဝဏ်နတ်မင်းရဲ့ စေခိုင်းချက်အရ ဗိမာန်နဲ့ ရောက်ရှိနေတဲ့ ပါယာသိရာဇည နတ်တစ်ဦးက ကယ်တင်လိုက်တယ်။ အဲဒီ ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားကို စပ်တဲ့အနေနဲ့ ကုန်သည်တွေက အဲဒီနတ်ကို ရှိခိုးကန်တော့ပသဖို့ ခွင့်တောင်းကြတယ်။ နတ်က ဘာပြောလိုက်သလဲဆိုရင် “အမောင်ကုန်သည်တို့၊ အကျွန်ုပ်ကို ဂရုစိုက် ပူဇော်ဖို့ မလိုပါ၊ သင်တို့ဟာ သူ့အသက် သတ်ခြင်းစတဲ့ မကောင်းမှုကို ရှောင်ကြဉ်ပြီး တရားတော်နဲ့လျော်စွာ အလှူပေးခြင်း၊ ဥပုသ်စောင့်ခြင်း စတဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြမယ်ဆိုရင် အကျွန်ုပ်ကို ပူဇော်ရာ ရောက်ပေတယ်။ အခုသင်တို့ကို ကယ်တင်တာဟာလဲ သင်တို့အထဲမှာ ရတနာသုံးပးကို ရိုသေကိုင်းညွှတ်တဲ့ ဥပါသကာတစ်ယောက် ပါလာတယ်။ အဲဒီသူတော်ကောင်း တစ်ယောက်အတွက် ကျန်တဲ့သူ အားလုံးဟာလဲ အသက်ချမ်းသာရာ ရကြတယ်။ ဒါကြောင့် အကျွန်ုပ်နတ်ကို ဂရုစိုက်ပြီး ကန်တော့နေစရာ မလိုဘူး”လို့ ပြောလိုက်တယ်။

မေး။ ။ နတ်တွေက မေတ္တာထားပြီး စောင့်ရှောက်အောင် ပူဇော်ပသရမယ်လို့လဲ ဆိုတယ်၊ နတ်တွေကို ကိုးကွယ်လို့ ဘေးမကင်းဘူးလဲ ဆိုတယ်၊ စကားနှစ်ရပ် ဆန့်ကျင်မနေဘူးလား။

ဖြေ။ ။ မဆန့်ကျင်ပါဘူး။ လူအချင်းချင်းတောင်မှ ပေးကမ်းထောက်ပံ့ ချီးမြှင့်ထားမယ်ဆိုရင် ကိုယ့်မှာ ကိစ္စပေါ်တဲ့အခါ အကူအညီ ရနိုင်ပါတယ်။ နတ်တွေကို တင်မြှောက်ပသထားတဲ့အတွက် နတ်တွေက မေတ္တာထားပြီး စောင့်ရှောက်ရင် အစိမ်း သရဲ နတ်ဆိုးတွေရဲ့ ဘေးရန်က လွတ်ကင်းနိုင်ပါတယ်။ နတ်တွေက ဒီလောက်ပဲ ကူညီနိုင်ပါတယ်။ ဒီအကူအညီလောက် မျှော်မှန်းပြီးတော့ပဲ နတ်တွေကို ပူဇော်ပသကြတာ ဖြစ်ပါတယ်။

ကိုးကွယ်တယ်ဆိုတာက လူချမ်းသာ၊ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာအတွက် အခုဘဝချမ်းသာ၊ နောင်တမလွန်ချမ်းသာအတွက် ဖြစ်ပါတယ်။ ဒီအခုဘဝ နောက်ဘဝ ချမ်းသာကိုတော့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မှသာ ရနိုင်ပါတယ်။ ဘုရားမပွင့်မီနဲ့ ဘုရားရှင် လက်ထက်တော်မှာ တော၊ တောင်၊ ဥယျာဉ်၊ သစ်ပင်ကြီး၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြတဲ့ လူတွေရဲ့ ရည်ရွယ်ချက်က ဒီလိုကိုးကွယ်လိုက်ရင် တောစောင့်နတ်၊ တောင်စောင့်နတ်တွေက စောင့်ရှောက်စောင်မလို့ စည်းစိမ်ဥစ္စာ ရတနာတွေတိုးမယ်၊ နောက်ဘဝအတွက်လဲ ချမ်းသာအောင် ကောင်းကင်ဘုံ ရောက်အောင် ငရဲကလွတ်အောင် ကယ်တင်လိမ့်မယ်လို့ မျှော်လင့်ကိုးကွယ်ကြတယ်။ အမှန်မှာတော့ နတ်တွေဟာ စည်းစိမ်ဥစ္စာလဲ မပေးနိုင်ဘူး။ နောင်တမလွန် သုခကိုလဲ မဖန်တီးနိုင်ပါဘူး။ အထက်မှာ ပြခဲ့သလို အစိမ်းသရဲ နတ်ဆိုးတွေရဲ့ ဘေးရန်က ကာကွယ်ပေးနိုင်တာလောက်ပဲ ရှိပါတယ်။ လူသားတွေဟာ ကိုယ့်ကိုယ်ကို ကိုယ်အားမကိုးဘဲ ကိုယ်ပြူသမျှကံသာလျှင် အမွေအနှစ်ဖြစ်တယ်လို့ မခံယူဘဲ နတ်ကွန်းတွေကို ရှိခိုးဆုတောင်းပြီး ပျင်းမနေအောင်လို့၊ တောတောင်သစ်ပင် နတ်တွေကို ကိုးကွယ်ဆည်းကပ်မနေအောင်လို့၊ ဒီနတ်စသည် ကိုးကွယ်မှုဟာ ဘေးကင်းမွန်မြတ်တဲ့ ကိုးကွယ်နည်းမဟုတ်ဘူးလို့ ဟောပါတယ်။ အခုလောက်ရှင်းပြရင် ပူဇော်ပသတာနဲ့ ကိုးကွယ်ဆည်းကပ်တာ မတူတဲ့အကြောင်း သဘောပေါက်လောက်ပါပြီ။

ဒီလောက် အစွမ်းထက်တဲ့ လောကီလောကုတ္တရာအကျိုး ၂-ပါးကို ရစေနိုင်တဲ့ မေတ္တာသုတ်ပရိတ်ကို ရွတ်ပါ။ အောက်ပါ အဓိပ္ပာယ်တွေကို ဆင်ခြင် ပွားများပါ။ ရွတ်ဖို့ပါဠိနဲ့ ပွားများဖို့ မြန်မာလို အကျဉ်းချုပ်ကို ယှဉ်တွဲပြလိုက်ပါတယ်။

(မြန်မာပြန် အတိအကျ မဟုတ်ပါ။ လိုရင်းအကျဉ်း ဖြစ်ပါတယ်။ ဆင်ခြင်ပွားများရ လွယ်အောင်လို့ စကားပြော အရေးပုံစံနဲ့ ပြလိုက်တယ်။)

၁။ ယဿနုဘာဝတော ယက္ခာ၊ နေဝဒေဿန္တိ ဘီသနံ။ ယမှီစေဝါနု ယုဥ္ဖန္ထော၊ ရတ္တိန္ဒိဝ မဟန္ဒိတော။

၂။ သုခံ သုပတိ သုတ္တောစ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘာဏာမ ဟေ။

မေတ္တသုတ်ပရိတ်တော် တန်ခိုးတော်ကြောင့် နတ်တွေက မခြောက်မလှန့်ကြတော့ မေတ္တသုတ် ပရိတ်တော်ကို နေ့ညဉ့်မပြတ် ရွတ်ဖတ်ပွားတဲ့လူတွေဟာ ချမ်းသာစွာ အိပ်ရတယ်။ အိပ်မက်ဆိုးများ မမြင်မက်ကြစတဲ့ ဂုဏ် ၁၁-ပါးနှင့် ပြည့်စုံတဲ့ မေတ္တသုတ်ကို ငါတို့ ရွတ်ဖတ်ကြကုန်စို့။

၃။ ကရဏိယ မတ္ထကုသလေန၊ ယန္တသန္တံ ပဒံအဘသမေစ္စ၊ သက္ကောဥဇူစ သုဟုဇူစ၊ သုဝစောစဿ မုဒုအနတိမာနီ။

ငြိမ်းအေးသော နိဗ္ဗာန်ကို မျက်မှောက်ပြုလိုပြီး အကျိုးစီးပွားလိမ္မာသူဟာ သိက္ခာသုံးပါးကို ကျင့်သုံးရမယ်။ ကျင့်စွမ်းနိုင်ရမယ်၊ ဖြောင့်မတ်ရမယ်၊ အလွန်ဖြောင့်မတ်ရမည်၊ ဆုံးမလွယ်ရမည်၊ စိတ်နူးညံ့ရမယ်၊ မာန်မာန မကြီးရ။

၄။ သန္တုဿကောစ သုဘရောစ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ၊ သန္တိန္ဒြိယောစ နိပကောစ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

ရောင့်ရဲလွယ်ရမယ်၊ မွေးမြူလွယ်ရမည်၊ ကိစ္စနည်းပါးရမည်၊ ပေါ့ပါးသွက်လက်ရမည်၊ ငြိမ်သက်တဲ့ ဣန္ဒြေရှိရမည်၊ ပညာဉာဏ် ရင့်ကျက်ရမည်၊ ယဉ်ကျေးသိမ်မွေ့ရမည်၊။ လူတို့၌ တွယ်တာမက်မောခြင်း မရှိရဘူး။

၅။ နစ ခုဒ္ဒမာစရေကိဉ္စိ၊ ယေန ဝိညူ ပရ ဥပဝဒေယျုံ၊ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ပညာရှိတို့ ကဲ့ရဲ့ပြစ်တင်မည့် မကောင်းမှု ဒုစရိုက်ကို အသေးအဖွဲ အနည်းငယ်မျှပင် မပြုလုပ်ရဘူး။ သတ္တဝါမှတ်သမျှကို ချမ်းသာကြပါစေ၊ ဘေးရန်ကင်း၍ အေးချမ်းသာယာကြပါစေ၊ စိတ်ချမ်းသာကြပါစေလို့ (မေတ္တာပို့ရမယ်)။

၆။ ယေကေစိ ပါဏဘူတတ္ထိ၊ တသာဝါ ထာဝရာဝ နဝသေသာ၊ ဒီဃာဝါယေဝ မဟန္တာာ၊ မဇ္ဈိမာ ရဿကာ အဏုကတူလာ။

၇။ ဒိဋ္ဌာဝါ ယေဝ အဒိဋ္ဌာ၊ ယေဝဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသံဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ထိတ်လန့်တတ်တဲ့ ပုထုဇဉ်သေက္ခ၊ မထိတ်လန့်တတ်တဲ့ ရဟန္တာ။ ရှည်သော၊ တိုသော၊ ကြီးသော၊ ဝိုင်းသော၊ အလတ်စားဖြစ်သော၊ ငယ်သော သတ္တဝါများ၊ အဝေးအနီးရှိ သတ္တဝါများ၊ မြင်ဖူး မမြင်ဖူးသည့် သတ္တဝါများ၊ ပဋိသန္ဓေ ပြန်မနေရသည့် ရဟန္တာ၊ ပြန်နေမည့် ပုထုဇဉ် သေက္ခပုဂ္ဂိုလ်များ၊ လောကရှိ ဤသတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၈။ နပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္တစိနကိဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

တစ်ယောက်ကို တစ်ယောက် စဉ်းလဲကောက်ကျစ် လှည့်ပတ်မှု မပြုကြပါစေနဲ့၊ ဘယ်အရပ်မှာ ဘယ်ပုဂ္ဂိုလ်ကိုမဆို မထီမဲ့မြင် မပြုကြပါစေနဲ့၊ တစ်ယောက်ကို တစ်ယောက် ကိုယ်နှုတ်ဖြင့်လည်းကောင်း၊ ဒေါသစိတ်ဖြင့်လည်းကောင်း ဆင်းရဲအောင် မလုပ်ပါစေနဲ့။

၉။ မာတာယထာ နိယံ ပုတ္တ-မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

မိခင်သည် တစ်ဦးတည်းသော မိမိရင်သွေးကို အသက်နှင့်လဲကာ ကာကွယ်စောင့်ရှောက်သလို သတ္တဝါများအပေါ် အတိုင်းမသိ မေတ္တာစိတ်ကို ပွားနိုင်ကြပါစေ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓောစ တိရိယဉ္စ၊ အဘမ္ဗာဓံ အဝေရ မသပတ္တံ။

အထက်ဘဝဂ် အောက်အဝီစိနဲ့ အလယ်ဘုံတွေရှိ သတ္တဝါတွေအပေါ်မှာ အပိုင်းအခြားမရှိ ကျယ်ပြန့်တဲ့ မေတ္တာစိတ်နဲ့ အတွင်းရန် အပြင်ရန်တွေ ကင်းကြပါစေ (လို့ ပွားများပါ။)

၁၁။ တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝတဿဝိတ မိဒ္ဓေါ၊ ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။

မေတ္တာစျာန်သတိနဲ့ နေတာကို မြတ်သောနေခြင်း ဖြစ်တယ်လို့ ဘုရားရှင် ဟောထားတဲ့အတွက် ရပ်ရင်း၊ သွားရင်း၊ ထိုင်ရင်း၊ လဲလျောင်းရင်း၊ အိပ်မငိုက်တဲ့အခါ မေတ္တာဘာဝနာ ပွားများနေကြရမယ်။

၁၂။ ဒိဋ္ဌဉ္စ အနုပဂမ္မ၊ သီလဝါဒဿနေန သမ္ပန္နော၊ ကာမေသု ဝိနေယျဝေဓံ၊ နဟိ ဇာတုဂ္ဂဗ္ဗသေယျ ပုနရေတိ။

ထိုပထမစျာန်ကို ရပြီးတဲ့ယောဂီဟာ အတ္တဒိဋ္ဌိ အစွဲမရှိအောင် ပြုပြီးနောက် သေတာပတ္တိမဂ်ဉာဏ်ကို ရ၍ ဝတ္ထုအာရုံ ကာမဂုဏ်တွေကို ပယ်ရှင်းနိုင်တဲ့အတွက် တစ်ဖန် ပဋိသန္ဓေနေစရာ မရှိတော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။

+++++++++++++++++++++++++++++++++++++