မာတိကာသို့ ခုန်သွားရန်

ပသာဒဗဟုလဗြာဟ္မဏဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၆-ဗြာဟ္မဏဝဂ်။ ၁-ပသာဒဗဟုလဗြာဟ္မဏဝတ္ထု

၃၈၃။ ဆိန္ဒ သောတံ ပရက္ကမ၊ ကာမေ ပနုဒ ဗြာဟ္မဏ။
သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏တရားကို နာရ၍ အလွန်ကြည်ညိုသဖြင့် နေ့တိုင်း တဆယ့်ခြောက်ပါးသော ရဟန်းတို့အား “ရဟန္တာအရှင်မြတ်များ ထိုင်တော်မူပါ ကြွတော်မူပါ”ဟု ပြောဆိုလျက်နေသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဗြာဟ္မဏ၊ သူတော်ကောင်း။ ပရက္ကမ၊ လုံ့လပြု၍။ သောတံ၊ တဏှာတည်းဟူသော အလျဉ်ကို။ ဆိန္ဒ၊ ဖြတ်လော့။ ကာမေ၊ ဝတ္ထုကာမ ကိလေသာကာမတို့ကို။ ပနုဒ၊ နုတ်ပယ်လော့။ ဗြာဟ္မဏ၊ သူတော်ကောင်း။ သင်္ခါရာနံ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့၏။ ခယံ၊ ကုန်ရာကို။ ဉတွာ၊ သိ၍။ အကတညူ၊ ရွှေစသည်တို့ဖြင့် မပြုပြင်အပ်သော နိဗ္ဗာန်ကို သိသူသည်။ အသိ၊ ဖြစ်ပါလော့။

စကားပြေ

အို သူတော်ကောင်း-လုံ့လပြု၍ တဏှာတည်းဟူသောအလျဉ်ကို ဖြတ်လော့၊ ဝတ္ထုကာမ ကိလေသာကာမတို့ကို နုတ်ပယ်လော့၊ အို သူတော်ကောင်း-ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ကုန်ဆုံးရာကို သိ၍ ရွှေစသည်ဖြင့် မပြုပြင်အပ်သော နိဗ္ဗာန်ကို သိသူဖြစ်ပါလော့။

ဆိန္ဒ သောတံ ပရက္ကမ—၌ သောတအရ တဏှာတည်းဟူသော အလျဉ် ရ၏။
ကာမေ ပနုဒ ဗြာဟ္မဏ—၌ ဝတ္ထုကာမ ကိလေသာကာမ နှစ်ပါးသည် ကာမအရ ဖြစ်သည်။
ဗြာဟ္မဏ—ဟူသည် ရဟန္တာကိုခေါ်ဝေါ်သော အာလုပ်ပုဒ်ဖြစ်သည်။
သင်္ခါရာနံ—ခန္ဓာငါးပါးရ၏။
အကတညူသိ—၌ အကတအရ ရွှေစသည်တို့ဖြင့်မပြုပြင်အပ်သော နိဗ္ဗာန်ရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အကတညူ = အကတံ (နိဗ္ဗာနံ) ဇာနာတီတိ အကတညူ။ အကတ+ဉာ+ရူ။

ပသာဒဗဟုလဗြာဟ္မဏဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၆-ဗြာဟ္မဏဝဂ်

၁-ပသာဒဗဟုလဗြာဟ္မဏဝတ္ထုပါဠိဂါထာ

၆၈၀။ ဆိန္ဒ သောတံ ပရက္ကမ္မ, ကာမေ ပနုဒ ဗြာဟ္မဏ၊
သင်္ခါရာနံ ခယံ ဉတွာ, အကတညူသိ ဗြာဟ္မဏ။

ဗြာဟ္မဏ၊ အို...မကောင်းမှုတို့ကို မျောစေပြီးသူ! ပရက္ကမ္မ၊ ဉာဏ်ယှဉ်ကြီး မား, လုံ့လအားဖြင့်, ကြိုးစားအားထုတ်၍။ သောတံ၊ တဏှာတည်းဟူသော ရေအလျဉ် ကို။ ဝါ၊ တဏှာတည်းဟူသော အနှောင်အဖွဲ့ကို။ [ရှေ့နည်း သုဓာတ် သန္ဒနအနက်, နောက် နည်း ဗန္ဓနအနက်။ အပ၊ဋ္ဌ၊၁၊၃၁၅။ သံ၊ဋီ၊၁၊၁၄၈။] ဆိန္ဒ၊ ဖြတ်လော။ ကာမေ၊ ဝတ္ထု ကိလေသာ, ၂-ဖြာသောကာမတို့ကို။ ပနုဒ၊ ပယ်ရှားလော။ ဗြာဟ္မဏ၊ သူ! (ဧဝံ သန္တေ၊ ဤသို့ ဖြစ်လသော်။ တွံ၊ သင်သည်။) သင်္ခါရာနံ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့၏။ ခယံ၊ ကုန်ခြင်းကို။ ဉတွာ၊ သိ၍။ အကတညူ၊ ရွှေစသော တစ်စုံတစ်ခုဖြင့် မပြုလုပ်အပ် သော နိဗ္ဗာန်ကို သိသူသည်။ အသိ၊ ဖြစ်၏။ (ပါ-၃၈၃)

၁။အကတညူ။ ။ အကတံ နိဗ္ဗာနံ ဇာနာတီတိ အကတညူ။[ဧတေန(ဤအကတညူ သဒ္ဒါဖြင့်) နိဗ္ဗာနမဟာနဂရန္တိ နေယျတ္ထဝစနံ ဂဟေတွာ လောကေ မဟာရာဇဋ္ဌာနိနဂရံ ဝိယ နိဗ္ဗာနံ နာမ သဗ္ဗရတနမယံ အဋ္ဋမာလပါသာဒါဒိသမ္ပန္နံ မဟာနဂရန္တိ ဝဒန္တာနံ မိစ္ဆာဝါဒံ ပဋိက္ခိပတီတိ ဒဋ္ဌဗ္ဗံ၊-ဓမ္မဋီ။]

ပသာဒဗဟုလဗြာဟ္မဏဝတ္ထုဂါထာနိဿယပြီးပြီ။