မာတိကာသို့ ခုန်သွားရန်

ပါဝေယျကဟတ္ထိဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၃-နာဂဝဂ်
၆-ပါဝေယျကဟတ္ထိဝတ္ထု
၃၂၇။ အပ္ပမာဒရတာ ဟောထ၊ သစိတ္တမနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ၊ ပင်္ကေ သန္တောဝ ကုဉ္ဇရော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ စစ်ဆင်သည် ငယ်စဉ်က ခွန်အားအလွန်ကောင်းသော်လည်း အိုမင်းလာသောအခါ ညွှန်များသောအိုင်တွင်နစ်နေ၍ မတက်နိုင်သည်ကို စစ်တက်ရန် စည်ဖြင့် အားပေးသောအခါ ညွှန်မှ ထလာနိုင်သော ပါဝေယျကဆင်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပါဝေယျကဆင် ညွှန်မှထလာနိုင်ကြောင်း လျှောက်ထားသောရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

အပ္ပမာဒရတာ၊ မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ သစိတ္တံ၊ မိမိစိတ်ကို။ အနုရက္ခထ၊ စောင့်ရှောက်ကြကုန်လော့။ ပင်္ကေ၊ ညွှန်၌။ သန္နော၊ နစ်နေသော။ ကုဉ္ဇရော၊ ဆင်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒုဂ္ဂါ၊ ညွှန်မှ။ ဥဒ္ဓရတိ ဝိယ၊ ထုတ်သကဲ့သို့။ တုမှေ၊ သင်တို့သည်။ ဒုဂ္ဂါ၊ ကိလေသာညွှန်မှ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥဒ္ဓရထ၊ ထုတ်နုတ်ကုန်လော့။

စကားပြေ

မမေ့မလျော့ အပ္ပမာဒတရား၌ မွေ့လျော်ကြလော့၊ မိမိစိတ်ကိုစောင့်ရှောက်ကြလော့၊ ညွှန်မှနစ်နေသောဆင်သည် မိမိကိုယ်ကို ညွှန်မှထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွှန်မှ မိမိကိုယ်ကို ထုတ်နုတ်ကြလော့။
ညွှန်ပျောင်း၌နစ်နေသောဆင်သည် လက်တို့ဖြင့်လည်းကောင်း ခြေတို့ဖြင့်လည်းကောင်း လုံ့လပြု၍ ညွှန်ပျောင်းမှလွတ်မြောက်အောင် မိမိကိုယ်ကို ထုတ်ဆောင်၍ ကြည်းကုန်း၌တည်စေသကဲ့သို့ သင်တို့သည် ကိလေသာဟူသော ညွှန်ပျောင်းမှ နိဗ္ဗာန်ဟူသောကုန်း၌ တည်စေရမည်။

ပါဠိသဒ္ဒါခက်ဆစ်

သစိတ္တံ = သဿ အတ္တနော စိတ္တံ သစိတ္တံ။ သ + စိတ္တ။
ပင်္ကေ = ကမ္မံ စလနေ ကော၊ ကမ္မဿ ပံ အာဒေသော။ ကမ္မတိ စလတီတိ ပင်္ကော။ ကမ္မ + တ။
ပါဝေယျကဟတ္ထိဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၃-နာဂဝဂ်

၆-ပါဝေယျကဟတ္ထိဝတ္ထုပါဠိဂါထာ

၅၉၀။ အပ္ပမာဒရတာ ဟောထ, သစိတ္တမနုရက္ခထ၊
ဒုဂ္ဂါ ဥဒ္ဓရထ’တ္တာနံ, ပင်္ကေ သန္နောဝ ကုဉ္ဇရော။

(တုမှေ၊ သင်တို့သည်။) အပ္ပမာဒရတာ၊ မမေ့လျော့ကြောင်း ကောင်းသော သတိတရား၌ မွေ့လျော်သူတို့သည်။ [နပ္ပမဇ္ဇတိ ဧတေနာတိ အပ္ပမာဒေါ (ဒီ၊ဋီ၊၁၊၁၄၃)။ အပ္ပမာဒေ+ရတာ အပ္ပမာဒရတာ။] ဟောထ၊ ဖြစ်ကြလော။ သစိတ္တံ၊ မိမိ၏စိတ်ကို။ အနုရက္ခထ၊ စောင့်ရှောက်ကြလော။ ပင်္ကေ၊ ညွန်ဗွက်၌။ သန္နော၊ နစ်မြုပ်နေသော။ ကုဉ္ဇရော၊ ဆင်ပြောင်သည်။ ဒုဂ္ဂါ၊ ခဲယဉ်းသဖြင့် သွားအပ်သော ပကတိညွန်ဗွက်မှ။ [ဒုက္ခေန+ ဂန္တဗ္ဗောတိ ဒုဂ္ဂေါ၊ ဒု+ဂမု+ကွိ။ သုတ္တနိ၊ဋ္ဌ၊၂၊၁၁၅။] အတ္တာနံ၊ မိမိကိုယ်ကို။ (ဥဒ္ဓရတိ) ဣဝ၊ ထုတ်ဆောင်သကဲ့သို့။ (ဧဝံ၊ တူ။) ဒုဂ္ဂါ၊ ကိလေသာညွန်ဗွက်မှ။ အတ္တာနံ၊ ကို။ ဥဒ္ဓရထ၊ ထုတ်ဆောင်ကြလော။ (ပါ-၃၂၇)

ပါဝေယျကဟတ္ထိဝတ္ထုဂါထာနိဿယပြီးပြီ။