ပိယဒဿီဘုရားရှင်
၁၆။ ပိယဒဿီဗုဒ္ဓဝင်
[ပြင်ဆင်ရန်]သုဇာတဘုရားရှင် ပွင့်တော်မူသော ကပ်ကမ္ဘာကုန်ဆုံးခဲ့ပြီးနောက် ဘုရားမပွင့်သော သုညကမ္ဘာ များစွာလွန်ခဲ့ပြီးမှ ဘုရားသုံးဆူပွင့်တော်မူသော ဝရကမ္ဘာ တစ်ခုပေါ်ခဲ့သည်။ ထိုဝရကမ္ဘာသည် ဤဘဒ္ဒကမ္ဘာမှပြန်၍ ရေသော် ကမ္ဘာ ပေါင်း တစ်ထောင့်ရှစ်ရာအထက်၌ ဖြစ်ခဲ့သည်။ ထိုဝရကမ္ဘာ တွင် ပိယဒဿီမြတ်စွာဘုရား၊ အတ္ထဒဿီ မြတ်စွာဘုရား၊ ဓမ္မဒဿီမြတ်စွာ ဘုရားဟူ၍ ဘုရားသုံးဆူ ပွင့်တောမူခဲ့ရာ ရှေးဦးစွာ ပွင့်တော်မူသော ဘုရားရှင်မှာ ပိယဒဿီမြတ်စွာ ဘုရားဖြစ်ခဲ့သည်။
ပိယဒဿီဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း
[ပြင်ဆင်ရန်]ပိယဒဿီ ဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့၏။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သား အား ဘုံသုံးပါးတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော် သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာနတ် ပြည်မှ စုတေ၍ လူ့ပြည် သုဓညဝတီ နေပြည်တော် သုဒတ္တမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ စန္ဒာဒေဝီ မိဖုရားခေါင်ကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့လေသည်။ ဆယ်လလွန်မြောက် အချိန်ကာလ ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော် မင်းသားကို ဝရုဏဥယျာဉ်တော်ကြီး အတွင်း၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော် မင်းသား ပဋိသန္ဓေနေ တော်မူသောအခါ၊ ဖွားမြင် တော်မူသောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့် အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် ဓမ္မတာ အတိုင်း အထူးအံ့ဩဖွယ် ရာများ ဖြစ်ပေါ်ခဲ့သည်။ အလောင်း တော်မြတ်ကို အမည်မှည့်အံ့သောနေ့၌ ချစ်ခင် နှစ်သက်ဖွယ်ရာ ပြာဋိဟာအထူးပြ သောကြောင့် “ပိယဒဿီမင်းသား”ဟု အမည်မှည့်ခေါ် ခဲ့ကြကုန်၏။
ထီးနန်းစိုးစံတော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော် ပိယဒဿီမင်းသားသည် အရွယ်သို့ရောက်သောအခါ ဝိမလာဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်လိုက်အောင် ဆောက်လုပ် ထားသော သုနိမ္မလ ရွှေနန်းဆောင်၊ ဝိမလာ ရွှေနန်းဆောင်၊ ဂိရိဂုဟာ ရွှေနန်းဆောင် ဟူသော နန်းပြာသာဒ် သုံးဆောင်တို့၌ ဝိမလာဒေဝီမိဖုရား အမှူးပြု သော ရံရွေတော် သုံးသောင်း သုံးထောင် တို့၏ ဖျော်ဖြေလုပ်ကျွေးပြုစုခြင်းကို ခံယူတော်မူလျက် နှစ်ပေါင်း ကိုးသောင်း တို့ကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားတော်မူ ခဲ့သည်။ အလောင်းတော်၏ သားတော်မှာ ကဉ္စနာဝေဠမင်းသား ဖြစ်ခဲ့၏။
တောထွက်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော် ပိယဒဿီမင်းသားသည် ထိုသို့မင်းစည်းစိမ်ကို ခံစား တော်မူနေစဉ် ဝိမလာမိဖုရား ကြီးမှ ကဉ္စနာဝေဠ မင်းသားကို ဖွားမြင်တော် မူသောအခါ နတ်တို့ဖန်ဆင်းပြသခဲ့သော နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူခဲ့ပြီး သတိသံဝေဂ ကြီးစွာဖြစ်လျက် အာဇာနည်မြင်း ကသော ရထားကို စီးကာ တောထွက်တော်မူခဲ့၍ ရဟန်းပြု တော်မူခဲ့၏။ အလောင်းတော် မင်းသား ရဟန်းပြုသည်ကို အတုလိုက် အားကျကာ တစ်ကုဋေသော ယောကျ်ားတို့ လိုက်ပါ ရဟန်းပြုကြလေသည်။ အလောင်း တော်သည် ထိုရဟန်း တစ်ကုဋေတို့နှင့်အတူတစ်ကွ ခြောက်လတို့ပတ်လုံး ဒုက္ကရစရိယာ ခေါ် လွန်ကဲသောအကျင့်မြတ်ကို ကျင့်တော်မူခဲ့၏။ ဘုရားဖြစ်မည့် ကဆုန်လပြည့် နေ့ဝယ် ဝရုဏ မည်သော ပုဏ္ဏားရွာနေ ဝသဘပုဏ္ဏား၏သမီး လှူဒါန်းခဲ့သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံး ဆောင်တော်မူ၍ ထိုအရပ်ရှိ အင်ကြင်းတော၌ နေခိုတော်မူခဲ့၏။
ဘုရားဖြစ်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်း တို့ကို စွန့်ခွါ၍ မဟာဗောဓိပင် ရှိရာအရပ်သို့ တစ်ပါးတည်းကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ သုဇာတ တက္ကတွန်း လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်တို့ကို အလှူခံတော်မူခဲ့ပြီး ဗောဓိပင်သို့ ရောက်တော်မူလေလျှင် မဟာဗောဓိ (ရေခံတက်)ပင်ရင်း ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက်တော်မူခဲ့၏။ အလောင်းတော်သည် ထိုအပရာဇိတ ပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၍ အင်္ဂါ လေးပါးရှိသော ဝီရိယတော်ကို ဆောက်တည် အားထုတ်တော်မူခဲ့သည်။ ထိုနေ့နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့်တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော် မူကာ လောကသုံးပါး၌ ဘုရားဖြစ်တော်မူခဲ့သည်။
ဓမ္မစကြာ တရားဦး ဟောတော်မူခြင်း
[ပြင်ဆင်ရန်]ပိယဒဿီ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းခံမှု ကို လက်ခံတော်မူပြီး တရား ဟော ရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုဆင်ခြင်တော် မူလေလျှင် ကိုယ်တော်မြတ်နှင့်အတူ တောထွက် ရဟန်းပြုခဲ့ ကြသည့် ရဟန်းတော် တစ်ကုဋေတို့ကို မြင်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုရဟန်းများ ရှိရာ ဥသဘဝတီ မြို့တော် အနီး ဥသဘဝတီ ဥယျာဉ်တော်သို့ ကောင်းကင် ခရီးဖြင့် တစ်ခဏချင်းကြွသွားတော်မူခဲ့၍ ရဟန်းတော် တစ်ကုဋေ နှင့်တကွ တရားနာရန် ရောက်လာကြကုန်သော လူနတ်ဗြဟ္မာသတ္တဝါ တို့အား ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ဒေသနာတော် ဆုံးသောအခါ ကုဋေတစ်သိန်းသော သတ္တဝါတို့ မဂ်ဖိုလ် တရားထူးတို့ကို ရခဲ့ကြကုန်၏။
ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း
[ပြင်ဆင်ရန်]ပိယဒဿီ ဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရား အလောင်းတော်သည် ကဿပပုဏ္ဏားလုလင် ဖြစ်၍ ဗေဒင်ကို သရဇ္ဈာယ်တတ်၏။ ဗေဒင်ကို ဆောင်နိုင်ခဲ့၏။ သုံးပါးသော ဗေဒင်ကျမ်းတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်ခဲ့၏။ အလောင်းတော်ပုဏ္ဏားသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ကြည်ညိုသဒ္ဓါဖြစ်ခဲ့၏။ ကုဋေတစ်သိန်းသော အသပြာတို့ဖြင့် သံဃာ့အရံကို ဖန်ဆင်း ဆောက်လုပ်ခဲ့ပြီး ဘုရားအမှူးရှိသော သံဃာတော် တို့အား လှူဒါန်းခဲ့သည်။ သရဏဂုံသုံးပါး တို့ကိုလည်းကောင်း၊ ငါးပါးသီလ တို့ကိုလည်းကောင်း မြဲမြံစွာ ဆောက်တည်ခဲ့၏။ ထိုအခါ ပိယဒဿီဘုရားရှင်သည် “ဤပုဏ္ဏားသည် ကမ္ဘာတစ်ထောင့်ရှစ်ရာအထက် ဘဒ္ဒကမ္ဘာ၌ ဂေါတမ မည်သော ဘုရားစင်စစ်ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြား တော်မူခဲ့သည်။ ဘုရားရှင်၏ ဗျာဒိတ်စကား ကို ကြားနာခဲ့ရ၍ ဝမ်းမြောက် ဝမ်းသာဖြစ်ပြီး ပါရမီဆယ်ပါး တို့ကို တိုးတက်ဖြည့်ကျင့်ခြင်းငှာ လွန်ကဲသော အကျင့်ကို ဆောက်တည် ခဲ့သည်။
ပိယဒဿီဘုရားရှင်၏ တပည့်သာဝကများ
[ပြင်ဆင်ရန်]ပိယဒဿီဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်တို့ကား အရှင်ပါလိတ မထေရ်နှင့် အရှင်သဗ္ဗ ဒဿီမထေရ်တို့ ဖြစ်ခဲ့ကုန်ပြီး အလုပ်အကျွေးရဟန်း တော်သည် အရှင် သောဘိတမထေရ်ဖြစ်ခဲ့သည်။ အရှင်မ သုဇာတာထေရီနှင့် အရှင်မဓမ္မဒိန္နာ ထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ များဖြစ်ခဲ့ကြကုန်ပြီး ထိုဘုရားရှင်၏ ဗောဓိပင်ကား ရေခံတက်ပင် ဖြစ်ခဲ့၏။ သန္ဓကသူဌေးသည်လည်းကောင်း၊ ဓမ္မကသူဌေး သည်လည်းကောင်း ဘုရားရှင်၏ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့ ဖြစ်ခဲ့ကြကုန်၍ ဝိသာခါ သည်လည်းကောင်း၊ ဓမ္မဒိန္နာသည် လည်းကောင်း (အဂ္ဂဥပဋ္ဌိကာ) မြတ်သောအလုပ်အကျွေး ဒါယိကာမတို့ ဖြစ်ခဲ့ကြကုန်၏။ ဘုရားရှင် ၏ အရပ်တော်မှာ အတောင်ရှစ်ဆယ် မြင့်တော်မူခဲ့၍ ပင်လုံးကျွတ် ပွင့်သော အင်ကြင်းပင် ကြီးနှင့် အလားသဏ္ဌာန် တူခဲ့ပေ၏။ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်တို့သည် မီးရောင်, လရောင်, နေရောင်တို့ထက် သာလွန်၍ ထွန်းလင်းတောက်ပတော် မူခဲ့ပေသည်။
(ဓမ္မာဘိသမယ) တရားပွဲကြီးများ
[ပြင်ဆင်ရန်]ပိယဒဿီ ဘုရားရှင်၏ ဥသဘဝတီမြို့အနီး ဥသဘဝတီဥယျာဉ်တော်၌ ရဟန်းတော် တစ်ကုဋေ ဝန်းရံလျက် လူနတ်ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာ တရားဦး ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရား ပွဲကြီး၌ ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ခဲ့ ကြကုန်၏။ တစ်ဖန် ဝိပဿီ ဘုရားရှင်သည် မိစ္ဆာဒိဋ္ဌိအယူရှိသော သုဒဿနနတ်မင်းကို ချေချွတ်တော်မူခဲ့၏။ ဥသဘဝတီမြို့အနီးရှိ သုဒဿနတောင်၌ သုဒဿန နတ်မင်းသည် စိုးအုပ်တည်ခဲ့၏။ ထိုနတ်မင်း သည် မိစ္ဆာဒိဋ္ဌိ အယူရှိ၏။ တန်ခိုးကြီး၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းသည် နှစ်စဉ်နှစ်တိုင်း ထိုနတ်မင်းအား အဖိုးတစ်သိန်းထိုက်သော ပူဇော်ဖွယ်ရာတို့ဖြင့် ပူဇော်ရမြဲ ဖြစ်ခဲ့၏။ ဘုရားရှင်သည် ထိုနတ်မင်း၏ မိစ္ဆာအယူကို ပယ်ဖျောက်လို၍ နတ်မင်း အစည်းအဝေး သွားနေခိုက် ထိုနတ်မင်း၏ ဗိမာန်သို့ကြွရောက်တော်မူကာ တန်ဆောင် မုန်းလ သရဒရာသီတွင် ယုဂန္ဓိုရ်တောင်ထိပ်မှ ထွက်ပေါ်လာသော နေမင်းကဲ့သို့ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူး၍ သီတင်းသုံး နေတော်မူ ခဲ့သည်။ ထိုသုဒဿနနတ်မင်း၏ အခြံအရံ အလုပ်အကျွေးနတ် တို့သည် ပန်းနံ့သာ စသည်တို့ဖြင့် ဘုရားရှင်အား ပူဇော်၍ ခြံရံကာနေခဲ့ကြ ကုန်၏။ သုဒဿနနတ်မင်းသည် နတ်သဘင် အစည်း အဝေးမှ ပြန်လာသောအခါ ၎င်းင်း၏ အိပ်ရာထက်၌ သီတင်းသုံး နေတော်မူသော ဘုရားရှင်ကို တွေ့ရသောအခါ ပြင်းစွာအမျက်ထွက်၍ ထိုသုဒဿနတောင်ကြီးတစ်ခု လုံးကို တစ်ခဲနက်မီးလျှံ ဖြစ်အောင်ပြုခဲ့တော့၏။
ရဟန်းဦးပြည်းသည် ဤမီးလျှံဖြင့် ပြာဖြစ်လေပြီဟူသော အထင်ဖြင့် ကြည့်ရှုသောအခါ များစွာသော ရောင်ခြည်တော် ကွန်ရက်တို့ ထွက်တော်မူလျက် ကြည်လင်သော မျက်နှာတော် အဆင်းရှိသည့် ဘုရားရှင်ကို တွေ့မြင်ခဲ့ရသည်။ ထိုအခါ သုဒဿနနတ်မင်းသည် ပို၍အမျက်ထွက်ခဲ့ပြန်သည်။ “မီးလောင်၍ မသေနိုင်သော ထိုရဟန်းကို ရေထုဖြင့် တိုက်မျှောနှစ်မြှုပ်ပေတော့အံ့”ဟု ကြံစည်လျက် အလွန်နက်လှစွာသော ရေထုကြီးကို ဗိမာန်သို့ ရှေးရှု အလျင် အဟုန်ဖြင့် စီးသွားစေခဲ့ပြန်၏။ ရေပြည့်နေသော ဗိမာန်အတွင်း သီတင်းသုံး နေတော်မူသော ဘုရားရှင်၏သင်္ကန်းတော် ချည်တစ်မျှင် မျှကိုသော်လည်းကောင်း၊ မွေးညင်းတော် တစ်ပင်မျှကိုသော်လည်းကောင်း ရေမစွတ် စိုခဲ့ချေ။ တစ်ဖန် သုဒဿနနတ်မင်းသည် ရေအထုကြီးကို မစီးဆင်းစေဘဲ ဘုရားရှင်၏ ပတ်ပတ်လည်၌သာ စုရုံးစေခဲ့ပြန်သည်။ ထိုသို့ ရေအထုဖြင့် စုရုံးနှစ်မြှုပ် ပြန်သော်လည်း စိမ်းညိုသော ရေအလျဉ်ကြား တွင် အထူးထူးသော ရောင်ခြည်တော်တို့ကို လွှတ်လျက် ညဉ့်အခါ ထွန်းလင်း တောက်ပသည့် လမင်းကြီးပမာ နတ်ဘီလူးပရိသတ် ဝန်းရံလျက် ထိုင်နေ တော်မူသော ဘုရားရှင်ကို တွေ့မြင်ခဲ့ရ ပြန်သည်။ ထိုအခါ ယမ်းပုံမီးကျ ဒေါသဖြစ်လျက် နတ်မင်းကြီးသည် လက်နက်ကိုးမျိုး မိုးကြီးကို ရွာသွန်း စေခဲ့ပြန်သည်။ ထိုအခါ၌လည်း ဘုရားရှင်၏ တန်ခိုးတော်ကြောင့် အလုံးစုံသော လက်နက် မျိုးစုံတို့သည် ရနံ့ကြိုင်လှိုင်သည့် ပန်းခိုင် ပန်းကုံးများဖြစ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းကျရောက်ခဲ့ကြ ပြန်သည်။ လက်နက်မျိုးစုံတို့သည် ပန်းခိုင်ပန်းကုံးများသဖွယ် ဖြစ်ကုန်၍ ဘုရားရှင်၏ ခြေတော်ရင်း၌ ကျရောက်ခဲ့ကြသည်ကို မြင်ခဲ့ရပြန်သော် သုဒဿနမင်းသည် မခံမရပ်နိုင်လောက်အောင် အမျက် ထွက်ခဲ့ရကား ၎င်းင်း၏လက်နှစ်ဖက် ဖြင့် ဘုရားရှင်၏ ခြေတော် အစုံကို ဆွဲကိုင်ကာ သမုဒ္ဒရာကို ကျော်လွန်၍ စကြဝဠာတောင်သို့ အရောက်သွားပြီး ပစ်လွှင့်ခဲ့ပြန် သည်။ ဘုရားရှင်ကား ထိုနတ်မင်း၏ ဘုံဗိမာန်အတွင်း မူလနေရာ၌ပင် သီတင်းသုံးမြဲ သီတင်းသုံး နေခဲ့ပြန်သည်။ သုဒဿနနတ်မင်းသည် ဘုရားရှင်အား တိုက်ခိုက်ရန် လက်နက်လည်း ကုန်ချေပြီ။ ထိုထက်ပို၍ တန်ခိုးအစွမ်းလည်း မပြနိုင်ခဲ့တော့။ သုဒဿနနတ်မင်း လက်လျှော့ခဲ့ရ ချေပြီ။ ထိုအခါ သုဒဿနနတ်မင်းသည် “ဤရဟန်းကြီးကား ဘုံဗိမာန်မှ ဆွဲထုတ်၍ ရမည်မဟုတ်။ ငါကသာလျှင် ဤရဟန်းကိုရော ဘုံဗိမာန်ကိုပါ စွန့်ပစ်၍ သွားတော့အံ့”ဟု ကြံစည်ခဲ့လေ သည်။ ထိုအကြံအစည်ကို ဘုရားရှင် သိတော်မူ၍ “ကိုယ်တော်မြတ်၏ ခြေတော်တို့၌ ဆုပ်ကိုင်လျက်နေသော သုဒဿန နတ်မင်းကြီးကို နတ်လူအများ မြင်နိုင်ကြပါစေ”ဟု အဓိဋ္ဌာန်လိုက်သည်နှင့် တစ်ပြိုင်နက် သုဒဿန နတ်မင်းသည် ထွက်ခွါမသွားနိုင်တော့ဘဲ ဘုရားရှင်၏ ခြေတော် တို့ကို ဆုပ်ကိုင်လျက်သာ တည်ရှိနေခဲ့ရတော့သည်။ ထိုနေ့သည်ကား ဇမ္ဗူဒိပ်ကျွန်းရှိ တစ်ရာ့တစ်ပါးသော မင်းအပေါင်း တို့သည် သုဒဿနနတ်မင်းကြီးအား ပူဇော်ရန် စုဝေးလာရောက်ကြသော နေ့ဖြစ်ခဲ့၏။ ထိုတစ်ရာ့ တစ်ပါးသော မင်းအပေါင်းတို့သည် ဘုရားရှင်၏ ခြေတော်အစုံကို ကိုင်၍နေသော သုဒဿန နတ်မင်းကို မြင်ကြရကုန်၍ “ဩ...ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့သည် ထူးကဲလွန်မြတ် ပေကုန်စွ”ဟူ၍ ဘုရားရှင်၌ ကြည်ညိုကြကုန်လျက် လက်အုပ်ချီမိုး ရှိခိုးကာ နေခဲ့ကြကုန်သည်။
ထိုအစု အဝေး၌ ဘုရားရှင်သည် သုဒဿန နတ်ဘီလူးမင်းကို အမှူးပြု၍ တရား ဒေသနာတော်ကို ဟောကြားတော်မူ ခဲ့သည်။ ထိုတရားပွဲသည် ဒုတိယအကြိမ် မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေ ကိုးသောင်းသော နတ် လူ ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက် တစ်ဖန် ကိုးယူဇနာ ကျယ်ဝန်းသော ကုမုဒမြို့တော်တွင် ဂေါတမဘုရား ရှင်၏ရန်သူ ဒေဝဒတ်ရဟန်းကဲ့သို့ ပိယဒဿီ ဘုရားရှင် လက်ထက်တော်၌လည်း ဘုရားရှင်၏ရန်သူ သောဏမည်သော ရဟန်းယုတ် တစ်ပါးရှိခဲ့၏။ ထိုသောဏ ရဟန်း ယုတ်သည် ကုမုဒဘုရင်၏သားတော် မဟာပဒုမမင်းသားနှင့် တိုင်ပင်၍ မင်းသားက ခမည်းတော် ကုမုဒ မင်းကြီးကိုသတ်၍ မင်းပြုရန်နှင့် ရဟန်းယုတ်က ပိယဒဿီ ဘုရားရှင်ကိုသတ်၍ ဘုရား လုပ်ရန် စီစဉ်ခဲ့ကြသည်။ ရဟန်းယုတ်သည် ဘုရားရှင်ကိုသတ်ရန် အထူးထူး အထွေထွေကြံစည် အားထုတ်ခဲ့သော်လည်း မသတ်နိုင်ခဲ့ သဖြင့် ဒေါဏမုခ မည်သော မင်းစီးဆင်ကို မူးယစ်အောင်ပြုလုပ်၍ မြို့တွင်းသို့ ဆွမ်းခံဝင် တော် မူလာသည့် ဘုရားရှင်အား တိုက်လေသည်။ ထိုအခါ ဒေါဏမုခဆင်သည် လွှတ်လိုက် သည်နှင့် တစ်ပြိုင်နက် လမ်း၌ တွေ့သမျှသော ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ယောက်ျား၊ မိန်းမတို့ကို နင်းသတ်၍ အဆောက်အအုံတိုက်တာ အိုးအိမ်တို့ကို ဖျက်ဆီးခဲ့သည်။ ရဟန်း အပေါင်း ခြံရံလျက် ဆွမ်းခံ ဝင်လာတော်မူသော ဘုရားရှင်ကို မြင်လျှင်မြင်ချင်း ပြင်းထန်သော အဟုန်ဖြင့် ဘုရားရှင်ထံချဉ်းကပ်ခဲ့၏။ ထိုအခါ မြို့နေလူအပေါင်း တို့သည် ကြောက်ရွံ့သောစိတ် ပူပန်သော စိတ်တို့ဖြင့် ဆင်ကြီးအန္တရာယ်မှ အကာ အကွယ်ယူကာ ဘုရားရှင်နှင့် ပြေးဝင်လာသော ဆင်ကြီးကို ကြည့်ရှု၍ နေခဲ့ကြ၏။ အချို့ဒါယကာများက ဆင်ကြီး ကို တားမြစ်ရန် အမျိုးမျိုး အားထုတ်ခဲ့ကြကုန်၏။
ပိယဒဿီ ဘုရားရှင်သည် ကိုယ်တော်ထံ ပြေးဝင် လာသော ဆင်ကြီးကို မြင်လေလျှင် မဟာကရုဏာ ဖြန့်တော်မူကာ အေးမြသော မေတ္တာတော်ဖြင့် ထိုဆင်ကြီးကို ဖြန့်တော် မူခဲ့သည်။ ထိုအခါ ဒေါဏမုခ ဆင်ကြီးသည် ဘုရားရှင်၏ မေတ္တာတော် တစ်ကိုယ် လုံး ပျံ့နှံ့၍ နူးညံ့သော စိတ်နှလုံးရှိလာခဲ့သည်။ ဦးခေါင်းဖြင့် ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်စင်းခဲ့လေတော့၏။ ပိယဒဿီ ဘုရားရှင်သည် ကိုယ်တော်မြတ်၏ ခြေရင်း၌ ဝပ်စင်း နေသော ဒေါဏမုခဆင်ကြီး၏ ဦးထိပ်ကို လက်ဝါးတော်ဖြင့် သုံးသပ်တော်မူ၍ သင့်လျော် သော ဒေသနာတော်ဖြင့် ဆင်ကြီးကို ဆုံးမတော်မူခဲ့သည်။ ထိုအရပ်၌ ပေါင်းစပ် စုဝေး မိကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့အားလည်း တရားဟောတော်မူခဲ့သည်။ ထိုတရား ပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ)တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေ ရှစ်သောင်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။
သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ
[ပြင်ဆင်ရန်]ပိယဒဿီဘုရားရှင် လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်း အဝေးကြီး သုံးကြိမ်ဖြစ်ခဲ့ သည်။ သုမင်္ဂလ မြို့တော်ဝယ် ပါလိတမင်းသား နှင့် ပုရောဟိတ်၏သား သဗ္ဗဒဿီ လုလင်ဟူသော အဂ္ဂသာဝက အလောင်း အလျာ သူငယ်ချင်း နှစ်ယောက်တို့သည် “ပိယဒဿီ ဘုရားရှင်သည် ဒေသ စာရီလှည့်လည်ကြောင်း၊ ၎င်းင်းတို့၏မြို့သို့ ရောက်ကြောင်း ကြားသိခဲ့ကြ၍ ကုဋေတစ်သိန်းသော အခြွေအရံယောက်ျားတို့ကို ခေါ်ဆောင်ကာ ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ကြကုန်ပြီး ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူခဲ့ကြကုန်၏။ ဘုရားရှင်၏ တရားတော်ကို ကြားနာကြရ သောအခါ ကုဋေ တစ်သိန်းသော အခြွေအရံယောက်ျားတို့နှင့်တကွ ရဟန်းပြုခဲ့ကြကုန်၍ အရဟတ္တဖိုလ်သို့ ဆိုက် ရောက်ခဲ့ကြကုန်၏။ ထိုကုဋေတစ်သိန်းသော ရဟန်းတို့၏အလယ်၌ ဘုရားရှင်သည် သီတင်းသုံးတော်မူကာ ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်း အဝေးသည် ရှေးဦးစွာ သော သာဝက (သန္နိပါတ) အစည်းအဝေး ကြီးပင် ဖြစ်ခဲ့၏။
ထို့နောက် သုဒဿနနတ်ဘီလူးမင်းကို ဘုရားရှင် ဟောကြားဆုံးမတော် မူရာ၌ ကုဋေကိုးဆယ်သော ယောက်ျားတို့ ရဟန်းပြုခဲ့ကြ၍ အရဟတ္တဖိုလ်သို့ ဆိုက် ရောက်ခဲ့ကြသည်။ ထိုကုဋေကိုးဆယ်သော ရဟန်းတို့၏အလယ်၌ ဘုရားရှင် သီတင်း သုံးနေတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့၏။
ထို့နောက်တစ်ဖန် ဒေါဏမုခဆင်ကို ဆုံးမချေချွတ်တော်မူရာ၌ ကုဋေ ရှစ်ဆယ်သော ယောက်ျားတို့ ရဟန်းပြုခဲ့ကြ၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ထိုရဟန်းတို့၏အလယ်၌ ဘုရားရှင် သည် သီတင်းသုံးကာ ဩဝါဒပါတိ မောက်ကို ပြတော်မူခဲ့ပြန်၏။ ထိုအစည်း အဝေးသည် သုံးကြိမ် မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့၏။
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
[ပြင်ဆင်ရန်]ပိယဒဿီဘုရားရှင် ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ်ကိုးသောင်း တမ်းဖြစ်၍ ထိုမျှလောက်ကာလ ပတ်လုံး တည်နေတော်မူကာ များစွာသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို သံသရာရေအလျဉ်မှ ကယ် တင်တော်မူလျက် ပရိနိဗ္ဗာန်စံ ဝင်တော်မူခဲ့လေသည်။ “အတုမရှိသော ဘုရားရှင်သည် လည်းကောင်း၊ ထိုဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်အစုံ တို့သည်လည်းကောင်း ထိုအားလုံး တို့ပင် ကွယ်ပျောက် ခဲ့လေပြီ။ အလုံးစုံသောသင်္ခါရတို့သည် ခိုင်မြဲသော အနှစ် သာရ မရှိကုန်။ အချည်းနှီးသာ ဖြစ်ကုန်စွ”
စေတီတည်ထား ကိုးကွယ်ကြခြင်း
[ပြင်ဆင်ရန်]သစ္စာလေးပါးကို သိမြင်တော်မူသော ပိယဒဿီ ဘုရားရှင်သည် အဿတ္ထာ ရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်စံ ဝင်တော်မူခဲ့၏။ ထိုကျောင်းတိုက် ကြီးအတွင်း၌ပင် စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ ကြရာ စေတီတော်သည် သုံးယူဇနာတိုင်တိုင် မြင့်တော်မူခဲ့သည်။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္နဓာတ်တော် ကို ထိုစေတီတော်အတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်း တို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။