မာတိကာသို့ ခုန်သွားရန်

သုဇာတဘုရားရှင်

ဝီကီရင်းမြစ် မှ
3923နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁၅) သုဇာတဘုရားရှင် -သုဇာတဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁၅။ သုဇာတဗုဒ္ဓဝင်

[ပြင်ဆင်ရန်]

သုဇာတဘုရားရှင်သည် ထိုမဏ္ဍကမ္ဘာ၌ပင် သုမေဓဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် အန္တရကပ်တစ်ခု၏ ဆုတ်ကပ် လူတို့၏အသက်တမ်း ကိုးသောင်းတမ်း၌ ပွင့်တော်မူခဲ့သည်။

သုဇာတဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[ပြင်ဆင်ရန်]

သုဇာတဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ ခဲ့ပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီ ဖြစ်၍ လူပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော် မူရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော် သည် နတ်ဗြဟ္မာတို့၏ တောင်းပန် ချက်အရ တုသိတာနတ်ပြည်မှ စုတေခဲ့၍ လူ့ပြည် သုမင်္ဂလ နေပြည်တော် ဥဂ္ဂတမင်းကြီး၏ တောင်ညာစံ ဒေဝီ၊ အဂ္ဂမဟေသီ ပဘာဝတီအမည်ရှိသော မိဖုရား ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့သည်။ ဆယ်လလွန် မြောက် အချိန်ကာလရောက်သော အခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော် မင်းသားကို ဖွားမြင်တော် မူခဲ့ သည်။ အလောင်းတော်မင်းသား ဖွားမြင်တော် မူသောအခါ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးရှိ လူအပေါင်း တို့သည် ကိုယ်စိတ် နှစ်ဖြာချမ်းသာခြင်းကို အစွဲပြု၍ အလောင်းတော် မင်းသားကို သုဇာတမင်းသားဟု အမည်တော် မှည့် ခေါ်ခဲ့ကြကုန်၏။ အလောင်းတော်မင်းသားကို ပဋိသန္ဓေနေတော်မူသော အခါ၊ ဖွားမြင်တော်မူသော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့် အပြင်၊ အံ့ဩဖွယ်ရာများလည်း ဖြစ်ပေါ်ခဲ့ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

[ပြင်ဆင်ရန်]

အလောင်းတော် သုဇာတမင်းသားသည် အရွယ်တော်ရောက်သောအခါ သိရိနန္ဒာဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူစိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့် လိုက်အောင် ဆောက်လုပ် ထားသော သိရိရွှေနန်းဆောင်၊ ဥပသိရိရွှေနန်းဆောင်၊ နန္ဒရွှေနန်းဆောင်ဟူသော နန်းပြာသာဒ် သုံးဆောင် တို့၌ သိရိနန္ဒာမိဖုရားအမှူးရှိသော ရံရွှေတော် နှစ်သောင်း သုံးထောင်တို့၏ ဖြေဖျော် လုပ်ကျွေးမှုကို ခံယူလျက် နှစ်ပေါင်းကိုးထောင်တို့ ကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစား တော်မူခဲ့၏။ အလောင်းတော်၏ သားတော်မှာ ဥပသေနမင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[ပြင်ဆင်ရန်]

အလောင်းတော် သုဇာတမင်းသားသည် ထိုသို့မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် သိရိနန္ဒာ မိဖုရားကြီးမှ ဥပသေန မင်းသားကို ဖွားမြင်တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသခဲ့သော နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူခဲ့ပြီး ဖြစ်၍ သတိသံဝေဂ ကြီးစွာဖြစ်လျက် ဟံသဝဟမည်သော မင်္ဂလာ မြင်းတော်ကို စီး၍ တောထွက်ကာ ရဟန်းပြု တော်မူ ခဲ့သည်။ အလောင်းတော်မင်းသား ရဟန်း ပြုသည်ကို အတုလိုက်၍ တစ်ကုဋေသော ယောကျ်ားတို့လည်း လိုက်ပါ ရဟန်းပြုခဲ့ကြကုန်၏။ သုဇာတဘုရား အလောင်းတော်သည် ထိုရဟန်းတော်တစ်ကုဋေတို့နှင့် အတူတကွ ကိုးလ တိုင်တိုင် ဒုက္ကရစရိယာခေါ် လူသာမန်တို့ပြုနိုင်ခဲ့သော အကျင့် တော်မြတ်ကို ကျင့်တော်မူခဲ့၏။ ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့ဝယ် သိရိနန္ဒနမြို့နေ သိရိနန္ဒနသူဌေး၏ သမီးလှူဒါန်းသည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံး ဆောင်တော်မူလျက် ထိုအရပ်ရှိ အင်ကြင်း တော၌ပင် နေခိုတော် မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[ပြင်ဆင်ရန်]

အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ရောက် သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွာ၍ မဟာဗောဓိပင်ရှိရာ အရပ်သို့ တစ်ပါးတည်းကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ သုနန္ဒတက္ကတွန်းလှူဒါန်းသော မြက်ရှစ်ဆုပ်တို့ကို အလှူခံတော်မူခဲ့ပြီး မဟာဗောဓိပင်သို့ ရောက်တော်မူလေလျှင် ထိုမြက်ရှစ်ဆုပ်တို့ကို မဟာဗောဓိ (ကြခတ်ဝါး)ပင်အရင်း၌ ဖြန့်ခင်း လိုက်သည်နှင့် တစ်ပြိုင်နက် သုံးဆယ့်သုံးတောင်ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက် တော်မူခဲ့သည်။ အလောင်းတော်သည် ထိုအပရာဇိတပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော် မူ၍ အင်္ဂါလေး ပါးရှိသော ဝီရိယတော်ကို ဆောက်တည် အားထုတ်တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို နှင်ထုတ် အောင်မြင်တော်မူပြီး၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူခဲ့၏။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[ပြင်ဆင်ရန်]

သုဇာတဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်အနီး မှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟ သို့ရောက်သောအခါ တရားဟောရန် ဗြဟ္မာမင်း ၏တောင်းပန်မှုကို လက်ခံတော် မူပြီး၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှု တော်မူခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်နှင့် (ဖတူမိကွဲ) ညီတော် သုဒဿနမင်းသား နှင့် ပုရောဟိတ်၏သား သုဒေဝလုလင်တို့ကို မြင်တော်မူခဲ့၍ သုမင်္ဂလမြို့ အနီး သုမင်္ဂလ မင်းဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ခဏခြင်းကြွသွားတော်မူခဲ့၏။ ဥယျာဉ်တော်သို့ ရောက်တော်မူလေလျှင် ဥယျာဉ်မှူး ကို စေလွှတ်၍ သုဒဿနမင်းသားနှင့် သုဒေဝလုလင်တို့ကို ခေါ်တော်မူစေပြီး ထိုသုဒဿန မင်းသား၊ သုဒေဝ လုလင် တို့နှင့် အတူ တရားနာရန် ရောက်ရှိလာကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့အား ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာ တော်ကို ဟောတော်မူခဲ့သည်။ ဒေသနာတော်အဆုံး၌ ကုဋေရှစ်ဆယ်သော လူနတ်ဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံခြင်း

[ပြင်ဆင်ရန်]

သုဇာတဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရ၍ ကောင်းကင်၌ လှည့်လည်နိုင်သော စစ်သည် ဗိုလ်ပါများစွာရှိသည့် စကြဝတေး မင်းဖြစ်ခဲ့၏။ လောက၌ ဘုရားရှင် ပွင့်တော်မူကြောင်း ကြားသိရသောအခါ ဘုရားရှင်ထံ ချဉ်းကပ်၍ ဘုရားရှင်ကို ဖူးမြင်ခဲ့ရသည်။ လေးကျွန်းလုံး၌ မြတ်သော မင်းအဖြစ် ကိုလည်းကောင်း၊ မြတ်သော ရတနာခုနစ်ပါးတို့ကိုလည်းကောင်း၊ သုဇာတဘုရားရှင်အား အပ်နှင်းလှူဒါန်း၍ ရဟန်း ပြုခဲ့၏။ အရံစောင့် ကပ္ပိယတို့သည် ဇနပုဒ်၊ မြို့နယ်၊ ခရိုင်၊ တစ်ကျွန်းလုံးမှ ထွက်သော အခွန်အတုတ်တို့ကို စုပေါင်း၍ ရဟန်းသံဃာတို့၏ ပစ္စည်းလေးပါးအလို့ငှာ ကျောင်းတော်သို့ ပို့ဆောင် လှူဒါန်းခဲ့ကြ ကုန်၏။ လောက ဓါတ်တစ်သောင်းကို အစိုးရသော ထိုမြတ်စွာဘုရားသည် “ဤစကြဝတေးမင်းသည် ကမ္ဘာသုံးသောင်းအထက် ဘဒ္ဒ ကမ္ဘာ၌ ဂေါတမမည်သော ဘုရားစင် စစ်ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သည်။ အလောင်းတော် သည် ဘုရားရှင်၏ ဗျာဒိတ် စကား ကြားနာရ၍ အလွန်ရွှင် လန်းဝမ်းမြောက်ခဲ့၏။ ပါရမီဆယ်ပါးတို့ကို တိုးတက် ဖြည့်ကျင့် ခြင်းငှာ ထက်မြက်သော အကျင့်ကို မြဲမြံစွာ ဆောက်တည် ခဲ့၏။ အလောင်းတော်သည် ရဟန်းဘဝဖြင့် သုတ္တန် ကိုလည်းကောင်း၊ ဝိနည်း ကိုလည်းကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ အဆုံးအမအားလုံးကို လည်း ကောင်း၊ သင်ကြား၍ ဘုရားရှင်၏ သာသနာတော်ကို တင့်တယ် တော်မူစေခဲ့၏။ ဘုရားရှင်၏သာသနာတော်၌ မမေ့မလျော့ဘဲနေလျက် ဗြဟ္မဝိဟာရ ဘာဝနာကို ပွား၍ အဘိညာဉ်တို့၌ အပြီးအဆုံးသို့ ရောက်ပြီး လျှင် ဗြဟ္မာ့ပြည်သို့ လားရောက်ခဲ့သည်။

သုဇာတဘုရားရှင်၏ တပည့်သာဝကများ

[ပြင်ဆင်ရန်]

သုဇာတဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်အစုံတို့ကား အရှင်သုဒဿနထေရ်နှင့် အရှင်သုဒေဝ ထေရ်တို့ဖြစ် ခဲ့ကုန်၍ အလုပ်အကျွေး ရဟန်းတော်သည် အရှင်နာရဒထေရ်ဖြစ်ခဲ့၏။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံတို့မှာ အရှင်မနာဂါထေရီနှင့် အရှင်မနာဂသမာလာထေရီတို့ ဖြစ်ခဲ့ကုန်ပြီး ဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကား ကြခတ်ဝါး ပင် ဖြစ်ခဲ့သည်။ ထိုကြခတ်ဝါး ဗောဓိပင်သည် တစ်ခဲနက်စိမ်းညိုသော အရောင်ရှိ ခဲ့၏။ သေးငယ်သော အပေါက်ရှိ ခဲ့၏။ အရွက်တို့ဖြင့် ဖုံးအုပ် လျက် ရှိခဲ့၏။ ရှုချင်ဖွယ်ကောင်းခဲ့၏။ စိတ်ကို ပျော်မွေ့ စေတတ်၏။ ပင်စည်တစ်ခု တည်းမှကြီးပွား ၍ ခက်မငါးဖြာသည် ဖြာထွက်ခဲ့၏။ ဆူးတို့သည် မရှိခဲ့ကုန်။ ကျယ်ပြန့်သော အခက်၊ မကြဲသော အရွက်တို့ဖြင့် အေးမြသော အရိပ်ကို ဖြစ်စေခဲ့၏။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့ကား သုဒတ္တ သူဌေးနှင့် စိတ္တသူဌေး တို့ဖြစ်ခဲ့ကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ သုဘဒ္ဒါနှင့် ပဒုမာ တို့ဖြစ်ခဲ့ကြကုန်၏။ ဘုရားရှင်၏အရပ်တော်မှာ အတောင်ငါးဆယ်ရှိတော်မူခဲ့၍ ကိုယ်တော်မှ ထွက်သော ရောင်ခြည် တော်တို့သည် ထက်ဝန်းကျင်မှ ပြေးသွားကွန့်မြူးလျက် ရှိခဲ့ကုန်၏။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[ပြင်ဆင်ရန်]

သုဇာတဘုရားရှင်၏ သုမင်္ဂလမြို့အနီး သုမင်္ဂလဥယျာဉ်တော်ကြီး၌ သုဒဿနမင်းသား၊ သုဒေဝ လုလင်နှင့် တရားနာ ရန် လာရောက်ခဲ့ကြကုန်သော နတ်လူတို့အား ဓမ္မစကြာတရားဦး ဟောတော် မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရား ပွဲကြီး၌ ကုဋေရှစ်ဆယ်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာ လေးပါးသိမြင် ကျွတ်တမ်းဝင်ခဲ့ ကြကုန်၏။ သုဇာတဘုရားရှင်သည် သုဒဿနဥယျာဉ် တော်တံခါးအနီး အင်ကြင်း ပင်၏ အရင်း၌ ရေမီးအစုံစုံ ဖြစ်သော တန်ခိုးပြာဋိဟာကို ပြတော်မူ၍ တိတ္ထိတို့ကို နှိမ်နင်းတော်မူပြီးလျှင် တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူကာ ဝါကပ်တော် မူခဲ့၏။ ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာ တရားကို နတ်ဗြဟ္မာ တို့အား ဟောကြားတော်မူခဲ့၏။ ထိုတရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရား ပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ သုံးသန်း ခုနစ်သိန်းသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး သိမြင် ကျွတ်တမ်းဝင်ခဲ့ ကြပြန် သည်။ အခါတစ်ပါးဝယ်သုဇာတမြတ်စွာဘုရားသည် သုမင်္ဂလ မြို့တော် ခမည်းတော်မင်းကြီးထံသို့ ကြွသွားတော်မူခဲ့၏။ ထိုအခါ ဆွေတော်မျိုးတော် တို့၏အစည်း အဝေး၌ တရားဟောတော်မူခဲ့သည်။ ထိုတရားပွဲသည် တတိယအကြိမ် မြောက် (ဓမ္မာဘိ သမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရား ပွဲကြီး၌ ခြောက်သန်းသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာ လေးပါးသိမြင် ကျွတ်တမ်းဝင်ခဲ့ကြပြန်သည်။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[ပြင်ဆင်ရန်]

သုဇာတဘုရားရှင်ထက်ထက်တော်၌ သာဝက (သန္နိပါတ)အစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ ဘုရားရှင်သည် သုဓမ္မဝတီမြို့အနီး သုဓမ္မဥယျာဉ်တော် ကြီး၌ ရောက်လာကြကုန်သော လူအပေါင်း တို့အား တရားဟောတော် မူပြီးနောက် ယောကျ်ားပေါင်း ခြောက်သန်းတို့ကို ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုပေးတော်မူခဲ့၏။ ထိုရဟန်း တို့၏ အလယ်၌ သီတင်းသုံးတော် မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေး သည်ရှေးဦး စွာသော သာဝက (သန္နိပါတ) အစည်းအဝေး ကြီးဖြစ်ခဲ့သည်။ တစ်ဖန် ဘုရားရှင်သည် တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော် မူပြီးနောက် လူ့ပြည်သို့ ဆင်းသက်တော်မူခဲ့ရာ ငါးသန်းသော ရဟန်းတော် တို့၏ အစည်းအဝေးသည် ဖြစ်ခဲ့သည်။ ထိုအစည်းအဝေးကား ဒုတိယအကြိမ် မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးဖြစ်ခဲ့သည်။ ထို့နောက် တစ်ဖန် ဘုရားရှင်၏ ညီတော် အဂ္ဂသာဝက အရှင် သုဒဿန မထေရ်သည် အခြံအရံရဟန်းတော် လေးသိန်းနှင့်အတူ ဘုရားရှင်ထံ ချဉ်းကပ် တော်မူခဲ့သည်။ ထိုသံဃာ့အစည်းအဝေး၌ ဘုရားရှင်သည် ဩဝါဒ ပါတိမောက်ကို ပြတော် မူခဲ့ပြန်သည်။ ထိုအစည်းအဝေးကား တတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်း အဝေး ကြီးပင် ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[ပြင်ဆင်ရန်]

သုဇာတဘုရားရှင်၏ အသက်တမ်းသည် အနှစ်ကိုးသောင်းဖြစ်ခဲ့သည်။ ထိုမျှလောက်သော ကာလပတ်လုံး တည်နေ တော်မူခဲ့၍ သတ္တဝါတို့ကို ကယ်တင်တော်မူခဲ့၏။ သမုဒ္ဒရာ၌ လှိုင်း၊တံပိုး တို့သည် ဆန်းကြယ်သကဲ့သို့ ကောင်းကင်၌ ကြယ်တာရာတို့သည် ဆန်းကြယ်သကဲ့သို့ ဘုရားရှင်၏ သာသနာတော်သည် ရဟန္တာတို့ဖြင့် ဆန်းကြယ်ခဲ့၏။ တင့်တယ်ခဲ့၏။ “အတုမရှိသော သုဇာတ ဘုရားရှင်သည်လည်းကောင်း၊ ဘုရားရှင်၏ တာဒိဂုဏ် တို့သည်လည်း ကောင်း၊ ထိုအားလုံး တို့သည် ကွယ်ပျောက်ခဲ့ကုန်ပြီ။ ခပ်သိမ်းသော သင်္ခါရတရားတို့သည် ခိုင်မြဲသော အနှစ် မရှိကုန်။ အချည်းနှီးတို့သာ ဖြစ်ခဲ့ကြလေကုန်စွ”

စေတီတည်ထားကိုးကွယ်ခြင်း

[ပြင်ဆင်ရန်]

သစ္စာလေးပါးကို သိမြင်တော်မူသော သုဇာတဘုရားရှင်သည် သီလာရာမကျောင်းတိုက်ကြီးအတွင်း၌ ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့၏။ ထိုကျောင်းတိုက်ကြီးအတွင်း၌ပင် စေတီကို တည်ထား ကိုးကွယ်တော်မူ ခဲ့ကြရာ စေတီတော်သည် သုံးဂါဝုတ်တိုင်တိုင် မြင့်တော်မူခဲ့၏။ သက်တော် ရှည်ကြာသော ဘုရားရှင် တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံး တစ်ခဲတည်းသော အသမ္ဘိန္နဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာသွင်းခဲ့ ကြကုန်၏။ ဇမ္ဗူဒိပ် ကျွန်းနေ လူအပေါင်းတို့သည် ရတနာ ခုနစ်ပါးဖြင့် ချယ်လှယ်သော စေတီတော်ကို ပြီးဆုံး စေခဲ့ကြကုန် သတည်း။