ပူတိဂတ္တတိဿတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၇ - ပူတိဂတ္တတိဿတ္ထေရဝတ္ထု
၄၁။ အစိရံ ဝတယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် အရိုးများ ကွဲအက်သည် အထိ ပြည်ပုပ် သွေးပုပ်များ ယိုထွက်လျက် ပြင်းထန်သော ဝေဒနာကို ခံစားနေရသော ပူတိဂတ္တတိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ပူတိဂတ္တတိဿထေရ် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်၍ အခြား ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။
အနက်
အယံ ကာယော၊ ဤခန္ဓာကိုယ်သည်။ အပေတဝိညာဏော၊ ဝိညာဏ် ကင်းသည် ရှိသော်။ နိရတ္ထံ၊ အသုံးမကျသော။ ကလိင်္ဂရံ ဣဝ၊ ထင်းတုံး ကဲ့သို့။ ဆုဒ္ဓေါ၊ စွန့်ပစ်အပ်သည် ဖြစ်၍။ အစိရံ ဝတ၊ မကြာမီ သာလျှင်။ ပထဝိံ၊ မြေပေါ်၌။ အဓိသေဿတိ၊ အိပ်ရလိမ့်မည်။
စကားပြေ
ဝိညာဏ် မရှိခဲ့သော် စွန့်ပစ်ကြသောကြောင့် ဤခန္ဓာကိုယ်သည် အသုံးမကျ၍ စွန့်ပစ်ခံရသော ထင်းတုံး ကဲ့သို့ မြေကြီးပေါ်မှာ အိပ်ရလိမ့်မည်။
နိရတ္ထံဝ ကလိင်္ဂရံ— အဆွေး အကာ အဖု အဆစ် ဖြစ်သော သစ်သား သည် ပစ္စည်းကောင်း ပြုရန် အသုံးမကျသောကြောင့် မည်သူမျှ မလိုလား၍ စွန့်ပစ်ကုန်သကဲ့သို့ ဤ သုံးဆယ့်နှစ် ကောဋ္ဌာသ တို့တွင် တပါးပါးသော ကောဋ္ဌာသ သည် ညောင်စောင်း ခြေစသည် ပြုဖို့ရန် မှ ကျေးဇူးမများသောကြောင့် ယူမည့်သူ ကင်းလျက် မြေပေါ်၌ အိပ်ရသဖြင့် ဤ ၃၂-ကောဋ္ဌာသ သည် ထင်းတုံး နှင့် တူသည်။
ဘုရားရှင်၏ ကြည့်ခြင်း— ဘုရားရှင်သည် မိုးသောက် အခါ၌ လောကကို ကြည့်သည် ရှိသော် စကြာဝဠာ နှုတ်ခမ်းမှ စပြီး ဂန္ဓကုဋီ ဘက်သို့ ဉာဏ်တော်ကို ဖြန့်ပြီး ကြည့်သည်။ ညနေချမ်း အခါ၌ ကြည့်သည် ရှိသော် ဂန္ဓကုဋီမှ စပြီး အပြင်ဘက်သို့ ဉာဏ်တော်ကို ဖြန့်၍ ကြည့်တော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၃။)
ပူတိဂတ္တတိဿထေရ်— ဤမထေရ်သည် ကဿပ ဘုရားရှင် လက်ထက်၌ ငှက်မုဆိုး ဖြစ်ခဲ့စဉ် သားငှက်များကို မြင်းခေါင်းရိုး နှင့် အတောင်များကို ချိုးခြင်း သတ်ခဲ့ခြင်း ကြောင့် ယခု ဘဝ ခန္ဓာကိုယ် ပုပ်ဆွေးပြီး အရိုးများ ကျိုးရသည်။ ရဟန်း တပါးအား အရသာ ရှိသော ဆွမ်း လှူခဲ့မှု ကြောင့် ရဟန္တာ ဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၅။)
ပါဠိသဒ္ဒါခက်ဆစ်
ကာယော = ကုစ္ဆိတာနံ အာယော ကာယော။ ကု + အာယ ။
ဆုဒ္ဓေါ = ဆုဘီယတီတိ ဆုဒ္ဓေါ။ ဆုဘိ + တ။
အပေတဝိညာဏော = အပေတံ ဝိညာဏံ ယဿာတိ အပေတဝိညာဏော။ အပေတ + ဝိညာဏ + ယ။
ကလိင်္ဂရံ = ကေန (ဝါတေန) ဣင်္ဂတီတိ ကလိင်္ဂရံ။ က + ဣင်္ဂ + အရ ။ (လ-လာ)
ပူတိဂတ္တတိဿတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၃-စိတ္တဝဂ်
၇- ပူတိဂတ္တတိဿတ္ထေရဝတ္ထုပါဠိဂါထာ
ဆုဒ္ဓေါ အပေတဝိညာဏော, နိရတ္ထံဝ ကလိင်္ဂရံ။
အယံ ကာယော၊ ထက်အောက်ဤကိုယ်, အရည်ယိုလျက်, ပြည်စိုတွေဖုံး, ဤတစ်ကိုယ်လုံးသည်။ အစိရံ၊ ချိန်ခါမတည်, မကြာမီပင်။ ဝတ၊ စင်စစ်ဧကန်, အမှန်အားဖြင့်။ ဆုဒ္ဓေါ၊ လူ၌မစပ်, စွန့်ပစ်အပ်သည်။ အပေတဝိညာဏော၊ ကိုယ်ဝယ်ဆက်ဆက်, အသက်ခေါ်တွင်, ကင်းသောဝိညာဉ်ရှိသည်။ (ဟုတွာ)။ နိရတ္ထံ၊ လူဝယ်လုံးလုံး, အသုံးမကျသော။ ကလိင်္ဂရံ ဣဝ၊ အပုပ်အဆွေး, ထင်းတုံးကလေးကဲ့သို့။ ပထဝိံ၊ သုဿာန်ဟုခေါ်, မြေကြီးပေါ်၌။ အဓိသေဿတိ၊ စင်းစင်းမသွေ, အိပ်နေရတော့လတ္တံ့။ (ပါ-၄၁)
ပူတိဂတ္တတိဿတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။
ပထဝိံ အဓိသေဿတိ။ ။ “ပထဝိယံ သေဿတိ”ဟူသောအဖွင့်အရ အဓိသည် အနက်မဲ့၊ တတိယာ သတ္တမီနဉ္စသုတ်ဖြင့် သတ္တမီ အနက်၌ ဒုတိယာသက်(ရူ-၁၄၄)၊ အထက်၌ ဤအတိုင်း ပေးထားသည်။
ရူ-၁၂၉၊ ရူဋီ၊၇၇။ ။ ထို၌ “ပထဝိယာ ဥပရိ သယိဿတိ”ဟူသော အဖွင့်နှင့်အညီ အဓိကို ဥပရိဘာဝအနက်ယူ၍ ကွစိ ဒုတိယာ ဆဋ္ဌီနမတ္ထေဖြင့် ဆဋ္ဌီအနက်၌ ဒုတိယာသက်၏၊ ထိုအလို “ပထဝိံ-မြေ၏၊ အဓိသေဿတိ-အပေါ်၌ အိပ်ရလတ္တံ့”ဟု ပေး။
ပါ၊၁၊၄, ၄၆၊ မောဂ်-၂၊၂။ ။ ထို၌ အဓိကို အဓိဘဝန(လွှမ်းမိုးခြင်း) အနက်ယူ၍ ကမ္မတ္ထေ ဒုတိယာဖြင့် ကံအနက်၌ ဒုတိယာသက်၏၊ ထိုအလို “ပထဝိံ-ကို၊ အဓိသေဿတိ-လွမ်းမိုး၍ အိပ်ရလတ္တံ့”ဟုပေး။