နန္ဒဂေါပါလကဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၈ - နန္ဒဂေါပါလကဝတ္ထု
၄၂။ ဒိသော ဒိသံ ယံ တံ ကယိရာ၊
ဝေရီ ဝါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊
ပါပိယော နံ တတော ကရေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကောသလဇနပုဒ်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား လိုက်ပို့၍ အပြန် မုဆိုး သတ်သဖြင့် သေရသော အနာထပိဏ်သူဌေး၏ သောတာပန် နွားကျောင်းသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။
အနက်
ဒိသော၊ ခိုးသူ တယောက်သည်။ ဒိသံ၊ အဆွေခင်ပွန်းကို ပြစ်မှားသော ခိုးသူကို။ (ဒိသာ၊ မြင်သည် ရှိသော်)။ ယံ တံ ကယိရာ၊ အကြင် ပျက်စီးအောင် ယခု ဘဝတွင်သာ ပြုနိုင်ရာ၏။ မိစ္ဆာပဏိဟိတံ၊ အကုသိုလ် ကမ္မပထတို့၌ မကောင်းသဖြင့် ထားအပ်သော။ စိတ္တံ၊ စိတ်သည်။ နံ ပုရိသံ၊ ထိုစိတ် မျိုး ရှိသော ယောက်ျားကို။ တတော၊ ထိုရန်ငြိုး ထက်ပင်။ ပါပိယော၊ ဘဝများစွာ ယုတ်ညံ့အောင်။ ကရေ၊ ပြုနိုင်ရာ၏။
စကားပြေ
ခိုးသူ တယောက်သည် မိမိကို ပြစ်မှားသော ခိုးသူကို ရန်သူ တယောက်သည် ရန်ဘက်ကို မြင်သည် ရှိသော် ပျက်စီးအောင် ဤဘဝတွင်သာ ပြုနိုင်သော်လည်း အကုသိုလ် ကမ္မပထတို့၌ မှားသော အားဖြင့် ထားသော စိတ်သည် ၎င်း စိတ်မျိုး ရှိသူကို ရန်ငြိုး ထက်ပင် ဘဝများစွာ ယုတ်မာ အောင် ပျက်စီးအောင် ပြုနိုင်၏။
ပါပိယော— ရန်သူသည် ဤဘဝ၌သာ ဆင်းရဲကို ဖြစ်စေခြင်း၊ အသက်ကို သတ်ခြင်းကို ဖြစ်စေနိုင်သည်။ အကုသိုလ် စိတ်သည် ဘဝပေါင်း အသိန်းမက အပါယ် လေးပါးတို့၌ ပစ်ချ၍ ခေါင်းဖော်ရန် ပင် မပေးသဖြင့် ရန်သူ ထက် ပို၍ပင် ယုတ်မာသည်။
နန္ဒ နွားကျောင်းသား
သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ နွားတို့ကို စောင့်ရှောက် နေသော နန္ဒသည် ပစ္စည်း ဥစ္စာ ကြွယ်ဝ ချမ်းသာသူ ဖြစ်သည်။ မင်း၏ အမြတ်တော် ခွန်ကို ရှောင်လွဲရန် နွားကျောင်းသား ဘဝဖြင့် ပင် နွားအပေါင်းကို စောင့်ရှောက် လျက် နေသည်။ အခါခပ်သိမ်း အနာထပိဏ် သူဌေးထံသို့ နွားနို့ အရသာ ငါးမျိုးကို ယူလာသည်။ ဘုရားရှင်အား ဖူးမြော်ခြင်း, တရားနာခြင်းတို့ကို ပြုလုပ် လေ့ရှိသည်။ ဘုရားရှင်အား မိမိ နေရာသို့ ပင့်ဖိတ်သော်လည်း ဉာဏ်ရင့်ချိန်ကို စောင့်ဆိုင်း၍ ဘုရားရှင်သည် မကြွပဲ နေခဲ့သည်။ ဉာဏ်ရင့်ချိန် ရောက်သောအခါ များစွာသော တပည့် အပေါင်း ခြံရံလျက် နန္ဒ၏ နေရာ အနီး သစ်ပင်ရင်း၌ ဘုရားရှင် ထိုင်စဉ် နန္ဒ၏ ပင့်လျှောက်ချက် အရ ခုနစ်ရက်တိုင်တိုင် ငါးပါးသော နွားနို့ အရသာ အလှူကို ဘုရားရှင် ခံယူတော်မူသည်။ ခုနစ်ရက် မြောက် အနုမောဒနာ တရား အဆုံး၌ သောတာပန် ဖြစ်သည်။ သို့သော် ၎င်း နေ့မှာ ပင် ဘုရားရှင်အား လိုက်ပို့၍ အပြန် ခရီးတွင် မုဆိုး သတ်၍ သေရသည်။
ပါဠိသဒ္ဒါခက်ဆစ်
ဒိသော = ဒိသတိ ဟိံသတိ ပရေ ဝါ၊ န ပိယာယတိ တဗ္ဗောတိ ဒိသော။ ဒိသ် + အ။
မိစ္ဆာပဏိဟိတံ = မိစ္ဆာ ပဏိဟိတံ မိစ္ဆာပဏိဟိတံ။ မိစ္ဆာ + ပဏိဟိတ ။
ပဏိဟိတံ = ပဏိဓိယတိ ဣတ္ထာတိ ပဏိဟိတံ။ ပ + နိ + ဓာ + တ ။
နန္ဒဂေါပါလကဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၃-စိတ္တဝဂ်
၈-နန္ဒဂေါပါလကဝတ္ထုပါဠိဂါထာ
မိစ္ဆာပဏိဟိတံ စိတ္တံ , ပါပိယော နံ တတော ကရေ။
ဒိသော၊ မြင်လျှင်ကြားလျှင်, မရွှင်နှလုံး, မုန်း၍နေသော ခိုး သူတစ်ယောက်သည်။ ဒိသံ၊ မြင်လျှင်ကြားလျှင်, မရွှင်နှလုံး, မုန်း ၍နေသော ခိုးသူတစ်ယောက်ကို။ (ဒိသွာ၊ အကြောင်းတိုက်ဆုံ, တွေ့ကြုံရသည်ဖြစ်၍။) ယံ တံ (အနယဗျသနံ)၊ ဟိတသုခ, အဝဝ ကို, လုံးဝဖျက်ငြား, အကြင်သို့သော စီးပွားမဲ့ကို။ ကယိရာ၊ ကိုယ် တိုင်လည်းကောင်း, ဖော်အပေါင်းဖြင့်, အကြောင်းအားလျော်စွာ, ပြုလုပ်ရာ၏။ ပန၊ အဖို့တစ်ပါးကား။ ဝေရီ ဝါ၊ အချင်းချင်းမာန်, မကောင်းကြံ၍, ရန်ရှိနေသူတစ်ယောက်သည်မူလည်း။ ဝေရိနံ၊ အချင်းချင်းမာန်, မကောင်းကြံ၍, ရန်ရှိနေသူတစ်ယောက်ကို။ (ဒိသွာ၊ ၍။ ယံ တံ အနယဗျသနံ၊ ကို။ ကယိရာ၊ ရာ၏။) မိစ္ဆာပဏိဟိတံ၊ အကုသိုလ်ကံ, တွေ့ကြုံပြန်သော်, မမှန်ဖောက်ပြား, မှားယွင်းစွာ ထားအပ်သောစိတ်သည်။ နံ (ပုရိသံ)၊ ကိုယ်မှုနှုတ်မှု, စိတ်မှုယုတ်မာ, ထိုသတ္တဝါကို။ တတော၊ ထိုခိုးသူရန်သူ, ဆန့်ကျင် သူတို့, ပြုမူလုပ်ကြံ, နှိပ်စက်အပ်သောဒဏ်ထက်။ ပါပိယော၊ တစ်ဘဝမက, သံသရာကျလည်း, ဒုက္ခတွေတိုး, သာ၍ဆိုး အောင်။ ကရေ၊ ဝန်ဆောင်နွား၌, လှည်းဘီးလိုက်သို့, စိုက်စိုက် မကွာ, ပြုလုပ်ရာသတည်း။ (ပါ-၄၂)
နန္ဒဂေါပါလကဝတ္ထုဂါထာနိဿယပြီးပြီ။
မိစ္ဆာပဏိဟိတံ။ ။ ပဏိဓီယတေတိ ပဏိဟိတံ၊ [ပ+နိ+ဓာ(ထပန အနက်)+တ၊ ဓာ၏ အာကို ဣပြု, ဓကို ဟပြု၊ နကို ဏပြန်။] မိစ္ဆာ+ ပဏိဟိတံ မိစ္ဆာပဏိဟိတံ။ အခြားနေရာ၌ လောကီစည်းစိမ်ကို တောင့်တ ၍ပြုသော လောကီကုသိုလ်စိတ်ကို မိစ္ဆာပဏိဟိတ, နိဗ္ဗာန်ကို တောင့်တ ၍ပြုသော ကုသိုလ်စိတ်ကို သမ္မာပဏိဟိတဟု ဖွင့်၏(အံ၊ဋ္ဌ၊၁၊၄၃၊ အံဋီ၊၁၊၉၇)၊ ဤ၌ကား အကုသိုလ်စိတ်ကို မိစ္ဆာပဏိဟိတ၊ ကုသိုလ်စိတ်ကို သမ္မာပဏိဟိတဟု ယူရမည်။
ပါပိယော။ ။ “ပါပတရံ”ဟု ဒုတိယန္တဖြင့် ဖွင့်သောကြောင့် ဒုတိ ယာအနက်၌ ပဌမာသက်၊ (တစ်နည်း) ဒုတိယာမှ ပဌမာသို့ ပြန်နေသော ဝိဘတ္တိဝိပလ္လာသဟုကြံ။