သောရေယျတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၉ - သောရေယျတ္ထေရဝတ္ထု
၄၃။ န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိ စ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင် မဟာကစ္စည်းထေရ်ကို စိတ်ဖြင့် ပြစ်မှားမိသော သောရေယျမြို့သား သူဌေးသား သောရေယျထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။
အနက်
တံ၊ ထိုလူ နတ် နိဗ္ဗာန် ချမ်းသာကို ဖြစ်စေနိုင်သော အကြောင်းကို။ မာတာ၊ မိခင်သည်။ န ကယိရာ၊ ပြုမပေးနိုင်။ ပိတာ၊ ဖခင်သည်။ န ကယိရာ၊ ပြုမပေးနိုင်။ အညေ ဝါပိ၊ မိဘမှ တပါး ကုန်သော။ ဉာတကာ၊ ဆွေမျိုးတို့သည်။ န ကရေယျ၊ ပြုမပေးနိုင်ကုန်။ သမ္မာပဏိဟိတံ၊ ကုသိုလ် ကမ္မပထတို့၌ ကောင်းစွာ ထားသော။ စိတ္တံ၊ စိတ်သည်။ နံ ပုဂ္ဂလံ၊ ထိုစိတ် မျိုး ရှိသော ပုဂ္ဂိုလ်ကို။ တတော၊ ထိုမိဘ ဆွေမျိုးတို့ထက်။ သေယျသော၊ တဆင့်ထက် တဆင့် မြင့်သထက် မြင့်အောင်။ ကရေ၊ ပြုပေးနိုင်၏။
စကားပြေ
မိဘ ဆွေမျိုးများသည် ဤဘဝတွင်သာ အလုပ် မလုပ်ပဲ ချမ်းချမ်းသာသာ အသက် မွေးနိုင်ရန် ပစ္စည်းကို ပေးနိုင် သော်လည်း စကြဝတေး မင်း စည်းစိမ် နတ် စည်းစိမ်, ဗြဟ္မာ စည်းစိမ်, လောကုတ္တရာ စည်းစိမ်တို့ကို မပေးနိုင်။ ကုသိုလ် ကမ္မပထတို့၌ ကောင်းစွာ ဆောက်တည် ထားသော စိတ်သည်သာ ထိုစိတ် ရှိသူကို စည်းစိမ် အားလုံး ပေးစွမ်းနိုင်၏။
ရဟန္တာကို ပြစ်မှားခြင်း
သောရေယျ သူဌေးသားသည် အသား အရေ ဝါဝင်း စိုပြေနေသော အရှင် ကစ္စည်းထေရ်ကို ငါ့ဇနီး ဖြစ်လျှင် ကောင်းမည်၊ သို့မဟုတ် ငါ့ဇနီး၏ အသား အရေသည် ဤမထေရ် ကဲ့သို့ ဖြစ်လျှင် ကောင်းမည် ဟု စိတ်ထဲက ပြစ်မှား ရုံဖြင့် မိန်းမ ဘဝ ပြောင်းရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၇။)
ဘဝ— ဘဝသံသရာ ကျင်လည် ကြရာ မိန်းမ မဖြစ်ဖူးသော ယောက်ျား ယောက်ျား မဖြစ်ဖူးသော မိန်းမ မရှိ။ ယောက်ျားများသည် သူတပါး သား မယား လွန်ကျူးမိ လျှင် မိန်းမ ဘဝ ဖြစ်၍ မိန်းမ များသည် ယောက်ျား ဖြစ်ဖို့ရန် ဆု တောင်း၍ ကောင်းမှု ပြုခဲ့သော်လည်း ကောင်း၊ မိမိ ခင်ပွန်း ယောက်ျား ကို ကောင်းမွန်စွာ ပြုစု လုပ်ကျွေးသော်လည်းကောင်း ယောက်ျား ဘဝ ရနိုင်၏။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၈။)
ချစ်ချင်း မတူ— သောရေယျထေရ်သည် ယောက်ျား ဘဝဖြင့် ရခဲ့သော သား နှစ်ယောက် ထက် မိန်းမ ဘဝဖြင့် ရခဲ့သော သား နှစ်ယောက်ကို ပိုပြီး ချစ်သည် ဟု လာမေးသူ တိုင်းအား ဖြေဆို၏။ ရဟန္တာ ဖြစ်ပြီး နောက် လာမေးပြန် သောအခါ မည်သည့် သားကို မျှ မချစ် ဟု ဖြေဆိုသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၀။)
သောရေယျတ္ထေရဝတ္ထု ပြီး၏။
စိတ္တဝဂ် ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၃-စိတ္တဝဂ်
၉-သောရေယျတ္ထေရဝတ္ထုပါဠိဂါထာ
သမ္မာပဏိဟိတံ စိတ္တံ, သေယျသော နံ တတော ကရေ။
မာတာ၊ မွေးသမိခင်, ကျေးဇူးရှင်သည်။ တံ ကာရဏံ၊ တစ် ဘဝတစ်ခါ, ကြီးပွားရာဖို့, လျော်စွာမြော်တောင်း, ထိုအကြောင်း ကို။ န ကယိရာ၊ ကရုဏာရှု, မေတ္တာရှုလည်း, အမှုပိုင်ပိုင်, မပြုနိုင် ရာ။ ပိတာ၊ မွေးသဖခင်, ကျေးဇူးရှင်သည်။ (တံ ကာရဏံ၊ ကို။ န ကယိရာ၊ ရာ။) အညေ၊ မိဘမှတစ်ပါး အခြားကုန်သော။ ဉာတကာ ဝါ ပိ၊ သွေးသားစပ်လျဉ်း, ဆွေရင်းမျိုးရင်းတို့သည်လည်း။ (တံ ကာရဏံ၊ ကို။ န ကယိရုံ၊ ကုန်ရာ။) သမ္မာပဏိဟိတံ စိတ္တံကုသိုလ်ပြုရန်, တွေ့ကြုံပြန်လျှင်, မှန်ကန်ရိုးသား, ထားအပ်သော စိတ်သည်။ နံ (ပုရိသံ)၊ ကိုယ်မှုနှုတ်မှု, စိတ်မှုပျော့ပျောင်း, ထိုသူ တော်ကောင်းကို။ တတော၊ မိဘဆွေဉာ, မပြုသာအောင်, များစွာ ခက်တောင်း, ထိုအကြောင်းထက်။ သေယျသော၊ တစ်ဘဝမက, သံသရာကျလည်း, သုခတွေဖြိုး, သာ၍တိုးအောင်။ ကရေ၊ လူ၏ နောက်၌, အရိပ်လိုက်သို့, စိုက်စိုက်မကွာ, ပြုနိုင်ရာသတည်း။ (ပါ-၄၃)
သေယျသော။ ။ “ဝရတရံ”ဟု ဖွင့်သဖြင့် သေယျ၌ ဣယပစ္စည်း ဝိသေသအနက်၌ ဖြစ်ကြောင်းကို ပြသည်၊ သောပစ္စည်း၏ အနက်ကို မပြ သဖြင့် “သံဝဏ္ဏနာ, ဖွင့်ဆိုရာဝယ်, ရှိတာမပြ, အနတ္ထ”နှင့်အညီ သော ပစ္စည်း အနက်မရ, သကတ္ထတည်း၊ ထိုကြောင့် “ဝိသေသေန+ပသတ္ထော သေယျော၊ သေယျော ဧဝ သေယျသော”ဟု ပြုပါ၊ အဗျယပုဒ်ဖြစ်၍ ထိုနောင် ဒုတိယာအံဝိဘတ်ကျေသည်။ (ဝိဗော၊၅၄)
တစ်နည်း။ ။ သောပစ္စည်းဟု မယူဘဲ သော ဝါသုတ်၌ “သော”ဟူ သော ယောဂဝိဘာဂဖြင့် အံဝိဘတ်ကို သောပြုထားသည်ဟု ကြံပါ။ (ဝိဗော၊၅၄) (တစ်နည်း) “လဟုတော သကတ္ထေ သ(နီတိ-၈၃၉)”သုတ်ကို မှီ၍ သကတ္ထ၌ သပစ္စည်းဟုလည်း ကြံနိုင်သေး၏၊ ရှေ့ဆုံးနည်းအတိုင်း ဝိဂြိုဟ်ဆို၍ ရှေ့ဂါထာမှ ပါပိယောကဲ့သို့ ဒုတိယာအနက်၌ ပဌမာသက်၊ (တစ်နည်း) ဝိဘတ္တိဝိပလ္လာသကြံပါ။
သောရေယျတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။
စိတ္တဝဂ်ဂါထာနိဿယပြီးပြီ။