မာတိကာသို့ ခုန်သွားရန်

သောရေယျတ္ထေရဝတ္ထု

ဝီကီရင်းမြစ် မှ

စိတ္တဝဂ်

၉။ သောရေယျသူဌေးသား ဝတ္ထု

န တံ မာတာ ပိတာ ကယိရာအစရှိသော ဤတရားဒေသနာတော်ကို သဗ္ဗညု မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သောရေယျသူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဤဝတ္ထုသည် သောရေယျပြည်၌ ဖြစ်ပေါ်၍ သာဝတ္ထိပြည်၌ ပြီးဆုံးစေအပ်သော ဝတ္ထုဖြစ်၏။)

အရှင်မဟာကစ္စည်းကို ပြစ်မှား၍ သောရေယျသူဌေးသား မိန်းမဖြစ်ရခြင်း

ဘုရားရှင်သည် သာဝတ္ထိပြည်၌ နေထိုင်ရွှင်ပြုံး သီတင်းသုံးတော်မူဆဲဖြစ်သောအခါ သောရေယျပြည်တွင် သောရေယျသူဌေးသားသည် သူငယ်ချင်း အဖော်တစ်ယောက်နှင့် အတူတကွ ငြိမ့်သောယာဉ်ငယ်၌စီး၍ များစွာသော အခြံအရံ ပရိသတ်များနှင့်အတူ ရေချိုးခြင်း (ရေကစားခြင်း)ငှာ ပြည်မှ ထွက်ခဲ့လေ၏။ ထိုခဏ၌ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် သောရေယျပြည်သို့ ဆွမ်းအလို့ငှာ ဝင်လိုသည်ဖြစ်၍ ပြည်ပ၌ ဒုကုဋ်သင်္ကန်း ရုံလွှမ်းသပ္ပာယ်တော်မူလေ၏။ ထိုအရှင်မဟာကစ္စည်း မထေရ်မြတ်အားလည်း ရွှေအဆင်းနှင့်တူသော လှပတင့်တယ်သောအဆင်း ရှိတော်မူလေ၏။ သောရေယျသူဌေးသားသည် မထေရ်မြတ်ကိုမြင်လျှင် “ဤမထေရ်သည်လည်း ငါ့မယား ဖြစ်ပါမူကား ဪ... ကောင်းလေစွ။ ငါ့မယား၏ ကိုယ်အဆင်းသည်မူလည်း ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့ ဖြစ်ပါမူကား ဪ... ကောင်းလေစွ”ဟု ကြံမိလေ၏။ ထိုသောရေယျသူဌေးသားအား ဤသို့ ကြံမိကာမျှ၌ပင်လျှင် ယောက်ျားအသွင် ကွယ်ခဲ့၍ မိန်းမအသွင်သည် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ထိုသူဌေးသားသည် ရှက်နိုးလှသဖြင့် ယာဉ်ငယ်ထက်မှ ဆင်းသက်၍ ထွက်ပြေးလေ၏။ အပေါင်းအဖော် အခြံအရံဖြစ်သော လူအပေါင်းသည်လည်း ထိုအကြောင်းကို မသိသည်ဖြစ်၍၊ ဝါ-ထိုသူကို မမှတ်မိသည်ဖြစ်၍ “ဤသူထွက်ပြေးခြင်းအကြောင်းကား အဘယ်နည်း”ဟု ဆိုလေ၏။ ထိုမိန်းမသည်လည်း တက္ကသိုလ်ပြည် လမ်းခရီးသို့ သွားလေ၏။ ထိုမိန်းမဖြစ်လေသော သူဌေးသား၏ အဆွေခင်ပွန်းတို့သည်လည်း ထိုမှဤမှ ပြေးကာလွှားကာ လိုက်လံရှာဖွေကြသော်လည်း မမြင်ကြလေကုန်။ ထိုအလုံးစုံသောသူတို့သည် ရေချိုးပြီးလျှင် အိမ်သို့ ပြန်လာခဲ့ကြကုန်၏။ “သူဌေးသား အဘယ်မှာနည်း”ဟု မေးကြသောအခါလည်း “ရေချိုးပြီး၍ ပြန်သွားနှင့်လတ္တံ့”ဟု မှတ်ထင်ကြကြောင်း ပြောဆိုကြသဖြင့် မိခင်ဖခင်တို့သည် ထိုထိုအရပ်၌ ရှာဖွေ၍ မတွေ့မမြင်ကြကုန်သည်ရှိသော် ငိုကြွေးမြည်တမ်းကြကုန်လျက် သေလေပြီဖြစ်လတ္တံ့ဟူသော အမှတ်ဖြင့် မတကဘတ်ကို (မတက+ဘတ်-ဟူသည်ကား သေလွန်လေသောသူအား-ကောင်းကျိုးရရန် ရည်မှန်း၍ ကျွေးမွေးလှူဒါန်းသော အလှူတည်း။) လှူဒါန်းကြကုန်၏။

ထိုမိန်းမသည်လည်း တက္ကသိုလ်ပြည်သို့သွားသော လှည်းကုန်သည်တစ်ယောက်ကို မြင်သဖြင့် လှည်း၏ နောက်မှနောက်မှ အစဉ်လိုက်သွားလေ၏။ ထိုအခါ လူတို့သည် ထိုမိန်းမကိုမြင်လျှင် “ငါတို့၏လှည်းနောက်မှ နောက်မှ အဘယ့်ကြောင့် အစဉ်လိုက်သနည်း၊ ဤသတို့သမီးသည် အဘယ်သူ၏ သတို့သမီးနည်း၊ ထိုသတို့သမီးကို ငါတို့မသိကြကုန်”ဟု ဆိုကြကုန်၏။ “အရှင်- အရှင်တို့သည် မဆိုကြပါကုန်လင့်၊ မိမိလှည်းကိုသာ မောင်းနှင်ကြပါ၊ အကျွန်ုပ်သည် ခြေဖြင့်သွားပါအံ့”ဟု ဆိုကာ သွားသည်ရှိသော် ခြေတို့သည် ပေါက်ကွဲကုန်သဖြင့် လက်စွပ်ကိုပေး၍ တစ်ခုသောလှည်း၌ (စီးနင်းလိုက်ပါရန်) အခွင့်တောင်းခြင်းကို ပြုရလေ၏။ လူတို့လည်း “တက္ကသိုလ်ပြည်၌ ငါတို့သူဌေးသားအား မယားမရှိ၊ ထိုသူဌေးသားအား ပြောကြားကြကုန်စို့အံ့၊ ငါတို့အား များစွာသော လက်ဆောင်ပဏ္ဏာ ရလတ္တံ့”ဟု ကြံစည်ကြလေကုန်၏။ ထို့နောက် လှည်းကုန်သည်တို့သည် သူဌေးသားအိမ်သို့သွား၍ “အရှင်သူဌေးသား- အကျွန်ုပ်တို့သည် အရှင်သူဌေးသားအလို့ငှာ တစ်ဦးသောမိန်းမရတနာကို ဆောင်ခဲ့ပါသည်”ဟု ပြောကြား၏။ သူဌေးသားလည်း ထိုစကားကိုကြားလျှင် ထိုမိန်းမကိုခေါ်စေ၍ မိမိ၏အရွယ်နှင့် လျောက်ပတ်သော အလွန်တရာလှပသဖြင့် ကြည်လင်စွဲမက် နှစ်သက်ချင်စဖွယ် အဆင်းပုံဟန်ရှိသည်ကို မြင်တဲ့လျှင် ဖြစ်သော ချစ်ခင်စုံမက် နှစ်သက်ခြင်းရှိရကား မိမိအိမ်၌ နေစိမ့်သောငှာ လက်ခံသိမ်းပိုက်ခြင်းအမှု ပြုလေ၏။

(ယောက်ျားတို့သည် မိန်းမ မဖြစ်ဖူးသောသူမည်သည် မရှိ။ မိန်းမတို့သည်လည်း ယောက်ျားမဖြစ်ဖူးသောသူ မည်သည် မရှိ။ ယောက်ျားတို့သည် သူတစ်ပါး၏ မယားတို့၌ လွန်ကျူးပြစ်မှား၍ သေလွန်သည်ရှိသော် များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ပြီး(ခံရပြီး)လျှင် ထိုငရဲမှ လွတ်၍ လူ့ဘဝသို့ ရောက်လာကုန်သည်ရှိသော် အရာမက များစွာသော အတ္တဘောတို့ပတ်လုံး မိန်းမအဖြစ်သို့သာ ရောက်ကြရကုန်၏။ ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီဖြည့်ပြီးသော အရိယာသာဝက အရှင်အာနန္ဒာ မထေရ်သော်မှလည်း သံသရာ၌ကျင်လည်စဉ် တစ်ခုသော ကိုယ်အဖြစ်ဝယ် ပန်းထိမ်သည်အမျိုး၌ဖြစ်၍ ပရဒါရကံကို ပြုမှားမိသောကြောင့် ငရဲ၌ကျက်ပြီး ခံရပြီးမှ ထိုဝိပါက် အကြွင်းအကျန်၏အစွမ်းဖြင့် တစ်ဆယ့်လေးခုသော ကိုယ်အဖြစ်တို့၌ ယောက်ျား၏ ခြေရင်းအလုပ်အကျွေး မိန်းမ ဖြစ်ရဖူးလေ၏။ ခုနစ်ကြိမ်သော ကိုယ်အဖြစ်တို့၌ ဝှေးစေ့ထုတ်ခံရခြင်းသို့ ရောက်ရဖူးလေ၏။ မိန်းမတို့မည်သည်ကား အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကိုပြု၍ မိန်းမအဖြစ်၌ တပ်နှစ်သက်ခြင်း ကင်းစေပြီးလျှင် “ဤကောင်းမှု ကုသိုလ်ကံသည် ငါတို့အား ယောက်ျား၏ ကိုယ်ခန္ဓာအဖြစ်ကို ရခြင်းအကျိုးငှာ ဖြစ်ပါစေသော်”ဟု စိတ်ကို ခိုင်မြဲစွာ ဆောက်တည်နိုင်ကြလျှင် သေလေပြီးသောအခါ ယောက်ျား၏ ကိုယ်ခန္ဓာအဖြစ်ကို ရနိုင်ကြကုန်၏။ လင်ယောက်ျားအပေါ်၌ အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေးလျက် အကျင့်ကောင်းခြင်း၏ အစွမ်းဖြင့်လည်း ယောက်ျား၏ ကိုယ်ခန္ဓာအဖြစ်ကို ရနိုင်ကြကုန်သည်သာလျှင်တည်း။)

တက္ကသိုလ်ပြည်၌ သူဌေးသားနှင့် ကလေးနှစ်ယောက် ရပြီးမှ မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း

ဤသောရေယျသူဌေးသားသည်လည်း အရှင်မဟာကစ္စည်း မထေရ်မြတ်၌ မသင့်သောစိတ် နှလုံးသွင်းခြင်းကို ဖြစ်စေမိသဖြင့် ဤကိုယ်၏အဖြစ်၌ မိန်းမဘဝကိုရလျက် တက္ကသိုလ်ပြည်၌ သူဌေးသားနှင့် အတူတကွနေခြင်းကိုစွဲ၍ ထိုတက္ကသိုလ် သူဌေးကတော်၏ဝမ်း၌ ကိုယ်ဝန်သားငယ် တည်လေ၏။ ထိုသူဌေးကတော်သည် ဆယ်လလွန်သောအခါ သားကိုရ၍ ထိုသူငယ် ခြေဖြင့်သွားနိုင်သောအခါ တစ်ယောက်သော သားကိုလည်း ရပြန်၏။ ဤသို့လျှင် ထိုသူဌေးကတော်အား ဝမ်း၌လွယ်၍ ဖွားသော သားငယ် နှစ်ယောက်၊ သောရေယျပြည်၌ ယောက်ျားဖြစ်စဉ် ထိုသူဌေးကတော်ကိုပင် အစွဲပြု၍ ဖွားသော သားငယ်နှစ်ယောက်၊ ဤသို့အားဖြင့် လေးယောက်သော သားတို့သည် ရှိလေကုန်၏။ ထိုအခါ သောရေယျပြည်မှ ထိုသူဌေးကတော်၏ အဆွေခင်ပွန်းဖြစ်သော သူဌေးသားသည် လှည်းငါးရာတို့ဖြင့် တက္ကသိုလ်ပြည်သို့ သွားရောက်၍ ငြိမ့်သောယာဉ်ငယ်စီးလျက် မြို့တွင်းသို့ ဝင်လာလေ၏။

ထိုအခါ သူဌေးကတော်သည် အထက်ပြာသာဒ်အပြင်ဝယ် လေသာပြတင်းကို ဖွင့်လှစ်၍ ခရီးလမ်းမငယ်ကို ကြည့်လျက် ရပ်နေစဉ် ထိုသူဌေးသားကို မြင်ရလေလျှင် ကောင်းစွာမှတ်မိသဖြင့် ကျွန်မကိုစေလွှတ်ကာ ခေါ်စေ၍ ပြာသာဒ်အပြင်၌ နေထိုင်စေလျက် မြတ်နိုးတနာ ပူဇော်ခြင်းကို ပြုလေ၏။ ထိုအခါ တက္ကသိုလ် သူဌေးကတော်ကို သောရေယျပြည်မှ ရောက်လာစဖြစ်သော သူဌေးသားသည် “အရှင်မ- သင့်ကို ဤအခါမှ ရှေး၌ ငါတို့ မမြင်ဖူးပါ၊ အဘယ်အကြောင်းကြောင့် ငါတို့အား များစွာသော မြတ်နိုးတနာ ပူဇော်သက္ကာရကို ပြုပါသနည်း၊ ငါတို့ကို သင်သိသလော”ဟု ပြောဆိုမေးမြန်းလေ၏။ “အရှင်သူဌေး- သိသည်မှန်ပါ၏”ဟု ဖြေဆိုပြီးလျှင် “သင်တို့သည် သောရေယျပြည်သား မဟုတ်ပါကုန်လော”ဟု ပြန်၍ မေးလေ၏။ “အရှင်မ- ငါတို့ကား သောရေယျပြည်သား မှန်ပေ၏”ဟု ဆိုသောအခါ ထိုသူဌေးကတော်သည် ထိုသောရေယျ ပြည်၌ရှိသော မိခင်ဖခင်တို့၏လည်းကောင်း၊ မယား၏လည်းကောင်း သားငယ်နှစ်ယောက်တို့၏လည်းကောင်း အနာရောဂါ ကင်းလွတ်ကြောင်းကို မေးမြန်းလေ၏။ သောရေယျပြည်ကလာသော သူဌေးသားသည်လည်း “အရှင်မ- အနာရောဂါ ကင်းလွတ်ကြပါ၏”ဟု ဆိုပြီးလျှင် သူဌေးသားသည် “အရှင်မ- ဤသူတို့ကို သိပါသလော”ဟု မေးလေ၏။

“အရှင်- သိသည် မှန်ပါ၏၊ ထိုသူတို့အား သားတစ်ယောက်ရှိသည် မဟုတ်ပါလော၊ ထိုသားသည် ကျွန်မပင် ဖြစ်ပါသည်”ဟု ပြောလျှင် “အရှင်မ- ဤသို့မဆိုလင့်၊ ငါတို့သည် ထိုသူနှင့်အတူတကွ တစ်နေ့သ၌ ငြိမ့်သောယာဉ်ငယ်စီး၍ ရေချိုးခြင်းငှာ ထွက်ခွာသွားကြစဉ် ထိုသူသွားရာ အရပ်ကို မသိကြကုန်၊ ထိုမှဤမှ လှည့်လည်ရှာဖွေသော်လည်း ထိုသူကို မမြင်ခြင်းကြောင့် မိခင်ဖခင်တို့ကို အကြောင်းကြားသော် ထိုမိခင်ဖခင်တို့လည်း ငိုကြွေးမြည်တမ်းလျက် တမလွန်ဘဝ ပြောင်းသွားသော သူအတွက် မတကဘတ် လှူဒါန်းခြင်းကိစ္စကို ပြုလုပ်ကြပါကုန်ပြီ”ဟု ဆိုလေ၏။ “အရှင်သူဌေးသား- အရှင်နှင့်အတူ ယာဉ်ငြိမ့်စီး၍ ရေချိုးသွားသော ထိုသူဌေးသားဟူသည် ကျွန်မပင် ဖြစ်သည်”ဟု ဆိုပြန်သဖြင့် “အရှင်မ- ဖဲလော့ (တန်တော့)၊ အဘယ်သို့သော စကားကို ဆိုသနည်း၊ ငါ၏အဆွေခင်ပွန်းကား နတ်သားလုလင်ကဲ့သို့ လှပသော ယောက်ျား တစ်ယောက်”ဟု ငြင်းဆိုလေ၏။ “အရှင်သူဌေးသား- ထိုသို့ပင် ဖြစ်ပါစေ၊ ထိုလုလင် သူဌေးသားသည် ကျွန်မပင်တည်း”ဟု ပြောကြားပြန်သောအခါ ထိုသူဌေးကတော်ကို “ဤသို့ မိန်းမဖြစ်ရခြင်းကား အဘယ်ပုံ ဖြစ်ရခြင်းနည်း”ဟု မေးမြန်းလေ၏။

“အရှင်သူဌေးသား၊ ထိုရေကစားသွားသောနေ့၌ အသင်သည် အရှင်မဟာကစ္စည်း မထေရ်ကို မြင်လိုက်မိပါ၏လော”ဟု မေးသဖြင့် “ဪ- မြင်သည် မှန်၏”ဟု ပြောလျှင် “ကျွန်မသည် ဤအရှင်မဟာကစ္စည်းမထေရ်ကို ကြည့်ရှု၍ “ဤမထေရ်သည်မူလည်း ငါ့မယား ဖြစ်ပါမူကား ဪ ကောင်းလေစွ၊ ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့လည်း ငါ့မယား၏ ကိုယ်အဆင်း ဖြစ်ပါမူကား ဪ ကောင်းလေစွ”ဟု ကြံစည်မိပါသည်။ ဤသို့ ကြံစည်မိသော ခဏ၌ပင်လျှင် ယောက်ျားအသွင်ကွယ်ခဲ့၍ မိန်းမအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်၊ ထိုအခါ၌ ကျွန်မသည် ရှက်နိုးလှသဖြင့် တစ်စုံတစ်ယောက်သောသူအား တစ်ခွန်းသော စကားကိုမျှ ပြောဆိုခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ထွက်ပြေးကာ ဤတက္ကသိုလ်ပြည်သို့ ရောက်လာခဲ့ရပါ၏ အရှင်သူဌေးသား”ဟု စုံလင်စွာ ပြောပြလတ်သည်ရှိသော် “ဪ- သင်ပြုအပ်သောအမှုကား စင်စစ် အလွန်ဝန်လေးလေစွတကား၊ အဘယ့်ကြောင့် ငါ့အား မပြောကြားလေဘိသနည်း၊ သင်သည် အရှင်မဟာကစ္စည်းမထေရ်ကို သည်းခံစေအပ်ပြီလော၊ ဝါ- တောင်းပန်ကန်တော့အပ်ပြီလော”ဟု မေးမြန်း စိစစ်လေ၏။

အရှင်မဟာကစ္စည်းအား ကန်တော့သဖြင့် ယောက်ျား ပြန်ဖြစ်ခြင်း

ထိုသို့ မေးမြန်းစိစစ်သောအခါ “အရှင်သူဌေးသား- ကျွန်မသည် မကန်တော့ရသေးပါ”ဟု ဆိုလျှင် “အရှင်မဟာကစ္စည်း မထေရ်မြတ်သည် အဘယ်အရပ်၌ နေသနည်း၊ သင်သိသလော”ဟု မေးမြန်းပြန်လေ၏။ “ဤတက္ကသိုလ်ပြည်ကိုသာလျှင် အမှီပြု၍ နေတော်မူ၏ဟု သိရှိရပါ၏၊ အကယ်၍ ဆွမ်းအလို့ငှာ လှည့်လည်လာသဖြင့် ကျွန်မတို့၏ ဤအိမ်သို့ ကြွလာပါမူကား ကျွန်မကိုယ်တိုင် ကျွန်မ၏ အရှင်မြတ်ကြီးအား ဆွမ်းအာဟာရကို လှူပါအံ့ အရှင်သူဌေးသား”ဟု ဆိုရကား “ထိုသို့ဖြစ်မူ လျင်စွာ ပူဇော်သက္ကာရကို ပြုပါလော့၊ ငါတို့လည်း ဤအရှင်မဟာကစ္စည်း မထေရ်ကို သည်းခံစေအံ့ (တောင်းပန်ပေးအံ့)”ဟု ဆိုပြီးလျှင် မထေရ်မြတ်၏ သီတင်းသုံးရာ အရပ်သို့သွား၍ ရိုသေစွာ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေပြီးမှ “အရှင်မြတ်ဘုရား- နက်ဖြန် တပည့်တော်၏ ဆွမ်းအလှူ ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “သူဌေးသား- သင်သည် ဧည့်သည် မဟုတ်လော”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား တပည့်တော်တို့၏ ဧည့်သည်အဖြစ်ကို မေးမြန်းတော်မမူပါလင့်၊ နက်ဖြန် တပည့်တော်၏ ဆွမ်းအလှူကိုသာ ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားသဖြင့် မထေရ်မြတ်သည် ဝန်ခံတော်မူလိုက်လေ၏။ အိမ်၌လည်း မထေရ်မြတ်၏အလို့ငှာ ကြီးစွာသော ပူဇော်ဖွယ်ကို စီရင်လေ၏။

မထေရ်မြတ်သည် တစ်ဖန် မိုးသောက် နံနက်ရောက်သောအခါ ထိုအိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ထိုအခါ မထေရ်မြတ်ကို နေထိုင်တော်မူစေ၍ မွန်မြတ်သော ဆွမ်းဘောဇဉ် အာဟာရဖြင့် လုပ်ကျွေးပြီးလျှင် သူဌေးသားသည် ထိုမိန်းမကိုခေါ်၍ မထေရ်၏ခြေရင်း၌ ဝပ်စေလျက် “အရှင်မြတ်ဘုရား- တပည့်တော်၏ အဆွေခင်ပွန်းမအား အနာမယူ သည်းခံတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်မြတ်လည်း “ဤသည်းခံရခြင်း အကြောင်းကား အဘယ်နည်း”ဟု မေးလျှင် “အရှင်မြတ်ဘုရား- ဤဒါယိကာမသည် ရှေးအခါ၌ တပည့်တော်၏ မိတ်ဆွေအဖော် ဖြစ်ပါသည်၊ အရှင်ဘုရားတို့ကို ကြည့်ရှုပြီးလျှင် ဤမည်သော အကြံကို ကြံစည်မိပါပြီ၊ ထိုသို့ ကြံစည်သောအခါ ဤသူ့အား ယောက်ျားအသွင် ကွယ်ခဲ့၍ မိန်းမအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်ဘုရား၊ အရှင်မြတ်ဘုရား- သည်းခံတော်မူပါဘုရား”ဟု လျှောက်ထား တောင်းပန်လေ၏။ မထေရ်လည်း “ထိုသို့ဖြစ်မူ ထလော့၊ ငါသည်းခံ၏”ဟု ဆိုလေ၏။ မထေရ်မြတ်သည် “ငါသည်းခံ၏”ဟု ဆိုကာမျှ၌သာလျှင် မိန်းမအသွင်ကွယ်ခဲ့၍ ယောက်ျားအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ဤသို့လျှင် ယောက်ျားအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာကာမျှ၌ပင်လျှင် ထိုသောရေယျသူဌေးသားကို တက္ကသိုလ် ပြည်သား သူဌေးသားက “အချင်း မိတ်ဆွေ- ဤသူငယ်နှစ်ယောက်တို့ကား သင်၏ဝမ်း၌လွယ်၍ ဖွားမြင်သော သားတို့ ဖြစ်ကြကုန်၏၊ အကျွန်ုပ်ကိုစွဲ၍ ဖြစ်ကုန်ရကား နှစ်ပါးစုံဖြစ်သော ငါတို့၏ သားသာလျှင်တည်း၊ ဤတက္ကသိုလ်ပြည်၌သာ အတူနေကြကုန်စို့အံ့၊ ငြီးငွေ့ မပျင်းရိပါလင့်”ဟု ဆိုလေ၏။

“အချင်းမိတ်ဆွေ- အကျွန်ုပ်ကား တစ်ခုသော ကိုယ်အဖြစ်ဖြင့် ရှေးဦးစွာ ယောက်ျားဖြစ်လျက် တစ်ဖန် မိန်းမအဖြစ်သို့ရောက်၍ တစ်ဖန် ယောက်ျားဖြစ်ပြန်၏။ ဤသို့ ဖောက်ဖောက်ပြန်ပြန် ဖြစ်ခြင်းသို့ ရောက်ရလေ၏၊ ရှေးဦးစွာ အကျွန်ုပ်ကို အကြောင်းပြု၍ သားနှစ်ယောက် ဖြစ်ကုန်၏၊ ယခု မိန်းမဖြစ်သောအခါ၌လည်း အကျွန်ုပ်၏ဝမ်းမှ သားနှစ်ယောက်တို့ ဖွားမြင်ကုန်၏။ ထိုအကျွန်ုပ်သည် တစ်ခုတည်းသော အတ္တဘောဖြင့် ဖောက်ပြန်သောအခြင်းအရာသို့ ရောက်ရခြင်းကြောင့် တစ်ဖန် အိမ်၌နေဦးမည်ဟု အမှတ်သညာ မပြုလိုတော့ပြီ၊ အကျွန်ုပ်၏အရှင် မထေရ်မြတ်၏အထံ၌ အကျွန်ုပ်သည် ရဟန်းပြုတော့အံ့၊ ဤသားငယ်နှစ်ယောက်တို့လည်း အသင်၏ တာဝန်ဖြစ်ရကား ဤသားငယ်နှစ်ယောက်တို့အပေါ်၌ မမေ့မလျော့ ပြုစုရစ်ပါလော့”ဟု မေတ္တာစကား မှာထားပြီးမှ သားငယ်တို့၏ ဦးခေါင်း၌ အဖန်ဖန် နမ်းရှုပ် သုံးသပ်ပွတ်သပ်လျက် ရင်ခွင်ထက်၌ အိပ်စေပြီးလျှင် ဖခင်အား အပ်နှင်းကာ အိမ်မှထွက်ခဲ့၍ မထေရ်မြတ်၏အထံတော်၌ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။

သောရေယျလုလင် ရဟန္တာဖြစ်ခြင်း

အရှင်မဟာကစ္စည်း မထေရ်သည်လည်း ထိုသောရေယျသူဌေးသားကို ရှင်ရဟန်းပြုစေ၍ ကမ္မဋ္ဌာန်းကို သင်ယူစေပြီးလျှင် ဒေသစာရီ ကြွချီလတ်သည်ရှိသော် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူလေ၏။ ထိုရဟန်းသစ်အား သောရေယျမထေရ်ဟု အမည်တွင်လေ၏။ ဇနပုဒ်၌နေသော သူတို့သည် ထိုသောရေယျမထေရ် အကြောင်းကို သိကုန်ရကား တုန်လှုပ်ချောက်ချားကာ အုတ်အုတ်ကျက်ကျက်သော အသံဖြစ်ကုန်လျက် မထေရ်အထံသို့ချဉ်းကပ်၍ မေးမြန်းကြကုန်၏။ “အရှင်ဘုရား- ဤသို့ ဖြစ်သောဟူသည် မှန်ပါသလော”ဟု မေးလျှင် “ဒါယကာတို့- အမှန်ဖြစ်၏”ဟု ဆိုလတ်သော် “အရှင်ဘုရား- ဤသို့သဘောရှိသော အကြောင်းမည်သည်လည်း ဖြစ်ရချေသေး၏၊ အရှင်ဘုရားတို့၏ဝမ်း၌ သားငယ်နှစ်ယောက် ဖွားကုန်သတတ်၊ အရှင်ဘုရားတို့ကိုစွဲ၍ သားငယ်နှစ်ယောက် ဖြစ်ကုန်သတတ်၊ ထိုသားငယ် လေးယောက်တို့တွင် အဘယ်သားတို့၌ အရှင်မြတ်သည် အားကြီးသောချစ်ခြင်း ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်ကြကုန်၏။ “ဒါယကာတို့- ဝမ်း၌ဖြစ်၍ လွယ်ဖွားသော သားငယ်တို့အပေါ်၌ အားကြီးသော ချစ်ခြင်းသည် ဖြစ်၏”ဟု မိန့်ဆိုတော်မူလေ၏။ ရောက်လာ,ရောက်လာကုန်သော သူတို့လည်း ထိုနည်းတူစွာသာလျှင် မပြတ် မေးကြကုန်၏။

အရှင်သောရေယျ မထေရ်လည်း ဝမ်း၌ဖြစ်၍ လွယ်ဖွားသော သားငယ်တို့အပေါ်၌သာ ချစ်ခြင်းအားကြီးသည်ဟု အဖန်ဖန် မိန့်ဆို ပြောကြားရသည်ရှိသော် ရှက်စနိုးရကား တစ်ပါးတည်းသာ ထိုင်ခြင်း၊ တစ်ပါးတည်းသာ ရပ်ခြင်းကိုပြုလေ၏။ ထိုသောရေယျ မထေရ်သည် ဤသို့ တစ်ပါးတည်းသာ နေလေ့ရှိသောသူ၏အဖြစ်သို့ ကပ်ရောက်လျက် ဤကိုယ်၏အဖြစ် အတ္တဘော၌ ကုန်ခန်းခြင်း,ပျက်စီးခြင်းဟူသော ခယဝယကမ္မဋ္ဌာန်းကို ထင်မြင်အောင် စီးဖြန်းဆင်ခြင်သည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုသို့ ရဟန္တာဖြစ်ပြီးသောအခါ၌ လာတိုင်းလာတိုင်းကုန်သော သူတို့သည် “အရှင်ဘုရား- ဤသို့ ဖြစ်ရသည်ဟူသည် ဟုတ်မှန်ပါသလားဘုရား”ဟု မေးကြကုန်သည်ရှိသော် “ဟုတ်မှန်၏ ဒါယကာတို့”ဟု ဖြေဆို၏။ “အဘယ်သားတို့အပေါ်၌ ချစ်ခြင်း အားကြီးပါသနည်း”ဟု တစ်ဖန် မေးကြပြန်သော် “ငါ့အား တစ်စုံတစ်ယောက်သောသားတို့၌ ချစ်ခြင်းမည်သည် မရှိ”ဟု ပြောဆိုလေ၏။ ရဟန်းတို့သည် “ဤသောရေယျမထေရ်ကား မဟုတ်မမှန်သော စကားကို ပြောဆိုဘိ၏။ ရှေးဖြစ်သောနေ့၌ ဝမ်း၌လွယ်၍ ဖွားမြင်သော သားတို့အပေါ်၌သာ ချစ်ခြင်းအားကြီးသည်ဟု ပြောဆိုပါလျက် ယခုကား ငါ့အား တစ်စုံတစ်ယောက်သော သားတို့၌ ချစ်ခြင်းမည်သည် မရှိပြီဟု ပြောဆိုဘိ၏။ အရဟတ္တဖိုလ်စကားကို ပြောကြားပါသည် မြတ်စွာဘုရား”ဟု နားတော်ရောက် လျှောက်ကြလေကုန်၏။

ဘုရားရှင်သည် “ချစ်သား ရဟန်းများတို့- ငါ၏သားတော် သောရေယျမထေရ်သည် အရဟတ္တဖိုလ်စကားကို ပြောကြားသည် မဟုတ်၊ ကောင်းစွာ ဆောက်တည်အပ်သော စိတ်ဖြင့် မဂ်တရားကို မြင်သည်မှစ၍ ငါ့သားတော်အား တစ်စုံတစ်ယောက်သော သားတို့၌ ချစ်ခြင်း မဖြစ်လေပြီ၊ ဤမဂ်ဖိုလ်ဟူသော စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို အမိသည်လည်းကောင်း၊ အဘသည်လည်းကောင်း ပြုခြင်းငှာ မတတ်နိုင်၊ ဤသတ္တဝါတို့အား မိမိကိုယ်တွင်း၌ ကောင်းစွာဖြစ်သော စိတ်သည်သာလျှင် ထိုစည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို ပေးခြင်းငှာ စွမ်းနိုင်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၄၃] န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိစ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

တံ ကရဏံ၊ ထိုချမ်းသာ ပြည့်စုံအောင် ပြုခြင်းကို။ မာတာ၊ မွေးသည့်မိခင် ကျေးဇူးရှင်သည်။ န ကယိရာ၊ မပြုနိုင်ရာ။ ပိတာ၊ မွေးသည့်ဖခင် ကျေးဇူးရှင်သည်။ န ကယိရာ၊ မပြုနိုင်ရာ။ အညေ၊ မိခင်ဖခင် ကျေးဇူးရှင်မှ တစ်ပါးကုန်သော။ ဉာတကာဝါပိစ၊ ဆွေမျိုး သားချင်းတို့သည်လည်း။ န ကရေယျုံ၊ မပြုနိုင်ကုန်ရာ။ သမ္မာပဏိဟိတံ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထ၌ ကောင်းစွာ ဆောက်တည်အပ်သော။ စိတ္တံ၊ စိတ်ကောင်းသည်။ တတော၊ ထိုမိဘဆွေမျိုးတို့ ချမ်းသာပြည့်စုံအောင် ပြုနိုင်ခြင်းထက်။ နံ၊ ထိုပုဂ္ဂိုလ်ကို။ သေယျသော၊ အဆင့်ဆင့် မြင့်မြတ်အောင်။ ကရေ-ကရောတိ၊ ပြုနိုင်၏။

ဒေသနာတော်၏ မှတ်ဖွယ် အဓိပ္ပာယ်

သားသမီးတို့အား ပစ္စည်းဥစ္စာပေးကြသော မိဘတို့မည်သည် တစ်ဘဝ၌သာလျှင် အလုပ်အကိုင် မလုပ်ရဘဲ ချမ်းသာစွာ အသက်မွေးနိုင်လောက်သော ပစ္စည်းဥစ္စာကို ပေးနိုင်ကြ၏။ ဝိသာခါအား ပစ္စည်းဥစ္စာ အသုံးအဆောင် လွန်စွာကြွယ်ဝသော မိဘသူဌေးကြီးတို့သော်မှလည်း တစ်ဘဝ၌သာလျှင် ချမ်းသာစွာ အသက်မွေးနိုင်လောက်ရုံ ပေးနိုင်ကြလေကုန်၏။ လေးကျွန်းလုံး၌ စကြဝတေးမင်း စည်းစိမ်အသရေကို စွမ်းနိုင်သော မိဘတို့မည်သည်ကား သားသမီးတို့အား မရှိ၊ နတ်ပြည်စည်းစိမ်၊ ပဌမဈာန် စသည့် စည်းစိမ်၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာ စည်းစိမ်ချမ်းသာကို အဘယ်မှာလျှင် ပေးစွမ်းနိုင်အံ့နည်း။ ဆိုစရာ စကားပင် မရှိ။ ကောင်းစွာ ဆောက်တည်အပ်သော စိတ်ကောင်းစိတ်မြတ်သည်ကား ထိုအလုံးစုံသော စည်းစိမ်ချမ်းသာတို့ကို ပေးစွမ်းနိုင်၏။ ထို့ကြောင့် အဆင့်ဆင့် မြင့်မြတ်အောင် ပြုနိုင်၏ဟု ဆိုအပ်လေသတည်း။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်လေ၏။

သောရေယျသူဌေးသားဝတ္ထု ပြီး၏။