မာတိကာသို့ ခုန်သွားရန်

ဖိုးမောင်လာပြီ

ဝီကီရင်းမြစ် မှ
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၄၅။ ဖိုးမောင်လာပြီ
2247မောင်ခွေးဖို့ ကဗျာများ — ၄၅။ ဖိုးမောင်လာပြီမင်းသုဝဏ်

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌
သူလျင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန် ပါတကား။
သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တံခါးဝင်လို၊ သူ မဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဓားပြငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။
ဘယ်ခါမဆို၊ ဆီးလင့်ကြို သို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။

နာမည်ကျော်
အနုပညာရှင်ကြီး နှစ်ဦး၏လက်ရာ။
စာဆို မင်းသုဝဏ်၏
လက်ရွေးစင် ကလေးကဗျာ ၄၅ ပုဒ် ကို
ပန်းချီဦးဘကြည်၏
သရုပ်ဖော် ပန်းချီပုံ ၁ ၀၀-ကျော်နှင့် အတူ
ရောင်စုံအော့ဖ်ဆက်ဖြင့် ရိုက်နှိပ်တင်ဆက်သည်။
မြစ်မခ စာပေတိုက်
၆၇၄၊ကုန်သည်လမ်း၊ ရန်ကုန် ဖုန်း ၇၇၈၀၅

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.