ဘိသဇာတ်
ပကိဏ္ဏကနိပါတ်
၅။ ဘိသဇာတ်
ကျိန်စာဆို၍ ကာမဂုဏ်ကို စွန့်ခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်တတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဿံ ဂဝံ ရဇတံ ဇာတရူပံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘိသဇာတ်ကို ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတေမူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်တ္ထုသည် ကုသဇာတ်၌ ထင်ဖြစ်လတ္တံ့၊ )
အထူးကား - ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးလှသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည် ရှိသော် အဘယ်ကိုစွဲ၍ ငြီးငွေ့သနည်းဟု မိန့်တော်မူသဖြင့် အရှင်ဘုရား ကိလေသာကို စွဲ၍ ငြီးငွေ့၏ဟု နားတော် လျှောက်သည်ရှိသော် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော ငါဘုရားသာသနာတော်၌ ရဟန်းပြုလျက် အဘယ့်ကြောင့် ကိလေသာကို စွဲ၍ ငြီးငွေ့ဘိသနည်း၊ ရှေးပညာရှိတို့သည် ဘုရားမဖြစ်မီ သာသနာတော်မှ အပဖြစ်သောကာလ၌ ရသေ့ရဟန်းပြုလျက် ဝတ္ထုကာမ ကိလေသာကာမတို့ကို အာရုံပြု၍ ဖြစ်သော အမှတ်ကို ကျိန်ဆိုသည်ကိုပြု၍ နေဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတိုံ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာသာလအမျိုး၏ သားဖြစ်၏။ ထိုဘုရားလောင်းအား မဟာကဉ္စန သတို့သားဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ ဘုရားလောင်း ခြေဖြင့်သွားနိုင်သော ကာလ၌ တယောက်သားသည် ဖွားမြင်၏။ ထိုသားအား ဥပကဉ္စန သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ဤသို့ အစဉ်အတိုင်း ခုနစ်ယောက်သော သားတို့သည် ဖြစ်ကုန်၏။ အလုံးစုံသော သားတို့အောက် ငယ်သော တယောက်သောသ္မီးသည် ဖြစ်၏။ ထိုသ္မီးအား ကဉ္စနဒေဝီဟူသော အမည်ကို မှည့်ကုန်၏။
မဟာကဉ္စန သတို့သားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကို သင်၍ လာ၏။ ထိုအခါ မဟာကဉ္စနသတို့သားကို မိဘတို့သည် ဃရာဝါသဖြင့် ဖွဲ့လိုသည်ဖြစ်၍ မိမိနှင့်တူသော ဇာတ်ရှိသောအမျိုးမှ သင်ချစ်သားဘို့ သတို့သီးကို ဆောင်ကုန်အံ့၊ အိမ်ရာထောင်ခြင်းကို ဖြစ်စလော့ဟု ဆိုကုန်၏။ အို မိခင်ဖခင်တို့ အကျွန်ုပ်အား အိမ်ရာထောင်ခြင်းဖြင့် အလိုမရှိ၊ ထိုစကားသည် မှန်၏။ အကျွန်ုပ်အား ဘဝသုံးပါးတို့သည် ရဲရဲပြောင်ပြောင် လောင်သကဲ့သို့၎င်း, ဘေးရှိသောနှောင်အိမ်ကဲ့သို့၎င်း, မြှေးရစ်ဖွဲ့ခြင်းနှင့် တကွသော ကျင်ကြီးစွန့်ရာ မြေကဲ့သို့၎င်း, စက်ဆုပ်ဖွယ်ဖြစ်၍ ထင်ကုန်၏။ အကျွန်ုပ်သည် အိပ်မက်ဖြင့်သော်လည်း မေထုန်အကျင့်ကို မမြင်မက်စဘူး၊ မိခင်ဖခင်တို့အား အကျွန်ုပ်မှတပါး သားတို့သည် ရှိကုန်၏။ ထိုသားတို့ကို အိမ်ရာထောင်ခြင်းဖြင့် ဘိတ်ကြကုန်လော့ဟု ဆို၍ အဖန်တလဲလဲ တောင်းပန်ကုန်သော်လည်း မရကုန်၊ အဆွေခင်ပွန်းတို့ကို စေလွှတ်၍ ထိုအဆွေခင်ပွန်းတို့သည် တောင်းပန်ကုန်သော်လည်း အလိုမရှိ။
ထိုအခါ မဟာကဉ္စန သတို့သားကို အဆွေခင်ပွန်းတို့သည် အဆွေ သင်သည် အဘယ်ကိုလျှင် တောင့်တ၍ ကာမဂုဏ်တို့ကို ခံစားခြင်းငှါ အလိုမရှိသနည်းဟု မေးကုန်၏။ ထိုမဟာကဉ္စနသတို့သားသည် ထိုအဆွေခင်ပွန်းတို့အား တောထွက်ခြင်း၌ အလိုရှိသောအဖြစ်ကိုကြား၍ တူသော ချမ်းသာဆင်းရဲရှိသော အဆွေ ကောင်းပေစွ၊ ဘုရားလောင်းတို့ဆိုသော စကားကိုလျှင် ဆိုပေ၏ဟု ဆိုကုန်၏။ ထိုစကားကို ကြား၍ မိဘတို့သည် ကြွင်းသော သားတို့ကို အိမ်ရာထောင်ခြင်းဖြင့် ဘိတ်ကုန်၏။ ထိုသားတို့သည်လည်း အလိုမရှိကုန်၊ ကဉ္စနဒေဝီလည်း အလိုမရှိသည်သာတည်း၊ နောက်အဘို့၌ မိဘတို့သည် သေကုန်၏။ မဟာကဉ္စန ပညာရှိသည် မိဘတို့အား ပြုအပ်သောကိစ္စကို ပြုပြီးလျှင် ကုဋေရှစ်ဆယ်သော ဥစ္စာတို့ကို အထီးကျန်သော ဆင်းရဲသောသူတို့အား အလှူကြီးကိုပေး၍ ညီတော် ခြောက်ယောက်တို့ကို၎င်း, နှမတော် ကဉ္စနဒေဝီကို၎င်း, ကျွန်မိန်းမ တယောက်ကို၎င်း ကျွန်ယောက်ျားတယောက်ကို၎င်း, အဆွေ ခင်ပွန်းတယောက်ကို၎င်း ယူ၍ မြတ်သော တောထွက်ခြင်းဖြင့် ဟိမဝန္တာသို့ ဝင်၏။ ထိုတကျိပ်တယောက်သော သူတို့သည် ဟိမဝန္တာ အရပ်၌ ကြာပဒုမာအိုင်ကိုမှီ၍ မွေ့လျော်ဘွယ်ရှိသော မြေအဘို့၌ ကျောင်းဆောက်ပြီးလျှင် ရသေ့ရဟန်းပြု၍ သစ်မြစ်သစ်သီးဟူသော အစာရှိကုန်သည်ဖြစ်၍ မျှကုန်၏။
ထိုရသေ့တို့သည် တောသို့ သွားကုန်သည်ရှိသော် တကွနက်သာလျှင် သွားကြကုန်၏။ အကြင်အရပ်၌ တယောက်ယောက်သော သူသည် သစ်သီးကို၎င်း သစ်ရွက်ကို၎င်း မြင်အံ့၊ ထိုအရပ်သို့ တပါးသော ရသေ့တို့ကိုလည်း ခေါ်၍ မြင်ဘူးကြားဘူးသည် အစရှိသည်တို့ကို ပြောဟောလျက် ရွေးဆွတ်ကုန်၏။ ရွာသူအပေါင်းတို့ အမှုလုပ်ရာ အရပ်ကဲ့သို့ ဖြစ်၏။ ထိုအခါ ဆရာဖြစ်သော မဟာကဉ္စနရသေ့သည် ကြံ၏။ ငါတို့အား ကုဋေရှစ်ဆယ်သော ဥစ္စာကို
စွန့်၍ ရသေ့ရဟန်းပြုလျက် ဤသို့လျှပ်ပေါ်သော သွားခြင်း၏အစွမ်းဖြင့် သစ်သီးကြီးငယ်အလို့ငှါ သွားခြင်းသည် မလျှောက်ပတ်၊ ဤနေ့မှစ၍ ငါသာလျှင် သစ်သီးကြီးငယ်ကို ဆောင်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမဟာကဉ္စနရသေ့သည် ကျောင်းသို့ရောက်လျှင် အလုံးစုံသော ရသေ့တို့ကို ညချမ်းအခါ၌ စည်းဝေးပြီးလျှင် ထိုအကြောင်းကို ကြား၍ သင်တို့သည် ဤကျောင်း၌သာလျှင် ရဟန်းတရားကို ပြုကုန်လျက် နေကြကုန်လော့၊ ငါသည် သစ်သီးကြီးငယ်ကို ဆောင်အံ့ဟု ဆို၏ ထိုအခါ ညီတော် ဥပကဉ္စနရသေ့ အစရှိကုန်သော သူတို့သည် ဆရာ အကျွန်ုပ်တို့သည် ဆရာတို့ကို မှီ၍ ရဟန်းပြုရကုန်၏။ ဆရာတို့သည် ဤကျောင်း၌သာလျှင် ရဟန်းတရားကို ပြုကုန်လော့၊ အကျွန်ုပ်တို့၏ နှမငယ်သည်လည်း ဤကျောင်း၌သာလျှင် ဖြစ်စေလော့၊ ကျွန်မိန်းမသည်လည်း ထိုနှမငယ်အထံ၌ နေပါစေလော့၊ ရှစ်ယောက်ကုန်သော အကျွန်ုပ်တို့သည် အလှည့်ဖြင့် သစ်သီးကြီးငယ်ကို ဆောင်ပါကုန်အံ့၊ သုံးယောက်ကုန်သော ဆရာတို့သည် အလှည့်မှလျှင် လွတ်စေကုန်လော့ဟု ဆို၍ ဝန်ခံခြင်းကို ယူကုန်၏။
ထိုနေ့မှစ၍ ရှစ်ယောက်သောသူတို့တွင်လည်း တယောက်တယောက်သောသူသည် အလှည့်ဖြင့် သစ်သီး ကြီးငယ်ကို ဆောင်၏။ ကြွင်းသော ရသေ့တို့သည် မိမိ မိမိတို့ ကျောင်း၌သာလျှင် နေကုန်၏။ အကြောင်းမရှိဘဲ တကွဖြစ်ခြင်းငှါ မရကုန်၊ အလှည့်ရောက်သော သူတို့သည် သစ်သီးကြီးငယ်ကို ဆောင်ပြီးလျှင် တခုသောမဏ္ဍပ်သည် ရှိ၏။ ထိုမဏ္ဍပ်ဝယ် ကျောက်ဖျာပေါ်၌ တဆယ့်တစု စု၍ ကျောက်စည်အမှတ်ကို ပေး၍ မိမိတိုအစုကို ယူပြီးလျှင် နေရာအရပ်သို့သွား၍ စားသဖြင့် နေ၏။ ကြွင်းကုန်သောရသေ့တို့သည် ကျောက်စည်သံ အမှတ်ဖြင့်ထွက်၍ လျှပ်ပေါ်ခြင်းကို မပြုမူ၍ ရိုသေစွာ ဆောင်ခြင်းဖြင့်သွား၍ မိမိအား ရောက်သော အစာကိုယူသဖြင့် နေရာအရပ်သို့ သွား၍ စားပြီးလျှင် ရဟန်းတရားကို ပြုကုန်၏။ ထိုရသေ့တို့သည် နောက်အဘို့၌ ကြာစွယ်ကြာရင်းတို့ကို ဆောင်၍ စားကုန်လျက် တန်ခိုးကြီးသော အကျင့်ရှိကုန်သည်ဖြစ်၍ ပြင်းထန်သော အကျင့်ရှိကုန်သည်ဖြစ်၍ မြတ်သော ဣန္ဒြေနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ကသိုဏ်းပရိကံကို ပြုကုန်လျက် နေကုန်၏။
ထိုအခါ ရသေ့တို့၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ နေရာအရပ်သည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဤရသေ့တို့သည် ကာမဂုဏ်ကို နှလုံးသွင်းကုန်သလော မသွင်းကုန်သလောဟု ရွံရှာခြင်းကို ပြုသည်သာတည်း၊ ထိုအခါ သိကြားမင်းသည် ဤရသေ့တို့ကို စုံစမ်းဦးအံ့ဟု ကြံ၍ မိမိအာနုဘော်ဖြင့် ဘုရားလောင်း မဟာကဉ္စနရသေ့၏ အစုကို သုံးရက်ပတ်လုံး ကွယ်စေ၏။ ဘုရားလောင်းသည် ရှေးဦးစွာသောနေ့၌ မိမိအစုကို မမြင်လျှင် အစုကို မေ့လျော့သည် ဖြစ်လတ္တံ့ဟု ကြံ၏။ နှစ်ရက်မြောက်သော နေ့၌ ငါ့အား အပြစ်ရှိသည် ဖြစ်ရာ၏။ ထို့ကြောင့် ငါ့ကို အစုမထားယောင် တကားဟု ကြံ၏။ သုံးရက်မြောက်သော နေ့၌ အဘယ့်ကြောင့် အစုကို မထားလေကုန်သနည်း၊ ငါ့အား အကယ်၍ အပြစ်ရှိအံ့၊ ထိုရသေ့တို့ကို သည်းခံစေအံ့ဟု ကြံပြီး၍ ညချမ်းသောအခါ ကျောက်စည်သံ အမှတ်ကိုပေး၏။
အလုံးစုံသော ရသေ့တို့သည် စည်းဝေးကုန်၍ အဘယ်သူသည် ကျောက်စည်သံအမှတ်ကို ပေးသနည်းဟု ဆိုကုန်၏။ အချင်းတို့ ငါသည် ပေးအပ်၏ဟု ဆိုသည်ရှိသော် ဆရာ အဘယ်အကြောင်းကြောင့် ပေးအပ်သနည်းဟု ဆို၍ ရှိခိုးလျက် တည်ကုန်၏။ အချင်းတို့ သုံးရက်မြောက်သောနေ့၌ အဘယ်သူသည် သစ်သီးကြီးငယ်ကို ဆောင်သနည်းဟု မေး၏။ ထိုရသေ့တို့တွင် တယောက်သော ရသေ့သည် ထလာ၍ ဆရာ အကျွန်ုပ် ဆောင်၏ဟု ရှိခိုး၍ တည်၏။ သင်သည် အစုကို ပြုသည်ရှိသော် ငါ့အစုကို ပြု၏လောဟု မေး၏။ ဆရာ ပြုပါ၏။ အကျွန်ုပ်သည် အကြီးစုကို ပြုပါ၏ဟု ဆို၏။ ယမန်နေ့က အဘယ်သူ ဆောင်သနည်းဟု မေးသည်ရှိသော် အကျွန်ုပ် ဆောင်၏ဟု တယောက်သော ရသေ့သည် ထလတ်၍ ရှိခိုးလျက် တည်၏။ အစုကို ပြုသည်ရှိသော် ငါ့အစုကို အောက်မေ့မိ၏လောဟု မေး၏။ အကျွန်ုပ်သည် ဆရာတို့အား အကြီးစုကို ပြုပါ၏ဟု ဆို၏။ ယနေ့ကား အဘယ်သူ ဆောင်သနည်းဟု မေးသော် အကျွန်ုပ်ဆောင်၏ဟု တယောက်သော ရသေ့သည် ထ၍ ရှိခိုးလျက် တည်၏။ အစုကို ပြုသည်ရှိသော် ငါ့အစုကို အောက်မေ့မိ၏လောဟု မေး၏။ အကျွန်ုပ်သည် ဆရာတို့အား အကြီးစုကို ပြုပါ၏ဟု ဆို၏။ အချင်းတို့ ငါ့အား အစုမရသည် သုံးရက်ရှိပြီ၊ ရှေးဦးစွာသောနေ့၌ အစုကိုမမြင်၍ အစုကို ပြုသောသူသည် ငါ့ကိုမေ့သည်ဖြစ်လတ္တံ့ဟု ကြံမိ၏။ နှစ်ရက်မြောက်သောနေ့၌ ငါ့အား တစုံတခုသော အပြစ်သည် ရှိသည်ဖြစ်လတ္တံ့ဟု ကြံမိ၏။ ယနေ့မူကား ငါ့အား အပြစ်သည် အကယ်၍ ရှိအံ့၊ သည်းခံစေအံ့ဟု ကြံ၍ သင်တို့ကို ကျောက်စည်သံ အမှတ်ဖြင့် စည်းဝေးစေ၏။ ဤကြာစွယ်တို့ကို အကျွန်ုပ်တို့သည် အစုပြုပါကုန်၏ဟု သင်တို့ ဆိုကုန်၏။ ငါသည်မူကား မရ၊ ဤရသေ့အပေါင်းတို့တွင် ခိုးယူ၍ စားသောသူတို့ကို သိခြင်းငှါ သင့်၏။ ကာမတို့ကိုစွန့်၍ ရဟန်းပြုကုန်သော သူတို့အား ကြာစွယ်မျှကို ယူခြင်းငှါ မလျောက်ပတ်ဟု ဆို၍ ထိုရသေ့တို့သည် ဘုရားလောင်းစကားကို ကြား၍ ဪ နိုင်ထက်ပြုစွတကားဟု လုံးစုံသော ရသေ့တို့သည် နှလုံးထိတ်လန့်ခြင်းသို့ ရောက်ကုန်၏။
ထိုရသေ့တို့ ကျောင်းအနီးဝယ် တောစိုးသစ်ပင်ကြီး၌ ဖြစ်သော ရုက္ခစိုးနတ်သည် သစ်ပင်မှဆင်းသက်၍ လာလတ်ပြီးလျှင် ထိုရသေ့တို အထံ၌သာလျှင် နေ၏။ နှိပ်စက်ခြင်းကို ပြုသည်ဖြစ်၍ ဆင်းရဲကို သည်းခံခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ အနှောင်အဖွဲ့ကို ဖြတ်ပြီးလျှင် ပြေးသဖြင့် တောသို့ဝင်လာသော ဆင်တစီးသည် အခါခပ်သိမ်း ရသေ့အပေါင်းတို့ကို ရှိခိုး၏။ ထိုဆင်သည်လည်း လာလတ်၍ တင့်အပ်သောအရပ်၌ တည်၏။ မြွေကိုကစေသော တခုသောမျောက်သည် မြွေသမားလက်မှ လွတ်သဖြင့် ပြေး၍ တောဝင်ပြီးလျှင် ထိုကျောင်း၌လျှင် နေ၏။ ထိုမျောက်သည်လည်း ထိုရသေ့အပေါင်းကို ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ သိကြားမင်းသည် ရသေ့အပေါင်းကို စုံစမ်းအံ့ဟု ထိုရသေ့တို့အထံ၌ မထင်ရှားသော ကိုယ်ဖြင့် တည်၏။ ထိုခဏ၌ ဘုရားလောင်း၏ ညီဖြစ်သော ဥပကဉ္စန ရသေ့သည် နေရာမှထ၍ နောင်တော် ဘုရားလောင်းကို ရှိခိုးလျက် ကြွင်းသော ရသေ့တို့အား အရိုအသေကိုပြု၍ ဆရာ အကျွန်ုပ်သည် တပါးသောသူတို့ကို မမှတ်မူ၍ မိမိ ကိုယ်ကိုလျှင် သုတ်သင်ခြင်းငှာ ရပါမည်လောဟု မေး၏။ သုတ်သင်လျှင် ရအံ့ဟု ဆိုသည်ရှိသော် ထိုဥပကဉ္စနရသေ့သည် ရသေ့အပေါင်းတို့၏ အလယ်၌ရပ်၍ အကျွန်ုပ်သည် ဆရာ့အစု ကြာစွယ်ကို အကယ်၍ စားသည်ဖြစ်အံ့၊ ဤမည်သော သဘောသည် ဖြစ်စေသတည်းဟု ကျိန်ခြင်းကို ပြုလိုရကား-
ဘရိယဉ္စ သော ဣဓ လဘတံ မနာပံ။
ပုတ္တေဟိ ဒါရေဟိ သမင်္ဂီ ဟောတု၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၇၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ် ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုသူသည်။ အဿံ၊ မြင်းကို၎င်း။ ဂဝံ၊ နွားကို၎င်း။ ရဇတံ၊ ငွေကို၎င်း။ ဇာတရူပံ၊ ရွှေကို၎င်း။ မနာပံ၊ နှစ်သက်ဘွယ်သော။ ဘရိယဉ္စ၊ မယားကို၎င်း။ ဣဓ၊ ဤ တောအရပ်၌။ လဘတံ-လဘတု၊ ရစေသတည်း။ ပုတ္တေဟိ၊ သားသ္မီးနှင့်၎င်း။ ဒါရေဟိ၊ မယားတို့နှင့်၎င်း။ သမင်္ဂီ၊ ပြည့်စုံသည်။ ဟောတု၊ ဖြစ်စေသတည်း။
ထိုစကားကိုကြား၍ ရသေ့အပေါင်းသည် ရှင်ရသေ့ မဆိုလင့်ကုန်၊ အလွန်ဝန်လေးသာ ကျိန်ခြင်းကို သင်သည်ပြု၏ဟု နားတို့ကို ပိတ်၏။ ဘုရားလောင်းသည်လည်း ထိုဥပကဉ္စနရသေ့ကို အမောင် ဥပကဉ္စန သင်၏ကျိန်ခြင်းသည်ကား အလွန်ဝန်လေး၏။ သင်သည် မစားပေရာ၊ သင့်နေရာ၌ နေလော့ဟု ဆို၏။ ထိုဥပကဉ္စန ရသေ့သည် ရှေးဦးစွာ ကျိန်ပြီး၍ နေသည်ရှိသော် နှစ်ယောက်မြောက်ဖြစ်သော ညီတော်သည် အဆောတလျင် ထလတ်၍ ဘုရားလောင်းကိုရှိခိုးလျက် ကျိန်စာပြုသဖြင့် မိမိကိုယ်ကို သုတ်သင်လိုရကား-
ဓာရေတု ပုတ္တဿ ဗဟူ ဘဝန္တု။
ကာမေသု တိဗ္ဗံ ကုရုတံ အပကေ်ခံ၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၇၉။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုသူသည်။ မာလဉ္စ၊ ပန်းကို၎င်း။ ကာသိကစန္ဒနဉ္စ၊ ကာသိတိုင်း၌ဖြစ်သော စန္ဒကူးကို၎င်း။ ဓာရေတု၊ ဆောင်ယူစေသတည်း။ ပုတ္တဿ၊ သားသ္မီး၏။ ဗဟူ၊ ပွားများခြင်းတို့သည်။ ဘဝန္တု၊ ဖြစ်စေကုန်သတည်း။ ကာမေသု၊ ကာမတို့၌။ တိဗ္ဗံ၊ ပြင်းစွာ။ အပေက္ခံ၊ ငဲ့ခြင်းကို။ ကုရုတံ-ကရောတု၊ ပြုစေသတည်း။
ဤသို့ ထိုညီတော်ရသေ့သည် ကျိန်ဆိုပြီး၍ နေသည်ရှိသော် ကြွင်းကုန်သော သူတို့သည်လည်း မိမိတို့ အလိုအားလျော်စွာ ကျိန်ဆိုလိုရကား-
ပုတ္တေ ဂိဟီ ဓနိမာ သဗ္ဗကာမေ။
ဝယံ အပဿံ ဃရ မာဝသတု၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ရာဇာဘိရာဇာ ဗလဝါ ယသဿီ။
သစာတုရန္တံ မဟိမာ ဝသတု၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
မုဟုတ္တနက္ခတ္တပထေသု ယုတ္တော။
ပူဇေတု နံ ရဋ္ဌပတီ ယသဿီ၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
တပဿိနံ မညတု သဗ္ဗလောကော။
ပူဇေတု နံ ဇာနပဒါ သမေစ္စ၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ဒိန္နဉှိ သော ဘုဉ္ဇတု ဝါသဝေန။
အဝီတရာဂေါ မရဏံ ဥပေတု၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
နစ္စေဟိ ဂီတေဟိ ပမောဒမာနော သော။
ရာဇတော ဗျသန မာလတ္ထ ကိဉ္စိ၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ဣတ္ထိသဟဿာနံ ဌပေတု အဂ္ဂံ။
သိမန္တိနီနံ ပဝရာ ဘဝတု။
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ဘုဉ္ဇေယျ သာဒုံ အဝိကမ္ပမာနာ။
စရာတု လာဘေန ဝိကတ္ထမာနာ၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
နဝကမ္မိကော ဟောတု ဂဇင်္ဂလာယံ။
အာလောကသန္ဓိ ဒိဝသံ ကရောတု။
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ရမ္မာ ဝနာ နိယျတု ရာဇဓာနိံ။
တုတ္တေဟိ သော ဟညတု ပါစနေဟိ၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
လဋ္ဌိဟတော သပ္ပမုခံ ဥပေတု။
သကစ္စ ဗန္ဓော ဝိသိခံ စရာတု၊
ဘိသာနိ တေ ဗြာဟ္မဏ ယော အဟာသိ။
ဟူသော ဤဂါထာတို့ကို ဆို၏။
၈၀။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုသူသည်။ ပဟူတဓညော၊ များစွာသော စပါးရှိသည်ဖြစ်၍။ ကသိမာ၊ လယ်ယာနှင့် ပြည့်စုံသည်ဖြစ်၍။ ယသဿီ၊ များသောအခြံအရံရှိသည်ဖြစ်၍။ ပုတ္တေ၊ သားတို့ကို။ လဘတု၊ ရစေသတည်း။ ဂိဟီ၊ လူသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဓနိမာ၊ ဥစ္စာနှင့် ပြည့်စုံသည်။ ဟောတု၊ ဖြစ်စေသတည်း။ သဗ္ဗကာမေ၊ အလုံးစုံသော ကာမဂုဏ်တို့ကို။ လဘတု၊ ရစေသတည်း။ ဝယံ၊ အရွယ်ကို။ အပဿံ-အပဿန္တော၊ မရှုနိုင်သည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသတု၊ နေရစေသတည်း။
၈၁။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ် ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုသူသည်။ ပသယှကာရီ၊ နိုင်ထက်ကလူ မူခြင်းကို ပြုတတ်သော။ ခတ္တိယော၊ မင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ သစာတုရန္တံ၊ မဟာသမုဒ္ဒရာ လေးစင်းလျှင် အပိုင်းအခြားရှိသော။ မဟိံ၊ မြေအပြင်၌။ ရာဇာဘိရာဇာ၊ မင်းတကာတို့သည် ပူဇော်အပ်သည်ဖြစ်၍။ ဗလဝါ၊ အားကြီးသည်ဖြစ်၍။ ယသဿီ၊ များသော အခြံအရံရှိသည်ဖြစ်၍။ အာဝသတု၊ နေရစေသတည်း။
၈၂။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုသူသည်။ အဝီဘရာဂေါ၊ တပ်ခြင်း မကင်းသော။ ဗြာဟ္မဏော၊ ပုရောဟိတ်ပုဏ္ဏားသည်။ ဟောတု၊ ဖြစ်စေသတည်း။ မုဟုတ္တနက္ခတ္တပထေသု၊ မုဟုတ် နက္ခတ်အကြောင်းတို့၌။ ယုတ္တော၊ ယှဉ်သည်။ ဟောတု၊ ဖြစ်စေသတည်း။ ယသဿီ၊ များသော အခြံအရံရှိသော။ ရဋ္ဌပတီ၊ တိုင်းပြည်သူတို့၏ အရှင်ဖြစ်သော မင်းသည်။ နံ၊ ထိုပုရောဟိတ်ပုဏ္ဏားကို။ ပူဇေတု၊ ပူဇော်စေသတည်း။
၈၃။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ တံ၊ ထိုခိုးယူသောသူကို။ သဗ္ဗသမန္တဗေဒံ၊ အလုံးစုံ ထက်ဝန်းကျင်သော ဗေဒင်ကို။ အာယကံ၊ သင်သောသူ ဟူ၍။ တပဿီနံ၊ ခြိုးခြံသော အကျင့်ရှိသော ပုဏ္ဏားဟူ၍။ သဗ္ဗလောကော၊ အလုံးစုံသောလူသည်။ မညတု၊ ထင်မှတ်စေသတည်း။ ဇာနပဒါ၊ ဇနပုဒ်ရွာသူ အပေါင်းတို့သည်။ နံ၊ ထိုခိုးသောသူကို။ သမေစ္စ၊ အညီအညွတ်ကပ်၍။ ပူဇေတု၊ ပူဇော်စေသတည်း။
၈၄။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ် ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုခိုးယူသောသူသည်။ ဝါသဝေန၊ သိကြားမင်းသည်။ ဒိန္နံ ဟိ၊ ပေးသကဲ့သို့လျှင်။ စာတုဿဒံ၊ လူ့ စပါး, ထင်း, ရေဟု ဆိုအပ်သော လေးပါးသော အင်္ဂါနှင့် ပြည့်စုံသော။ သမိဒ္ဓံ၊ ကြွယ်ဝသော။ ဂါမဝရံ၊ ရွာမြတ်ကို။ ဘုဉ္ဇတု၊ သုံးဆောင် စားရစေသတည်း။ အဝီတရာဂေါ၊ ရွာ၌ တပ်ခြင်း မကင်းသည်ဖြစ်၍။ မရဏံ၊ သေခြင်းသို့။ ဥပေတု၊ ရောက်စေသတည်း။
၈၅။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုခိုးယူသောသူသည်။ သဟာယမဇ္ဈေ၊ အဆွေခင်ပွန်းတို့၏ အလယ်၌။ နစ္စေဟိ၊ ကခြင်းတို့ဖြင့်၎င်း။ ဂီတေဟိ၊ သီခြင်းတို့ဖြင့်၎င်း။ ပမောဒမာနော၊ ဝမ်းမြောက်သည်ဖြစ်၍။ ဂါမဏီ၊ ရွာသူကြီးသည်။ ဟောတု၊ ဖြစ်စေသတည်း။ သော၊ ထိုရွာသူကြီးသည်။ ရာဇတော၊ မင်းမှ။ ကိဉ္စိ၊ တစုံတခုသော။ ဗျသနံ၊ ပျက်စီးခြင်းကို။ အလတ္ထ၊ ရစေသတည်း။
၈၆။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယာ၊ အကြင် မိန်းမသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ တံ၊ ထိုမိန်းမကို။ ဧကရာဇာ၊ ဧကရာဇ်မင်းသည်။ ပထဝိံ၊ မြေကို။ ဝိဇိတာ၊ အောင်၍။ ဣတ္ထိသဟဿာနံ၊ တသောင်း ခြောက်ထောင်သော မိန်းမတို့ထက်။ အဂ္ဂံ၊ အဂ္ဂမဟေသီ အရာ၌။ ဌပေတု၊ ထားစေသတည်း။ သိမန္တိနီနံ၊ မိန်းမအပေါင်းတို့ထက်။ ပဝရာ၊ မြတ်သည်။ ဘဝတု၊ ဖြစ်စေသတည်း။
၈၇။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယာ၊ အကြင် မိန်းမသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သာ၊ ထိုခိုးယူသော မိန်းမသည်။ သဗ္ဗသမာဂတာနံ၊ အလုံးစုံ အညီအညွတ် စည်းဝေးကုန်သော။ ဣသီနံ၊ ရသေ့တို့၏။ မဇ္ဈေ၊ အလယ်၌။ ဟိ-သစ္စံ၊ အကယ်လျှင်။ သာဒုံ၊ ကောင်းမြတ်သော အရသာကို။ အဝိကပ္ပမာနာ၊ မကြောက်မရွံသည် ဖြစ်၍။ ဘုဉ္ဇေယျ၊ စားရစေသတည်း။ လာဘေန၊ လာဘ်ဟူသော အကြောင်းကြောင့်။ ဝိကတ္ထမာနာ၊ အံ့ဘွယ်သရဲသော အမှုကိုပြုလျက်။ စရာတု၊ ကျင့်ရစေသတည်း။
၈၈။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုခိုးယူသောသူသည်။ ဂဇင်္ဂလာယံ၊ ဂဇင်္ဂလမြို့၌။ မဟာဝိဟာရေ၊ ပျက်စီးသော ကျောင်းတိုက်ကြီး၌။ အာဝါသိကော၊ ကျောင်းကို သုတ်သင်သော ရဟန်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ နဝကမ္မိကော၊ အမှုသစ်ကို လုပ်ဆောင်ရသော ရဟန်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ အာလောကန္ဓိံ၊ လေသွန်တံခါးကို။ ဒိဝသံ၊ တနေ့ချင်း။ ကရောတု၊ ပြုစေသတည်း။
၈၉။ ဗြာဟ္မဏ၊ ပုဏ္ဏားကြီး။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုခိုးယူသောသူသည်။ ဆဗ္ဘိ ဆသု ဌာနေသု၊ ခြေလေးချောင်း, လည်, ခါး, ဟု ဆိုအပ်သော ခြောက်ပါးသောဌာနတို့၌။ ပါသသတေဟိ၊ များစွာသော လွန်ကွင်း ကြိုးကွင်းတို့ဖြင့်။ ဗဇ္ဈတု၊ ဖွဲ့စေသတည်း။ ရမ္မာ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ ဝနာ၊ တောမှ။ ရာဇဓာနိံ၊ မင်းနေပြည်သို့။ နိယျတု၊ ဆောင်စေသတည်း။ တုတ္တေဟိ၊ နှစ်ဘက်တို့၌ စူးဝင်တတ်သော ရှည်သော နှစ်ခွအဆူးရှိသော တုတ်တို့ဖြင့်၎င်း။ ပါစနေဟိ၊ ချွန်းတို့ဖြင့်၎င်း။ ဟညတု၊ ညှဉ်းဆဲစေသတည်း။
၉၀။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော၊ အကြင်သူသည်။ တေ၊ သင်၏။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ အဟာသိ၊ ခိုးယူ၏။ သော၊ ထိုခိုးယူသောသူသည်။ အဠက္ကမာလီ၊ မုရိုးပန်းကို ပန်သည်ဖြစ်၍။ တိပုကဏ္ဏဝိဒ္ဓေါ၊ သလွဲစင်ကို နား၌ဆင်သည်ဖြစ်၍။ လဋ္ဌိဟတော၊ လှံတံဖြင့် ပုတ်ခတ်အပ်သည်ဖြစ်၍။ သပ္ပမုခံ၊ မြွေခံတွင်းသို့။ ဥပေတု၊ ကပ်ရပါစေသတည်း။ သကစ္ဆဗန္ဓော၊ အောက်ပိုးကျိုက်သကဲ့သို့ ခါး၌ မြဲစွာဖွဲ့အပ်သည်ဖြစ်၍။ ဝိသိခံ၊ ခရီးလမ်းဆုံသို့။ စရာတု၊ သွားရစေသတည်း။
ဤသို့ တကျိပ် သုံးယောက်ကုန်သော သူတို့သည် ကျိန်ဆိုခြင်းကို ပြုသည်ရှိသော် ဘုရားလောင်းသည် ကြံ၏။ တရံတခါ၌ ဤတကျိပ်သုံးယောက်ကုန်သော ရသေ့တို့သည် ဤငါတို့ဆရာသည် မပျောက်ဘဲကိုလျက် ပျောက်သောဟူ၍ ဆို၏ဟု ငါ၌ ယုံမှားခြင်းကို မပြုစေသတည်း၊ ငါသည်လည်း ကျိန်ဆိုခြင်းကို ပြုအံ့ဟု ကြံ၍ ကျိန်ဆိုခြင်းကို ပြုလိုရကား-
ကာမေဝ သော လဘတံ ဘုဉ္ဇတဉ္စ။
အဂရမဇ္ဈေ မရဏံ ဥပေတု၊
ယော ဝါ ဘောန္တော သင်္ကတိ ကိဉ္စိဒေဝ။
ဟူသော တဆယ့်လေးခုမြောက်သော ဤဂါထာကို ဆို၏။
၉၁။ ဘော၊ အို သူတော်ကောင်းအပေါင်းတို့။ ယော၊ အကြင်သူသည်။ တုမှေသု၊ သင်တို့၌။ ကိဉ္စိဒေဝ၊ တစုံတခုကိုလျှင်။ သင်္ကတိ၊ ယုံမှားသင်္ကာရှိ၏။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ အနဋ္ဌံဝ၊ မပျောက်ဘဲကိုလျှင်။ နဋ္ဌန္တိ စ၊ ပျောက်၏ ဟူ၍လည်း။ အာဟ၊ ဆို၏။ သော၊ ထိုမပျောက်ဘဲလျက် ပျောက်၏ဟု ဆိုသောသူသည်။ ကာမေဝ၊ ကာမဂုဏ်တို့ကိုသာလျှင်။ လဘတံ စ၊ ရလည်း ရစေသတည်း။ ဘုဉ္ဇတဉ္စ၊ ခံလည်း ခံစားရစေသတည်း။ အဂါရမဇ္ဈေ၊ အိမ်ရာထောင်သော လူ၏ဘောင်၌။ မရဏံ၊ သေခြင်းသို့။ ဥပေတု၊ ရောက်စေသတည်း။
ရသေ့အပေါင်းတို့သည် ကျိန်ခြင်းကို ပြုကုန်သည်ရှိသော် သိကြားမင်းသည် ကြောက်လန့်၍ ငါသည် ဤရသေ့တို့ကို စုံစမ်းလိုသည်ဖြစ်၍ ကြာစွယ်ကြာရင်းတို့ကို ကွယ်စေ၏။ ဤရသေ့တို့သည်ကား စွန့်အပ်သော တံတွေးပေါက်ကဲ့သို့ ကာမဂုဏ်တို့ကို ကဲ့ရဲ့ကုန်လျက် ကျိန်ခြင်းကို ပြုကုန်၏။ ကာမဂုဏ်တို့ကို ကဲ့ရဲခြင်းအကြောင်းကို ထိုရသေ့တို့ကို ငါ မေးအံ့ဟု ကြံ၍ မထင်ရှားသောအသွင်ဖြင့် ဘုရားလောင်းကို ရှိခိုး၍ မေးလိုရကား-
ဣဋ္ဌဉ္စ ကန္တဉ္စ ဗဟူန မေတံ။
ပိယံ မနုညံ ဣဓ ဇီဝလောကေ၊
ကသ္မာ ဣသယော နပ္ပသံသန္တိ ကာမေ။
ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။
၉၂။ ဘောန္တော၊ အို ရှင်ရသေ့တို့။ ယံ၊ အကြင် ဝတ္ထုကာမ ကိလေသာကာမကို။ ဧသေမာနာ၊ ရှာကုန်လျက်။ သတ္တာ၊ သတ္တဝါတို့သည်။ လောကေ၊ လောက၌။ ဝိစရန္တိ၊ သွားကုန်၏။ ဧတံ၊ ထို ဝတ္ထုကာမ, ကိလေသာကာမကို။ ဗဟူနံ၊ များစွာကုန်သော လူတို့သည်။ ဣဓ ဇီဝလောကေ၊ ဤသတ္တလောက၌။ ဣဋ္ဌဉ္စ၊ အလိုလည်း ရှိအပ်၏။ ကန္တဉ္စ၊ နှစ်လည်း နှစ်သက်အပ်၏။ ပိယဉ္စ၊ ချစ်လည်း ချစ်အပ်၏။ မနုညဉ္စ၊ စိတ်နှလုံးကိုလည်း ပွားစေအပ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ ဣသယော၊ ရှင်ရသေ့တို့သည်။ ကာမေ၊ ကာမဂုဏ်တို့ကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်သနည်း။
ထိုအခါ သိကြားမင်းအား ပြဿနာကို ဖြေလိုသော ဘုရားလောင်းသည်
ကာမေသု ဒုက္ခဉ္စ ဘယဉ္စ ဇာတံ။
ကာမေသု ဘူတာဓိပတီ ပမတ္တာ၊
ပါပါနိ ကမ္မာနိ ကရောန္တိ မောဟာ။
ကာယဿ ဘေဒါ နိရယံ ဝဇန္တိ။
အာဒီနဝံ ကာမဂုဏေသု ဒိသွာ၊
တသ္မာ ဣသယော နပ္ပသံသန္တိ ကာမေ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၉၃။ ဘူတာဓိပတီ၊ နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်း။ ကာမေသု၊ ကာမဂုဏ်တို့ကြောင့်။ ဝေ၊ စင်စစ်။ ဟညရေ စ၊ သတ်လည်း သတ်အပ်ကုန်၏။ ဗဇ္ဈရေ စ၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့အပ်ကုန်၏။ ကာမေသု၊ ကာမဂုဏ်တို့ကြောင့်။ ဒုက္ခဉ္စ၊ ကိုယ်စိတ်ဆင်းရဲခြင်းသည်လည်းကောင်း။ ဘယဉ္စ၊ စွပ်စွဲခြင်းအစရှိသော ဘေးသည်လည်းကောင်း။ ဇာတံ၊ ဖြစ်တတ်၏။ ကာမေသု၊ ကာမတို့၌။ ပမတ္တာ၊ ယစ်ကုန်သောသူတို့သည်။ မောဟာ၊ မိုက်မဲတွေဝေခြင်းကြောင့်။ ပါပါနိ၊ ယုတ်မာကုန်သော။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ ကရောန္တိ၊ ပြုန်၏။
၉၄။ ပါပဓမ္မာ၊ ယုတ်မာသော အကျင့်ရှိကုန်သော။ တေ၊ ထိုသူတို့သည်။ ပါပံ၊ မကောင်းမှုကို။ ပသဝေတွာ၊ ပွားစေသောကြောင့်။ ကာယဿ ဘေဒါ၊ ခန္ဓာကိုယ်ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝဇန္တိ၊ သွားရကုန်၏။ ကာမဂုဏေသု၊ ကာမဂုဏ်တို့၌။ အာဒီနဝံ၊ အပြစ်ကို။ ဒိသွာ-ပဿန္တိ၊ မြင်ကုန်၏။ တသ္မာ၊ ထိုသို့ ကာမဂုဏ်တို့၌ အပြစ်ကို မြင်ကုန်သောကြောင့်။ ဣသယော၊ ရသေ့တို့သည်။ ကာမေ၊ ကာမဂုဏ်တို့ကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။
သိကြားမင်းသည် ဘုရားလောင်းစကားကို ကြားလျှင် ထိတ်လန့်သောစိတ် ရှိသည်ဖြစ်၍ မိမိစုံစမ်းသော အကြောင်းကို ကြားလိုရကား-
တီရေ ဂဟေတွာန ထလေ နိဓေသိံ။
သုဒ္ဓါ အပါပါ ဣသယော ဝသန္တိ၊
ဧတာနိ တေ ဗြဟ္မစာရီ ဘိသာနိ။
ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။
၉၅။ ဘန္တေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ဝီမံသမာနော၊ စုံစမ်းလိုသည်ဖြစ်၍။ ဣသိနော၊ ရှင်ရသေ့၏။ ဘိသာနိ၊ ကြာစွယ်တို့ကို။ တီရေ၊ အနား၌။ ဂဟေတွာန၊ ယူ၍။ ထလေ၊ သင့်တင့်ရာ အရပ်၌။ နိဓေသိံ၊ ဝှက်ထားမိပေ၏။ ဣသယော၊ ရှင်ရသေ့တို့သည်။ သုဒ္ဓါ၊ စင်ကြယ်ကုန်သည်ဖြစ်၍။ အပါပါ၊ မယုတ်မာကုန်သည် ဖြစ်၍။ ဝသန္တိ၊ နေကြပေကုန်၏။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော ရှင်ရသေ့။ ဧတာနိ၊ ဤကြာစွယ်တို့သည်။ တေ၊ ရှင်ရသေ့၏။ ဘိသာနိ၊ ကြာစွယ်တို့တည်း။
ထိုစကားကို ကြား၍ ဘုရားလောင်းသည်-
န ဗန္ဓဝါ နော ပန တေ သဟာယာ။
ကိသ္မိံ ဝုပတ္ထမ္ဘ သဟဿေနေတ္တ၊
ဣသီဘိ တွံ ကီဠသိ ဒေဝရာဇ။
ဟူသော ဤဂါထာကို ဆို၏။
၉၆။ သဟသာနေတ္တ၊ မျက်စိတထောင် အမြင်ဆောင်သော။ ဒေဝရာဇ၊ သိကြား နတ်မင်း။ မယံ၊ ငါတို့သည်။ တေ၊ သင်၏။ န နဋာ၊ သဘင်သည်လည်း မဟုတ်ကုန်။ နော ပန ကီဠနေယျာ၊ ကစားထိုက်သောသူလည်း မဟုတ်ကုန်။ တေ၊ သင်၏။ န ဗန္ဓဝါ၊ အဆွေအမျိုးလည်း မဟုတ်ကုန်။ တေ၊ သင်၏။ နော ပန သဟာယာ၊ အဆွေခင်ပွန်းလည်း မဟုတ်ကုန်။ ကိသ္မိံဝ၊ အဘယ်အကြောင်းကိုလျှင်။ ဥပတ္ထမ္ဘာ၊ အမှီအထောက်အပံ့ပြု၍။ တွံ၊ သင်သည်။ ဣသီဘိ၊ ရသေ့တို့နှင့်။ သဒ္ဓိံ၊ တကွ။ ကီဠသိ၊ ကစားဘိသနည်း။
ထိုအခါ ဘုရားလောင်းကို သိကြားမင်းသည် မိမိ စုံစမ်းမိသောအပြစ်ကို ကန်တော့လိုရကား-
ဧသာ ပတိဋ္ဌာ ခလိတဿ ဗြဟ္မေ။
ဧကာပရာဓံ ခမ ဘူရိပည။
န ပဏ္ဍိတာ ကောဓဗလာ ဘဝန္တိ။
ဟူသော ဤဂါထာကို ဆို၏။
၉၇။ ဘူရိပည၊ မြေကြီးအထုနှင့်တူသော ပညာရှိသော။ ဗြဟ္မေ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ မေ၊ အကျွန်ုပ်၏။ အာစရိယော စ၊ ဆရာသည်လည်း။ အသိ၊ ဖြစ်ပါလော့။ မယှံ၊ အကျွန်ုပ်၏။ ပိတာ စ၊ အဖသည်လည်း။ အသိ၊ ဖြစ်ပါလော့။ ခလိတဿ၊ ချွတ်ယွင်းသဖြင့် ပြစ်မှားမိသော အကျွန်ုပ်၏။ ဧသာ ပတိဋ္ဌာ၊ ဤမှီခိုကိုးကွယ်ရာသည်။ အသိ၊ ဖြစ်ပါလော့။ ဧကာပရာဓံ၊ တကြိမ်တခါ လွန်ကျူးမိသော အပြစ်ကို။ ခမ၊ သည်းခံပါလော့။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကောဓဗလာ၊ အမျက်ထွက်ခြင်း၌ အားကြီးကုန်သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။
ထိုအခါ ဘုရားလောင်းသည် သိကြားမင်းအား သည်းခံပြီး၍ မိမိသည် ရသေ့အပေါင်းတို့ကို သည်းခံစေလိုရကား-
ယံ ဝါသဝံ ဘူတပတိဒ္ဒသာမ။
သဗ္ဗေဝ ဘောန္တော သုမနာ ဘဝန္တု၊
ယံ ဗြာဟ္မဏော ပစ္စပါဒိ ဘိသာနိ။
ဟူသော ဤဂါထာကို ဆို၏။
၉၈။ ဘော၊ အို ရသေ့အပေါင်းတို့။ ယံ-ယေန၊ အကြင်ကြောင့်။ ဘူတပတိံ၊ နတ်တို့၏ အရှင်ဖြစ်သော။ ဝါသဝံ၊ သိကြားနတ်မင်းကို။ အဒ္ဒသာမ၊ မြင်ရကုန်၏။ တေန၊ ထိုသို့ မြင်ရကုန်သောကြောင့်။ ဣသီနံ၊ ရသေ့တို့အား။ ဧကရတ္တံ၊ တညဉ့်မျှ။ ဝသိတံ၊ နေရခြင်းသည်။ သုဝါသိတံ၊ ကောင်းသော နေခြင်းတည်း။ ယံ-ယေန၊ အကြင်ကြောင့်။ ဗြာဟ္မဏော၊ သင်တို့ဆရာ ငါပုဏ္ဏားသည်။ ဘိသာနိ၊ ကြာစွယ်တို့ကို။ ပစ္စပါဒိ၊ ရပြန်၏။ တေန၊ ထိုသို့ ရပြန်သောကြောင့်။ သဗ္ဗေဝ၊ အလုံးစုံသော ရသေ့တို့သည်သာလျှင်။ သုမနာ၊ ဝမ်းမြောက်ကုန်သည်။ ဘဝန္တု၊ ဖြစ်ကြကုန်လော့။
သိကြားမင်းသည် ရသေ့အပေါင်းကို ရှိခိုး၍ နတ်ပြည်သို့လျှင် သွား၏။ ရသေ့အပေါင်းသည် ဈာန် အဘိညာဉ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်း ဤသို့ ရှေးပညာရှိတို့ ကျိန်ဆိုခြင်းကို ပြုကုန်၍ ကိလေသာတို့ကို စွန့်ဘူးကုန်ပြီဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိ ဖိုလ်၌တည်၏။ တဖန် ဇာတ်ကို ပေါင်းတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
အနုရုဒ္ဓေါ ပုဏ္ဏော အာနန္ဒော၊ တခါသုံ သတ္တ ဘာတရော။
စိတ္တော ဂဟပတိ ဒါသော၊ ယက္ခော သာတာဂိရီ တဒါ။
ကာဠုဒါယီ တဒါ သက္ကော၊ ဧဝံ ဓာရေထ ဇာတကံ။
ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။
၉၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒါနိ၊ ယခုအခါ၌။ အဟဉ္စ၊ ငါဘုရားသည်၎င်း။ သာရိပုတ္တော စ၊ သာရိပုတ္တရာသည်၎င်း။ မောဂ္ဂလာနော စ၊ မောဂ္ဂလာန်သည်၎င်း။ ကဿပေါ စ၊ ကဿပသည်၎င်း။ အနုရုဒ္ဓေါ စ၊ အနုရုဒ္ဓါသည်၎င်း။ ပုဏ္ဏော စ၊ ပုဏ္ဏမထေရ်သည်၎င်း။ အာနန္ဒော စ၊ အာနန္ဒာသည်၎င်း။ တဒါ၊ ထိုအခါ၌။ သတ္တဘာတရော၊ ညီနောင်ခုနစ်ယောက်တို့သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။
၁၀၀။ ဣဒါနိ၊ ယခုအခါ၌။ ဥပ္ပလဝဏ္ဏာ၊ ဥပ္ပလဝဏ်သည်။ တဒါ၊ ထိုအခါ၌။ ဘဂိနီ၊ နှမတော် ကဉ္စနဒေဝီသည်။ အာသိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ ခုဇ္ဇုတ္တရာ၊ ခုဇ္ဇုတ္တရာ ထေရီမသည်။ တဒါ၊ ထိုအခါ၌။ ဒါသီ၊ ကျွန်မသည်။ အာသိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ စိတ္တော ဂဟပတိ၊ စိတ္တသူကြွယ်သည်။ တဒါ၊ ထိုအခါ၌။ ဒါသော၊ ကျွန်ယောက်ျားသည်။ အဟောသိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ သာတာဂိရီ၊ သာတာဂိရိဘီလူးသည်။ တဒါ၊ ထိုအခါ၌။ ယက္ခော၊ ရုက္ခစိုးနတ်သည်။ အဟောသိ၊ ဖြစ်ပြီ။
၁၀၁။ ဣဒါနိ၊ ယခုအခါ၌။ ပါလိလေယျော၊ ပလလည်း ဆင်မင်းသည်။ တဒါ၊ ထိုအခါ၌။ နာဂေါ၊ ဆင်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ မဓုဒေါ၊ ပျားလှူသော။ ပေါဋ္ဌပါဒေါ၊ ပေါဋ္ဌပါဒမျောက်သည်။ တဒါ၊ ထိုအခါ၌။ ဝါနရော၊ မျောက်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ ကာဠုဒါယီ၊ ကာဠုဒါယီသည်။ တဒါ၊ ထိုအခါ၌။ သက္ကော၊ သိကြားမင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ ဧဝံ၊ ဤသို့။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်လေကုန်။
ကာမဂုဏ်ပြစ်၊ လွန်ဆိုးညစ်၊ ရှောင်လစ်မင်္ဂလာ
ငါးခုမြောက်သော ဘိသဇာတ်သည် ပြီး၏။
*****