သုရုစိဇာတ်
ပကိဏ္ဏကနိပါတ်
၆။ သုရုစိဇာတ်
ဝိသာခါ ဒါယိကာမ ဆုရှစ်ပါး ရခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မဟေသီ သုရုစိနော ဘရိယာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုရုစိဇာတ်ကို သာဝတ္ထိပြည်ကို အမှီပြု၍ မိဂါရမာတု အမည်ရှိသော ဝိသာခါ ဒါယိကာမပြာသာဒ်၌ နေတော်မူလျက် ဝိသာခါ ဒါယိကာမကြီးသည် ရအပ်သော ဆုရှစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။
ထိုစကားကို ချဲ့ဦးအံ့။ ထိုဝိသာခါ ဒါယိကာမကြီးသည် တနေ့သ၌ ဇေတဝန်ကျောင်းတော်၌ တရားတော်ကို နာ၍ ရဟန်းသံဃာနှင့်တကွ မြတ်စွာဘုရားကို နက်ဖြန်အကျိုးငှါ ပင့်ဘိတ်၍ သွား၏။ ထိုညဉ့်လွန်သဖြင့် လေးကျွန်းလုံးနှံ့သော မိုဃ်းကြီးသည် ရွာ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ဇေတဝန် ကျောင်းတော်၌ မိုဃ်ကြီးရွာသကဲ့သို့ ထို့အတူ လေးကျွန်းလုံး၌ မိုဃ်းကြီးသည် ရွာ၏။ ရဟန်းတို့ကိုယ်ကို မိုဃ်းစွတ်စေကုန်လော့၊ ဤမိုဃ်းကြီးသည် အဆုံးစွန်ဖြစ်သော လေးကျွန်းလုံးနှံ့သော မိုဃ်းကြီးတည်းဟု မိန့်တော်မူ၍ မိုဃ်းရည်စွတ်စေအပ်သော ကိုယ်ရှိကုန်သော ရဟန်းတို့နှင့်တကွ တန်ခိုးအစွမ်းဖြင့် ဇေတဝန် ကျောင်းတော်မှ ကွယ်ခဲ့၍ ဝိသာခါဒါယိကာမ၏ တံခါးမုတ်၌ ထင်ရှားဖြစ်တော်မူ၏။ ဝိသာခါ ဒါယိကာမသည် အချင်းတို့ ဘုရားသခင်၏ တန်ခိုးကြီးသော အဖြစ်သည် အာနုဘော် ကြီးတော်မူသော အဖြစ်သည်အံ့ဘွယ်ရှိစွ၊ အချင်းတို့ မဖြစ်ဘူးမြဲသော သဘောသည် ဖြစ်စွာ့တကား၊ အမှတ်မရှိသော တယောက်ယောက်သော ပုဂ္ဂိုလ်သည် ပုဆစ်ဒူး အတိုင်းအရှည်ရှိသော ရေအယဉ်တို့သည် ဖြစ်ကုန်သော်၎င်း ခါးအတိုင်းအရှည်ရှိသော ရေအယဉ်တို့သည် ဖြစ်ကုန်သော်၎င်း, တယောက်သော ရဟန်း၏လည်း ခြေတို့သည်၎င်း, သင်္ကန်းတို့သည်၎င်း စွတ်စိုသည် မဖြစ်ကုန်ဟု အလွန်ရွှင်လန်း ဝမ်းမြောက်သည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စပြီးပြီးသော် မြတ်စွာဘုရားကို ဤသို့ နားတော်လျောက်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် အရှင်ဘုရားကို ဆုရှစ်ပါးတို့ကို တောင်းပန်ပါ၏ဟု လျှောက်၏။ ဝိသာခါ စင်စစ်လျှင် မြတ်စွာဘုရားတို့သည် ဆုကိုပေးခြင်း၌ အလွန် နှစ်သက်ကုန်၏ဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကြင်ဆုတို့သည် အပ်လည်းအပ်၏။ အပြစ်လည်း မရှိကုန်၊ ထိုဆုတို့ကို တောင်းပန်ပါ၏ဟု နားတော် လျှောက်သည်ရှိသော် ဝိသာခါ ဆိုလော့ဟု မိန့်တော်မူ၏။
၁။ အရှင်ဘုရား အကျွန်ုပ်သည် အသက်ထက်ဆုံး ရဟန်းသံဃာအား မိုဃ်းရေခံသင်္ကန်း လှူခြင်းငှါ အလိုရှိပါ၏။
၂။ အသက်ထက်ဆုံး အာဂန္တကဘတ်ကို လှူခြင်းငှါ အလိုရှိပါ၏။
၃။ အသက်ထက်ဆုံး ဂမိကဘတ်ကို လှူခြင်းငှါ အလိုရှိပါ၏။
၄။ အသက်ထက်ဆုံး နာသော ရဟန်းတို့အား ဆွမ်းလှူခြင်း အလိုရှိပါ၏။
၅။ အသက်ထက်ဆုံး သူနာကို လုပ်ကျွေးသော ရဟန်းတို့အား ဆွမ်းလှူခြင်းငှါ အလိုရှိပါ၏။
၆။ အသက်ထက်ဆုံး သူနာတို့အား ဆေးကုခြင်းငှာ အလိုရှိပါ၏။
၇။ အသက်ထက်ဆုံး ယာဂုကို အမြဲလှူခြင်းငှာ အလိုရှိပါ၏။
၈။ အသက်ထက်ဆုံး ဘိက္ခုနီသံဃာအား မိုရေခံသင်္ကန်း လှူခြင်းငှါ အလိုရှိပါ၏ဟု နားတော်လျှောက်၏။
မြတ်စွာဘုရားသည် ဝိသာခါ သင်သည် အဘယ်မည်သော ဆုရှစ်ပါး၏ အကျိုးအာနိသင်ကို မြင်သည်ဖြစ်၍ ငါဘုရားကို ဆုရှစ်ပါးတို့ကို တောင်းဘိသနည်းဟု မေးတော်မူ၍ ထိုဝိသာခါ ဒါယိကာမသည် ဆုရှစ်ပါး၏ အကျိုးအာနိသင်ကို နားတော်လျှောက်သည်ရှိသော် ဝိသာခါ ကောင်းစွ ကောင်းစွ၊ ဝိသာခါ သင်သည် ကောင်းစွာလျှင် အကျိုးအာနိသင်တို့ကို မြင်သည်ဖြစ်၍ ငါဘုရားကို ဆုရှစ်ပါးတို့ကို တောင်း၏ဟု မိန့်တော်မူ၍ ဝိသာခါ သင့်အား ဆုရှစ်ပါးတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ဟု သဗ္ဗညူမြတ်စွာဘုရားသည် ဆုရှစ်ပါးတို့ကို ပေးတော်မူ၍ အနုမောဒနာ ပြုတော်မူပြီးလျှင် ကြွတော်မူ၏။
ထိုအခါ တနေ့သ၌ ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူသည်ရှိသော် ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့ ဝိသာခါ ဒါယိကာမကြီးသည် မိန်းမအဖြစ်၌ တည်လျက်လည်း ဘုရားသခင် အထံတော်၌ ဆုရှစ်ပါးတို့ကို ရ၏။ ဂုဏ်ကျေးဇူး များပေစွဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဝိသာခါသည် ငါဘုရားအထံတော်မှ ဆုရှစ်ပါးကို ရသည်မဟုတ်သေး၊ ရှေး၌လည်း ဤ ဝိသာခါသည် ရဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ မိဓိလာပြည်ကြီး၌ သုရုစိမည်သော မင်းသည် မင်းပြုသည်ရှိသော် သားကိုရ၍ ထိုသားအား သုရုစိမင်းသား ဟူသော အမည်ကို မှည့်၏။ ထိုမင်းသားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်အံ့ဟု သွား၍ တက္ကသိုလ်မြို့တံခါး စရပ်၌ နေ၏။ ဗာရာဏသီမင်း၏ သားဖြစ်သော ဗြဟ္မဒတ်မည်သော မင်းသားသည်လည်း ထို့အတူ တက္ကသိုလ်ပြည်သို့လျှင် သွား၍ သုရုစိမင်းသားနေသော ပျဉ်၌လျှင် နေ၏။ ထိုမင်းသား နှစ်ယောက်တို့သည် အချင်းချင်း မေးကုန်၍ အကျွမ်းဝင်သည်ဖြစ်၍ အတူတကွလျှင် ဆရာ့အထံသို့ သွား၍ ဆရာစားအဘို့ကို ပေး၍ အတတ်ကိုသင်လျှင် မကြာမြင့်မီ သင်အပ်ပြီးသော အတတ်ရှိကုန်သည် ဖြစ်၍ ဆရာကို ပန်ကြားပြီးလျှင် အတန်ငယ် ခရီးသို့ အတူတကွလျှင် သွားကုန်ပြီး၍ နှစ်ခုသောခရီး၌ ရပ်ကုန်လျက် အချင်းချင်း လည်ကိုဘက်၍ အဆွေ ခင်ပွန်းတို့၏ အကျင့်တရားကို စောင့်ခြင်းငှါ ကတိကဝတ်ကို ပြုကုန်၏။ အကယ်၍ ငါ့အား သားသည် ဖြစ်အံ့၊ သင့်အား သ္မီးသည် ဖြစ်အံ့၊ သင့်အား သားသည်မူလည်း ဖြစ်အံ့၊ ငါ့အား သ္မီးသည်မူလည်း ဖြစ်အံ့၊ ထိုသားသမီးတို့အား ထိမ်းမြားခြင်း မင်္ဂလာကို ပြုကုန်အံ့ဟု ကတိ ကဝတ်ကို ပြုကုန်၏။
ထိုမင်းသား နှစ်ယောက်တို့သည် မင်းဖြစ်ကုန်သည် ရှိသော် သုရုစိမင်းကြီးအား သားသည်ဖွား၏။ ထိုမင်းသားအား သုရုစိမင်းသားဟူသော အမည်ကိုလျှင် မှည့်ကုန်၏။ ဗြဟ္မဒတ်မင်းကြီးအား သမီးသည် ဖွား၏။ ထိုမင်းသ္မီးအား သုမေဓာဟူသော အမည်ကို မှည့်ကြကုန်၏။ သုရုစိမင်းသားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ အတတ်သင်ပြီးလျှင် ပြန်ခဲ့၏။ ထိုသုရုစိမင်းသားကို ခမည်းတော် မင်းကြီးသည် မင်းအဖြစ်၌ အဘိသိက် သွန်းလိုသည်ဖြစ်၍ ငါ့အဆွေခင်ပွန်း ဖြစ်သော ဗာရာ ဏသီမင်းအား သမီးတော်သည် ရှိသတတ်၊ ထိုမင်းသ္မီးကိုသာလျှင် ငါ့သားအား မိဖုယားကြီး ပြုအံ့ဟု ဗာရာဏသီ မင်းသ္မီး၏အကျိုးငှာ များစွာသော လက်ဆောင်ပဏ္ဏာကို ပေး၍ အမတ်တို့ကို စေလိုက်၏။
ထိုအမတ်တို့ မလာမီလျှင် ဗာရာဏသီမင်းသည် မိဖုယားကို မေး၏။ ရှင်မိဖုယား မိန်းမတို့အား အဘယ်သည်လျှင် အလွန်ဆင်းရဲသနည်းဟု မေး၏။ အရှင်မင်းကြီး လင်တယောက်တည်း၌ မယားအများရှိခြင်းသည် မိန်းမတို့အား အလွန်ဆင်းရဲ၏ဟု တင်လျှောက်၏။ ရှင်မိဖုယား ထိုသို့တပြီးကား ငါတို့၏သမီးတော် တယောက်တည်းဖြစ်သော သုမေဓာအမည်ရှိသော မင်းသမီးကို ထိုဆင်းရဲမှ လွတ်စေ၍ အကြင်သူသည် ဤ သုမေဓာတယောက်ကိုသာလျှင် ယူအံ့၊ ထိုသူအား ပေးကုန်အံ့ဟု ဆို၏။ သုရုစိမင်းကြီး အမတ်တို့သည် လာလတ်၍ ထိုသုမေဓာ မင်းသမီးအမည်ကို ယူလတ်သည်ရှိသော် အမောင်တို့ ငါသည် ရှေး၌ အဆွေခင်ပွန်းအား ဝန်ခံခြင်းကို အကယ်၍ကား ပြုအပ်၏။ ထိုသို့ပြုငြားသော်လည်း ငါတို့သည် ဤသုမေဓာ မင်းသမီးကို မိန်းမအပေါင်း၏ အလယ်၌ မချလိုကုန်၊ အကြင်သူသည် ဤသုမေဓာ တယောက်တည်းကိုသာလျှင် ယူအပ်၏။ ထိုသူအား ပေးလိုကုန်၏ဟု ဆို၏။ ထိုအမတ်တို့သည် သုရုစိမင်းကြီးအထံသို့ စေလိုက်ကုန်၏။
သုရုစိမင်းကြီးသည်ကား ငါတို့တိုင်းပြည်သည် အလွန် ကြီးကျယ်၏။ မိဓိလာမြို့သည် ခုနစ်ယူဇနာရှိ၏။ တိုင်းနိုင်ငံ အပိုင်းအခြားသည်ကား ယူဇနာသုံးရာရှိ၏။ နည်းသော အပိုင်းအခြားဖြင့် တသောင်း ခြောက်ထောင်သော မိန်းမတို့ကို ရခြင်းငှါသင့်၏ဟု ဆို၍ မနှစ်သက်၊ သုရုစိမင်းသားသည်ကား သုမေဓာမင်းသမီး၏ အဆင်း၏ ပြည့်စုံခြင်းကို ကြားရ၍ ကြားခြင်းဟူသော နှီးနှောခြင်းဖြင့် တပ်စွန်း၍ ငါသည် ထိုသုမေဓာမင်းသမီး တယောက်တည်းကိုသာလျှင် ယူအံ့၊ ငါ့အား မိန်းမအပေါင်းဖြင့် အလိုမရှိ၊ ထိုသုမေဓာ မင်းသမီးကိုသာလျှင် ဆောင်ပါလော့ဟု မယ်တော် ခမည်းတော်တို့အား စေလိုက်၏။
မယ်တော် ခမည်းတော်တို့သည် သားတော်စိတ်ကို မဖျက်မူ၍ များစွာသောဥစ္စာကို ပို့စေ၍ များသောအခြံအရံဖြင့် သုမေဓာ မင်းသမီးကို ဆောင်ယူပြီးလျှင် သုရုစိမင်းသား၏ မိဖုယားကြီးပြု၍ တကွနက် အဘိသိက်သွန်းကုန်၏။ ထိုမင်းသားသည် သုရုစိမည်သော မင်းကြီးဖြစ်၍ တရားနှင့်အညီ မင်းပြုလျက် သုမေဓာမိဖုယားနှင့်တကွ ချစ်စွာသော နေခြင်းဖြင့် နေ၏။ ထိုသုမေဓာ မိဖုယားသည်ကား အနှစ်တသောင်းပတ်လုံး သုရုစိမင်းကြီးနန်းတော်၌ နေသော်လည်း သားသမီးတို့ကို မရသလျှင်ကတည်း၊ ထိုအခါ ပြည်သူတို့သည် စည်းဝေးကုန်၍ မင်းယင်ပြင်၌ ကြွေးကြော်ကြကုန်၏။ ဤကြွေးကြော်ခြင်းသည်ကား အသို့နည်းဟုဆိုသည်ရှိသော် မင်းအား အပြစ်မရှိ၊ စင်စစ်သော်ကား အရှင်မင်းကြီးအား အမျိုးအနွယ်ကို စောင့်တတ်သော သားတော်သည် မရှိပါ၊ အရှင်မင်းကြီးအား မိဖုယားတယောက်သာတည်း၊ မင်းမျိုးမည်သည်ကား ယုတ်သောအပိုင်းအခြားဖြင့် တသောင်း ခြောက်ထောင်သော မိန်းမတို့သည် ဖြစ်ရာ၏။ အရှင်မင်းကြီး မိန်းမအပေါင်းကို ယူတော်မူလော့၊ ထိုမိန်းမအပေါင်းတို့တွင် ဘုန်းရှိသော မိန်းမသည် သားရလတ္တံ့ဟု ဆိုသည်ရှိသော် အမောင်တို့ အသို့ဆိုကုန်သနည်း၊ တပါးသော မိန်းမကို ငါ မယူအံ့ဟု ဝန်ခံခြင်းကိုပေး၍ ငါသည် ထိုသုမေဓာ မိဖုယား တယောက်ကိုသာလျှင် ဆောင်ယူအပ်၏။ မုသာဝါဒကို ပြုခြင်းငှာ မတတ်ကောင်း၊ ငါ့အား မိန်းမအပေါင်းဖြင့် အလိုမရှိဟု မင်းသည် ပယ်သည်ရှိသော် သွားကြကုန်၏။
သုမေဓာမိဖုယားကြီးသည် ထိုစကားကိုကြား၍ မင်းသည် သစ္စာမှန်သည်၏အဖြစ်ကြောင့် တပါးသော မိန်းမတို့ကို မဆောင်ယူ၊ ထိုသို့ မဆောင်သော်လည်း ငါသည်လျှင် မင်းအား ဆောင်အံ့ဟု မင်း၏ အမိနှင့်တူသော မယားအရာ၌တည်၍ မိမိအလိုအားဖြင့်သာလျှင် မင်းသမီး ကညာ တထောင်, အမတ်သမီးကညာ တထောင်, သူဌေးသမီး ကညာ တထောင်, ထိုမင်း၏ အလုံးစုံသော ကချေသည် မိန်းမ တထောင်, ဤသို့ မိန်းမလေးထောင်တို့ကို ဆောင်၏။ ထိုလေးထောင်သော မိန်းမတို့သည်လည်း အနှစ်တသောင်းပတ်လုံး မင်းအိမ်၌ နေကုန်သော်လည်း သားသမီးကို မရကုန်၊ ဤနည်းဖြင့် တပါးလည်းဖြစ်ကုန်သော သုံးကြိမ် လေးထောင် လေးထောင်စီ ဖြစ်သော မိန်းမတို့ကို ဆောင်၏။ ထိုမိန်းမတို့သည်လည်း သားသမီးကိုမရကုန်၊ ဤမျှဖြင့် တသောင်းခြောက်ထောင်သော မိန်းမတို့ကို ဆောင်၏။ အနှစ်လေးသောင်းတို့သည် လွန်ကုန်၏။ တပါးသော မိန်းမတို့ကို မဆောင်ဘဲ ထိုသုမေဓာ မိဖုယားတယောက်တည်းနှင့် နေကုန်သော အနှစ်တသောင်းတို့နှင့်တကွ နှစ်ပေါင်း ငါးသောင်းတို့သည် ဖြစ်ကုန်၏။
ထိုအခါ ပြည်သူတို့သည် စည်းဝေးကုန်၍ ကြွေးကြော်ပြန်သဖြင့် ဤကြွေးကြော်ခြင်းသည်ကား အဘယ်နည်းဟု ဆိုလတ်သော် အရှင်မင်းကြီး အရှင်မင်းကြီး၏ မိဖုယားတို့အား သားဆုတောင်းစိမ့်သောငှါ စေတော်မူကုန်လော့ ဟု ဆိုကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ သင်မိဖုယားတို့သည် သားဆုကို တောင်းကုန်လော့ဟု ဆို၏။ ထိုအခါမှစ၍ သားကို တောင့်တကုန်လျက် အထူးထူးသော နတ်တို့ကို ရှိခိုးကုန်၏။ အထူးထူးသော ကျင့်ဝတ်တို့ကို ကျင့်ကုန်၏။ သားသည် မဖြစ်သလျှင်ကတည်း၊ ထိုအခါ မင်းသည် သုမေဓာမိဖုယားကို ဆို၏။ ရှင်မိဖုယားသည်လည်း သားဆုကို တောင်းလော့ဟု ဆိုလေ၏။ ထိုသုမေဓာမိဖုယားသည် ကောင်းပြီဟု ဝန်ခံ၍ ပန္နရသီဥပုသ်နေ့၌ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောဥပုသ်ကို ကောင်းစွာဆောက်တည်ပြီးလျှင် ကြက်သရေရှိသော တိုက်ခန်း၌နေ၍ သီလတို့ကို ဆင်ခြင်လျက်အပ်သော ညောင်စောင်းငယ်၌ နေ၏။
ကြွင်းကုန်သော မိဖုယားတို့သည် ဆိတ်အကျင့် နွားအကျင့်ကဲ့သို့ ကျင့်ကုန်သည်ဖြစ်သော်လည်း သားကိုမရ၍ ဥယျာဉ်သို့ သွားကုန်၏။ သုမေဓာမိဖုယား၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သော် သုမေဓာ မိဖုယားသည် သားကိုတောင့်တ၏။ ထိုသုမေဓာ မိဖုယားအား သားကိုပေးအံ့၊ ထိုသို့ ပေးသော်လည်း ဟူးဟူးညားညားသော သားကိုပေးခြင်းငှါ မတတ်ကောင်း၊ ထိုသုမေဓာ မိဖုယားအား လျောက်ပတ်သောသားကို စုံစမ်းအံ့ဟု သားကို စုံစမ်းသည်ရှိသော် ကျူထရံသည်နတ်သားကို မြင်၏။ ထိုနတ်သားသည် ဘုန်းကံနှင့်ပြည်စုံသော သတ္တဝါ ဖြစ်သတတ်၊ ရှေးကိုယ်အဖြစ်၌ ဗာရာဏသီပြည်၌ နေလျက် စိုက်ပျိုးသောအခါ လယ်တောသို့ သွားသည်ရှိသော် ပစ္စေကဗုဒ္ဓါ တဆူကိုမြင်၍ ကျွန်အမှုလုပ်တို့ကို စိုက်ပျိုးရစ်ကြကုန်ဟု စေခဲ့၍ မိမိသည်ပြန်၍ အရှင်ပစ္စေကဗုဒ္ဓါကို အိမ်သို့ပင့်ဆောင်ခဲ့ပြီးလျှင် ဆွမ်းကျွေး၍ တဖန် ဂင်္ဂါနားသို့ ဆောင်၍ သားနှင့်တကွ တပေါင်းတည်းဖြစ်၍ ရေသဖန်းသား နံရံအခြေရှိသော ကျူနံရံကာရံသော သစ်ရွက်မိုးကျောင်းကို ဆောက်၍ တံခါးကိုယှဉ်စေပြီးလျှင် စင်္ကြံကိုပြု၍ အရှင်ပစ္စေကဗုဒ္ဓါကို ထိုကျောင်း၌ သာလျှင် ဝါတွင်းသုံးလလုံးနေစေ၍ ဝါကျွတ်ပြီးသော် အရှင်ပစ္စေကဗုဒ္ဓါကို သားအဖနှစ်ယောက်တို့သည် သင်္ကန်းသုံးထည်ဖြင့်လှူ၍ လွှတ်လိုက်ကုန်၏။ ဤနည်းဖြင့်လျှင် ခုနစ်ပါး ရှစ်ပါးသော ပစ္စေကဗုဒ္ဓါတို့ကို ထိုကျောင်း၌နေစေ၍ သင်္ကန်းသုံးထည်တို့ကို လှူကုန်၏။
သားအဖနှစ်ယောက်တို့သည် ကျူထရံသည်ဖြစ်၍ ဂင်္ဂါနား၌ ဝါးကို စုံစမ်းရှာဖွေသည်ရှိသော် ပစ္စေကဗုဒ္ဓါကို မြင်ကုန်၍ ဤသို့သောနည်းဖြင့်လျှင် ပြုကုန်၏ ဟူ၍လည်း ဆိုကုန်သလျှင်ကတည်း။
ထိုသားအဖ နှစ်ယောက်တို့သည် သေကုန်လျှင် တာဝတိံသာနတ်ပြည်၌ ဖြစ်ကုန်၍ ကာမာဝစရ နတ်ပြည်ခြောက်ထပ်တို့၌ အနုလောမ ပဋိလောမအားဖြင့် ကြီးစွာသော စည်းစိမ်ကို ခံစားကုန်လျက် ကျင်လည်ကုန်၏။ ထိုနတ်သားနှစ်ယောက်တို့သည် ထိုတာဝတိံသာနတ်ပြည်မှ စုတေ၍ အထက်နတ်ပြည်၌ ဖြစ်လိုကုန်သည်လျှင် ဖြစ်ကုန်၏။ သိကြားမင်းသည် ထိုအထက် နတ်ပြည်သို့ သွားအံ့သောအဖြစ်ကိုသိ၍ နတ်သားနှစ်ယောက်တို့တွင် တယောက်သော နတ်သား၏ ဗိမာန်တံခါးသို့ သွား၍ လာ၍ ရှိခိုးလျက်တည်သော ထိုနတ်သားကို ဆို၏။ အချင်းနတ်သား သင်သည် လူ့ပြည်သို့ သွားခြင်းငှါ သင့်၏ဟု ဆို၏။ မြတ်သော အရှင်နတ်မင်း လူ့ပြည်မည်သည်ကား စက်ဆုပ်ဘွယ် ရှိ၏။ ရွံရှာဘွယ်ရှိ၏။ ထိုလူ့ပြည်၌ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို တောင့်တကုန်၏။ ထိုလူ့ပြည်သို့သွား၍ အဘယ်ကို ပြုရအံ့နည်းဟု ဆိုသည်ရှိသော် အချင်းနတ်သား နတ်ပြည်၌ ခံစားသုံးဆောင်အပ်သော စည်းစိမ်ချမ်းသာကို လူ့ပြည်၌ ခံစားရလတ္တံ့၊ အစောက် နှစ်ဆယ့်ငါးယူဇနာ, အလျား ကိုးယူဇနာ, အနံ ရှစ်ယူဇနာရှိသော ရတနာပြာသာဒ်၌ နေရလတ္တံ့၊ ဝန်ခံလော့ဟု ဆိုသည်ရှိသော် ထိုနတ်သားသည် ဝန်ခံ၏။
သိကြားမင်းသည် ထိုနတ်သား၏ ဝန်ခံခြင်းကို ယူပြီးလျှင် ရသေ့အသွင်ဖြင့် မင်း၏ဥယျာဉ်သို့သွား၍ ထိုမိန်းမတို့၏ အထက် ကောင်းကင်၌ စင်္ကြံသွားလျက် ကိုယ်ကိုပြ၍ အဘယ်သူ့အား ငါသည် သားဆုကို ပေးရအံ့နည်း၊ အဘယ်မိန်းမသည် သားဆုကို ယူလတ္တံ့နည်းဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်အား ပေးတော်မူပါလော့၊ အကျွန်ုပ်အား ပေးတော်မူပါလော့ဟု တသောင်း ခြောက်ထောင်သော မိန်းမတို့သည် လက်တို့ကို ချီကုန်၏။ ထို့နောင်မှ သိကြားမင်းသည် ငါသည် သီလရှိသောသူတို့အား သားဆုကို ပေးအံ့၊ သင်တို့၏သီလသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု ဆို၏။ ထိုမိန်းမတို့သည် ချီမြှောက်သောလက်တို့ကို ခွေ၍ သီလရှိသော မိန်းမအား အကယ်၍ ပေးလိုငြားအံ့၊ သုမေဓာ မိဖုယားကြီးအထံသို့ ကြွတော်မူပါလော့ဟု ဆိုကုန်၏။ ထိုသိကြားမင်းသည် ကောင်းကင်ဖြင့်လျှင်သွား၍ ထိုသုမေဓာမိဖုယား နန်းပြာသာဒ်တံခါးဝယ် ခြင်္သေ့ခံသော လေသွန်တံခါး၌ တည်၏။ ထိုအခါ သုမေဓာ မိဖုယားအား ထိုမိန်းမတို့သည် ကြားလျှောက်ကြကုန်၏။ အရှင်မိဖုယား လာတော်မူလော့၊ တယောက်သော နတ်မင်းသည် အရှင်မိဖုယားတို့အား သားဆုကိုပေးအံ့ဟု ကောင်းကင်ဖြင့် လာလတ်၍ ခြင်္သေ့ခံသော လေသာနန်း တံခါး၌ ရပ်၏ဟု ကြားကျောက်ကုန်၏။
ထိုသုမေဓာ မိဖုယားကြီးသည် ရိုသေ လေးမြတ်သော အဆောင်အရွက်ဖြင့် လာလတ်၍ ခြင်္သေ့ခံသော လေသွန်နန်းတံခါးကိုဖွင့်၍ အရှင်ဘုရား အရှင်ဘုရားတို့သည် သီလရှိသောမိန်းမအား သားဆုကို ပေးကုန်လတ္တံ့ သတတ်လောဟု ဆို၏။ ရှင်မိဖုယားဟုတ်၏ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား အကျွန်ုပ်အား ပေးတော်မူကုန်လော့ဟု ဆို၏။ မိဖုယား သင့်သီလသည် အဘယ်နည်း၊ သင်မိဖုယား၏ သီလကို ငါ့အား ဆိုဦးလော့၊ ငါသည် အကယ်၍ နှစ်သက်အံ့၊ သင့်အား သားဆုကို ပေးအံ့ဟု ဆိုသည်ရှိသော် ထိုသုမေဓာမိဖုယားသည် သိကြားမင်းစကားကို ကြား၍ ထိုသို့တပြီးကား နာလော့ဟုဆို၍ မိမိကျေးဇူးကို ပြောလိုရကား-
ဒသဝဿသဟဿာနိ၊ ယံ မံ သုရုစိ မာနယိ။
နာဘိဇာနာမိ ကာယေန၊ ဝါစာယ ဥဒ စေတသာ။
သုရုစိံ အတိမညိတ္ထ၊ အာဝိ ဝါ ယဒိ ဝါ ရဟော။
မုသာ မေ ဘဏမာနာယ၊ မုဒ္ဓါ ဖလတု သတ္တမာ။
တေ မံ ဗြဟ္မေ ဝိနေတာရော၊ ယာဝ အဋ္ဌံသု ဇီဝိတံ။
သက္ကစ္စံ တေ ဥပဋ္ဌာသိံ၊ ရတ္တိန္ဒိဝ မတန္ဒိတာ။
မုသာ မေ ဘဏမာနာယ၊ မုဒ္ဓါ ဖလတု သတ္တဓာ။
သဟဘရိယာနိ ဗြာဟ္မဏ။
တာသု ဣဿာ ဝါ ကောဓော ဝါ၊
နာဟု မယှံ ကုဒါစနံ။
အတ္ထာနံ ဝါ နုကမ္ပာမိ၊ သဒါ သဗ္ဗာ သပတ္တိယော။
မုသာ မေ ဘဏမာနာယ၊ မုဒ္ဓါ ဖလတု သတ္တဓာ။
ပေသေမိ သဟဓမ္မေန၊ သဒါ ပမောဒိတိန္ဒြိယာ။
မုသာ မေ ဘဏမာနာယ၊ မုဒ္ဓါ ဖလတု သတ္တဓာ။
တပ္ပေမိ အန္နပါနေန၊ သဒါ ပယတပါဏိနီ။
မုသာ မေ ဘဏမာနာယ၊ မုဒ္ဓါ ဖလတု သတ္တဓာ။
ပါဋိဟာရိယပက္ခဉ္စ၊ အဋ္ဌင်္ဂံ သုသမာဟိတံ။
ဥပေါသထံ ဥပဝသိံ၊ သဒါ သီလေ သုသံဝုတာ။
မုသာ မေ ဘဏမာနာယ၊ မုဒ္ဓါ ဖလတု သတ္တာ။
ဟူသော ဤတဆယ့်ငါးဂါထာတို့ကို ဆို၏။
၁၀၂။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော။ ဣသေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ သုရုစိနော၊ သုရုစိမင်း၏။ မဟေသီ၊ မိဖုယားကြီးဖြစ်သော။ ဘရိယာ၊ မယားတည်း။ ယံ- ယသ္မိံ၊ အကြင်အခါ၌။ သုရုစိ၊ သုရုစိမင်းသည်။ မံ၊ အကျွန်ုပ်ကို။ အာနယိ၊ ဆောင်၏။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍။ ပဌမံ၊ ရှေးဦးစွာ။ အာနီတာ၊ ဆောင်အပ်သော။ အဟံ၊ အကျွန်ုပ်သည်။ ဒသဝဿသဟဿာနိ၊ အနှစ် တသောင်းတို့ပတ်လုံး။ တဿ၊ ထိုသုရုစိမင်း၏။ ဂေဟေ၊ နန်းတော်၌။ ဝသာမိ၊ နေ၏။
၁၀၃။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ ဝေဒေဟံ၊ ဝိဒေဟရာဇ်တိုင်းကို အစိုးရသော။ မိဓိလဂ္ဂဟံ၊ မိဓိလာပြည်သူတို့ကို သင်္ဂဟတရား လေးပါးဖြင့် သင်္ဂြိုဟ်တတ်သော။ သုရုစိံ၊ သုရုစိ အမည်ရှိသော။ ရာဇာနံ၊ မင်းကို။ ကာယေန၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ၊ နှုတ်ဖြင့်၎င်း။ ဥဒ၊ ထိုမြို့။ စေတသာ၊ စိတ်ဖြင့်၎င်း။ အာဝိ ဝါ၊ မျက်မှောက်၌၎င်း။ ယဒိ၊ ထိုမြို့။ ရဟော ဝါ၊ မျက်ကွယ်၌၎င်း။ အတိမညိတ္ထ၊ မထေမဲ့မြင် ပြုဘူး၏ဟူ၍။ နာဘိဇာနာမိ၊ မသိစဘူး။
၁၀၄။ ဣသေ၊ ရှင်ရသေ့။ ဧတေန သစ္စဝဇ္ဇေန၊ ဤ မှန်သောစကားကြောင့်။ ပုတ္တော၊ သားသည်။ ဥပ္ပဇ္ဇတံ - ဥပ္ပဇ္ဇတု၊ ဖြစ်စေသတည်း။ မုသာ၊ မဟုတ်မမှန်သော စကားကို။ ဘဏမာနာယ၊ ဆိုသည်ရှိသော်။ မေ၊ အကျွန်ုပ်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲပါစေသတည်း။
၁၀၅။ ဗြဟ္မေ၊ ရှင်ရသေ့။ မမ၊ အကျွန်ုပ်၏။ ဘတ္တု၊ လင်ဖြစ်သော သုရုစိ၏။ မာတာ၊ အမိဖြစ်သော။ သဿု၊ ယောက္ခမ မိန်းမသူသည်၎င်း။ ပိတာ၊ သုရုစိမင်း၏ အဘဖြစ်သော။ သဿုရော၊ ယောက္ခမ ယောက်ျားသူသည်၎င်း။ တေ၊ ထို ယောက္ခမ နှစ်ယောက်တို့သည်။ ယာဝ၊ အကြင်မျှလောက်။ ဇီဝိတံ၊ အသက်ရှင်ခြင်း၌။ အဋ္ဌံသု၊ တည်ကုန်၏။ တာဝ၊ ထိုမျှလောက် အသက်ရှည်သမျှ ကာလပတ်လုံး။ မံ၊ အကျွန်ုပ်ကို။ ဝိနေတာရော၊ ဆုံးမပေကုန်၏။
၁၀၆။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ အဟိံသာရတိနီ၊ သူတပါးတို့ကို မညှဉ်းဆဲခြင်း တည်းဟူသော မွေ့လျော်ခြင်း ရှိသည်ဖြစ်၍။ ကာမသာ၊ စင်စစ်အားဖြင့်။ ဓမ္မစာရိနီ၊ ကုသိုလ် ကမ္မပထတရား ဆယ်ပါးတို့ကို ကျင့်လေ့ရှိသည်ဖြစ်၍။ ရတ္တိန္ဒိဝံ၊ ညဉ့်နေ့ပတ်လုံး။ အတန္ဒိတာ၊ မပျင်းမရိသည်ဖြစ်၍။ သက္ကစ္စံ၊ ရိုသေစွာ။ တေ၊ ထိုယောက္ခမ နှစ်ယောက်တို့ကို။ ဥပဋ္ဌာသိံ၊ လုပ်ကျွေးပါ၏။
၁၀၇။ ဣသေ၊ ရှင်ရသေ့။ ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်သော စကားကြောင့်။ ပုတ္တော၊ သားသည်။ ဥပ္ပဇ္ဇတံ၊ ဖြစ်စေသတည်း။ မုသာ၊ မဟုတ်မမှန်သော စကားကို။ ဘဏမာနာယ၊ ဆိုပချေသော်။ မေ၊ အကျွန်ုပ်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။
၁၀၈။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ သဟဘရိယာနိ၊ တူသော မယား ဖြစ်ကုန်သော။ သောဠသိတ္ထိသဟဿာနိ၊ တသောင်း ခြောက်ထောင်သော မိန်းမတို့သည်။ သန္တိ၊ ရှိကုန်၏။ တာသု၊ ထိုမိန်းမတို့၌။ ဣဿာ ဝါ၊ ငြူစူခြင်းသည်၎င်း။ ကောဓော ဝါ၊ အမျက် ထွက်ခြင်းသည်၎င်း။ မယှံ၊ အကျွန်ုပ်အား။ ကုဒါစနံ၊ တရံတဆစ်မျှ။ န အဟု၊ မဖြစ်စဘူး။
၁၀၉။ တာသံ၊ ထိုတသောင်း ခြောက်ထောင်ကုန်သော မိန်းမတို့၏။ ဟိတေန၊ အကျိုးစီးပွားဖြင့်။ နန္ဒာမိ၊ နှစ်သက်ပါ၏။ မေ၊ အကျွန်ုပ်အား။ ကာစိ၊ တစုံတယောက်မျှလည်း။ အပ္ပိယာ၊ မုန်းသော မိန်းမသည်။ န စ အတ္ထိ၊ မရှိသာလျှင်ကတည်း။ သဒါ၊ အခါခပ်သိမ်း။ သဗ္ဗာ၊ အလုံးစုံကုန်သော။ သပတ္တိယော၊ လင်တူ၍ ရန်သူဖြစ်ကုန်သော မိန်းမတို့ကို။ အတ္တာနံ ဣဝ၊ အကျွန်ုပ်ကိုယျကဲ့သို့။ အနုကမ္ပာမိ၊ သနားကြင်နာပါ၏။
၁၁၀။ ဣသေ၊ ရှင်ရသေ့။ ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်သော စကားကြောင့်။ ပုတ္တော၊ သားသည်။ ဥပ္ပဇ္ဇတံ၊ ဖြစ်စေသတည်း။ မုသာ၊ မဟုတ်မမှန်သော စကားကို။ ဘဏမာနာယ၊ ဆိုပချေသော်။ မေ၊ အကျွန်ုပ်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။
၁၁၁။ ဣသေ၊ ရှင်ရသေ့။ ဒါသေ၊ ကျွန်တို့ကို၎င်း။ ကမ္မကရေ၊ အမှုလုပ်ကုန်သော။ ပေါသေ၊ လူတို့ကို၎င်း။ အညေ၊ တပါးကုန်သော။ ယေ အနုဇီဝိနော စ၊ အကြင် အကျွန်ုပ်ကို မှီ၍ အသက်မွေးကုန်သော သူတို့ကို၎င်း။ သဟဓမ္မေန၊ ကျင့်ဝတ် သဘောနှင့်တကွ။ သဒါ၊ အခါ ခပ်သိမ်း။ ပမောဒိတိန္ဒြိယာ၊ ဝမ်းမြောက်သော ဣန္ဒြေရှိသည်ဖြစ်၍။ အဟံ၊ အကျွန်ုပ်သည်။ ပေသေမိ၊ စေခိုင်းပါ၏။
၁၁၂။ ဣသေ၊ ရှင်ရသေ့။ ဧတေနသစ္စဝဇ္ဇေန၊ ဤမှန်သောစကားကြောင့်။ ပုတ္တော၊ သားသည်။ ဥပ္ပဇ္ဇတံ၊ ဖြစ်စေသတည်း။ မုသာ၊ မဟုတ်မမှန်သောစကားကို။ ဘဏမာနာယ၊ ဆိုပချေသော်။ မေ၊ အကျွန်ုပ်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။
၁၁၃။ ဣသေ၊ ရှင်ရသေ့။ သမဏေ စ၊ ငြိမ်းပြီးသော ကိလေသာရှိသော သူတို့ကို၎င်း။ ဗြာဟ္မဏေ စ၊ မကောင်းမှုကို အပပြုပြီးသော သူတို့ကို၎င်း။ အညေ၊ တပါးကုန်သော။ ဝနိဗ္ဗကေ ဝါပိ၊ ခရီးသွားဧည့်သည် အထီးကျန်သော သူတို့ကို၎င်း။ သဒါ၊ အခါခပ်သိမ်း။ ပယတပါဏိနီ၊ ဖြန့်သော လက်ရှိသည်ဖြစ်၍။ အန္နပါနေန၊ ထမင်းအဖျော်ဖြင့်။ တပ္ပေမိ၊ ရောင့်ရဲစေ၏။
၁၁၄။ ဣသေ၊ ရှင်ရသေ့။ ဧတေနသစ္စဝဇ္ဇေန၊ ဤမှန်သောစကားကြောင့်။ ပုတ္တော၊ သားသည်။ ဥပ္ပဇ္ဇတံ၊ ဖြစ်စေသတည်း။ မုသာ၊ မဟုတ်မမှန်သော စကားကို။ ဘဏမာနာယ၊ ဆိုပချေသော်။ မေ၊ အကျွန်ုပ်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။
၁၁၅။ ဣသေ၊ ရှင်ရသေ့။ စာတုဒ္ဒသိံ၊ တဆယ့်လေးရက်မြောက်သော နေ့၌၎င်း။ ပဉ္စဒသိံ၊ တဆယ့်ငါးရက်မြောက်သောနေ့၌၎င်း။ ပက္ခဿ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏။ ယာ အဋ္ဌမီ၊ အကြင် ရှစ်ရက်မြောက်သော နေ့သည်။ အတ္ထိ၊ ရှိ၏။ တသ္မိံ အဋ္ဌမိယဉ္စ၊ ထိုရှစ်ရက်မြောက်သောနေ့၌၎င်း။ ပါဋိဟာရိယပက္ခဉ္စ၊ အကြိုအပိုဖြစ်သောနေ့၌၎င်း။ အဟံ၊ အကျွန်ုပ်သည်။ အဋ္ဌင်္ဂံ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။ သုသမာဟိတံ၊ ကောင်းစွာဆောက်တည်အပ်သော။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသိံ၊ သုံးပါ၏။ သဒါ၊ အခါခပ်သိမ်း။ သီလေ၊ ငါးပါးသီလ၌။ သုသံဝုတာ၊ ကောင်းစွာ စောင့်ပါ၏။
၁၁၆။ ဣသေ၊ ရှင်ရသေ့။ ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်သော စကားကြောင့်။ ပုတ္တော၊ သားသည်။ ဥပ္ပဇ္ဇတံ၊ ဖြစ်စေသတည်း။ မုသာ၊ မဟုတ်မမှန်သော စကားကို။ ဘဏမာနာယ၊ ဆိုပချေသော်။ မေ၊ အကျွန်ုပ်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။
ဤသို့ ထိုသုမေဓာ မိဖုယားအား ဂါထာ တရာဖြင့်၎င်း, ဂါထာ တထောင်ဖြင့်၎င်း, ဂါထာ တသိန်းဖြင့်၎င်း ချီးမွမ်းအပ်ကုန်သော ကျေးဇူးတို့၏ အတိုင်းအရှည်သည် မရှိ၊ ထိုသို့ အတိုင်းအရှည် မရှိသောကြောင့် ထိုသုမေဓာ မိဖုယားသည် တဆယ့်ငါးဂါထာတို့ဖြင့် မိမိ ဂုဏ်ကျေးဇူးတို့ကို ဆိုသောအခါ၌လျှင် သိကြားမင်းသည် မိမိ၏ များသော ပြုဘွယ် ကိစ္စရှိသည်၏အဖြစ်ကြောင့် ထိုသုမေဓာ မိဖုယားစကားကို ဖြတ်၍ သင်၏ ဂုဏ်ကျေးဇူးတို့သည်အံ့ဘွယ်သရဲ မဖြစ်ဘူးမြဲတို့သည် ဖြစ်ကုန်သည်သာတည်းဟု ဆို၍ ထိုသုမေဓာ မိဖုယားကို ချီးမွမ်းလိုရကား-
သံဝိဇ္ဇန္တိ တယိ ဘဒ္ဒေ၊ ယေ တွံ ကိတ္တေသိ အတ္တနိ။
ဓမ္မရာဇာ ဝိဒေဟာနံ၊ ပုတ္တော ဥပ္ပဇ္ဇတေ တဝ။
ဟူသော ဤဂါထာ နှစ်ခုတို့၏ အပေါင်းကို ဆို၏။
၁၁၇။ ရာဇပုတ္တိ၊ ပြည့်ရှင်မင်းသမီးဖြစ်သော။ ယသသိနိ၊ များသော အခြံအရံရှိသော။ ဘဒ္ဒေ၊ မိဖုယား။ တွံ၊ သင် မိဖုယားသည်။ အတ္တနိ၊ မိမိ၌။ ယေ၊ အကြင် ဂုဏ်ကျေးဇူးတို့ကို။ ကိတ္တေသိ၊ ကြား၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တေ ဓမ္မဂုဏာ၊ သဘောအားဖြင့် ဟုတ်မှန်သော ထိုအကျင့်ကျေးဇူးတို့သည်။ တယိ၊ သင်၌။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။
၁၁၈။ ခတ္တိယော၊ ရေမြေကို စိုးထိုက်သော။ ဇာတိသမ္ပန္နော၊ ဇာတ်နှင့်ပြည့်စုံသော။ အဘိဇာတော၊ စင်ကြယ်သော အမျိုးရှိသော။ ယသဿိမာ၊ များသော အခြံအရံရှိသော။ ဝိဒေဟာနံ၊ ဝိဒေဟရာဇ်တိုင်းသူတို့၏။ ဓမ္မရာဇာ၊ မင်းဖြစ်သော။ ပုတ္တော၊ သားသည်။ တဝ၊ သင့်အား။ ဥပ္ပဇ္ဇတေ၊ ဖြစ်လတ္တံ့။
သုမေဓာ မိဖုယားသည် သိကြားမင်းစကားကို ကြားလျှင် နှစ်သက်ဝမ်းသာသည်ဖြစ်၍ ထိုသိကြားမင်းကို မေးလိုရကား-
မနုညံ ဘာသသေ ဝါစံ၊ ယံ မယှံ ဟဒယင်္ဂမံ။
ကော ဝါသိ တံ့ အနုပ္ပတ္တော၊ အတ္တာနံ မေ ပဝေဒယ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၁၁၉။ ဣသေ၊ ရှင်ရသေ့။ ဒုမ္မိ၊ မျက်ရေးမှန်ကူမကွင်းသည်ဖြစ်၍ အဆင်းမလှသော မျက်နှာရှိသော။ ရဇော၊ မြူအလိမ်းလိမ်း ကပ်သော။ ဇလ္လဓရော၊ သစ်ခေါက် လျှော်တေကို ဝတ်သော။ အဃေ၊ ကပ်ငြိ ထိပါးခြင်းမရှိသော။ ဝေဟာယသံ၊ ကောင်းကင်၌။ ဌိတော၊ တည်သော။ တွံ၊ သင်သည်။ မနုညံ၊ နှစ်သက်ဘွယ်သော။ ဟဒယင်္ဂမံ၊ နှလုံးသို့ သက်ဝင်သော။ ယံ ဝါစံ၊ အကြင်စကားကို။ မယှံ၊ အကျွန်ုပ်အား။ ဘာသသေ၊ ဆို၏။
၁၂၀။ တွံ၊ သင်သည်။ သဂ္ဂမှာ၊ နတ်ပြည်မှ။ ဒေဝတာ၊ နတ်သည်။ အသိနု၊ ဖြစ်သလော။ မဟိဒ္ဓိကော၊ တန်ခိုးကြီးသော။ ဣသိ စာပိ၊ ရသေ့သည်လည်း။ အသိနု၊ ဖြစ်သလော။ အနုပ္ပတ္တော၊ ဤအရပ်သို့ ရောက်လာသော။ တွံ၊ သင်သည်။ ကော ဝါ၊ အဘယ်သူသည်မူလည်း။ အသိ၊ ဖြစ်သနည်း။ အတ္တာနံ၊ မိမိကိုယ်ကို။ မေ၊ ငါ့အား။ ပဝေဒယ၊ ကြားဘိလော့။
သိကြားမင်းသည် ထိုသုမေဓာ မိဖုယားအား ကြားလိုရကား-
သောဟံ သက္ကော သဟဿက္ခော၊ အဂတောသ္မိ တဝန္တိကေ။
မေဓာဝိနီ သီလဝတီ၊ သဿု ဒေဝါ ပတိဗ္ဗတာ။
ဒေဝါ ဒဿနမာယန္တိ၊ မာနုသိယာ အမာနုသာ။
ဣဓ ရာဇကုလေ ဇာတာ၊ သဗ္ဗကာမသမိဒ္ဓိနီ။
ဒေဝလောကူပပတ္တိ စ၊ ကိတ္တိ စ ဣဓ ဇီဝိတေ။
ဧသာဟံ တိဒိဝံ ယာမိ၊ ပိယံ မေ တဝ ဒဿနံ။
၁၂၁။ သုမေဓေ၊ သုမေဓာ မိဖုရား။ သုဓမ္မာယံ၊ သုဓမ္မာနတ်သဘင်၌။ သမာဂတာ၊ အညီအညွတ် လာကုန်သော။ ဒေဝသံဃာ၊ နတ်အပေါင်းသည်။ ယံ၊ အကြင်ငါ့ကို။ ဝန္ဒန္တိ၊ ရှိခိုးကုန်၏။ သော အဟံ၊ ထိုငါသည်။ သဟဿက္ခော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ သက္ကော၊ သိကြားမင်းတည်း။ တဝန္တိကေ၊ သင့်အထံသို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။
၁၂၂။ ဇီဝလောကသ္မိံ၊ သတ္တလောက၌။ ဣတ္ထိယော၊ မိန်းမတို့တွင်။ ယာ ဣတ္ထိ၊ အကြင်မိန်းမသည်။ သမာစာရိနီ၊ ဒွါရသုံးပါးတို့ဖြင့် ညီမျှသောအကျင့်ရှိသည်။ မေဓာဝိနီ၊ ပညာရှိသည်။ သီလဝတီ၊ သီလရှိသည်။ သဿုဒေဝါ၊ ယောက္ခမကို နတ်ကဲ့သို့ ရိုသေသည်။ ပတိဗ္ဗတာ၊ လင့်ဝတ်နှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။
၁၂၃။ တာဒိသာယ၊ ထိုသို့သဘောရှိသော။ သုမေဓာယ၊ ကောင်းသောပညာရှိသော။ သုစိကမ္မာယ၊ စင်ကြယ်သော အမှုရှိသော။ နာရိယာ၊ မိန်းမကို။ ဒဿနံ၊ မြင်ခြင်းငှာ။ မာနုသိယာ၊ လူ့ပြည်သို့။ ဒေဝါ၊ ကာမဂုဏ်ငါးပါးတို့ဖြင့် မြူးတတ်ကုန်သော။ အမုနုသာ၊ နတ်တို့သည်။ အာယန္တိ၊ လာကုန်၏။
၁၂၄။ ဘဒ္ဒေ၊ ရှင်မိဖုယား။ တွံ စ၊ သင်သည်ကား။ ပုဗ္ဗေ၊ ရှေး၌။ သုစိဏ္ဏေန၊ ကောင်းသော အလေ့ကြောင့်၎င်း။ သုစရိတေန၊ ကောင်းသော အကျင့်ကြောင့်၎င်း။ သဗ္ဗကာမသမိဒ္ဓိနီ၊ အလုံးစုံသော အလိုဆန္ဒနှင့် ပြည့်စုံသော။ ဣဓ ရာဇကုလေ၊ ဤမင်းအိမ်၌။ ဇာတာ၊ ဖြစ်၏။
၁၂၅။ ရာဇပုတ္တိ၊ မင်းသမီး။ တေ၊ သင်၏။ အယဉ္စ၊ ဤကောင်းသော အလေ့အကျင့်သည်ကား။ ဥဘယတ္ထ၊ ဤဘဝ, နောင်ဘဝ နှစ်ပါးတို့၌။ ကဋဂ္ဂဟော၊ အောင်ခြင်းကို ယူသည်မည်၏။ ဒေဝလောကူပပတ္တိ စ၊ နတ်ပြည်၌ ဖြစ်ခြင်း၏ အကြောင်းလည်းဖြစ်၏။ ဣဓ ဇီဝလောကေ၊ ဤဇီဝလောက၌။ ကိတ္တိ စ၊ ကျော်စောခြင်းသို့လည်း ရောက်၏။
၁၂၆။ သုခိနီ၊ ချမ်းသာခြင်းနှင့် ပြည့်စုံသော။ သုမေဓေ၊ သုမေဓာမိဖုယား။ စိရံ၊ ကြာမြင့်စွာ။ အတ္တနိ၊ မိမိကိုယ်၌။ ဓမ္မံ၊ ကုသိုလ်တရားကို။ ပါလယ၊ စောင့်လော့။ ဧသော အဟံ၊ ထိုငါသည်။ တိဒိဝံ၊ နတ်ပြည်သို့။ ယာမိ၊ သွားတော့အံ့။ မေ၊ ငါသည်။ တဝ၊ သင့်အား။ ဒဿနံ၊ မြင်ခြင်းသည်။ ပိယံ၊ ချစ်အပ်၏။
ကျူထရံသည် နတ်သားသည် မိုးသောက်သောအခါ နတ်ပြည်မှ စုတေခဲ့၍ သုမေဓာ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေယူ၏။ ထိုသုမေဓာ မိဖုယားသည် ကိုယ်ဝန်တည်သောအဖြစ်ကိုသိ၍ မင်းအား ကြား၏။ မင်းသည် ကိုယ်ဝန်အစောင့်အရှောက်ကို ပေး၏။ ထိုသုမေဓာ မိဖုယားသည် ဆယ်လလွန်သဖြင့် သားဖွား၏။ ထိုသားအား မဟာပနာဒဟူသော အမည်ကို မှည့်၏။ ဗာရာဏသီ မိဓိလာဟူသော နှစ်ပြည်ထောင်၌ နေကုန်သောသူတို့သည် ငါတို့အရှင်သားတော်နို့ဘိုးတည်းဟု ဆိုကုန်၍ တသပြာ တသပြာစီသော ဥစ္စာတို့ကို မင်းယင်ပြင်၌ ပစ်ကြကုန်၏။ ကြီးစွာသော ဥစ္စာစုသည် ဖြစ်၏။ မင်းသည် ပယ်အပ်သော်လည်း ငါတို့အရှင့်သားတော်ကြီးသောအခါ ရိက္ခာစားနပ်ဖြစ်လတ္တံ့ဟု ဆို၍ မယူမူ၍လျှင် သွားကုန်၏။ မင်းသားကား များစွာသော အခြံအရံဖြင့်ကြီး၍ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် အလုံးစုံသော အတတ်တို့၌ အပြီးသို့ရောက်၏။
ခမည်းတော်မင်းကြီးသည် သားတော်အရွယ်ကိုကြည့်၍ မိဖုယားကြိးကို ဆို၏။ ရှမိဖုယား သားတော်အား မင်းအဖြစ်ကို အဘိသိက်သွန်းအံ့သောအခါတန်ပြီ၊ ထိုသားတော်အား မွေ့လျော်ဖွယ်ရှိသော ရွှေနန်းပြာသာဒ်ကို ဆောက်လုပ်စေ၍ အဘိသိက်သွန်းခြင်းကို ပြုအံ့ဟု ဆို၏။ မိဖုယားသည် အရှင်မင်းကြီး ကောင်းပြီဟု ဝန်ခံ၏။ ခမည်းတော် မင်းကြီးသည် မြေကြန်တတ်သော ဆရာတို့ကိုခေါ်စေ၍ အမောင်တို့ လက်သမားတို့ကိုယူ၍ ငါတို့နန်းတော်မှ မနီးမဝေး၌ ငါ့သားတော်အား ပြာသာဒ်ကို ဆောက်လုပ်ကုန်လော့၊ ငါ့သားတော်ကို မင်းအဖြစ်ဖြင့် အဘိသိက်သွန်းအံ့ဟု ဆို၏။ ထိုမြေကြန်တတ်သော ဆရာတို့သည် အရှင်မင်းကြီး ကောင်းပြီဟု မြေအရပ်ကို စုံစမ်းကုန်၏။ ထိုခဏ၌ သိကြားမင်းနေရာသည် ပူသော အခြင်းအရာကို ပြု၏။ သိကြားမင်းသည် ထိုအကြောင်းကိုသိ၍ ဝိသုကြုံနတ်သားကိုခေါ်၍ အမောင် ဝိသုကြုံနတ်သား သွားချေ၊ မဟာပနာဒ မင်းသားအား အလျား ကိုးယူဇနာ, အနံ ရှစ်ယူဇနာ, အစောက် နှစ်ဆယ့်ငါးယူဇနာရှိသော ရတနာပြာသာဒ်ကို ဖန်ဆင်းချေလော့ဟု စေလိုက်၏။
ထိုဝိသုကြုံ နတ်သားသည် လက်သ္မားအသွင်ဖြင့် လက်သ္မားတို့အထံသို့သွား၍ သင်တို့သည် နံနက်စာစား၍ လာခဲ့ကြကုန်လော့ဟု ထိုလက်သ္မားတို့ကို စေလိုက်ပြီးလျှင် လှံတံဖြင့် မြေကိုခတ်၏။ ထိုသို့ ခတ်သောခဏ၌လျှင် ဆိုအပ်ပြီးသော အပြားရှိသော ဘုံဆင့်တရာရှိသော ရတနာ ပြာသာဒ်သည် ပေါက်၏။ မဟာမနာဒ မင်းသားအား ပြာသာဒ်မင်္ဂလာ, ထီးဆောင်းမင်္ဂလာ, ထိမ်းမြားမင်္ဂလာ ဤသုံးပါးသော မင်္ဂလာတို့သည် တပြိုင်နက်လျှင် ဖြစ်ကုန်၏။ မင်္ဂလာပြုရာအရပ်၌ နှစ်ပြည်ထောင်သားတို့သည် စည်းဝေးကုန်၍ မိဓိလာပြည်၌ ပွဲသဘင်ဖြင့် ခုနစ်နှစ်တို့ကို လွန်စေကုန်၏။ ထိုနှစ်ပြည်ထောင်သားတို့ကို မင်းသည် မလွှတ်သလျှင်ကတည်း၊ ထိုနှစ်ပြည်ထောင် သားတို့အား အဝတ်တန်ဆာ ခဲဘွယ် ဘောဇဉ် အစရှိသော အလုံးစုံတို့သည် မင်းအိမ်ကသာလျှင် ဖြစ်၏။ ထိုနှစ်ပြည်ထောင်သားတို့သည် ခုနစ်နှစ်လွန်သဖြင့် ကြွေးကြော်ကုန်လျှင် ဤကြွေးကြော်ခြင်းသည်ကား အဘယ်နည်းဟု သုရုစိမင်းကြီးက မေးသည်ရှိသော် မြတ်သောမင်းကြီး အကျွန်ုပ်တို့၏ မင်္ဂလာပွဲသဘင်ကို ခံစားကုန်စဉ်လျှင် ခုနစ်နှစ်တို့သည် လွန်ကုန်၏။ အဘယ်နံရောအခါ မင်္ဂလာ၏ အဆုံးသည် ဖြစ်ပါလတ္တံ့နည်းဟု ဆိုကုန်၏။
ထို့နောင်မှ မင်းသည် အမောင်တို့ ငါ့သားတော်သည် ဤမျှလောက်သော ကာလပတ်လုံး မပြုံးရယ်စဘူး၊ အကြင်အခါ၌ ငါ့သားတော်သည် ပြုံးရယ်လတ္တံ့၊ ထိုအခါ သွားကြကုန်လော့ဟု ဆို၏။ ထိုအခါ ထိုမင်း၏ လူများသည် စည်လည်စေသဖြင့် သဘင်သည်တို့ကို စည်းဝေးစေ၏။ ခြောက်ထောင်သော သဘင်သည်တို့သည် စည်းဝေးကုန်၍ ခုနစ်စု စု၍ က, ကုန်သည်ရှိသော် မဟာပနာဒမင်းသားကို ရယ်ရွှင်စိမ့်သောငှါ မတတ်နိုင်ကုန်၊ ထိုစကားသည် မှန်၏။ ထိုမဟာပနာဒ မင်းသားအား နတ်၌ဖြစ်သော သဘင်တို့ကို မြင်ဘူးသည်၏အဖြစ်ကြောင့် ထိုသဘင်သည်တို့၏ ကခြင်းကို မနှစ်သက်သည် ဖြစ်၏။
ထိုအခါ ဘဏ္ဍုကဏ္ဍမည်သော သဘင်သည် ပဏ္ဍုကဏ္ဍမည်သော သဘင်သည်ကြီး နှစ်ယောက်တို့သည် ငါတို့သည် မဟာပနာဒမင်းသားကို ရယ်ရွှင်စေကုန်အံ့ဟု ဘဏ္ဍုကဏ္ဍ သဘင်သည်သည် ရှေးဦးစွာ မင်းအိမ်တံခါး၌ ကြီးစွာသော အတုလမည်သော သရက်ပင်ကို ဖန်ဆင်းပြီလျှင် ချည်လုံးကိုပစ်၍ ထိုသရက်ပင်၏ အခက်၌ငြိစေ၍ ချည်တန်းဖြင့် အတုလသရက်ပင်ကို တက်၏။ ထိုစကားသည် မှန်၏။ အတုလသရက်ပင်သည် ဝေဿဝဏ်နတ်မင်း၏ သရက်ပင် ဖြစ်သတတ်၊ ထိုအခါ ထိုသဘင်သည်ကိုလျှင် ထိုသရက်ပင်မှ ဝေဿဝဏ်နတ်မင်း ၏ကျွန်တို့သည် အင်္ဂါကြီးငယ်တို့ကို ဖြတ်၍ ချကုန်၏။ ကြွင်းသော သဘင်သည်တို့သည် ပေါင်းရုံး၍ ရေဖြင့်သွန်းကုန်၏။ ထိုဘဏ္ဍုကဏ္ဍမည်သော သဘင်သည်သည် ပန်းပုဆိုးကိုဝတ်ရုံ၍ ကလျှက်လျှင် ထ၏။ မဟာပနာဒ မင်းသားသည် ထိုသဘင်သည်ကို မြင်၍လည်း မပြုံးရွှင်၊ ပဏ္ဍုကဏ္ဍ မည်သော သဘင်သည်သည် မင်းယင်ပြင်၌ ထင်းပုံကို ပြုစေ၍ မိမိပရိသတ်နှင့်တကွ မီးသို့ ဝင်၏။ ထိုမီးသည် ငြိမ်းသည်ရှိသော် ထင်းပုံကို ရေဖြင့် သွန်းကုန်၏။ ထိုပဏ္ဍုကဏ္ဍ သဘင်သည်သည် မိမိပရိသတ်နှင့်တကွ ပန်းပုဆိုးကိုဝတ်၍ ကလျက်လျှင် ထ၏။ ထိုသဘင်သည်ကိုမြင်၍လည်း မဟာပနာဒ မင်းသည် မပြုံးရွှင်။
ဤသို့လျှင် ထိုမဟာပနာဒ မင်းသားကို ပြုံးရွှင်စိမ့်သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ လူတို့သည် ဆင်းရဲကုန်၏။ သိကြားမင်းသည် ထိုအကြောင်းကိုသိ၍ အချင်း သွားချေ၊ မဟာပနာဒ မင်းသားကို ပြုံးရယ်စေ၍ လာလှည့်ဟု နတ်သဘင်သည်ကို စေလိုက်၏။ ထိုနတ်သဘင်သည်သည် လာလတ်၍ မင်းယင်ပြင်ဝယ် ကောင်းကင်၌ ရပ်လျက် ထက်ဝက်သော ကိုယ်ကို ပြ၏။ လက်တဘက် ခြေတဘက် မျက်စိတဘက် အစွယ်တချောင်းတည်း ရှိသည်ဖြစ်၍ က၏။ လှုပ်၏။ ကိုယ်ထက်ဝက်သာ တုန်လှုပ်၏။ ကြွင်းသော ကိုယ်ထက်ဝက်သည် မတုန်မလှုပ်သည် ဖြစ်၏။ ထို ကိုယ်ထက်ဝက်သာ ကနေသော နတ်သဘင်သည်ကို မြင်၍ မဟာပနာဒ မင်းသားသည် အတန်ငယ် ပြုံးရယ်ခြင်းကို ပြု၏။ လူများသည်ကား ရယ်သည်ဖြစ်၍ ရယ်ခြင်းကို တည်စိမ့်သောငှာ သတိကို ဖြစ်စေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ကိုယ်အင်္ဂါ ကြီးငယ်တို့ကို စွန့်လွှတ်၍ မင်းယင်ပြင်၌လျှင် လဲ၏။ ထိုအခါ ပွဲသဘင် မင်္ဂလာသည် ပြီး၏။ ဤသုရုစိဇာတ်၌ ကြွင်းသောစကားကို ပနာဒေါ နာမ သော ရာဇာ အစရှိသော မဟာပနာဒဇာတ်ဖြင့် ဖွင့်ဆိုအပ်၏။ မဟာပနာဒ မင်းသည် ဒါန အစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်အဆုံး၌ နတ်ပြည်သို့လျှင် လားရ၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့လျှင် ဝိသာခါသည် ရှေး၌လည်း ငါဘုရားထံတော်မှ ဆုကို ရဘူးသည်သာတည်းဟု မိန့်တော်မူ၍ ရဟန်းတို့ ယခုအခါ ဘဒ္ဒဇိသည် ထိုအခါ မဟာပနာဒမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ဝိသာခါသည် ထိုအခါ သုမေဓာမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဝိသုကြုံနတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
သီလရှိငြား၊ မိန်းမအား၊ သားကောင်း ရသည်သာ
ခြောက်ခုမြောက်သော သုရုစိဇာတ်သည် ပြီး၏။
*****