မကာရရာသီ ပြာသိုလဘွဲ့ လူးတား
ရာသီညွန့်လမ်း၊ နွယ်ပန်းခွာညို၊
နှင်းစိုချမ်းစိမ့် လွမ်းလိမ့်လေ။ ။
တထွေဆန်းစ၊ မကာရဟု၊
စရရာသီ[၁]၊ နာရီနှစ်ခန်း၊
ချင့်မှန်းတိုင်းထွာ၊ နေ့မှာနှစ်ဆယ်၊
စွန်းကယ်ဇယ၊ ညဉ့်သို့ကျသော်၊
ဆနှင့်တြိန်း၊ ကိန်းခန်းသင်္ချာ၊
တသိန်းသာ၍၊ စွန်းပါငါးသောင်း[၂]၊
အပေါင်းသည်မျှ၊ ဓာတ်အိမ်ပြလျက်၊
နှင်းကျမှိုင်းရီ၊ ပထဝီဟု၊
ရာသီစရ[၃]၊ ပြာသိုလတွင်၊
ဖုသျှရောင်လျှံ၊ ငှက်ချေးခံနှင့်၊
ဝန်းရံယှက်သန်း၊ စန်းဂြိုဟ်နန်းသို့၊
မြန်းကြတသွန်၊ ပုဇွန်တာရာ၊
ယှဉ်လှာထွန်းဝင်း၊ သူရိန်မင်းမူ၊
ထိန်ပြင်းလှည့်လည်၊ ဝင်မည်လုနီး၊
ပြင်ခရီးက၊ လျှံညီးတုံ့ပယ်၊
နေ့ကြယ်အမှန်၊ သန်ဥတ္တရာ၊
ဘဝါးမှာမူ၊ ဆသာခြောက်ခု၊
သည်ရတုတွင်၊ မြင်းဆင်ခြေသည်[၄]၊
စွယ်ရှည်ဖွေးဖွေး၊ မုန်စွေးစွေးနှင့်[၅]၊
ဒိုင်းလေးသေနတ်၊ ပစ်ခတ်ခင်းကျင်း[၆]၊
မြင်းလည်းတလျှောက်[၇]၊ (ဆင်ပေါက်ဦးစီး၊
မှူးကြီးမတ်များ၊ ရွှေသားစိုစို၊
မောက်တိုမောက်လူ၊ လှံယူထားစွဲ၊
လက်ဝဲလက်ျာ၊ တီးပါအတည်၊
မြင်းရှည်မြင်းတို)၊ ကိုယ်ကိုဝတ်ဆင်[၈]၊
ရွှေဖျင်အင်္ကျီ၊ ပုဇွန်ဆီနှင့်၊
နီလာမြသွေး၊ စိုင်းနှင်ပြေး၍၊
မြင်းရေးယှဉ်ပြိုင်၊ စက်တိုင်စက်ကွင်း[၉]၊
စီးနင်းထိုးဖေါက်၊ ရှေ့နောက်ဆုတ်ငင်၊
ဆင်လည်းမုန်ပြင်း၊ မြင်းခင်းပွဲတော်၊
နွယ်ပန်းပေါ်၍[၁၀]၊ ဇင်ယော်ဝမ်းပဲ၊
ငွေသောင်ထဲတွင်၊ ဆကဲကြင်နာ၊
ငှက်ကြိုးကြာတို့၊ သံသာရင့်ကျူး၊
ပျော်ကြမြူးလျက်၊ ညွန့်ဖူးစိုစို၊
ပန်းခွာညိုလည်း၊ ပြာသိုမာသ၊
မကာရတွင်[၁၁]၊ ပွင့်ကြကြိုင်သင်း၊
မြောက်လေသွင်း၍၊ ရင်တွင်းချမ်းစိမ့်၊
လှမျိုးငြိမ့်ကို၊ နှစ်သိမ့်စရာ၊
ကြင်တော်ကွာသား[၁၂]၊ ခွေကာစုရုံး၊
မဉ္ဇူအုံးမှာ၊ မပြုံးညှိုးငယ်၊
သနားဘွယ်နှင့်၊ အရွယ်နုစီ၊
မိဂသီနှင့်၊ ရာသီဆန်းစ၊
မကာရတွင်၊ နွယ်ပန်းဆင်သည်။ ။
မရွှင်တကိုယ်တည်းတည့်လေ။ ။
မြောက်လေတည့်ရစ်သန်း နှင်းကဖျန်း။ ။
လျှပ်ပန်းမြူးသလို[၁၃]။ ။
ရင်ဖိုတည့်သွယ်သေး မြကျောက်သွေး[၁၄]။ ။
ပျံ့မွှေးသင်းကြိုင်ကြိုင်။ ။
ပန်းခိုင်တည့်စုရုံး ခွာညိုကုံး[၁၅]။ ။
မှတ်ချက်
[ပြင်ဆင်ရန်]- ↑ မှိုင်းပြရီရီ (မ) (ဟ)
- ↑ သိန်းဝန်းသင်္ချာ၊ စွန်းပါငါးသောင်း (မ)
- ↑ အမည်ခေါ်ကြ (မ) (ဟ)
- ↑ မြင်းစုံခြေသည် (မ) (ဟ)
- ↑ မြီးသေးသေးနှင့် (မ)။ မီးသွေးသွေးနှင့် (ဟ)
- ↑ ဝင်းခတ်ခင်းကျင်း (မ) (ဟ)
- ↑ မြင်းလည်းအလျှောက် (ဘ)။ မြင်းသည်တယောက် (မ) (ဟ)
- ↑ မြင်းသည်တယောက်၊ လျှောက်ပတ်ဖွယ်ရာ၊ ကိုယ်မှာဝတ်ဆင် (မ) (ဟ) တွင် ဤမျှသာပါသည်။ ကွင်းပိုဒ်စကား မပါ။
- ↑ ဇက်ကိုင်ဇက်ကွင်း (မ) (ဟ)
- ↑ ထုံးစံပေါ်၍ (မ) (ဟ)
- ↑ ထိုသည်လတွင် (မ) (ဟ)
- ↑ ရင်တွင်းတုန်ချမ်း၊ သဉ္စာခန်းမှာ၊ မျှော်တမ်းခါခါ၊ ကြင်ဘော်ကွာ၍ (မ) (ဟ)
- ↑ လျှပ်ပန်းပြိုမလို (မ) (ဟ)
- ↑ သည်းဖိုတည့်သွယ်သေး မွှန်ကြောက်သွေး (မ)။ ယဉ်ပျိုတည့်သွယ်သေး မြကျောက်သွေး (ဘ)။
- ↑ ပန်းခိုင်တည့်စုရုံး စာဆိုထုံး (ဘ)
- မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
- [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
- [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
- [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |