မာတိကာသို့ ခုန်သွားရန်

မဟာကပ္ပိနတ္ထေရဝတ္ထု

ဝီကီရင်းမြစ် မှ
2519ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၄။ မဟာကပ္ပိနတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ပဏ္ဍိတဝဂ်

၄။ မဟာကပ္ပိနမထေရ်ဝတ္ထု

ဓမ္မပီတိ သုခံ သေတိအစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကပ္ပိနမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပ္ပိနမထေရ်၏ ရှေးကောင်းမှု

လွန်လေပြီးသောအခါ အရှင်မဟာကပ္ပိနမထေရ်အလောင်းသည် ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပြုအပ်သော ဆုတောင်းပတ္ထနာခြင်း ရှိသည်ဖြစ်၍ သံသရာ၌ ကျင်လည်ရသည်ရှိသော် ဗာရာဏသီပြည်မှ မနီးမဝေးသော တစ်ခုသော ရက်ကန်းသည်ရွာ၌ ရက်ကန်းသည်တို့၏ အကြီးအမှူးအဖြစ်ဖြင့် ဖြစ်လေ၏။ ထိုအခါ တစ်ထောင်မျှလောက်သော အရှင်ပစ္စေကဗုဒ္ဓါတို့သည် ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌ သီတင်းသုံးနေတော်မူပြီး၍ မိုးလေးလပတ်လုံး မြို့ရွာဇနပုဒ်၌ သီတင်းသုံးနေတော်မူကြကုန်၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် တစ်ကြိမ်သောအလှည့်အခါ၌ ဗာရာဏသီပြည်၏ မနီးမဝေးသော အရပ်၌ သက်ဆင်း၍ “ကျောင်းဆောက်လုပ်ခြင်းငှာ လက်အမှုကို တောင်းခံကြကုန်လော့”ဟု ဆို၍ ပြည့်ရှင်မင်းကြီး၏အထံသို့ ရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့ကို စေလွှတ်ကြကုန်၏။ ထိုအခါ ပြည့်ရှင်မင်းကြီးအား လယ်ယာစိုက်ပျိုးခြင်း မင်္ဂလာသည် ဖြစ်လေ၏။ မင်းကြီးသည် “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွလာတော်မူကုန်သတတ်”ဟု ကြားသိရလျှင် ထိုခဏ၌ ထွက်လာတော်မူ၍ ကြွလာတော်မူခြင်း၏အကြောင်းကို မေးမြန်းလျှောက်ထားပြီးလျှင် “အရှင်ဘုရားတို့- ယနေ့အချိန် အခွင့်မရှိပါ၊ နက်ဖြန် တပည့်တော်တို့အား လယ်ယာစိုက်ပျိုးခြင်းမင်္ဂလာကို သုံးရက်မြောက်သောနေ့၌ ပြုလုပ်ပါလိမ့်ဦးမည်”ဟု လျှောက်ကြားသဖြင့် ပစ္စေကဗုဒ္ဓါတို့ကို မပင့်ဖိတ်မူ၍သာလျှင် နန်းအိမ်ခန်းတွင်းသို့ ဝင်သွားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့လည်း အရပ်တစ်ပါးသို့ သွားကုန်အံ့ဟု ဖဲကြွတော်မူ ကြကုန်၏။

ထိုခဏ၌ ရက်ကန်းသည်အကြီး၏ မယားသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ထိုပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- အချိန်အခါမဟုတ်ဘဲ အဘယ်ကြောင့် ကြွလာတော်မူကြပါသနည်းဘုရား”ဟု မေးလျှောက်သဖြင့် အစမှစ၍ ပြန်ကြားပြောဆို ကြလေကုန်၏။ ထိုအကြောင်းကိုကြားရလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသော ထိုမိန်းမသည် “အရှင်ဘုရားတို့- နက်ဖြန်တပည့်တော်မ၏ဆွမ်းကို ခံယူတော်မူပါကုန်ဘုရား”ဟု လျှောက်ကြားပင့်ဖိတ်လေ၏။ “နှမအရွယ် သဒ္ဓါကြွယ်ဘိ ဒါယိကာမ- ငါတို့ကား အလွန်ပင်များကုန်၏”ဟု မိန့်တော်မူလတ်သည်ရှိသော် “အရှင်ဘုရားတို့- အဘယ်မျှလောက် ရှိပါကုန်သနည်းဘုရား”ဟု မေးလျှောက်သဖြင့် “တစ်ထောင်မျှလောက်ရှိပေကုန်၏”ဟု မိန့်တော်မူသောအခါ “အရှင်ဘုရားတို့- ဤရွာ၌ တစ်ထောင်မျှလောက်ကုန်သော ရက်ကန်သည်တို့သည် နေထိုင်ကြပါကုန်၏။ တစ်ဦး,တစ်ဦးသောသူသည် တစ်ပါးတစ်ပါးသော အရှင်အား ဆွမ်းကိုလှူဒါန်းပါလတ္တံ့၊ ဆွမ်းကို သည်းခံတော်မူကြပါဘုရား၊ တပည့်တော်မသည်ပင် အရှင်ဘုရားတို့အား သီးတင်းသုံးတော်မူရန် ကျောင်းနေရာကိုလည်း ဆောက်လုပ်ပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့လည်း သည်းခံတော်မူကြကုန်၏။ ထိုဒါယိကာမသည် ရွာသို့ဝင်ရောက်ပြီးလျှင် “ငါသည် တစ်ထောင်မျှလောက်ကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ဖူးမြင်ရ၍ ပင့်ဖိတ်ခဲ့၏။ အရှင်မြတ်တို့အား သီတင်းသုံးနေထိုင်တော်မူရာ နေရာကို စီရင်ကြကုန်လော့၊ ယာဂု,ဆွမ်း စသည်တို့ကို ပြည့်စုံအောင် ချက်ပြုတ်ကြကုန်လော့”ဟု ကြွေးကြော်ဆော်ဩလေ၏။

ထို့နောက် ရွာလယ်၌ မဏ္ဍပ်ကို ဆောက်လုပ်စေ၍ နေရာတို့ကို ခင်းစေပြီးလျှင် တစ်ဖန်မိုးသောက် ရောက်သောနေ့၌ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ထိုင်နေသီတင်းသုံးတော်မူစေ၍ မွန်မြတ်လှသော ခဲဖွယ်ဖြင့်လည်းကောင်း, ဘောဇဉ်ဖြင့်လည်းကောင်း လုပ်ကျွေးသမှုပြုစုသဖြင့် ဆွမ်းစားပြီးသောအခါ ထိုရွာ၌နေသော အလုံးစုံသောမိန်းမတို့ကို ခေါ်ဆောင်၍ ထိုမိန်းမတို့နှင့်အတူတကွ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ရိုသေမြတ်နိုး ရှိခိုးဦးချပြီးလျှင် သုံးလပတ်လုံး သီတင်းသုံးရန် ပဋိညာဉ်ကိုယူ၍ တစ်ဖန် ရွာ၌ကြွေးကြော်ဆော်ဩပြန်သည်မှာ “အိုမိခင်ဖခင်တို့- တစ်ဦးတစ်ဦးသောအမျိုးမှ တစ်ယောက်တစ်ယောက်သောယောက်ျားသည် ပေါက်ဆိန်,ပဲခွပ် စသည်တို့ကိုယူ၍ တောသို့ဝင်ပြီးလျှင် သစ်သားအဆောက်အဦတို့ကို ဆောင်ယူခဲ့၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ သီတင်းသုံးတော်မူရာဖြစ်သော ကျောင်းကို ဆောက်လုပ်ပါလော့”ဟု ကြွေးကြော်လေ၏။ ရွာသူရွာသားတို့သည် ထိုမိန်းမ၏စကားကို ကြားရလျှင် တစ်ယောက်တစ်ယောက်သောသူသည် တစ်ခုတစ်ခုသော နေစရာကျောင်းကို ဆောက်လုပ်၍ ညဉ့်သန့်ရာ နေ့သန့်ရာတို့နှင့်တကွ သစ်ရွက်မိုးသော ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်စေပြီးလျှင် မိမိ,မိမိ၏သစ်ရွက်မိုးသောကျောင်း၌ ဝါကပ်သီတင်းသုံးကြကုန်သော ပစ္စေကဗုဒ္ဓါတို့ကို “ငါသည် ရိုသေစွာလုပ်ကျွေးအံ့၊ ငါသည် ရိုသေစွာ လုပ်ကျွေးအံ့”ဟု အားတက်သရော ရိုရိုသေသေ လုပ်ကျွေးကြလေကုန်၏။ ဝါကျွတ်သောအခါ “မိမိ,မိမိ၏ သစ်ရွက်မိုးသောကျောင်း၌ ဝါမှထမြောက်ကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့အလို့ငှာ သင်္ကန်းလျာပုဆိုးတို့ကို စီရင်ကြကုန်ဦးလော့”ဟု စီရင်ပြုလုပ်စေ၍ တစ်ပါးတစ်ပါးသော ပစ္စေကဗုဒ္ဓါအား အဖိုးတစ်ထောင်မျှ ထိုက်တန်သော သင်္ကန်းကို လှူဒါန်းစေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဝါကျွတ်ကုန်သည်ရှိသော် အနုမောဒနာပြု၍ ဖဲကြွတော်မူကြလေကုန်၏။

ကဿပဘုရားလက်ထက် ကျောင်းဆောက်လှူဒါန်းခြင်း

ရွာသူရွာသားတို့သည်လည်း ဤသို့သော ကုသိုလ်ကောင်းမှုကံကို ပြုလုပ်၍ ဤလူ့ပြည်မှ စုတေကြကုန်သည်ရှိသော် တာဝတိံသာနတ်ပြည်၌ ဖြစ်သဖြင့် အပေါင်းအစုအဖွဲ့ဖြစ်သော ဂဏနတ်သားတို့ မည်ကြလေကုန်၏။ ထိုအပေါင်းနတ်သားတို့သည် တာဝတိံသာနတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို အစဉ်ခံစားကြပြီးလျှင် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ ဗာရာဏသီပြည်ဝယ် သူကြွယ်အိမ်တို့၌ ဖြစ်ကြကုန်၏။ အကြီးအမှူးဖြစ်သော ရက်ကန်းသည်သည် အကြီးအမှူးဖြစ်သော သူကြွယ်၏သားဖြစ်၏။ ထိုသူ၏ မယားဟောင်းသည်လည်း အကြီးအမှူးဖြစ်သော သူကြွယ်၏သမီးဖြစ်လေ၏။ ထိုအလုံးစုံသော မိန်းမတို့သည်လည်း အရွယ်သို့ရောက်သောအခါ တစ်ပါးသောအမျိုးသားအိမ်သို့ လိုက်သွားကြကုန်သည်ရှိသော် ထိုသူထို,သူတို့၏ အိမ်သို့သာ ရောက်သွားကြလေကုန်၏။ ထို့နောက် တစ်နေ့သ၌ ကျောင်းတော်၌ တရားနာ ကြွေးကြော်အပ်သည်ဖြစ်၍ “မြတ်စွာဘုရား တရားဟောတော်မူလတ္တံ့”ဟု ကြားသိရသဖြင့် အလုံးစုံသော ထိုသူကြွယ်တို့သည်လည်း “တရားတော်ကို နာကုန်အံ့”ဟု ဇနီးသည်မယားတို့နှင့်တကွ ကျောင်းတော်သို့ ရောက်လာကြကုန်၏။ ထိုသူတို့ ကျောင်းအလယ်သို့ ဝင်ရောက်သောခဏ၌သာလျှင် မိုးသားတက်၍ ရွာသွားခဲ့လေ၏။ အကြင်လူတို့အား ချဉ်းကပ်နေကျ ဆရာရဟန်းတို့သည်လည်းကောင်း ဆွေမျိုးတော်စပ်ကုန်သော ရဟန်းသာမဏေတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုလူတို့သည် ထိုရဟန်းသာမဏေတို့၏ နေရာကျောင်းငယ် ပရိဝုဏ်တို့သို့ ဝင်ကြကုန်၏။

ထိုသူကြွယ်သား တစ်ထောင်တို့အား ထိုသို့သော ရဟန်းသာမဏေတို့ မရှိကြကုန်သဖြင့် ထိုသူတို့သည် တစ်စုံတစ်ခုသော ပရိဂုဏ်ကျောင်းသို့ ဝင်ခြင်းငှာ မစွမ်းနိုင်သောကြောင့် ကျောင်းအလယ်၌သာလျှင် ရပ်တည်၍နေကြကုန်၏။ ထိုအခါ ထိုသူတို့ကို အကြီးအမှူးဖြစ်သော သူကြွယ်က “ငါတို့၏ ဖောက်ပြန်ခြင်းကို ကြည့်ရှုကြကုန်လော့၊ အမျိုးကောင်းသားတို့မည်သည်ကား ဤမျှဖြင့် ရှက်ခြင်းငှာ သင့်လှပြီ”ဟု ဆိုလေ၏။ “အရှင်- ယင်းသို့ဖြစ်ခဲ့လျှင် အဘယ်သို့ပြုကြကုန်အံ့နည်း”ဟု မေးသဖြင့် “ငါတို့သည် အကျွမ်းဝင်ရာ အရပ်ဌာနမရှိသောကြောင့် ဤသို့သော ဖောက်ပြန်ခြင်းသို့ ရောက်ရကုန်၏”ဟု ဆိုလျှင် “အလုံးစုံသော ငါတို့သည် ဥစ္စာကိုစုဆောင်း၍ ကျောင်းပရိဝုဏ်ကို ပြုကြကုန်စို့အံ့”ဟု ပြောဆိုကြသဖြင့် “အရှင်တို့- ကောင်းလှပေပြီ”ဟု ဝန်ခံ၍ အကြီးအမှူးဖြစ်သော သူကြွယ်သည် ဥစ္စာတစ်ထောင်ကို ပေးလေ၏။ ကြွင်းသောသူတို့သည် ငါးရာငါးရာစီတို့ကို ပေးကုန်၏။ မိန်းမတို့သည် နှစ်ရာ့ငါးဆယ်စီတို့ကို ပေးကြလေကုန်၏။

ထိုသူကြွယ်သားတစ်ထောင်တို့သည် မိမိတို့၏ ဥစ္စာကို စုဆောင်း၍ စုလစ်မွမ်းချွန်တပ်သော ကျောင်းအရံတစ်ထောင် မြတ်စွာဘုရား သီတင်းသုံးတော်မူရန်အလို့ငှာ ကျယ်ဝန်းသော ကျောင်းပရိဝုဏ်ကြီးမည်သည်ကို ဆောက်လုပ်ခြင်းငှာ အားထုတ်ကြလေကုန်၏။ ပြုလုပ်ဖွယ်ဖြစ်သော အမှုသစ်၏ များပြားကျယ်ဝန်းလှသည်အဖြစ်ကြောင့် ဥစ္စာမလောက်သည်ရှိသော် ရှေးက လှူဒါန်းအပ်သော ဥစ္စာအောက် ထက်ဝက်မျှလောက်သော ဥစ္စာကို ထပ်မံလှူဒါန်းကြရလေကုန်၏။ ပရိဝုဏ်ကျောင်းကြီးပြီးလတ်သော် ကျောင်းပူဇော်ခြင်း, ကျောင်းသာဓုခေါ်ခြင်းကို ပြုကြကုန်သဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အား ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူပူဇော်၍ နှစ်သောင်းကုန်သော ရဟန်းတော် အရှင်မြတ်တို့အလို့ငှာ သင်္ကန်းတို့ကို စီရင်ကြလေကုန်၏။ အကြီးအမှူးဖြစ်သော သူကြွယ်၏မယားသည်ကား အလုံးစုံသော သူတို့ နှင့်တူမျှအောင် မပြုမူ၍ မိမိ၏ဉာဏ်ပညာ၌ ကောင်းစွာတည်လျက် အလွန်အကြူး အထူးပြုပြီးလျှင် “မြတ်စွာဘုရားကို ပူဇော်အံ့”ဟု အနောဇာပန်း (လိပ်ဆူးရွှေပန်း) အဆင်းရှိသော အဖိုးတစ်ထောင်ထိုက်တန်သော ပုဆိုးနှင့်အတူတကွ အနောဇာပန်းခြင်းတောင်းကိုယူ၍ တရားအနုမောဒနာပြုသောအခါ မြတ်စွာဘုရားကို အနောဇာပန်းတို့ဖြင့် ပူဇော်လျက် ထိုပုဆိုးကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ထားပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဖြစ်တိုင်းဖြစ်တိုင်းသော ဌာန,ဘုံဘဝ၌ တပည့်တော်မ၏ကိုယ်သည် အနောဇာပန်းအဆင်းနှင့်တူသော အဆင်းရှိသည်သာလျှင် ဖြစ်ပါစေသတည်း၊ တပည့်တော်မ၏ အမည်သည်လည်း အနောဇာသာလျှင် ဖြစ်ပါစေသတည်း”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ မြတ်စွာဘုရားသည်လည်း “ဤသို့တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု အနုမောဒနာကို ပြုတော်မူလေ၏။

ယခုဘုရားလက်ထက် ကပ္ပိနမင်းကြီး စသည်ဖြစ်ခြင်း

ထိုအလုံးစုံသော သူတို့သည်လည်း အသက်အတိုင်း တည်နေ၍ ထိုကိုယ်အဖြစ်မှ စုတေသေလွန်ကြကုန်သည်ရှိသော် နတ်ပြည်၌ဖြစ်ပြီးလျှင် ငါတို့ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလာသော ဤအခါ၌ နတ်ပြည်မှစုတေခဲ့၍ အကြီးအမှူးဖြစ်သော သူကြွယ်သည် ကုက္ကုဋဝတီမည်သောပြည်ဝယ် မင်းမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သည်ရှိသော် မဟာကပ္ပိနမည်သော မင်းသည် ဖြစ်လေ၏။ ကြွင်းသောသူကြွယ်တို့သည်လည်း အမတ်မျိုး၌ ဖြစ်ကြလေကုန်၏။ အကြီးအမှူးဖြစ်သော သူကြွယ်၏မယားကား မဒ္ဒရာဇ်တိုင်း သာဂလပြည်ဝယ် မင်းမျိုး၌ဖြစ်လေ၏။ ထိုမင်းသမီးကိုယ်သည် အနောဇာပန်းအဆင်းနှင့်တူသော အဆင်းရှိသည်သာဖြစ်၍ အနောဇာဟူ၍သာလျှင် မင်းသမီး၏အမည်ကို မှည့်ကြလေကုန်၏။ ထိုမင်းသမီးသည် အရွယ်သို့ရောက်သည်ရှိသော် မဟာကပ္ပိနမင်းကြီး၏နန်းအိမ်တော်သို့ လိုက်ပါသွားရောက်သဖြင့် အနောဇာဒေဝီမည်သော မိဖုရားကြီးဖြစ်လေ၏။ ကြွင်းသော မိန်းမတို့သည်လည်း အမတ်မျိုးတို့၌ဖြစ်၍ အရွယ်သို့ရောက်ကြကုန်သည်ရှိသော် ရှေးဘဝဟောင်း အတူပေါင်းဖူးကုန်သော ထိုအမတ်သားတို့၏ အိမ်တို့သို့သာ သွားရောက်ကြကုန်၏။ ထိုအလုံးစုံသော အမတ်တို့သည်လည်း မင်းကြီး၏စည်းစိမ်နှင့် တူမျှသော စည်းစိမ်ချမ်းသာကို ခံစားကြရလေကုန်၏။ အကြင်အခါ မင်းကြီးသည် အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် ဆင်ကိုတက်စီး၍ လှည့်လည်ကုန်၏။ မင်းကြီးသည် မြင်းဖြင့်လည်းကောင်း, ရထားဖြင့်လည်းကောင်း လှည့်လည် သွားလာသည်ရှိသော် အမတ်တို့သည်လည်း ထို့အတူသာလျှင် လှည့်လည်သွားလာကုန်၏။ ဤသို့လျှင် ထိုမင်းနှင့် အမတ်တို့သည် တစ်ပေါင်းတည်းအတူဖြစ်၍ ပြုအပ်ကုန်သော ကုသိုလ်ကောင်းမှုတို့၏ အာနုဘော်ဖြင့် တစ်ပေါင်းတည်း အတူသာလျှင် စည်းစိမ်ချမ်းသာကို ခံစားကြရလေကုန်၏။

အထူးကား မင်းကြီးအား ဗလမည်သောမြင်း၊ ဗလဝါဟနမည်သောမြင်း၊ ပုပ္ဖမည်သောမြင်း၊ ပုပ္ဖဝါဟနမည်သောမြင်း၊ သုပတ္တမည်သောမြင်း၊ ဤသို့မြင်းငါးစီးတို့သည် ရှိကုန်၏။ ထိုမြင်းငါးစီးတို့တွင် မင်းကြီးသည် သုပတ္တမည်သောမြင်းကို စီးနင်း၏။ ကြွင်းသော လေးစီးသောမြင်းတို့ကို မြင်းစီးသူရဲတို့အား သတင်းစကားကို ဆောင်စိမ့်သောငှာ ပေးထားလေ၏။ မင်းကြီးသည် ထိုတမန်တို့ကို နံနက်စောစောကသာလျှင် ကျွေးမွေး၍ “သွားကြလေကုန်၊ နှစ်ယူဇနာ သုံးယူဇနာမျှလောက်သော ခရီးသို့တိုင်အောင် လှည့်လည်ရှာဖွေ၍ မြတ်စွာဘုရား၏လည်းကောင်း၊ တရားတော်မြတ်၏လည်းကောင်း၊ သံဃာတော်မြတ်၏လည်းကောင်း ပွင့်ထွန်းဖြစ်ပေါ်လာသည့် အဖြစ်ကို သိအောင်ပြု၍ ငါ့အလို့ငှာ ချမ်းသာကြောင်း သတင်းကောင်းကို ယူဆောင်ခဲ့ကြရမည်”ဟု စေလွှတ်လေ၏။ မြင်းစီးသူရဲ လေးယောက်တို့သည်လည်း တံခါးလေးမျက်နှာတို့မှ ထွက်ကြ၍ နှစ်ယူဇနာ သုံးယူဇနာတို့တိုင်တိုင် လှည့်လည်ရှာဖွေကြရာ သတင်းစကားကို မရကြကုန်သဖြင့် တစ်ဖန်ပြန်လာကြရကုန်၏။

ထို့နောက် တစ်နေ့သ၌ မင်းကြီးသည် သုပတ္တမည်သော မြင်းကိုစီး၍ အမတ်တစ်ထောင်ခြံရံလျက် ဥယျာဉ်သို့ ထွက်တော်မူသည်ရှိသော် ပင်ပန်းသော သဘောရှိသော ငါးရာမျှကုန်သော လှည်းကုန်သည်တို့ကို မြို့တော်သို့ ဝင်လာသည်တို့ကို မြင်ရလျှင် “ဤသူတို့သည် အခွန့်ရှည်သော ခရီးသွားခြင်းတို့ဖြင့် ပင်ပန်းကြကုန်၏။ မချွတ်လျှင် ဤကုန်သည်တို့၏အထံမှ ကောင်းမြတ်သော သတင်းစကားတစ်ခုကို ကြားနာရပေအံ့”ဟု ကြံစည်လျက် ထိုကုန်သည်တို့ကို ခေါ်စေတော်မူပြီးလျှင် “အသင်တို့သည် အဘယ်အရပ်မှလာခဲ့ကြကုန်သနည်း”ဟု မေးတော်မူလေ၏။

ရတနာသုံးပါး သတင်းပေး၍ သုံးသိန်းဆုချခြင်း

“အရှင်မင်းမြတ်- ဤနေပြည်တော်မှ ယူဇနာတစ်ရာ့နှစ်ဆယ်ထက်၌ သာဝတ္တိအမည်ရှိသော မြို့ကြီးသည်ရှိပါသည်။ ထိုသာဝတ္ထိမြို့ကြီးမှ လာကြပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “အသင်တို့၏အရပ်ဒေသ၌ တစ်စုံတစ်ခု ဖြစ်ပေါ်သော သတင်းထူးသည်ရှိလေသလော”ဟု မေးတော်မူပြန်သဖြင့် “အရှင်မင်းမြတ်- တစ်ပါးသော သတင်းထူး ဝိသေသသည်ကား တစ်စုံတစ်ခုမျှ မရှိပါ။ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူတတ်သော မြတ်စွာဘုရားသည်ကား ထင်ရှားဖြစ်ပေါ်လာပါသည်ဘုရား”ဟု လျှောက်ကြား၏။ ထိုခဏ၌သာလျှင် မင်းကြီးသည် ငါးပါးအပြားရှိသော ပီတိနှင့် တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ တစ်စုံတစ်ခုကို မှတ်သားခြင်းငှာ မစွမ်းနိုင်ရကား တစ်ခဏမျှသော ကာလကို လွန်စေပြီးလျှင် “အမောင်တို့- အဘယ်ကို ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းမြတ်- မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူပါသည်ဘုရား”ဟု လျှောက်တင်ပြန်သည်ရှိသော် မင်းကြီးသည် နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း ရှေးနည်းအတူသာလျှင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်အကြိမ်၌ “အမောင်တို့- အသင်တို့သည် အဘယ်ကို ပြောဆိုကုန်ဘိသနည်း”ဟု မေးတော်မူ၍ “အရှင်မင်းမြတ်- မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူပါသည်”ဟု လျှောက်တင်ပြန်သောအခါ “အသင်တို့အား တစ်သိန်းသောအသပြာကို ဆုချပေအံ့”ဟု မိန့်တော်မူလေ၏။

ထိုမှတစ်ပါး “တစ်စုံတစ်ခုသော သတင်းထူလည်းရှိလေသေးသလော”ဟု မေးတော်မူပြန်၏။ “အရှင်မင်းမြတ်- ရှိပါသေးသည်၊ တရားတော်လည်း ဖြစ်တော်မူပါသည်ဘုရား”ဟု လျှောက်တင်ပြန်သဖြင့် မင်းကြီးသည် ထိုစကားကို ကြားရ၍လည်း ရှေးနည်းဖြင့်သာလျှင် သုံးကြိမ်တိုင်တိုင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်သောအကြိမ်၌ “တရားတော် ဖြစ်တော်မူပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် ဤနေရာ၌လည်း “အသင်တို့အား တစ်သိန်းသော အသပြာကို ဆုချပေအံ့”ဟု မိန့်တော်မူ၍ “အမောင်တို့- တစ်ပါးသော သတင်းထူးလည်း ရှိလေသေးသလော”ဟု မေးတော်မူပြန်၏။ “အရှင်မင်းမြတ်- ရှိပါသေးသည်၊ သံဃာရတနာလည်း ဖြစ်တော်မူပါသေးသည်”ဟု လျှောက်တင်ပြန်သဖြင့် မင်းကြီးသည် ထိုစကားကိုကြား၍လည်း သုံးကြိမ်တိုင်တိုင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်အကြိမ်၌ “သံဃော”ဟူသော စကားပုဒ်ကို ဆိုလတ်သော် ဤနေရာ၌လည်း “အသင်တို့အား တစ်သိန်းသော အသပြာကို ဆုချပေအံ့”ဟု မိန့်တော်မူလေ၏။

မင်းစည်းစိမ်စွန့်၍ တောထွက်ခြင်း

ထို့နောက် အမတ်တစ်ထောင်ကို ကြည့်ရှုတော်မူလျက် “အမောင်တို့- အသို့ပြုကုန်လတ္တံ့နည်း”ဟု မေးတော်မူလတ်သော် “အရှင်မင်းမြတ်- အရှင်မင်းမြတ်ကြီးတို့သည် အသို့ပြုကုန်လတ္တံ့နည်း”ဟု ပြန်၍မေးလျှောက်ကုန်၏။ “အမောင်တို့- ငါသည် “ဘုရားထင်ရှားဖြစ်တော်မူသည်၊ တရားထင်ရှားဖြစ်တော်မူသည်၊ သံဃာထင်ရှားဖြစ်တော်မူသည်”ဟူသော စကားကိုကြားရသည် ဖြစ်သောကြောင့် ငါသည် တစ်ဖန် မပြန်လည် မဆုတ်နစ်လို၊ မြတ်စွာဘုရားကို ရည်မှန်းကာ သွားပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုတော့အံ့”ဟု မိန့်တော်မူလတ်သော် “အရှင်မင်းကြီး- ဘုရားကျွန်တော်မျိုးတို့သည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ လိုက်ပါရဟန်းပြုကြပါကုန်အံ့”ဟု လျှောက်တင်ကြလေကုန်၏။ မင်းကြီးသည် ရွှေပြား၌ အက္ခရာတို့ကိုရေးစေ၍ ကုန်သည်တို့ကို ဤသို့မိန့်မှာတော်မူ၏။ “အသင်တို့အား အနောဇာဒေဝီမိဖုရားကြီးသည် သုံးသိန်းသော အသပြာတို့ကို ပေးသနားပေလတ္တံ့၊ ဤသို့သော စကားကိုလည်း လျှောက်တင်ကြကုန်ဦးလော့၊ “မင်းကြီးသည် အရှင်မအား အစိုးရသော မင်း၏စည်းစိမ်ချမ်းသာကို စွန့်လွှတ်အပ်သတတ်၊ အလိုတော်ရှိတိုင်း စည်းစိမ်ချမ်းသာကို ခံစားတော်မူပါ”ဟူ၍ လျှောက်တင်ကြလော့၊ “အသင်တို့၏ မင်းကြီးသည် အဘယ်သို့သွားသနည်း”ဟု အကယ်၍ မေးခဲ့ငြားအံ့၊ “မြတ်စွာဘုရားကိုရည်မှန်း၍ ရဟန်းပြုတော့အံ့”ဟုဆိုလျက် ကြွသွားတော်မူ၏ဟု လျှောက်ကြားလိုက်ကြကုန်လော့”ဟု မိန့်မှာတော်မူလိုက်၏။ အမတ်တို့လည်း မိမိ မိမိ၏ မယားတို့အထံသို့ ထိုမင်းကြီးအတူသာလျှင် သတင်းစကား မှာကြားပေးပို့လိုက်ကြကုန်၏။ မင်းကြီးသည် လှည်းကုန်သည်တို့ကိုလွှတ်လိုက်၍ မြင်းတော်စီးပြီးလျှင် အမတ်ပေါင်း တစ်ထောင်ခြံရံလျက် ထိုခဏ၌သာလျှင် ထွက်တော်မူလေ၏။

မြတ်စွာဘုရား ကြွသွား၍ ကြိုဆိုခြင်း

မြတ်စွာဘုရားသည်လည်း ထိုနေ့နံနက်စောစောအချိန် လောကကို ကြည့်ရှုတော်မူသည်ရှိသော် အခြံအရံနှင့်တကွဖြစ်သော မဟာကပ္ပိနမင်းကြီးကို မြင်တော်မူလျှင် “ဤမဟာကပ္ပိနမင်းသည် ကုန်သည်တို့၏အထံမှ ရတနာသုံးပါးတို့၏သတင်းကို ကြားရ၍ ထိုကုန်သည်တို့၏ စကားကို သုံးသိန်းကုန်သော အသပြာတို့ဖြင့် ပူဇော်ချီးမြှင့်ပြီးလျှင် ပြည်စည်းစိမ်ကိုစွန့်၍ အမတ်ပေါင်းတစ်ထောင်တို့ဖြင့် ခြံရံလျက် ငါဘုရားကိုရည်မှန်းကာ ရဟန်းပြုလိုသောကြောင့် နက်ဖြန်ထွက်လာလတ္တံ့၊ အခြံအရံနှင့်တကွသော ထိုမင်းသည် လေးဖြာသော ပဋိသမ္ဘိဒါတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လတ္တံ့။ ထိုမင်းသား ခရီးဦးကြိုဆိုခြင်းကို ငါပြုအံ့”ဟု ကြံဆင်ခြင်တော်မူ၍ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ သေးငယ်သောရွာကို ပိုင်စားသော ရွာစားရွာအုပ်ကို ခရီးဦးကြိုဆိုခြင်းငှာ ရွှေစက်နှစ်စင်း ဖြန့်ချီခင်းသော လေးကျွန်းသနင်း စကြာမင်းကြီးကဲ့သို့ ကိုယ်တော်သာလျှင် သပိတ်သင်္ကန်းကို လွယ်ယူတော်မူလျက် ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးသို့ ကြွသွားတော်မူပြီးလျှင် စန္ဒဘာဂါမြစ်၏ကမ်းနား၌ ပညောင်ပင်ရင်းဝယ် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို ဖြိုင်ဖြိုင်လွှတ်လျက် သီတင်းသုံး ထိုင်နေတော်မူလေ၏။

ဂုဏ်တော်အာရုံပြုလျက် မြစ်သုံးတန် မြင်းဖြင့်ကူးခြင်း

မဟာကပ္ပိနမင်းကြီးသည်လည်း ထွက်၍လာလတ်သည်ရှိသော် မြစ်တစ်ခုသို့ရောက်လျှင် “ဤမြစ်သည် အဘယ်အမည်ရှိပေသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- အပရစ္ဆာမြစ် မည်ပါသည်ဘုရား”ဟု လျှောက်လျှင် “အမောင်တို့- ဤမြစ်၏ အတိုင်းအရှည်ကား အဘယ်မျှလောက်ရှိသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းကြီး- အစောက်အားဖြင့် တစ်ဂါဝုတ်၊ အနံအကျယ်အားဖြင့် နှစ်ဂါဝုတ်ရှိပါသည်”ဟု ကြားလျှောက်လတ်သော် “ဤမြစ်၌ လှေသည်လည်းကောင်း၊ ဖောင်သည်လည်းကောင်း ရှိလေသလော”ဟု မေးပြန်လေ၏။ “အရှင်မင်းမြတ်- မရှိပါ”ဟု လျှောက်တင်လျှင် “လှေစသည်တို့ကို ရှာဖွေကြည့်ရှု၍နေသော ငါတို့ကို ဇာတိတရားသည် ဇရာတရားသို့ရောက်အောင် ကပ်၍ဆောင်၏၊ ဇရာတရားသည် မရဏတရားသို့ရောက်အောင် ကပ်၍ဆောင်၏၊ ငါသည် ယုံမှားခြင်းမရှိသည်ဖြစ်၍ ရတနာသုံးပါးတို့ကို ရည်မှန်းလျက် ထွက်လာခဲ့၏၊ ငါ့အား ထိုရတနာသုံးပါးတို့၏ အာနုဘော်တော်အားဖြင့် ဤမြစ်ရေသည် ရေကဲ့သို့မဖြစ်ပါစေသတည်း”ဟု ဓိဋ္ဌာန်လျက် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်ပြီးလျှင် “ဣတိပိ သောဘဂဝါ, အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ” အစရှိသည်ဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အဖန်ဖန်ပွားများ အောက်မေ့ကာ နှလုံးထားလျက် အခြံအရံနှင့်တကွ မြင်းတစ်ထောင်ဖြင့် ရေပြင်ပေါ်သို့ စိုင်းဝင်ပြေးသွားလေ၏။ မြင်းတို့သည် ကျောက်ဖျာအပြင်၌ စိုင်းသွားကုန်သကဲ့သို့ စိုင်းသွားကြလေကုန်၏။ ခွာတို့၏ အဖျားမျှတို့သည်သာလျှင် ရေစိုစွတ်ကြလေကုန်၏။

ထိုမဟာကပ္ပိနမင်းကြီးသည် အပရစ္ဆာမြစ်ကို ကူးပြီးလျှင် ရှေ့သို့သွားသည်ရှိသော် တစ်ပါးသော မြစ်တစ်စင်းကိုလည်း မြင်ပြန်သဖြင့် “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- နီလဝါဟနာ မည်ပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “ဤမြစ်၏ အတိုင်းအရှည်ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးတော်မူပြန်သဖြင့် “အရှင်မင်းမြတ်- အစောက်အားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း ယူဇနာခွဲ ယူဇနာဝက်ရှိပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ အကြွင်းကား ရှေးနည်းအတူသာလျှင် ဖြစ်လေ၏။ ထိုနီလဝါဟနာမြစ်ကို မြင်ရပြီးလျှင် “သွာက္ခာတော ဘဂဝတာဓမ္မော” အစရှိသည်ဖြင့် ဓမ္မာနုဿတိကမ္မဋ္ဌာန်းကို အဖန်ဖန် ပွားများအောက်မေ့ကာ နှလုံးထားလျက် စိုင်းနှင်ကာ ကူးသွားပြန်လေ၏။ ထိုနီလဝါဟနာမြစ်ကိုလွန်၍ တစ်ပါးလည်းဖြစ်သောမြစ်ကို မြင်ပြန်လေသဖြင့် “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- စန္ဒဘာဂါ အမည်ရှိပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “ဤမြစ်၏ အတိုင်းအရှည်ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးတော်မူပြန်လျှင် “အရှင်မင်းမြတ်- အစောက်အားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း တစ်ယူဇနာရှိပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ အကြွင်းကား ရှေးနည်းအတူသာလျှင် ဖြစ်လေ၏။ ထိုစန္ဒဘာဂါမြစ်ကိုမြင်ရပြီးလျှင် “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော” အစရှိသည်ဖြင့် သံဃာနုဿတိကမ္မဋ္ဌာန်းကို အဖန်ဖန်ပွားများ အောက်မေ့ကာ နှလုံးထားလျက် စိုင်းနှင်ကာ ကူးသွားပြန်လေ၏။

ဗုဒ္ဓ၏ရောင်ခြည်တော်ကို ဖူးတွေ့ရခြင်း

ထိုမြစ်ကိုကျော်လွန်၍ သွားလတ်သည်ရှိသော် မြတ်စွာဘုရား၏ ကိုယ်တော်မှထွက်သော ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို ဖူးမြင်ရလေ၏။ ပညောင်ပင်၏ အကိုင်းအခွ ရွက်နုရွက်ရင့်ဟူသမျှသည် ရွှေဖြင့်ပြီးကုန်သကဲ့သို့ ဖြစ်ကုန်၏။ မင်းကြီးသည် “ဤအရောင်သည်ကား နေ၏အရောင်လည်း မဟုတ်၊ လ၏အရောင်လည်းမဟုတ်၊ နတ်မင်း, မာရ်မင်း, ဗြဟ္မာမင်း, နဂါး, ဂဠုန် စသည်တို့တွင် တစ်စုံတစ်ယောက်သောသူ၏ အရောင်လည်းမဟုတ်၊ ငါသည် မြတ်စွာဘုရားကို ရည်မှန်း၍လာသည်ကို မဟာဂေါတမအနွယ်ဖြစ်သော မြတ်စွာဘုရားသည် မချွတ်ဧကန် မြင်တော်မူအပ်သည်ဖြစ်ပေလိမ့်မည်”ဟု ကြံလျက် မဟာကပ္ပိနမင်းကြီးသည် ထိုခဏ၌လျှင် မြင်းကျောက်ကုန်းထက်မှ သက်ဆင်းသဖြင့် ညွတ်ကိုင်းသော ကိုယ်ရှိသည်ဖြစ်၍ ရောင်ခြည်တော်သို့ အစဉ်လျှောက်လျက် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဆေးဒန်းမြင်းသီလာရေ၌ ငုပ်လျှိုးဘိသည့်အလား မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့၏အတွင်းသို့ သက်ဝင်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးချပြီးမှ သင့်တင့်လျောက်ပတ်သော အရပ်၌ အမတ်ပေါင်းတစ်ထောင်တို့နှင့် အတူတကွ ထိုင်နေလေ၏။

ဧဟိဘိက္ခု ရဟန်းများဖြစ်ခြင်း

မြတ်စွာဘုရားသည် ထိုမဟာကပ္ပိနမင်းကြီးအား အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ မင်းကြီးသည် အခြံအရံနှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါ အလုံးစုံသော သူတို့သည် နေရာမှထ၍ ရဟန်းအဖြစ်ကို တောင်းပန်ကြကုန်၏။ မြတ်စွာဘုရားသည် “အသို့နည်း၊ ဤအမျိုးသားတို့အား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းသည် ရောက်လာလတ္တံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူသည်ရှိသော် “ဤအမျိုးသားတို့သည် ပစ္စေကဗုဒ္ဓါ အရှင်တစ်ထောင်တို့အား သင်္ကန်းတစ်ထောင်ကို ပေးလှူဖူးကုန်၏။ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ၌ နှစ်သောင်းသော ရဟန်းတို့အား နှစ်သောင်းသော သင်္ကန်းတို့ကိုလည်း ပေးလှူဖူးကုန်၏။ ဤသူတို့အား အံ့ဖွယ်ကောင်းသော တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းရောက်လာခြင်းသည် ရှိပေ၏”ဟု သိတော်မူသဖြင့် မြတ်စွာဘုရားသည် လက်ယာဘက်လက်တော်ကို ဆန့်တန်းတော်မူလျက် “ရဟန်းတို့- လာလှည့်ကြကုန်လော့၊ ဆင်းရဲအဆုံးကို ပြုခြင်းငှာ ကောင်းစွာ မြတ်သောအကျင့်ကို ကျင့်ကြကုန်လော့”ဟု မိန့်တော်မူ၍ ဧဟိဘိက္ခုခေါ်တော်မူ၏။ ထိုသူတို့သည် ထိုခဏ၌သာလျှင် ပရိက္ခရာရှစ်ပါးကို ဆောင်ကုန်လျက် ဝါတော်ခြောက်ဆယ်ရပြီးသော မထေရ်ကြီးတို့ကဲ့သို့ဖြစ်၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် တစ်ဖန်ဆင်းသက်ကာ မြတ်စွာဘုရားကို ရှိခိုးဦးချ၍ ထိုင်နေကြလေကုန်၏။

အနောဇာဒေဝီမိဖုရား သုံးဆဆုချခြင်း

ထိုလှည်းကုန်သည်တို့သည် မင်းအိမ်နန်းတော်သို့ သွားရောက်၍ မင်းကြီးစေလွှတ်အပ်သော သတင်းစကားကို ပြောကြားသိစေသောအခါ အနောဇာမိဖုရားကြီးက “လာခဲ့စေသတည်း”ဟု မိန့်ခေါ်သည်ရှိသော် ဝင်သွား၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ တည်နေကြလေကုန်၏။ ထိုအခါ ထိုကုန်သည်တို့ကို မိဖုရားကြီးက “အမောင်တို့သည် အဘယ်အကြောင်းကြောင့် လာခဲ့ကြကုန်သနည်း”ဟု မေးလေ၏။ “မင်းကြီးသည် အရှင်မိဖုရားကြီးတို့၏အထံသို့ သုံးသိန်းကုန်သော အသပြာတို့ကို အရှင့်ကျွန်တော်မျိုးတို့အား ပေးလိုက်ကြရမည်တဲ့ဟု အရှင့်ကျွန်တော်မျိုးတို့ကို စေလွှတ်အပ်ပါသည်ဘုရား”ဟူ၍ လျှောက်ကြားသောအခါ “အမောင်ကုန်သည်တို့- အလွန်များသည်ကိုပြု၍ တောင်းဆိုကုန်ဘိ၏။ အသင်တို့သည် မင်းကြီး၏အဘယ်ကိစ္စကို ပြုအပ်သနည်း။ မင်းကြီးသည် တစ်စုံတစ်ခုသော အဘယ်အမှုကိစ္စ၌ ကြည်လင်နှစ်သက်၍ သင်တို့အား ဤမျှသောဥစ္စာကို ပေးစေဘိသနည်း”ဟု မေးမြန်းတော်မူ လေ၏။ “အရှင်မိဖုရား- တစ်ပါးသော တစ်စုံတစ်ခုသောအမှုကို ပြုစုရသည်မဟုတ်ပါ။ မင်းကြီးအား ဤမျှသော သတင်းစကားကို လျှောက်ကြားကြပါကုန်၏”ဟု လျှောက်တင်လေသဖြင့် “အမောင်တို့- ထိုသတင်းစကားကို ငါ့အားလည်း ပြောကြားခြင်းငှာ တတ်ကောင်းပါအံ့လော”ဟု မေးမြန်းပြန်လေ၏။ “အရှင်မိဖုရား-တတ်ကောင်းပါ၏”ဟု လျှောက်လျှင် “အမောင်တို့- ထိုသို့ဖြစ်မူ ငါ့အားလည်း ပြောကြားကြပါကုန်လော့”ဟု မိန့်ဆိုလေ၏။ “အရှင်မိဖုရား- လောက၌ သုံးလူ့ထွတ်ထား မြတ်စွာဘုရား ထင်ရှားပွင့်တော်မူပါသည်ဘုရား”ဟု လျှောက်ကြားသောအခါ မိဖုရားကြီးသည်လည်း ထိုစကားကိုကြားရလျှင် ရှေးနည်းအားဖြင့်သာလျှင် ပီတီဖြင့်တွေ့ထိသောကိုယ်ရှိသည်ဖြစ်၍ သုံးကြိမ်တိုင်တိုင် တစ်စုံတစ်ခုကိုမျှ မမှတ်သားနိုင်ဘဲ လေးကြိမ်မြောက်၌ ဘုရားဟူသောပုဒ်ကို ကြားရလျှင် “အမောင်တို့- ဤဘုရားဟူသောပုဒ်၌ မင်းကြီးသည် အဘယ်မျှလောက် ချီးမြှောက်ဆုချတော်မူသနည်း”ဟု မေးလေ၏။

“အရှင်မိဖုရား- တစ်သိန်း ဆုတော်ချပါသည်ဘုရား”ဟု လျှောက်သောအခါ “အမောင်တို့- ဤသို့ သဘောရှိသော သတင်းစကားကိုကြား၍ သင်တို့အား တစ်သိန်းသော အသပြာဆုချတော်မူသဖြင့် မင်းကြီးသည် မလျှောက်ပတ်သည်ကိုပြုဘိ၏။ ငါသည်ကား သင်တို့အား ငါ၏လက်ဆောင် သုံးသိန်းဆုချပေအံ့”ဟု မိန့်ဆိုလေ၏။ “အသင်တို့သည် မင်းကြီးအား ထိုမှတစ်ပါးဖြစ်သော အဘယ်သတင်းစကားကို လျှောက်ကြားအပ်သေးသနည်း”ဟု မေးပြန်သဖြင့် ကုန်သည်တို့သည် ဤမည်သောအကြောင်းကိုလည်း လျှောက်ကြားအပ်ပါသေး၏ဟု ဤမျှတစ်ပါး ကြွင်းကျန်သော သတင်းစကားနှစ်ခုတို့ကို လျှောက်ထားကြလေကုန်၏။ မိဖုရားကြီးသည် ရှေးနည်းဖြင့်သာလျှင် ပီတိဖြင့်တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ သုံးကြိမ်တိုင်တိုင် တစ်စုံတစ်ခုကိုမျှ မမှတ်သားနိုင်သဖြင့် လေးကြိမ်မြောက်၌ ထို့အတူကြားရလျှင် သုံးသိန်း,သုံးသိန်းသော အသပြာတို့ကို ပေးစေလေ၏။ ဤသို့သာလျှင် ကုန်သည်တို့သည် အလုံးစုံ တစ်သန်းနှစ်သိန်းကုန်သော အသပြာတို့ကို ရကြလေကုန်၏။ ထို့နောက် ကုန်သည်တို့ကို မိဖုရားကြီးသည် “အမောင်တို့- မင်းကြီးသည် အဘယ်မှာနည်း”ဟု မေးတော်မူ၏။ “အရှင်မိဖုရားကြီး- မြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်းပြုတော့အံ့ဟု ကြွသွားလေပြီ”ဟု လျှောက်ကြားလတ်သော် “ငါ့အား မင်းကြီးသည် အဘယ်သို့သော သတင်းစကားကို မှာကြားပေးသွားလေဘိသနည်း”ဟု မိန့်ဆိုလေ၏။ “မင်းကြီးသည် အရှင်မိဖုရားကြီးတို့အား အလုံးစုံသော အစိုးတရစည်းစိမ်ချမ်းသာကို ခံစားစံစားကြကုန်လော့”ဟု မိန့်မှာခဲ့ကြောင်းကို လျှောက်တင်လေလျှင် “အမောင်တို့.. အမတ်တို့ကား အဘယ်မှာနည်း”ဟု မေးပြန်သဖြင့် “အရှင်မိဖုရား- ထိုအမတ်တို့သည်လည်း မင်းကြီးနှင့်တကွ ရဟန်းပြုကုန်အံ့ဟု လိုက်သွားကြပါကုန်ပြီ”ဟု လျှောက်တင်ကြလေကုန်၏။

မင်းကြီးနောက်သို့ မိဖုရားကြီးလိုက်သွားပုံ

မိဖုရားကြီးသည် အမတ်ကတော်တို့ကို ခေါ်စေ၍ “အမိတို့- အသင်တို့၏အရှင် ချစ်လင်တို့သည် မင်းကြီးနှင့်အတူတကွ ရဟန်းပြုကုန်အံ့ဟု လိုက်ပါလေကုန်ပြီ။ အသင်တို့သည် အဘယ်သို့ ပြုကုန်အံ့နည်း”ဟု မေးတော်မူ၏။ “အရှင်မိဖုရား- ကျွန်တော်မတို့အား အမတ်ကြီးတို့သည် အဘယ်သို့သော သတင်းစကားကို မှာကြားစေလွှတ်လိုက်ပါသနည်း”ဟု မေးလျှောက်ကြသဖြင့် “ထိုအမတ်ကြီးတို့သည် အသင်တို့အား မိမိတို့၏ စည်းစိမ်ချမ်းသာကို စွန့်လွှတ်အပ်ပြီ၊ အသင်တို့သည် အလိုရှိတိုင်း ထိုစည်းစိမ်ချမ်းသာကို ခံစားစံစားကြကုန်လော့ဟု မှာထားစေလွှတ်လိုက်ပေသည်”ဟု မိန့်ဆိုလေ၏။ “အရှင်မိဖုရား- အရှင်မတို့ကား အဘယ်သို့ပြကုန်အံ့နည်း”ဟု မေးပြန်လျှင် “အမိတို့- ငါတို့အရှင်ဖြစ်သော ထိုမင်းမြတ်သည် သတင်းစကားကိုကြားရလျှင် လမ်းခရီး၌ ရပ်တည်လျက်သာလျှင် အသပြာသုံးသိန်းတို့ဖြင့် ရတနာသုံးပါးတို့ကိုပူဇော်၍ ပြည်စည်းစိမ်ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်ကာ ရဟန်းပြုတော့အံ့ဟု ထွက်သွားတော်မူလေပြီ။ ငါသည်လည်း ရတနာသုံးပါးတို့၏ ဖြစ်ပေါ်လာကြောင်း သတင်းကောင်းကို ကြားရ၍ ရတနာသုံးပါးတို့ကို ကိုးသိန်းသော အသပြာတို့ဖြင့် ပူဇော်အပ်ကုန်ပြီ။ ဤစည်းစိမ်သည် စင်စစ်အားဖြင့် မင်းကြီးအားသာလျှင် ဆင်းရဲခြင်း၏ အကြောင်းရင်းဖြစ်သည်မဟုတ်၊ ငါ့အားလည်း ဆင်းရဲခြင်း၏အကြောင်း ဖြစ်သည်သာလျှင်တည်း။ ဘုရင်မင်းမြတ်၏ စွန့်ထွေးလေပြီးသော တံတွေးပေါက်ကို ဒူးပုဆစ်ထောက်၍ အဘယ်သူသည် ခံတွင်းဖြင့် ကောက်ယူအံ့နည်း၊ ငါ့အား စည်းစိမ်ချမ်းသာကို ခံစားခြင်းဖြင့် အလိုမရှိပြီ။ ငါသည်လည်း မြတ်စွာဘုရားကိုရည်မှန်း၍ သွားပြီးလျှင် ရဟန်းပြုပေတော့အံ့”ဟု ဆိုလေ၏။

“အရှင်မိဖုရား- ကျွန်တော်မတို့လည်း အရှင်မတို့နှင့် အတူ တကွသာလျှင် ရဟန်းပြုပါကုန်အံ့”ဟု လျှောက်ဆိုကြလျှင် “အမိတို့- အကယ်၍ တတ်နိုင်ကုန်ငြားအံ့၊ ကောင်းပါ၏”ဟု ဆိုလေ၏။ “အရှင်မိဖုရား- တတ်နိုင်ပါကုန်၏”ဟု ဝန်ခံကြကုန်လျှင် “အမိတို့- ကောင်းလှပေပြီ။ ထိုသို့ဖြစ်မူ လာကြကုန်လော့”ဟု ခေါ်ငင်လျက် ရထားတစ်ထောင်ကို က,စေလျက် ရထားထက်သို့ တက်စီးပြီးလျှင် ထိုအမတ်ကတော်တစ်ထောင်တို့နှင့် အတူတကွ ထွက်လာခဲ့၍ လမ်းခရီးအကြား မြစ်ကိုတွေ့မြင်သောအခါ မင်းကြီးမေးသကဲ့သို့မေး၍ အလုံးစုံသော အကြောင်းကိုကြားသိရပြီးလျှင် “မင်းကြီးကြွသွားသော လမ်းခရီးကို ကြည့်ရှုရှာဖွေကြကုန်လော့”ဟု မိန့်တော်မူသဖြင့် “အရှင်မိဖုရား- မြင်းတို့၏ခြေရာကို မမြင်ကြရပါဘုရား”ဟု လျှောက်သည်ရှိသော် “မင်းကြီးသည် ရတနာသုံးပါးတို့ကို ရည်မှန်း၍ ဘုရားတပည့်တော် ထွက်လာပါသည်ဘုရားဟု သစ္စာပြု၍ ကူးသွားသည် ဖြစ်ပေလိမ့်မည်”ဟု ကြံဆင်ခြင်၍ “ငါသည်လည်း ရတနာသုံးပါးတို့ကို ရည်မှန်း၍ ထွက်လာခဲ့သူ ဖြစ်ပေ၏။ ထိုရတနာသုံးပါးတို့၏ အာနုဘော်အားဖြင့် ငါ့အား ဤရေသည် ရေကဲ့သို့မဖြစ်စေသတည်း”ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့ပြီးလျှင် ရထားတစ်ထောင်ကို စေလွှတ်မောင်းနှင်၏။ ရေသည် ကျောက်ဖျာအပြင်ကဲ့သို့ဖြစ်လေ၏။ ရထားလှည်းဘီးတို့၏အစွန်အဖျား အကွပ်အဝိုင်းတို့သာလျှင် စိုစွတ်ကြလေကုန်၏။ ဤသို့သောနည်းဖြင့်သာလျှင် ဤမှတစ်ပါးသော မြစ်နှစ်ခုတို့ကိုလည်း ကူးသွားလေ၏။

အနောဇာဒေဝီတို့ သောတာပန်၊ မဟာကပ္ပိနတို့ ရဟန္တာဖြစ်ခြင်း

ထိုအခါ မြတ်စွာဘုရားသည် ထိုအနောဇာဒေဝီမိဖုရား၏ လာလတ္တံ့သောအဖြစ်ကို သိတော်မူ၍ အကြင်သို့သော အခြင်းအရာဖြင့် ပြုအပ်သည်ရှိသော် ကိုယ်တော်မြတ်၏ အထံ၌ နေကြကုန်သော ရဟန်းတို့သည် ထင်ရှားမဖြစ်ကုန်၊ ထိုသို့သော အခြင်းအရာဖြင့် တန်ခိုးပြာဋိဟာ ပြုတော်မူလင့်၏။ အနောဇာဒေဝီမိဖုရားလည်း သွားလတ်သည်ရှိသော် မြတ်စွာဘုရား၏ ကိုယ်တော်မှထွက်သော ရောင်ခြည်တော် ခြောက်သွယ်တို့ကို မြင်ရလျှင် ရှေးနည်းအတူ ကြံဆင်ခြင်ပြီးသဖြင့် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးဦးချပြီးမှ သင့်တင့်လျောက်ပတ်သော အရပ်၌နေလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မဟာကပ္ပိနမင်းကြီးသည် ရှင်တော်မြတ်ဘုရားတို့ကို ရည်မှန်း၍ ထွက်ရောက်လာကြကုန်ပြီဟု မှတ်ထင်မိပါသည်။ ထိုမဟာကပ္ပိနမင်းကြီးသည် အဘယ်မှာ ရှိပါသနည်းဘုရား”ဟု မေးလျှောက်ပြီးလျှင် “တပည့်တော်မတို့အား ထိုမဟာကပ္ပိနမင်းကြီးကို ညွှန်ပြတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ “အသင်တို့သည် ရှေးဦးစွာ ထိုင်နေကြဦးလော့၊ ဤအရပ်၌ပင် ထိုမင်းကြီးကို မြင်ကြရကုန်လတ္တံ့”ဟု မိန့်တော်မူလတ်သော် အနောဇာဒေဝီ အမှူးရှိကုန်သော အလုံးစုံသော ထိုမိန်းမတို့သည် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ “ဤအရပ်၌ပင် ထိုင်နေကုန်လျက် ငါတို့အရှင် ခင်ပွန်းတို့ကိုတွေ့မြင်ကြရကုန်လတ္တံ့”ဟု ထိုင်နေကြကုန်၏။ မြတ်စွာဘုရားသည် ထိုမိန်းမတို့အား အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောတော်မူ၏။ အနောဇာဒေဝီမိဖုရားသည် တရားဒေသနာ ဟောတော်မူပြီးသော အဆုံး၌ အခြံအရံဖြစ်ကုန်သော မိန်းမတစ်ထောင်တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ မဟာကပ္ပိနမထေရ်သည်လည်း ထိုမိန်းမတို့အား ဟောကြားပွားများစေအပ်သော တရားဒေသနာတော်ကို ကြားနာရလျက် အခြံအရံ အမတ်ရဟန်းတစ်ထောင်တို့ပါမကျန် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် အနောဇာဒေဝီ အမှူးရှိကုန်သော ထိုမိန်းမတို့အား အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်သော မဟာကပ္ပိနမထေရ် အမှူးရှိကုန်သော ထိုရဟန်းတို့ကို ပြတော်မူလေ၏။

(ထိုအနောဇာမိဖုရား အမှူးရှိသော မိန်းမတစ်ထောင်တို့အား လာရောက်စဖြစ်သော အခါ၌သာလျှင် ဖန်ရည်စွန်းသော အဝတ်ကိုဆောင်ကုန်လျက် ဦးခေါင်းပြည်းသော ဦးခေါင်းရှိကုန်သော မိမိအရှင် ခင်ပွန်းတို့ကိုမြင်ရလျှင် စိတ်သည် တည်ကြည်ခြင်း မဖြစ်နိုင်ရာ၊ ထိုသို့ မတည်ကြည်သဖြင့် မဂ်ဖိုလ်တို့သို့ရောက်ခြင်းငှာ မတတ်နိုင်ကုန်ရာ၊ ထို့ကြောင့် မတုန်မလှုပ် ကြည်ညိုခြင်းတည်ရှိသောအခါ၌ ထိုမိန်းမတို့အား အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်သာလျှင် ဖြစ်ကုန်သော ထိုရဟန်းတို့ကို ပြတော်မူသတည်း။)

အနောဇာဒေဝီအမှူးရှိကုန်သော ထိုမိန်းမတို့သည်လည်း မဟာကပ္ပိနမထေရ် အမှူးရှိကုန်သော ထိုရဟန်းတို့ကို မြင်ရလျှင် ငါးပါးသော တည်ခြင်းဖြင့် ရိုသေမြတ်နိုး ရှိခိုးဦးချလျက် “အရှင်ဘုရားတို့- အရှင်ဘုရားတို့အား ရှေးဦးစွာ ရဟန်းကိစ္စသည် အပြီးသို့ရောက်လေပြီ”ဟု လျှောက်ကြားပြီးလျှင် မြတ်စွာဘုရားကို ကြည်လင်ညွတ်လျှိုး ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။

အနောဇာဒေဝီတို့ ရဟန်းပြု၍ ရဟန္တာမဖြစ်ကြခြင်း

မြတ်စွာဘုရားသည် ထိုဒါယိကာမတို့ကို “အသင်တို့သည် သာဝတ္ထိပြည်သို့သွား၍ ရဟန်းမိန်းမတို့၏ကျောင်း၌ ရဟန်းပြုကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထိုမိန်းမတစ်ထောင်တို့သည် ခရီးစဉ်အတိုင်း ဇနပုဒ်လှည့်လည်ခြင်းဖြင့် လှည့်လည်ကြရာ လမ်းခရီးအကြား၌ များစွာသော လူအပေါင်းသည် ရှေးရှုဆောင်ပို့အပ်သော ပူဇော်သက္ကာရ မြတ်နိုးတနာ ရရှိကုန်လျက် ခြေဖြင့်သာလျှင် ယူဇနာတရာ့နှစ်ဆယ်ရှိသော ခရီးသို့သွား၍ ရဟန်းမိန်းမတို့၏ကျောင်း၌ ရဟန်းပြုကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ရဟန်းတစ်ထောင်ကို ယူဆောင်တော်မူ၍ ကောင်းကင်ခရီးဖြင့်သာလျှင် ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုဇေတဝန်ကျောင်းတော်၌ အရှင်မဟာကပ္ပိနမထေရ်သည် ညဉ့်သန့်ရာအရပ်, နေ့သန့်ရာအရပ် စသည်တို့၌ “အဟော သုခံ, အဟော သုခံ၊ ဪ- ချမ်းသာလေစွ၊ ဪ- ချမ်းသာလေစွ”ဟူသော ဥဒါန်းစကားကို ကျူးရင့် တော်မူသည်ဖြစ်၍ လှည့်လည်သွားလာလေ့ရှိ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မဟာကပ္ပိနမထေရ်သည် “အဟော သုခံ, အဟော သုခံ၊ ဪ- ချမ်းသာလေစွ၊ ဪ- ချမ်းသာလေစွ”ဟူသော ဥဒါန်းကို ရွတ်ဆိုကျူးရင့်လျက် လှည့်လည်လေ့ရှိပါသည်ဘုရား၊ မိမိ၏တိုင်းပြည် မင်းအဖြစ်တည်းဟူသော စည်းစိမ်ချမ်းသာကို ရည်မှန်းလျက်မြည်တမ်းရွတ်ဆိုလေ့ရှိယောင်တကား”ဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် မဟာကပ္ပိနမထေရ်ကို ခေါ်စေတော်မူ၍ “ချစ်သားကပ္ပိန- အသင်သည် ကာမဂုဏ်ချမ်းသာကို ရည်မှန်းလျက် ဥဒါန်းကျူးရင့်သောဟူသည် မှန်ပေသလော”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကာမဂုဏ်ချမ်းသာကို ရည်မှန်းလျက် ဥဒါန်းကျူးရင့်သော အဖြစ်ကိုလည်းကောင်း၊ ကာမဂုဏ်ချမ်းသာကို မရည်မှန်းဘဲ ဥဒါန်းကျူးရင့်သောအဖြစ်ကိုလည်းကောင်း မြတ်စွာဘုရား သိတော်မူပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ၏သားတော်ဖြစ်သော ကပ္ပိနသည် ကာမဂုဏ်ချမ်းသာကိုလည်းကောင်း၊ ပြည်ရွာရိပ်ငြိမ် မင်းစည်းစိမ်ကိုလည်းကောင်း ရည်မှန်း၍ ဥဒါန်းစကားကို ရွတ်ဆိုကျူးရင့်သည်မဟုတ်၊ စင်စစ်အားဖြင့် ငါ၏သားတော်အား ဓမ္မပီတိဖြစ်၏။ ထိုငါ၏သားတော်သည် အမြိုက်နိဗ္ဗာန်တရားကြီးကို ရည်မှန်းထောက်ရှု အာရုံပြု၍ ဥဒါန်းကို ကျူးရင့်မြွက်ဆိုလေသည်”ဟု အနုသန္ဓေကို စပ်တော်မူ၍ တရားကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၇၉] ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

ဓမ္မပီတိ၊ တရားအရသာကို သောက်စို့သောသူသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။ ဝါ၊ လေးပါးဣရိယာ ချမ်းသာစွာနေရ၏။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ အရိယပ္ပဝေဒိတေ၊ ဘုရားအစရှိသော အရိယာတို့သည် ဟောကြားအပ်သော။ ဓမ္မေ၊ ဗောဓိပက္ခိယတရား၌။ ဝိပ္ပသန္နေန၊ ညစ်ကြေးလွတ်ကင်း သန့်ရှင်းကြည်လင်သော။ စေတသာ၊ စိတ်ဖြင့်။ သဒါ၊ အခါခပ်သိမ်း။ ရမတိ၊ အလွန်မွေ့လျော်ရပေ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။

မဟာကပ္ပိနမထေရ်ဝတ္ထုပြီး၏။