မာတိကာသို့ ခုန်သွားရန်

ပဏ္ဍိတသာမဏေရဝတ္ထု

ဝီကီရင်းမြစ် မှ

ပဏ္ဍိတဝဂ်

၅။ ပဏ္ဍိတသာမဏေဝတ္ထု

ဥဒကံ ဟိ နယန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဏ္ဍိတသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရားသည် ရဟန္တာနှစ်သောင်းခြံရံတော်မူလျက် ဗာရာဏသီပြည်သို့ ကြွမြန်းတော်မူလေ၏။ လူတို့သည် မိမိ၏အားအစွမ်းကို မှတ်သား၍ ရှစ်ယောက်မျှကုန်သော သူတို့သည်လည်းကောင်း၊ ဆယ်ယောက်မျှကုန်သော သူတို့သည်လည်းကောင်း တစ်ပေါင်းတည်းပြု၍ အာဂန္တုကအလှူ စသည်တို့ကို ပေးလှူကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ကဿပမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌-

ဥစ္စာသာရ၍ အခြံအရံမရသော ဒါန

၁။ “ဥပါသကာ ဒါယကာတို့- ဤလောက၌ အချို့သောသူသည် “မိမိ၏ဥစ္စာကိုသာ လှူဒါန်းခြင်းငှာသင့်၏။ သူတစ်ပါးကို တိုက်တွန်းဆောက်တည်စေသဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု နှလုံးသွင်း၍ မိမိသာလျှင် အလှူပေးလှူ၏။ သူတစ်ပါးကို မတိုက်တွန်း။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ ဥစ္စာပြည့်စုံခြင်းကိုရ၏။ အခြံအရံ ပြည့်စုံခြင်းကို မရ။

အခြံအရံကိုသာ ရ၍ ဥစ္စာမရသောဒါန

၂။ အချို့သောသူသည် သူတစ်ပါးကို နှိုးဆော်တိုက်တွန်း၏၊ မိမိကား မလှူဒါန်း။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌ အခြံအရံ ပြည့်စုံခြင်းကိုရ၏။ ဥစ္စာပြည့်စုံခြင်းကို မရ။

ဥစ္စာလည်း မရ၊ အခြံအရံလည်း မရသော ဒါန

၃။ အချို့သောသူသည် မိမိလည်း မပေးမလှူ၊ သူတစ်ပါးကိုလည်း မနှိုးဆော် မတိုက်တွန်း။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ ဥစ္စာပြည့်စုံခြင်းကိုလည်း မရ၊ အခြံအရံပြည့်စုံခြင်းကိုလည်း မရ၊ စားကြွင်းစားဖြစ်၍သာ အသက်မွေးရ၏။

နှစ်ပါးစုံရသော ဒါန

၄။ အချို့သောသူသည် မိမိလည်း လှူဒါန်း၏။ သူတစ်ပါးကိုလည်း နှိုးဆော်တိုက်တွန်း၏။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ ဥစ္စာပြည့်စုံခြင်းကိုလည်း ရ၏။ အခြံအရံ ပြည့်စုံခြင်းကိုလည်း ရ၏”ဟု ဤသို့ ဝမ်းမြောက်ဝမ်းသာ တရားဟောကြားတော်မူလေ၏။

ထိုသို့ ဟောကြားတော်မူသော တရားဒေသနာတော်ကို ကြားနာရလျှင် အနီး၌နေသော ပညာရှိယောက်ျားတစ်ယောက်သည် “ငါသည်ကား ယခုအခါ အကြင်အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ဘောဂသမ္ပတ္တိ၊ ပရိဝါရသမ္ပတ္တိအားဖြင့် နှစ်ပါးသော ပြည့်စုံခြင်းတို့သည် ဖြစ်လေကုန်လတ္တံ့၊ ထိုအခြင်းအရာဖြင့် ပြုပေအံ့”ဟု ကြံစည်လေ၏။ ထိုပညာရှိသော ယောက်ျားသည် မြတ်စွာဘုရားကို ရှိခိုးဦးချပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် “အသင်အား အဘယ်မျှလောက်သော ရဟန်းတို့ဖြင့် အလိုရှိဘိသနည်း”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရား၏ အခြံအရံသည် အဘယ်မျှ အရေအတွက် ရှိပါသနည်းဘုရား”ဟု လျှောက်လေသော် “ရဟန်းနှစ်သောင်းရှိ၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ထိုအလုံးစုံသော ရဟန်းတို့နှင့်တကွ နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု ပင့်ဖိတ်ပြန်သဖြင့် မြတ်စွာဘုရားသည် သည်းခံတော်မူလေ၏။ ထိုယောက်ျားသည် ရွာသို့ဝင်၍ “အို.. မိခင်ဖခင်တို့- အကျွန်ုပ်သည် နက်ဖြန်အလို့ငှာ ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်ခဲ့ပါ၏။ အသင်တို့သည် အကြင်မျှလောက်သော ရဟန်းတို့အား လှူဒါန်းခြင်းငှာ တတ်နိုင်ကုန်၏။ ထိုမျှလောက်သောရဟန်းတို့အား လှူဒါန်းကြပါကုန်လော့”ဟု ပြောကြားကာ လှည့်လည်လတ်သည်ရှိသော် ထိုသူတို့သည် မိမိ၏အားအစွမ်းကို မှတ်သားလျက် “ငါတို့သည် တစ်ကျိပ်မျှလောက်သော ရဟန်းတို့အား လှူဒါန်းကြပါကုန်အံ့၊ ငါတို့သည် နှစ်ကျိပ်၊ ငါတို့သည် တစ်ရာ၊ ငါတို့သည် ငါးရာသော ရဟန်းတော်တို့အား လှူဒါန်းကြပါကုန်အံ့”ဟု ဝန်ခံပြောဆိုသည်ရှိသော် အလုံးစုံသောသူတို့၏ စကားကို အစမှစ၍ ကမ္ပည်းစာ၌ ရေးမှတ်တင်ထားလေ၏။

မဟာဒုဂ် ရဟန်းတစ်ပါးအတွက် တာဝန်ခံခြင်း

ထိုအခါကာလ၌ ထိုဗာရာဏသီပြည်ဝယ် အလွန်ဆင်းရဲသည့်အဖြစ်ကြောင့်သာလျှင် မဟာဒုဂ်ဟူ၍ ထင်ရှားသော ယောက်ျားတစ်ယောက်သည် ရှိလေ၏။ ဆွမ်းဖိတ်မန်သော ယောက်ျားသည် ထိုမဟာဒုဂ်ကိုလည်း မျက်မှောက်၌နေသည်ကို မြင်ရသောကြောင့် “အချင်းမဟာဒုဂ်- ငါသည် နက်ဖြန်ကောင်းမှုအလို့ငှာ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့ကို ပင့်ဖိတ်ခဲ့၏။ နက်ဖြန်ပြည်သူ ပြည်သားတို့သည် အလှူဒါနကို ပေးလှူကြကုန်လတ္တံ့၊ အသင်သည် အဘယ်မျှလောက်သော ရဟန်းတို့ကို ဆွမ်းကျွေးမည်နည်း”ဟု မေးလေ၏။ “အချင်း- ငါ့အား ရဟန်းတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်အံ့နည်း၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝကုန်သော သူတို့အားသာ ရဟန်းတို့ဖြင့် အလိုရှိနိုင်မည်၊ အကျွန်ုပ်အားကား နက်ဖြန်ယာဂုကျိုစရာအလို့ငှာ ဆန်တစ်စလယ် ကွမ်းစားတစ်ခုမျှလည်း မရှိခဲ့၊ အကျွန်ုပ်သည် အခစားပြု၍ အသက်မွေးရပါသည်။ အကျွန်ုပ်အား ရဟန်းတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်ပါအံ့နည်း”ဟု ပြောဆိုလေ၏။

ထို့ကြောင့် ၎င်းနှိုးဆော်သော ယောက်ျားသည် မဟာဒုဂ်က မရှိဟုပြောဆိုသော်လည်း ဆိတ်ဆိတ်မနေမူ၍ မဟာဒုဂ်အနီးသို့ လာရောက်ပြီးလျှင် “အချင်းမဟာဒုဂ်- ဤဗာရာဏသီမြို့ကြီး၌ ကောင်းမြတ်သော ဘောဇဉ်ကိုစား၍ သိမ်မွေ့သော အဝတ်ကိုဝတ်၍ အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်လျက် အသရေရှိသောအိပ်ရာ၌ အိပ်နေကုန်လျက် များစွာသောလူတို့သည် စည်းစိမ်ချမ်းသာကို ခံစားစံစားကြကုန်၏။ သင်သည်ကား တစ်နေ့လုံး အခစားပြုလုပ်လျက် ဝမ်းပြည့်လောက်ရုံမျှကိုလည်း မရချေ။ ဤသို့ပင်ဖြစ်သော်လည်း “ဪ- ငါသည် ရှေးအခါကာလ၌ ကုသိုလ်ကောင်းမှု မပြုမိဖူးသောကြောင့် တစ်စုံတစ်ခုကိုမျှ မရပါချေတကား”ဟူ၍ သိပါ၏လော”ဟု မေးလျှင် “အရှင်- သိပါ၏”ဟု ပြန်ကြားသဖြင့် “ထိုသို့သိပါလျက် အဘယ့်ကြောင့် ယခုအခါ ကုသိုလ်ကောင်းမှု မပြုဘဲနေသနည်း၊ အသင်သည် ပျိုနု၏၊ ခွန်အားဗလနှင့် ပြည့်စုံ၏။ အသင်သည် အခစားအမှုကို ပြုပြီး၍သော်လည်း အစွမ်းသတ္တိရှိသည့်အလျောက် အလှူလှူခြင်းငှာ မသင့်ပါသလော”ဟု ဟောပြောလေ၏။

မဟာဒုဂ်သည် ထိုပညာရှိယောက်ျားပြောကြားစဉ်ပင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ “အကျွန်ုပ်အတွက်လည်း ရဟန်းတစ်ပါးကို ကမ္ပည်းစာ၌ ရေးတင်မှတ်သားပါလော့၊ တစ်စုံတစ်ခုသော အခစားအမှုကို ပြုလုပ်၍ ရဟန်းတစ်ပါးအား ဆွမ်းလှူဒါန်းပါတော့အံ့”ဟု ပြောဆိုဝန်ခံလိုက်လေ၏။ ထိုပညာရှိ နိဗ္ဗာန်ဆော်ယောက်ျားသည်လည်း “ရဟန်းတော်တစ်ပါးအတွက် စာရင်း၌ ရေးမှတ်တင်ထားသဖြင့် အဘယ်ပြုအံ့နည်း၊ ကိစ္စတစ်စုံတစ်ခု မရှိတန်ရာ”ဟု စာရင်း၌ မတင်ထားမိဘဲရှိလေ၏။ မဟာဒုဂ်သည်လည်း အိမ်သို့သွား၍ မယားကို “ချစ်နှမ- ပြည်သူပြည်သားတို့သည် နက်ဖြန်သံဃာတော်တို့အား ဆွမ်းကျွေးခြင်းကို ပြုကြကုန်လတ္တံ့၊ ငါ့ကိုလည်း နှိုးဆော်တိုက်တွန်းသော ယောက်ျားသည် “ရဟန်းတစ်ပါးအား ဆွမ်းလှူလော့”ဟု နှိုးဆော်တိုက်တွန်းအပ်သောကြောင့် ငါတို့သည်လည် နက်ဖြန် ရဟန်းတစ်ပါးအား ဆွမ်းလှူဒါန်းကြကုန်အံ့”ဟု ပြောကြားလေ၏။ ထိုအခါ မဟာဒုဂ်၏မယားက “ငါတို့ကား ဆင်းရဲမွဲချာလှသည်ဖြစ်လျက် အဘယ့်ကြောင့် အမောင်ဝန်ခံခဲ့သနည်း”ဟု မဆိုမူ၍သာလျှင် “အမောင်- အမောင်သည် ကောင်းမြတ်သောအမှုကို ပြုအပ်ပေ၏။ ငါတို့သည် ရှေးရှေးသောဘဝ၌လည် တစ်စုံတစ်ခုကိုမျှ မပေးလှူခဲ့ခြင်းကြောင့် ဤယခုအခါ ဆင်းရဲနွမ်းပါးသောသူတို့ ဖြစ်ကြရကုန်၏။ ငါတို့ နှစ်ယောက်စလုံးတို့သည်လည်း အခစားအမှုပြုလုပ်၍ ရဟန်းတော်တစ်ပါးအား ဆွမ်းလှူအံ့”ဟု ဆိုပြီးလျှင် နှစ်ဦးကုန်သော ဇနီးခင်ပွန်းတို့သည် အိမ်မှထွက်၍ အခစားအမှု ပြုလုပ်ရာအရပ်သို့ သွားကြလေကုန်၏။

မဟာဒုဂ်လင်မယား ထင်းပေါက် ဆန်ဖွပ်ကြခြင်း

သူဌေးကြီးတစ်ဦးသည် ထိုမဟာဒုဂ်ကိုမြင်လျှင် “အချင်းမဟာဒုဂ်- အခစားအမှုကို ပြုလုပ်အံ့လော”ဟု မေးသဖြင့် “အရှင်သူဌေးမင်း- ပြုလုပ်ပါမည်”ဟု ဝန်ခံလေ၏။ “အဘယ်အမှုကို ပြုလတ္တံ့နည်း”ဟု မေးပြန်သော် “အရှင်သူဌေးမင်းတို့ ပြုလိုသောအမှုကို ပြုလုပ်ပါမည်”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ ငါတို့သည် နက်ဖြန် နှစ်ရာသုံးရာလောက်ကုန်သော ရဟန်းတို့ကို ဆွမ်းကျွေးကုန်အံ့၊ လာလော့၊ ထင်းတို့ကို ပေါက်ခွဲလော့”ဟု ပဲခွပ်ပေါက်ဆိန်ကို ထုတ်ဆောင်၍ ပေးစေလေ၏။ မဟာဒုဂ်သည် မြဲမြံစွာ ခါးတောင်းကျိုက်သဖြင့် လွန်စွာအားထုတ်ခြင်းသို့ ရောက်သည်ဖြစ်၍ ပဲခွပ်လည်းဖြစ်၊ ပေါက်ဆိန်လည်းဖြစ်သော ပဲခွပ်ပေါက်ဆိန်ကို ကိုင်ယူကာ ထင်းတို့ကို ခွဲလေ၏။ ထိုအခါ မဟာဒုဂ်ကို သူဌေးကြီးသည် “အချင်းမဟာဒုဂ်- သင်သည် ယနေ့အလွန်လျှင် အားထုတ်ခြင်းသို့ ရောက်သည်ဖြစ်၍ အမှုကိစ္စကို ပြုလေဘိ၏။ အကြောင်းကား အသို့ရှိသနည်း”ဟု မေးမြန်းသဖြင့် “အရှင်သူဌေးမင်း- အကျွန်ုပ်သည် နက်ဖြန် ရဟန်းတော်တစ်ပါးကို ဆွမ်းလုပ်ကျွေးလိုပါသည်၊ ဤသည်လျှင် အကြောင်းပါတည်း”ဟု ဆိုလေ၏။ ထိုစကားကိုကြားလျှင် သူဌေးကြီးသည် ကြည်လင်သောစိတ်ရှိသည်ဖြစ်၍ ကြံဆင်ခြင်သည်မှာ ဪ- အံ့ဖွယ်ရှိလေစွတကား၊ ဤသူသည် ပြုနိုင်ခဲသော အမှုကို ပြုဘိ၏။ “ငါသည် လူဆင်းရဲတစ်ယောက်”ဟု ဆိတ်ဆိတ်နေခြင်းသို့ မရောက်မူ၍ အခစားအမှုပြုလုပ်လျက် ရဟန်းတစ်ပါးကို ဆွမ်းလုပ်ကျွေးလိုပါသည်ဟု ပြောဆိုဝန်ခံဘိသည်”ဟု ကြံဆင်ခြင်၏။ သူဌေးကတော်သည်လည်း ထိုမဟာဒုဂ်၏ မယားကိုမြင်သဖြင့် “အမိ- အဘယ်အမှုကို ပြုလတ္တံ့နည်း”ဟု မေးသည်ရှိသော် “အရှင်မ- အရှင်မတို့သည် အကြင်အမှုကို ပြုလိုကြကုန်၏။ ထိုအမှုကို ပြုပါမည်”ဟု ပြောဆိုလတ်သော် မောင်းတင်းကုပ်သို့ဝင်စေ၍ ဗန်း,ကျည်ပွေ့ စသည်တို့ကို ပေးစေလေ၏။ ထိုမဟာဒုဂ်၏မယားသည် က,ခုန်နေသည့်အသွင် ရွှင်လန်းနှစ်သက်စွာ စပါးကို ထောင်းလည်းထောင်း၏။ ပြာလည်း ပြာ၏။

ထိုအခါ မဟာဒုဂ်မယားကို သူဌေးကတော်က “အမိ- အသင်သည် အလွန်လျှင် ရွှင်လန်းနှစ်သက်စွာ အမှုကိုပြုလုပ်ဘိ၏။ အမိအား အကြောင်း အသို့ရှိသနည်း”ဟု မေး၏။ “အရှင်မ- ဤသို့ အခစားအမှုပြုလုပ်၍ အကျွန်ုပ်တို့သည်လည်း ရဟန်းတစ်ပါးကို ဆွမ်းလုပ်ကျွေးလိုကြပါကုန်သည်”ဟု ပြောဆိုလေ၏။ ထိုစကားကိုကြားလျှင် သူဌေးကတော်ကြီးသည်လည်း “ဪ- အံ့ဖွယ်ရှိလေစွတကား။ ဤမိန်းမသည် ပြုနိုင်ခဲသော အမှုကိုပြုဘိ၏”ဟု ကြည်လင်နှစ်သက်ခြင်းဖြစ်လေ၏။ သူဌေးကြီးသည် မဟာဒုဂ်အား ထင်းတို့ကို ခွဲပြီးသောအခါ “ဤသည်ကား သင့်လုပ်ခတည်း”ဟု သလေးဆန် လေးစလယ် ကွမ်းစားတို့ကို ပေးစေပြီးလျှင် “ဤသည်ကား သင့်အားနှစ်သက်၍ ပေးသောဆုတည်း”ဟု တစ်ပါးလည်းဖြစ်ကုန်သော ဆန် လေးစလယ်ကွမ်းစားတို့ကို ပေးစေပြန်လေ၏။ မဟာဒုဂ်သည် အိမ်သို့သွား၍ မယားကို ပြောဆိုသည်မှာ “ငါသည် အခစားအမှုပြုသဖြင့် သလေးဆန်ကိုရအပ်၏။ ဤဆန်သည် ကျွေးမွေးရန် ဆွမ်းရိက္ခာ ဖြစ်ပေလတ္တံ့၊ အသင်ရခဲ့သော အခဖြင့် နို့ဓမ်း,ဆီ,ငရုတ်စသော ဘဏ္ဍာတို့ကို ဝယ်ချေလော့”ဟု ပြောဆိုလေ၏။ သူဌေးကတော်ကြီးသည်လည်း တစ်ဖန် ထိုမဟာဒုဂ်မယားအား ထောပတ်တစ်အိုးကိုလည်းကောင်း, နို့ဓမ်းအိုးကိုလည်းကောင်း, ငရုတ်စသော ဘဏ္ဍာကိုလည်းကောင်း, စင်ကြယ်သန့်ရှင်းသော သလေးဆန် တစ်စလယ် ကွမ်းစားကိုလည်းကောင်း ပေးစေလေ၏။ ဤသို့သော အခြင်းအရာဖြင့် ဇနီးခင်ပွန်းနှစ်ဦးတို့အားရအပ်သော ဆန်တို့သည်ကား ငါးကွမ်းစားတို့ ဖြစ်ကုန်၏။ ထိုဇနီးခင်ပွန်းနှစ်ဦးတို့သည် “ငါတို့သည် လှူဖွယ်ဝတ္ထုကို ရအပ်ပေပြီ”ဟု နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ စောစောကပင် ထကြလေကုန်၏။

ဆွမ်းကျွေးရန် ငါးကြင်းလေးကောင် တံငါသည်က ပေးခြင်း

မယားဖြစ်သူက မဟာဒုဂ်ကို “အမောင်- သွား၍ ဟင်းရွက်ကို ရှာဖွေကာ ယူဆောင်ခဲ့ပါလော့”ဟု ဆို၏။ မဟာဒုဂ်သည် အိမ်ဈေး၌ ဟင်းရွက်ကို မရသောကြောင့် မြစ်ဆိပ်ကမ်းနားသို့ သွားရောက်သဖြင့် “ယနေ့ အရှင်မြတ်တို့အား ဆွမ်းဘောဇဉ်ကို လှူဒါန်းခြင်းငှာ ရပေလတ္တံ့”ဟု အလွန်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ သီချင်းကို သီဆိုလျက် ဟင်းရွက်ကို ရွေးချယ်ဆွတ်ခူးနေဆဲ ပိုက်ကွန်ကြီးကိုပစ်ချ၍ တည်နေသော တံငါသည်သည် “မဟာဒုဂ်၏အသံ ဖြစ်တန်ရာ၏”ဟု ကြံ၍ မဟာဒုဂ်ကို ခေါ်ပြီးလျှင် “အသင်သည် အလွန်လျှင် ရွှင်လန်းနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ သီချင်းဆိုဘိ၏။ အကြောင်း အသို့ရှိသနည်း”ဟု မေးလေ၏။ “အချင်း- ဟင်းရွက်တို့ကို ရွေးချယ်ဆွတ်ခူးနေပါသည်”ဟု ဆိုသော် “ဟင်းရွက်ဖြင့် အဘယ်အမှုကို ပြုလတ္တံ့နည်း”ဟု မေးပြန်လေ၏။ “ရဟန်းတော်တစ်ပါးကို ဆွမ်းလုပ်ကျွေးအံ့”ဟု ဆိုသော် “ဪ- အံ့ဖွယ်ရှိစွ၊ သင့်ဟင်းရွက်ကို အဘယ်ရဟန်းသည် ချမ်းချမ်းသာသာ ဘုဉ်းပေးနိုင်ပါလတ္တံ့နည်း”ဟု ဆိုလေ၏။ “အချင်း- အသို့ ပြုနိုင်ပါအံ့နည်း။ မိမိရအပ်သော ဟင်းရွက်ဖြင့်ပင် ကျွေးမွေးပေတော့အံ့”ဟု ဆိုသော် “ထိုသို့ဖြစ်မူ လာလော့”ဟု ဆိုလေ၏။ “အချင်း- အသို့ပြုရမည်နည်း”ဟု ဆိုလတ်သော် “ဤငါးတို့ကိုယူ၍ တစ်မတ်ဖိုးတို့ကိုလည်းကောင်း၊ ငါမူးဖိုးတို့ကိုလည်းကောင်း၊ တစ်ကျပ်ဖိုးတို့ကိုလည်းကောင်း ပေါင်းစုဖွဲ့ခြင်းတို့ကို ပြုလုပ်လေလော့”ဟု ဆိုလေ၏။ မဟာဒုဂ်လည်း တံငါသည်ဆိုသောအတိုင်း ပြုလုပ်လေ၏။ ဖွဲ့တိုင်းဖွဲ့တိုင်းသော ငါးတို့ကို ပြည်သူပြည်သားတို့သည် ပင့်ဖိတ်အပ်ကုန်သော ရဟန်းတို့အလို့ငှာ ဆောင်ယူကြကုန်၏။ မဟာဒုဂ်သည် ငါးအတွဲအဖွဲ့တို့ကို ပြုလုပ်စဉ်ပင် ဆွမ်းခံသွားချိန်လည်း ရောက်လေ၏။ မဟာဒုဂ်သည် အခါကိုမှတ်သား၍ “အချင်း- ငါသည် သွားတော့အံ့၊ ဤအခါသည် ရဟန်းတော်တို့၏ ကြွလာအံ့သောအခါတည်း”ဟု ဆို၏။ “တစ်စုံတစ်ခုသော ငါးအတွဲသည် ရှိလေသေးသလော”ဟု မေးလတ်သော် “အချင်း- တစ်ခုမျှမရှိ၊ အလုံးစုံသော ငါးအတွဲတို့သည် ကုန်လေပြီ”ဟု ဆိုလေသဖြင့် “ထိုသို့ဖြစ်မူ ငါသည် မိမိ၏အလို့ငှာ သဲ၌မြုပ်၍ ငါးကြင်းလေးကောင်တို့ကို ထားအပ်ကုန်၏။ ရဟန်းသံဃာတော်ကို အကယ်၍ ဆွမ်းလုပ်ကျွေးလိုမူကား ဤငါးကြင်းတို့ကိုယူ၍ သွားလေလော့”ဟု ဆိုပြီးလျှင် ထိုငါးတို့ကို မဟာဒုဂ်အား ပေးလိုက်လေ၏။

ဘုရားနှင့်သိကြားမင်းတို့ မဟာဒုဂ်ကို ကြည့်ရှုခြင်း

ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် မဟာဒုဂ်ကို ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ယက်အတွင်းသို့ ဝင်လာသည်ကို မြင်တော်မူရ၍ “အသို့ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော်- “မဟာဒုဂ်သည် ရဟန်းတစ်ပါးကို ဆွမ်းလုပ်ကျွေးအံ့ဟု မယားနှင့်တကွ ယမန်နေ့က အခစားအမှု ပြုလုပ်လေ၏။ အဘယ်ရဟန်းကို ရလတ္တံ့နည်း”ဟု ကြံဆင်ခြင်တော်မူပြန်သည်ရှိသော် “လူတို့သည် စာရင်း၌တင်ထားပြီးသော အမှတ်သညာဖြင့် ရဟန်းတို့ကိုပင့်၍ မိမိအိမ်တို့၌ နေစေကြကုန်လတ္တံ့၊ မဟာဒုဂ်သည် ငါဘုရားကိုဖယ်ထား၍ တစ်ပါးသော ရဟန်းတို့ကိုမရဘဲရှိလတ္တံ့”ဟု ဆင်ခြင်တော်မူမိလေ၏။ ဘုရားရှင်တို့မည်သည် ဆင်းရဲပင်ပန်းလှသောသူတို့၌ အစဉ်သနားခြင်းကို ပြုတော်မူကြကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် နံနက်စောစောကလျှင် ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူ၍ “မဟာဒုဂ်ကို ချီးမြှောက်အံ့”ဟု အောက်မေ့ဆင်ခြင်တော်မူလျက် ဂန္ဓကုဋိတိုက်သို့ ကြွဝင်၍ သီတင်းသုံးထိုင်နေတော်မူလေ၏။ မဟာဒုဂ်သည်လည်း ငါးကြင်းတို့ကို ယူဆောင်၍ အိမ်သို့ဝင်သည်ရှိသော် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည်လည်း “အကြောင်းကား အသို့နည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် “ယမန်နေ့က မဟာဒုဂ်သည် ရဟန်းသံဃာတော်တစ်ပါး အား ဆွမ်းလုပ်ကျွေးအံ့ဟု မိမိမယားနှင့်တကွ အခစားအမှုကို ပြုလေ၏။ အဘယ်ရဟန်းကိုရလတ္တံ့နည်းဟု ဆင်ခြင်ပြန်သောအခါ ထိုမဟာဒုဂ်အတွက် တစ်ပါးသောရဟန်းသည် မရှိ၊ မြတ်စွာဘုရားသည် မဟာဒုဂ်အား ချီးမြှောက်ခြင်းကိုပြုအံ့ဟု ဂန္ဓကုဋိတိုက်၌ သီတင်းသုံးနေထိုင်တော်မူ၏။”

“မဟာဒုဂ်သည် မြတ်စွာဘုရားအလို့ငှာ မိမိအားသာ သုံးဆောင်ခြင်းငှာ ထိုက်သော ယာဂုဆွမ်းကိုလည်းကောင်း၊ ဟင်းရွက်ဟင်းလျာကိုလည်းကောင်း စီမံ၍ မြတ်စွာဘုရားအား ပေးလှူလေရာ၏။ ငါသည် မဟာဒုဂ်၏အိမ်သို့သွား၍ ထမင်းချက်အမှုကို ပြုလုပ်ရမူကား ကောင်းလေစွ”ဟု ကြံပြီးလျှင် ထိုသိကြားမင်းသည် မထင်ရှားသောအသွင်ဖြင့် ထိုမဟာဒုဂ်၏ အိမ်အနီးအပါးသို့သွား၍ “တစ်စုံတစ်ယောက်သောသူအား အခဖြင့်ငှားရမ်း၍ ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုသည် ရှိပါသလော”ဟု မေးမြန်းလေ၏။ မဟာဒုဂ်သည် ထိုသူကိုမြင်လျှင် “အဘယ်သို့သောအမှုကို ပြုလတ္တံ့နည်း”ဟု မေးလေ၏။ “အရှင်- ငါသည် အလုံးစုံသော အတတ်ကိုတတ်၏။ မသိသောအတတ်မည်သည် မရှိ၊ ယာဂုထမင်းစသည်တို့ကိုလည်း ပြည့်ပြည့်စုံစုံ ချက်ပြုတ်ခြင်းငှာ တတ်သိနားလည်၏”ဟုဆိုသော် “အချင်း- ငါတို့ကား အသင်၏ပြုလုပ်သော အမှုကိစ္စဖြင့် အလိုရှိပါကုန်၏။ သို့ရာတွင် အသင့်အား ပေးကမ်းဖွယ် တစ်စုံတစ်ခုသောအခကို မမြင်”ဟုဆို၏။ “သင့်အား ပြုလုပ်ဖွယ် အဘယ်အမှုရှိသနည်း”ဟု မေးပြန်သော် “ရဟန်းတော်တစ်ပါးအား ဆွမ်းလှူဒါန်းလို၏။ ထိုရဟန်းအလို့ငှာ ယာဂုဆွမ်းစီရင်ခြင်းကို အလိုရှိပါ၏”ဟု ဆို၏။ “ရဟန်းသံဃာတော်အား အကယ်၍ ဆွမ်းလှူလိုသည်ဖြစ်အံ့၊ ငါ့အား အဖိုးအခဖြင့် အလိုမရှိ၊ ငါ့အား ကုသိုလ်ကောင်းမှုသည် မသင့်လျော်ပါသလော”ဟု ဆိုလတ်သော် “အချင်း- ထိုသို့ဖြစ်မယ ကောင်းလှပါပြီ၊ ချက်ပြုတ်စီမံပါလော့”ဟု ပြောဆိုတိုက်တွန်းလေ၏။

မဟာဒုဂ် ဆွမ်းကျွေးရန် ရဟန်းမရှိ

သိကြားမင်းသည် မဟာဒုဂ်၏အိမ်သို့ဝင်၍ ဆီ,ဆန်စသည်တို့ကို ဆောင်ယူစေပြီးလျှင် “အချင်းမဟာဒုဂ်- သွားချေ၊ မိမိအားရောက်သော ရဟန်းတော်ကို ပင့်ဆောင်လေလော့”ဟု ဆို၍ မဟာဒုဂ်ကို လွှတ်လိုက်လေ၏။ အလှူဝတ်ကို ပြုစုစီမံသော စာရင်းကိုင် ယောက်ျားသည်လည်း ကမ္ပည်းစာ၌ ရေးသားတင်ထားသော အမှတ်ဖြင့်သာလျှင် ထိုထိုသူတို့၏အိမ်တို့ဖို့ ရဟန်းတို့ကို ပို့လိုက်လေ၏။ မဟာဒုဂ်သည် စာရင်းကိုင်ယောက်ျား၏ အထံသို့သွား၍ “အကျွန်ုပ်အတွက် ရဟန်းတော်ကို ပေးတော်မူပါလော့”ဟု တောင်းဆိုလေ၏။ ထိုစာရင်းကိုင်ယောက်ျားသည် ထိုခဏ၌ သတိရ၍ “ငါကား သင့်အတွက် ရဟန်းကို သတိမေ့လျော့ခဲ့လေပြီ”ဟု ဆိုလတ်သော် မဟာဒုဂ်သည် ထက်လှစွာသော လှံမဖြင့် ရင်ဝကို ထိုးဆွပုတ်ခတ်ဘိသကဲ့သို့ “အချင်း နိဗ္ဗာန်ဆော်ယောက်ျား- အဘယ့်ကြောင့် အကျွန်ုပ်ကို ဖျက်ဆီးနှိပ်စက်ပါသနည်း၊ အသင်သည် ယမန်နေ့က အကျွန်ုပ်ကို နှိုးဆော်တိုက်တွန်းခြင်းကြောင့် မယားနှင့်တကွ တစ်နေ့ပတ်လုံး အခစားအမှုပြုလုပ်၍ ယနေ့နံနက်စောစောကပင်လျှင် ဟင်းရွက်အလို့ငှာ မြစ်ကမ်းနား၌ ရှာဖွေလှည့်လည်၍ လာခဲ့ပါသည်၊ အကျွန်ုပ်အား ရဟန်းတော်တစ်ပါးကို ပေးသနားတော်မူပါခင်ဗျား”ဟု လက်မြှောက်ကာ ငိုကြွေးရှာလေ၏။ လူတို့လည်း စည်းဝေးကုန်လျက် “မဟာဒုဂ်- ဤသို့ ငိုကြွေးရခြင်းကား အကြောင်းအသို့နည်း”ဟု မေးလေကုန်၏၊ မဟာဒုဂ်သည် ထိုအကြောင်းကို ပြောကြားလေ၏၊ ထိုသူတို့သည် အလှူဝတ်ကိုစီရင်သော စာရင်းကိုင်ယောက်ျားကို “အချင်း- အသင်သည် ဤမဟာဒုဂ်ကို အခစားအမှုပြုလုပ်၍ ရဟန်းတော်တစ်ပါးအား ဆွမ်းကို လှူဒါန်းပါလော့ဟု နှိုးဆော်တိုက်တွန်းသောဟူသည် မှန်သလော”ဟု မေးကုန်လတ်သော် “အရှင်တို့- နှိုးဆော်မိသည် မှန်ပါပေ၏”ဟု ဆိုလျှင် “အကြင်အသင်သည် ဤမျှလောက်သော ရဟန်းတို့ကို စီရင်နိုင်ပါလျက် ဤမဟာဒုဂ်ကား ရဟန်းတစ်ပါးကိုမျှ မပေးနိုင်၊ ထိုအသင်သည် ဝန်လေးသောအမှုကို ပြုအပ်ဘိလေတော့၏”ဟု ဆိုကြလေကုန်၏။

ဘုရားရှင်ထံ မဟာဒုဂ်သွားခြင်း

စာရင်းကိုင်သော ယောက်ျားလည်း ထိုသူတို့၏စကားဖြင့် မျက်နှာမသာသည်ဖြစ်၍ မဟာဒုဂ်ကို ဤသို့ဆို၏။ “အချင်းမဟာဒုဂ်- ငါ့ကို မဖျက်ဆီးပါလင့်၊ ငါကား သင်တစ်ယောက်၏ အကြောင်းကြောင့် ကြီးစွာသော ပင်ပန်းခြင်းသို့ ရောက်ခဲ့ရပါပြီ။ လူတို့သည်လည်း စာရင်း၌တင်ပြီးသောနည်းအားဖြင့် မိမိမိမိတို့အတွက် ရဟန်းတို့ကို ပင့်ဆောင်ကြချေကုန်ပြီ။ မိမိ၏အိမ်၌ ထိုင်နေသီတင်းသုံးပြီးသော ရဟန်းတို့ကို ထုတ်ဆောင်၍ ပေးသောသူမည်သည် မရှိ။ မြတ်စွာဘုရားသည်ကား မျက်နှာတော်သစ်၍ (မျက်နှာတော်သစ်ဖွယ် မြူအညစ်အကြေး မရှိသော်လည်း အေးသောအခိုးအငွေ့ကို ယူလိုသောကြောင့်လည်းကောင်း၊ အလေ့ကျင့်ဝတ် မချွတ်စေလိုသောကြောင့်လည်းကောင်း မျက်နှာတော်သစ်၏ ဟူလို။) ဂန္ဓကုဋိ၌သာလျှင် သီတင်းသုံး နေထိုင်တော်မူ၏။ မင်း, အိမ်ရှေ့မင်း, စစ်သူကြီး စသောသူတို့သည် မြတ်စွာဘုရား၏ ဂန္ဓကုဋိမှ ထွက်တော်မူခြင်းကို ကြည့်ရှုငံ့လင့်ကုန်လျက် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူ၍ သွားကုန်အံ့ဟု ဆိုင်းငံ့နေကြကုန်၏။ ဘုရားရှင်တို့မည်သည်ကား ဆင်းရဲသောသူကို အစဉ်သနားတော်မူကြကုန်၏။ အသင်သည် ကျောင်းတော်သို့သွား၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်သည် အလွန်အမင်း ဆင်းရဲသောသူဖြစ်ပါသည်။ တပည့်တော်အား ချီးမြှောက်ခြင်းကို ပြုတော်မူပါဘုရားဟု လျှောက်ကြား၍ မြတ်စွာဘုရားကို ရှိခိုးလေလော့။ အသင့်အား အကယ်၍ ကုသိုလ်ကံရှိသည် ဖြစ်အံ့၊ မချွတ်ဧကန် ရပေလတ္တံ့”ဟု ပြောဆို၍ စေလွှတ်လိုက်၏။ မဟာဒုဂ်သည် ကျောင်းတော်သို့ သွားလေ၏။

မဟာဒုဂ် ဘုရားသပိတ်တော် ရလာခြင်း

ထိုအခါ မဟာဒုဂ်ကို တစ်ပါးသောနေ့၌ ကျောင်းတွင် စားကြွင်းစား၏အဖြစ်ဖြင့် မြင်အပ်ဖူးသောကြောင့် မင်း, အိမ်ရှေ့မင်း စသောသူတို့က “အချင်းမဟာဒုဂ်- ယခုအခါ ဆွမ်းဘုဉ်းပေးသော အချိန်အခါမဟုတ်သေး၊ အဘယ့်ကြောင့် အသင်လာဘိသနည်း”ဟု ပြောဆိုကြကုန်၏။မဟာဒုဂ်လည်း “သခင်- ယခုအခါ ဆွမ်းဘုဉ်းပေးသောအချိန်အခါ မဟုတ်သေးဟု သိပါ၏၊ သို့သော်လည်း မြတ်စွာဘုရားကို ရှိခိုးခြင်းငှာ ရောက်လာပါသည်”ဟု ပြောပြောဆိုဆိုဖြင့်သွား၍ ဂန္ဓကုဋိတံခါးခုံ၌ ဦးခေါင်းကိုထားလျက် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော သဗ္ဗညုမြတ်စွာဘုရား- ဤဗာရာဏသီပြည်ကြီး၌ ဘုရားတပည့်တော်အောက် ဆင်းရဲပင်ပန်း နွမ်းပါးလွန်းသောသူမည်သည် မရှိပါဘုရား၊ မြတ်စွာသခင်ဘုရားရှင်တို့သည် တပည့်တော်၏ ကိုးကွယ်မှီခိုရာ ဖြစ်တော်မူကြပါသည်ဘုရား၊ တပည့်တော်အား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ကဿပမြတ်စွာ စိန္တေယျာသည် ဂန္ဓကုဋိတိုက်တံခါးကို ဖွင့်လှစ်တော်မူ၍ သပိတ်တော်ကို ထုတ်ဆောင်တော်မူပြီးလျှင် မဟာဒုဂ်၏လက်၌ ထားတော်မူလေ၏။ မဟာဒုဂ်သည် စကြဝတေးမင်း၏အသရေကို ရဘိသကဲ့သို့ ဖြစ်လေ၏။ မင်း,အိမ်ရှေ့မင်း စသောသူတို့သည် အချင်းချင်း မျက်နှာတို့ကိုကြည့်ကြကုန်၏။ မြတ်စွာဘုရားကိုယ်တော်တိုင် ပေးသနားတော်မူအပ်သော သပိတ်တော်ကို တစ်စုံတစ်ယောက်သောသူသည် အစိုးတရ ပိုင်စိုးပိုင်နင်း ယူငင်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ။ ယင်းသို့ မရှိသော်လည်း “အချင်းမဟာဒုဂ်- ငါတို့အား သပိတ်တော်ကို ပေးလော့၊ သင့်အား ဤမျှလောက် အသပြာကို ပေးကုန်အံ့၊ သင်သည် ဆင်းရဲလှ၏၊ ပစ္စည်းဥစ္စာကိုသာ ယူလေလော့၊ သင့်အား သပိတ်တော်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုကြလေကုန်၏။

မဟာဒုဂ်သည်လည်း “အကျွန်ုပ်သည် တစ်စုံတစ်ယောက်သောသူအား ပေးလိမ့်မည်မဟုတ်၊ အကျွန်ုပ်အား ဥစ္စာဖြင့် အလိုမရှိ၊ မြတ်စွာဘုရားကိုသာ ဆွမ်းလုပ်ကျွေးပါအံ့”ဟု ပြန်ပြောလေ၏။ ကြွင်းကျန်သောလူတို့သည် မဟာဒုဂ်ကိုတောင်း၍ သပိတ်တော်ကို မရသောကြောင့် ပြန်လည်ဆုတ်နစ်ကြကုန်၏။ ပြည့်ရှင်မင်းသည်ကား “မဟာဒုဂ်သည် ဥစ္စာဖြင့် ဖြားယောင်းဖြောင်းဖျသော်လည်း မြတ်စွာဘုရား၏ သပိတ်တော်ကို မပေး၊ မြတ်စွာဘုရားကိုယ်တော်တိုင် သနားတော်မူအပ်သော သပိတ်တော်ဖြစ်၍ တစ်စုံတစ်ယောက်သောသူ အတင်းယူခြင်းငှာလည်း မစွမ်းနိုင်၊ ဤမဟာဒုဂ်၏ လှူဖွယ်ဝတ္ထုမည်သည် အဘယ်မျှရှိသည် ဖြစ်လတ္တံ့နည်း။ မဟာဒုဂ်သည် လှူဖွယ်ဝတ္ထုကို လှူပြီးသောအခါ မြတ်စွာဘုရားကို ပင့်၍ နန်းတော်သို့ ပင့်ဆောင်ပြီးလျှင် ငါ၏ ကောင်းစွာစီရင်အပ်သော အာဟာရကို ပေးလှူပေအံ့”ဟု ကြံလျက် မြတ်စွာဘုရားနှင့် အတူတကွသာ လိုက်ပါသွားလေ၏။ သိကြားနတ်မင်းသည်လည်း ယာဂု,ခဲဖွယ်,ဆွမ်း, ဟင်းရွက်ဟင်း စသည်တို့ကို ပြည့်ပြည့်စုံစုံ စီမံပြီးလျှင် မြတ်စွာဘုရားအလို့ငှာ ထိုင်နေသီတင်းသုံးခြင်းငှာထိုက်သော နေရာကိုခင်း၍ နေလေ၏။

မဟာဒုဂ်အိမ်၌ ဘုရားရှင်အား မင်းကြီးလျှောက်ကြားပုံ

မဟာဒုဂ်သည် မြတ်စွာဘုရားကို ပင့်ဆောင်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကြွဝင်တော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။

(မဟာဒုဂ်၏နေအိမ်သည် နိမ့်သည်ဖြစ်၍ မညွတ်မကိုင်းဘဲဝင်ခြင်းငှာ မတတ်ကောင်း၊ မြတ်စွာဘုရားတို့မည်သည်ကား ဝင်တော်မူသည်ရှိသော် ညွတ်ကိုင်း၍ ဝင်တော်မမူကြကုန်၊ အိမ်သို့ဝင်တော်မူသောအခါ မဟာပထဝီမြေကြီးသည်မူလည်း အောက်သို့နိမ့်ဝင်ရ၏၊ အိမ်သည်မူလည်း အထက်သို့ မြင့်တက်ရ၏။ ဤသည်ကား ဘုရားရှင်တို့၏ ကောင်းစွာလှူဒါန်းအပ်သော အလှူဒါန၏ အကျိုးတည်း၊ တစ်ဖန်ထွက်၍ ကြွသွားတော်မူသောအခါ၌ အလုံးစုံသည် ပကတိအတိုင်းသာလျှင်ဖြစ်၏။)

ထို့ကြောင့် မြတ်စွာဘုရားသည် ရပ်တော်မူလျက်သာလျှင် မဟာဒုဂ်၏အိမ်သို့ ကြွဝင်တော်မူ၍ သိကြားမင်း ခင်းထားအပ်သောနေရာ၌ ထိုင်နေ သီတင်းသုံးတော်မူလေ၏။ မြတ်စွာဘုရား ထိုင်နေ သီတင်းသုံးတော်မူသည်ရှိသော် ဗာရာဏသီပြည့်ရှင် ဘုရင်မင်းမြတ်သည် ဤသို့ ဆို၏၊ “အချင်းမဟာဒုဂ်- သင်သည် ငါတို့ တောင်းကြကုန်သော်လည်း ဘုရား၏ သပိတ်တော်ကို မပေး၊ ငါတို့သည် ရှေးဦးစွာ ကြည့်ရှုလိုကုန်၏၊ အသင်သည် မြတ်စွာဘုရားအား အဘယ်သို့သော ပူဇော်သက္ကာရကို ပြုဘိသနည်း”ဟု ဆိုလတ်သော် ထိုအခါ မင်းကြီးအား သိကြားမင်းသည် ယာဂုခဲဖွယ် စသည်တို့ကို ဖွင့်လှစ်ကာပြလေ၏။ ယာဂုခဲဖွယ် စသည်တို့၏ တကြိုင်ကြိုင်လှိုင်သော အနံ့သည် တစ်ပြည်လုံးကို လွှမ်းမိုး၍ တည်လေ၏။ မင်းကြီးသည် ယာဂုစသည်တို့ကို ကြည့်ရှုပြီးလျှင် မြတ်စွာဘုရားကို ဤသို့ နားတော်လျှောက်လေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် မဟာဒုဂ်၏ လှူဖွယ်ဝတ္ထုကား အဘယ်မျှလောက် ဖြစ်လတ္တံ့နည်း၊ ဤမဟာဒုဂ်သည် လှူဖွယ်ဝတ္ထုကို ပေးလှူပြီးသည်ရှိသော် မြတ်စွာဘုရားကို နန်းတော်သို့ဆောင်၍ မိမိအလို့ငှာ စီရင်အပ်သော အာဟာရကို ပေးလှူအံ့ဟုကြံ၍ လာခဲ့ပါသည်ဘုရား၊ တပည့်တော်သည် ဤသို့သဘောရှိသော အာဟာရကို ရှေးအခါ မမြင်အပ်စဖူးပါ၊ ဤအရပ်၌ တပည့်တော် နေသည်ရှိသော် မဟာဒုဂ်သည် ပင်ပန်းရာ၏၊ တပည့်တော် သွားပါဦးမည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားလေ၏။ သိကြားမင်းသည်လည်း မြတ်စွာဘုရားကို ယာဂုစသည်တို့ကို လှူဒါန်းသဖြင့် ရိုသေစွာ လုပ်ကျွေး ပြုစုလေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းစားခြင်းကို ပြုပြီးသည်ရှိသော် အနုမောဒနာပြု၍ နေရာမှ ထတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ သိကြားမင်းသည် မဟာဒုဂ်အား အမှတ်သညာပေးသဖြင့် မဟာဒုဂ်လည်း သပိတ်တော်ကိုယူ၍ မြတ်စွာဘုရားကို လိုက်ပို့လေ၏။

ရတနာမိုးရွာ၍ မဟာဒုဂ် သူဌေးကြီးဖြစ်ခြင်း

သိကြားမင်းသည် နတ်ပြည်သို့ ပြန်လည်လေသောအခါ မဟာဒုဂ်၏ အိမ်တံခါး၌ရပ်လျက် ကောင်းကင်သို့ ကြည့်ရှုလေ၏။ ထိုခဏ၌သာလျှင် ကောင်းကင်မှ ရတနာခုနစ်ပါးနှင့်ပြီးသော မိုးကြီးကိုရွာချ၍ မဟာဒုဂ်၏အိမ်၌ ခပ်သိမ်းသော အိုးတို့ကို ပြည့်စေပြီးလျှင် တစ်အိမ်လုံး ပြည့်စေလေ၏။ ထိုမဟာဒုဂ်၏အိမ်၌ နေရာကွက်လပ်မရှိလေပြီ၊ မဟာဒုဂ်၏မယားသည် သားငယ်တို့ကို လက်ဆွဲငင် ထုတ်ဆောင်လျက် အိမ်အပ၌ ရပ်နေလေ၏။ မဟာဒုဂ်သည် မြတ်စွာဘုရားကို လိုက်ပို့၍ ပြန်လာသောအခါ သားငယ်တို့ကို အိမ်ပြင်ပ၌ တွေ့မြင်ရလျှင် “ဤကား အကြောင်းအသို့နည်း”ဟု မေး၏။ “အမောင်- ကျွန်မတို့၏ အိမ်တစ်အိမ်လုံးသည် ရတနာခုနစ်ပါးတို့ဖြင့် ပြည့်သည်ဖြစ်၍ ဝင်ခြင်းငှာ နေရာကွက်လပ်မရှိပါ”ဟု ပြောလေ၏။ မဟာဒုဂ်သည် “ယနေ့ပင်လျှင် ငါ့အား အလှူဒါနသည် အကျိုးပေးလေပြီ”ဟု ဆင်ခြင်အောက်မေ့လျက် မင်းကြီး၏အထံသို့ သွားရောက်၍ ရှိခိုးကာ ရပ်တည်လေ၏။ “အဘယ့်ကြောင့် လာသနည်း”ဟု မေးတော်မူသောအခါ မဟာဒုဂ်သည် “အရှင်မင်းမြတ်- အရှင့်ကျွန်တော်မျိုး၏အိမ်သည် ရတနာခုနှစ်ပါးတို့ဖြင့် ပြည့်နေပါပြီ၊ ထိုဥစ္စာကို ယူတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မင်းကြီးသည် “ဪ- အံ့ဖွယ်ရှိလေစွ၊ ဘုရားရှင်တို့အား ပေးလှူအပ်သောဒါနသည် ယနေ့ပင်လျှင် အပြီးအဆုံးသို့ ရောက်ချေပြီ”ဟု ကြံစည်အောက်မေ့၍ ထိုမဟာဒုဂ်ကို “အဘယ်ဝတ္ထုကို ရခြင်းငှာ သင့်သနည်း”ဟု မိန့်ဆိုလေ၏။

“အရှင်မင်းမြတ်- ဥစ္စာပစ္စည်းကို ဆောင်ယူသယ်ပိုးခြင်းငှာ လှည်းအစီးတစ်ထောင် ရခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်တင်သော် မင်းကြီးသည် လှည်းအစီးတစ်ထောင်ကို စေလွှတ်၍ ဥစ္စာကို ဆောင်ယူစေပြီးလျှင် မင်းရင်ပြင်၌ ပေါင်းစုပုံထားစေလေ၏။ ထန်းတစ်ဆင့် အတိုင်းအရှည်မြင့်သော ရတနာအစုအပုံသည် ဖြစ်လေ၏။ မင်းကြီးသည် ပြည်သူပြည်သားတို့ကို စည်းဝေးစေပြီးလျှင် “ဤပြည်၌ တစ်စုံတစ်ယောက်သောသူအား ဤမျှလောက်သောဥစ္စာ ရှိလေသလော”ဟု မေးလေ၏။ “အရှင်မင်းမြတ်- မရှိပါ”ဟု လျှောက်ကြားကုန်သည်ရှိသော် “ဤသို့ ပစ္စည်းဥစ္စာများစွာ ကြွယ်ဝချမ်းသာလှသောသူအား အသို့ပြုခြင်းငှာ သင့်သနည်း”ဟု မေးပြန်လေ၏၊ “အရှင်မင်းမြတ်- သူဌေးအရာကိုပေးခြင်းငှာ သင့်ပါသည်”ဟု လျှောက်တင်ကြသောကြောင့် မဟာဒုဂ်အား များစွာသော ပူဇော်သက္ကာရကိုပြု၍ သူဌေးကြီးအရာကို ပေးသနားတော်မူလေ၏၊ ထို့နောက် မဟာဒုဂ်အား ရှေးအခါ တစ်ဦးသောသူဌေး၏ နေဖူးသော အိမ်နေရာကို ညွှန်ကြားလျက် “ဤအရပ်၌ ပေါက်ရောက်ကုန်သော ချုံတို့ကို ခုတ်ထွင်ဖယ်ရှားစေ၍ အိမ်ကို ဆောက်လုပ်စေပြီးလျှင် နေထိုင်လေလော့”ဟု အမိန့်ချမှတ်တော်မူလေ၏။ မဟာဒုဂ်သည် ထိုနေရာအရပ်ကို သုတ်သင်ရှင်းလင်းသဖြင့် အညီအညွတ်ပြု၍ မြေတူးအပ်သည်ရှိသော် အချင်းချင်းထိ၍တည်နေသော ရွှေအိုးတို့သည် ပေါ်ပေါက်လာကုန်၏။ မဟာဒုဂ်သည် မင်းကြီးအား လျှောက်ကြားလတ်သည်ရှိသော် “အသင်၏ ကောင်းမှုကြောင့် ပေါ်ပေါက်လာကုန်၏၊ အသင်သည်သာ ယူ လေလော့”ဟု မိန့်ကြားတော်မူ၏။ မဟာဒုဂ်လည်း အိမ်ကို ဆောက်လုပ်စေပြီးလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား အလှူကြီးကို ပေးလှူလေ၏။ ထိုမှနောက်၌လည်း အသက်ရှည်သမျှကာလပတ်လုံး တည်နေလျက် ကောင်းမှုတို့ကိုပြုရသဖြင့် အသက်၏အဆုံး၌ နတ်ပြည်၌ ဖြစ်လေ၏။

ယခုဘုရားလက်ထက် အမျိုးသားပဏ္ဍိတ ဖြစ်လာခြင်း

မဟာဒုဂ်သည် နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောကာလပတ်လုံး နတ်စည်းစိမ်ကို အစဉ်ခံစားပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်လင်း ထွန်းဝင်းတောက်ပသောအခါ ထိုနတ်ပြည်မှ စုတေခဲ့လေ၍ သာဝတ္ထိပြည်၌ အရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေး အမျိုးအိမ်တွင် သူဌေးသမီးဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။ ထိုအခါ သူဌေးသမီး၏ မိခင်,ဖခင်တို့သည် ကိုယ်ဝန်တည်သည့်အဖြစ်ကိုသိ၍ ကိုယ်ဝန်အစောင့်အရှောက်ကို ပေးကြလေကုန်၏။ ထိုသတို့သမီးအား တစ်ပါးသောအခါ ဤသို့သဘောရှိသော ချင်ခြင်းသည် ဖြစ်လေ၏၊ “ငါသည် တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာမထေရ်ကို အစပြု၍ ငါးရာသော ရဟန်းတော်တို့အား ငါးကြင်းသားဟင်း အရသာဖြင့် အလှူကို ပေးလှူပြီးလျှင် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် နေရာအစွန်၌နေပြီးမှ ရဟန်းတော်တို့၏ စားကြွင်းထမင်းကို စားရပါမူကား ကောင်းလေစွ”ဟု ချင်ခြင်းဖြစ်လေ၏။ ထိုသူဌေးသမီးသည် မိခင်,ဖခင်တို့အား ပြောကြားပြီးလျှင် ချင်ခြင်းဖြစ်သောအတိုင်း ပြုသည်ရှိသော် ချင်ခြင်းသည် ငြိမ်းပျောက်လေ၏။ ထို့နောက် သူဌေးသမီးအလို့ငှာ ပြုအပ်ကုန်သော ချင်ခြင်းငြိမ်းအောင်ပြုသည်မှတစ်ပါး ခုနစ်ပါးသော မင်္ဂလာတို့၌လည်း (ချင်ခြင်းငြိမ်းပြီးနောက် မဖွားမီ ၁။ ကြိုးကြား ကြိုးကြား ပြုအပ်သောမင်္ဂလာ၊ ၂။ သားဖွားမင်္ဂလာ၊ ၃။ အမည်မှည့်မင်္ဂလာ၊ ၄။ အစာခွံ့မင်္ဂလာ၊ ၅။ နားသမင်္ဂလာ၊ ၆။ အဝတ်ဆီးမင်္ဂလာ၊ ၇။ ဦးသျှောင်ထုံးမင်္ဂလာ။) ငါးကြင်းသားဟင်းအရသာဖြင့်လျှင် အရှင်သာရိပုတြာမထေရ်အမှူးရှိကုန်သော ငါးရာသော ရဟန်းတော်တို့ကို ဆွမ်းကျွေးကြလေကုန်၏။

(အလုံးစုံသည် တိဿသတို့သား၏ဝတ္ထု၌ ဆိုခဲ့အပ်ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏၊ အထူးကား- ဤသတို့သားအား မဟာဒုဂ်ဖြစ်သောအခါ ပေးလှူအပ်သော ငါးကြင်းသားဟင်းအရသာ အလှူ၏သာလျှင် အကျိုးဆက်တည်း။)

ထိုသူငယ်ကို အမည်မှည့်အံ့သောနေ့၌ကား “အရှင်ဘုရား- အရှင်မြတ်တို့၏ အလုပ်အကျွေးဖြစ်သော သူငယ်အား သိက္ခာပုဒ်တို့ကို ပေးသနားတော် မူကြပါဘုရား”ဟု မိခင်က လျှောက်ကြားလတ်သည်ရှိသော် မထေရ်သည် “ဤသူငယ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူလေ၏၊ “အရှင်ဘုရား- ဤသူငယ်သည် ဝမ်း၌ ပဋိသန္ဓေတည်နေသောအခါမှစ၍ ဤအိမ်၌ ထုံအ, ဖျင်းနုံ၊ ထိုင်းမှိုင်းကုန်သော သူတို့သော်လည်း ပညာရှိဖြစ်ကြကုန်ပါ၏၊ ထို့ကြောင့် တပည့်တော်မ၏သားကား ပဏ္ဍိတဟူသော အမည်သည်သာလျှင် ဖြစ်ပါလိမ့်မည်ဘုရား”ဟု လျှောက်ကြား၏၊ အရှင်သာရိပုတြာ မထေရ်သည်လည်း သိက္ခာပုဒ်တို့ကို ပေးသနားတော်မူလေ၏။ ထိုသူငယ် ဖွားမြင်သောနေ့မှစ၍ “ငါ့သား၏ အလိုဆန္ဒ အဇ္ဈာသယကို ငါမဖျက်ဆီးအံ့”ဟု မိခင်အား စိတ်အကြံသည် ဖြစ်လေ၏။

မဟာဒုဂ်တစ်ဖြစ်လဲ မောင်ပဏ္ဍိတ ရှင်ပြုခြင်း

သူငယ်သည် ခုနစ်နှစ်သား အရွယ်ရှိသောအခါ မိခင်ကို “မိခင်- ကျွန်တော်သည် အရှင်သာရိပုတြာမထေရ်၏ အထံ၌ ရှင်သာမဏေပြုပါရစေ”ဟု ခွင့်တောင်းလေ၏။ “ချစ်သား- ကောင်းလှပေပြီ၊ ငါမိခင်သည် ချစ်သား၏ အလိုဆန္ဒ အဇ္ဈာသယကို မဖျက်ဆီးအံ့ဟူ၍ စိတ်အကြံကို ဖြစ်စေဖူးပြီ”ဟု ပြောဆိုပြီးလျှင် အရှင်သာရိပုတြာမထေရ်ကို ပင့်ဖိတ်သဖြင့် ဆွမ်းကျွေး၍ “အရှင်ဘုရား- အရှင်မြတ်တို့၏အလုပ်အကျွေးဖြစ်သော ဤသူငယ်သည် ရှင်သာမဏေပြုခြင်းငှာ အလိုရှိပါသည်၊ ကျွန်တော်မသည် ညချမ်းသောအခါ၌ ဤသူငယ်ကို ကျောင်းသို့ ပို့ဆောင်ပါမည်ဘုရား”ဟု လျှောက်ထားပြီးလျှင် မထေရ်ကို လွှတ်လိုက်၍ ဆွေမျိုးတို့ကို စည်းဝေးစေလျက် “ငါ၏သားအား လူအဖြစ်၌ ပြုစုထိုက်သော အလုံးစုံသော ပူဇော်သက္ကာရကို ယနေ့ပင်လျှင် ပြုတော့အံ့”ဟု များစွာသော ပူဇော်သက္ကာရကို ပြုစေ၍ သူငယ်ကို ဆောင်ယူလျက် ကျောင်းတော်သို့ သွားပြီးလျှင် “အရှင်ဘုရား- ဤသူငယ်ကို ရှင်သာမဏေ ပြုပေးတော်မူပါဘုရား”ဟု တောင်းပန်လျက် မထေရ်အား အပ်နှံလေ၏။

မထေရ်သည်လည်း ရဟန်းအဖြစ်၌ ဆင်းရဲငြိုငြင်စွာ ကျင့်ရသည့်အဖြစ်ကို ပြောကြားလျှင် “အရှင်ဘုရား- တပည့်တော်သည် အရှင်ဘုရားတို့၏ အဆုံးအမပေးတော်မူသမျှကို လိုက်နာကျင့်ကြံပါမည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ထိုသို့ဖြစ်မူ လာလော့”ဟု ခေါ်ပြီးလျှင် ဆံပင်တို့ကို ရေဖြင့်ဆွတ်၍ တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားလျက် ရှင်သာမဏေ ပြုပေးလေ၏။ ထိုပဏ္ဍိတ သာမဏေ၏ မိခင်,ဖခင်တို့သည်လည်း ခုနစ်ရက်ပတ်လုံး ကျောင်း၌သာ နေကုန်လျက် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ငါးကြင်းသားဟင်းအရသာ အလှူဒါနကိုသာ ပေးလှူ၍ ခုနစ်ရက်မြောက်ရောက်သောနေ့ ညချမ်းသောအခါ အိမ်သို့ ပြန်သွားကြလေကုန်၏။ အရှင်သာရိပုတြာထေရ်သည်လည်း ရှစ်ရက်မြောက်သောနေ့၌ ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူသည်ရှိသော် ထိုသာမဏေကိုခေါ်၍ ကြွသွားတော်မူ၏။

ရဟန်းသံဃာအပေါင်းနှင့် အတူတကွ ကြွသွားတော်မမူ၊ အဘယ့်ကြောင့် အတူတကွ မကြွသနည်းဟူမူကား ထိုသာမဏေငယ်၏ သင်္ကန်းဝတ်ခြင်း၊ သပိတ်ကိုင်ခြင်းတို့သည်လည်းကောင်း၊ ဣရိယာပုထ်၌ ကြည်ညိုဖွယ် ဆောင်နိုင်ခြင်းသည်လည်းကောင်း ရှေးဦးစွာ မဖြစ်သေး၊ တစ်နည်းအကြောင်းမှာ ကျောင်း၌ အရှင်သာရိပုတြာမထေရ်အား ပြုအပ်သော ဝတ်သည်ရှိ၏၊ မထေရ်ကြီးတစ်ပါးပင် ဖြစ်သော်လည်း ရဟန်းသံဃာ ရွာတွင်းသို့ ကြွဝင်လတ်သည်ရှိသော် ကျောင်းအလုံးကို လှည့်ပတ်လျက် တံမြက်လှည်းသောအရပ်ကို တံမြက်လှည်း၍ ရေမရှိသောအိုးတို့၌ သောက်ရေ,သုံးဆောင်ရေ ထည့်ပေါင်း၍ မကောင်းသဖြင့် ခင်းထားအပ်သော ညောင်စောင်း, အင်းပျဉ် စသည်တို့ကို သိုမှီးသိမ်းဆည်းပြီးမှ နောက်၌ ရွာသို့ ကြွဝင်တော်မူလေ၏။ အကြောင်း တစ်နည်းကား “သာသနာတော်မှအပဖြစ်သော တိတ္ထိတို့သည် အချည်းနှီးသောကျောင်းသို့ ဝင်ရောက်ပြီးလျှင် “ရဟန်းကြီးဂေါတမ၏ တပည့်သားတို့၏ နေရာအရပ်တို့ကို ကြည့်ရှုကြစမ်းပါဦး”ဟု ရှုတ်ချပြောဆိုခြင်းငှာ မရကြပါစေလင့်”ဟု ဆင်ခြင်၍ ကျောင်းအလုံးကို သုတ်သင်ရှင်းလင်းပြီးမှ နောက်၌ ရွာသို့ ကြွဝင်တော်မူ၏။ ထို့ကြောင့် ထိုနေ့၌လည်း သာမဏေအား သပိတ်သင်္ကန်းကို ယူစေတော်မူ၍ နေမြင့်မှ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေသတည်း။

ရေမြောင်း စသည်မြင်ရာ ကိုရင်ပဏ္ဍိတ ဆင်ခြင်ပုံ

ပဏ္ဍိတသာမဏေငယ်သည် ဥပဇ္ဈာယ်ဆရာနှင့် အတူတကွ ကြွသွားလတ်သည်ရှိသော် ခရီးအကြား၌ မြောင်းကို မြင်ရလျှင် “အရှင်ဘုရား- ဤသည်ကား အဘယ်အမည် ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “သာမဏေ- မြောင်းမည်၏”ဟု မိန့်တော်မူလျှင် “ဤမြောင်းဖြင့် အဘယ်ကို ပြုကြပါကုန်သနည်းဘုရား”ဟု မိန့်တော်မူလျှင် “ထိုမှဤမှ ရေကိုဆောင်၍ မိမိ၏ လယ်လုပ်ခြင်းအမှုကို ပြုကြကုန်၏”ဟု မိန့်တော်မူသော် “အရှင်ဘုရား- ရေမှာ စိတ်ရှိပါသလားဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင် သာမဏေ- ရေမှာ စိတ်မရှိ”ဟု မိန့်တော်မူလေသော် “အရှင်ဘုရား- ဤသို့သဘောရှိသော စိတ်မှကင်းသောရေကို မိမိ၏ လိုရာအရပ်သို့ ရောက်အောင် ဆောင်နိုင်ကြပါကုန်သလောဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ဆောင်နိုင်သည် မှန်၏ ငါ့ရှင်”ဟု မထေရ် မိန့်ဆိုလတ်သော် သာမဏေသည် ဤသို့ ကြံဆင်ခြင်၏၊ “ဤသို့သဘောရှိသော စိတ်မရှိသောရေကို မိမိ၏ အလိုရှိရာ အလိုရှိရာအရပ်သို့ ဆောင်လျက် လယ်လုပ်ခြင်းစသော အမှုကို အကယ်၍ ပြုလုပ်နိုင်ကြကုန်သည်ဖြစ်အံ့၊ စိတ်ရှိသောသူတို့သည်လည်း စိတ်ကို မိမိတို့အလိုနိုင်ငံသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှာ အဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်း”ဟု ကြံဆင်ခြင်လေ၏။

ထို့နောက် ထိုပဏ္ဍိတ သာမဏေငယ်သည် ရှေ့သို့ သွားပြန်လတ်သည်ရှိသော် လေးသမားသည် မြားတံကို မီး၌ကင်၍ မျက်စိထောင့်စွန်းဖြင့် ကြည့်လျက် ဖြောင့်မတ်စွာ ပြုကြသည်တို့ကို မြင်ရပြန်လျှင် “အရှင်ဘုရား- ဤသူတို့ကား အဘယ်အမည်ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့ရှင် သာမဏေ- လေးသမားတို့ မည်ကုန်၏”ဟု မိန့်တော်မူလတ်သော် “ဤသူတို့သည် အဘယ်အမှုကို ပြုကြပါကုန်သနည်းဘုရား”ဟု မေးပြန်လေ၏။ “မီး၌ကင်၍ မြားတံကို ဖြောင့်မတ်အောင် ပြုကြကုန်၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- ဤမြားကား စိတ်ရှိပါသလောဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ငါ့ရှင်သာမဏေ- မြားကား စိတ်မရှိ”ဟု မိန့်ဆိုလတ်သော် သာမဏေသည် ဤသို့ ကြံဆင်ခြင်၏၊ “စိတ်မရှိသော မြားတံကိုယူ၍ မီး၌ ကင်လျက် ဖြောင့်မတ်အောင် အကယ်၍ ပြုလုပ်နိုင်ကြကုန်သည်ဖြစ်အံ့၊ စိတ်ရှိသော သူတို့သည်လည်း မိမိ၏စိတ်ကို မိမိအလိုသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှာ အဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်း”ဟု ကြံဆင်ခြင်ပြန်လေ၏။ ထို့နောက် ထိုပဏ္ဍိတသာမဏေငယ်သည် ရှေ့သို့ သွားပြန်လတ်သည်ရှိသော် သစ်တို့ကို အကန့်အကွပ်, ပုန်တောင်းချက်မ စသည်တို့ကို ရွေကြသည်တို့ကို မြင်ရပြန်လျှင် “အရှင်ဘုရား- ဤသူတို့ကား အဘယ်အမည်ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့ရှင်သာမဏေ- တံစဉ်းသမား ပဲခွပ်သမားတို့ မည်ကုန်၏”ဟု မိန့်တော်မူလတ်သော် “ဤသူတို့သည် အဘယ်အမှုကို ပြုကြပါကုန်သနည်း”ဟု မေးလျှောက်ပြန်လေ၏။ “သစ်တို့ကိုယူ၍ လှည်းယာဉ်စသည်တို့၏ ဘီး စသည်တို့ကို ပြုကြကုန်၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- ဤသစ်တို့သည် စိတ်ရှိကြပါကုန်သလောဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင်သာမဏေ- စိတ်မရှိ”ဟု မိန့်တော်မူလတ်သော် ထိုအခါ သာမဏေအား ဤသို့သော စိတ်အကြံ ဖြစ်လေ၏၊ “စိတ်မရှိသော သစ်တုံးတို့ကိုယူ၍ လှည်းဘီးစက်ဝန်းသည်တို့ကို အကယ်၍ ပြုလုပ်နိုင်ကြကုန်သည်ဖြစ်အံ့၊ စိတ်ရှိသော သူတို့သည် မိမိ၏စိတ်ကို မိမိအလိုသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှာအဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်း”ဟု စိတ်အကြံ ဖြစ်ပြန်လေ၏။

ရှင်ပဏ္ဍိတအား သိကြား စောင့်ရှောက်ပုံ

သာမဏေသည် ဤအကြောင်းတို့ကို မြင်ရပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းတို့ကို အရှင်ဘုရားတို့သည် အကယ်၍ ယူကုန်သည်ဖြစ်ငြားအံ့၊ တပည့်တော်သည် ပြန်လည် ဆုတ်နစ်လိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်သည်လည်း “ဤသာမဏေသည် ယခုပင် ရှင်ပြုသော သာမဏေငယ်ဖြစ်လျက် ငါ့နောက်သို့ အစဉ်အတိုင်း လိုက်နေစဉ်ဖြစ်လျက် ဤသို့ ဆိုဘိ၏”ဟု စိတ်ကိုမဖြစ်စေမူ၍ “သာမဏေ- ယူဆောင်ခဲ့လေလော့”ဟု ဆိုပြီးလျှင် မိမိ၏သပိတ်သင်္ကန်းကို ယူတော်မူလေ၏။ သာမဏေသည်လည်း ဥပဇ္ဈာယ်ဆရာကို ရှိခိုး၍ ပြန်နစ်သည်ရှိသော် “အရှင်ဘုရား- တပည့်တော်၏အလို့ငှာ ဆွမ်းအာဟာရကို ဆောင်ယူလာသည်ရှိသော် ငါးကြင်းသားဟင်းအရသာနှင့်သာလျှင် ဆောင်ယူတော်မူခဲ့ပါဘုရား”ဟု လျှောက်လေ၏။ “ငါ့ရှင် ပဏ္ဍိတ သာမဏေ- အဘယ်သို့လျှင် ရနိုင်ပါအံ့နည်း”ဟု ဆိုလတ်သော် “မိမိ၏ဘုန်းကံဖြင့် မရနိုင်လျှင် တပည့်တော်၏ဘုန်းကံဖြင့် ရတော်မူကြပါကုန်လတ္တံ့”ဟု လျှောက်လေ၏။ မထေရ်သည်လည်း သာမဏေငယ်အား ကျောင်းပြင်ပ၌ နေရသည်ရှိသော် ဘေးရန်သော်လည်း ဖြစ်ရာ၏ဟု သံကောက်(သော့)ကို ပေးလိုက်၍ “ငါနေသော တိုက်ခန်းတံခါးကို ဖွင့်ပြီးလျှင် အတွင်းသို့ဝင်၍ နေလေလော့”ဟု မှာထားတော်မူလိုက်၏။ သာမဏေလည်း မထေရ်မှာလိုက်တိုင်း အတွင်း၌နေ၍ မိမိ၏ ကရဇကာယ ခန္ဓာကိုယ်၌ ဉာဏ်ကိုချသွင်းပြီးလျှင် အတ္တဘောကို သုံးသပ်ကာ နေလေ၏။ ထိုအခါ သာမဏေ၏ ဂုဏ်ကျေးဇူး အာနုဘော်ကြောင့် သိကြားမင်း၏နေရာသည် ပူသော အခြင်းအရာကို ပြလေ၏။

သိကြားမင်းသည် “အကြောင်းကား အဘယ်သို့နည်း”ဟု ကြည့်ရှုဆင်ခြင်လတ်သည်ရှိသော် “ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကိုပေးလိုက်၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လာခဲ့လေ၏။ ငါသိကြားမင်းသည်လည်း ထိုပဏ္ဍိတသာမဏေရှိရာသို့ သွားခြင်းငှာ သင့်၏”ဟု ကြံ၍ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့ကို ခေါ်ပြီးလျှင် “ကျောင်း၏ ဥပစာအနီးအနား၌ နေကုန်သော ငှက်တို့ကို ပျံသွားစေ၍ ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြကုန်လော့”ဟု မိန့်တော်မူ၍ လနတ်သားကိုလည်း “လဝန်းကို ဆွဲငင်၍ ဆီးတားထားလော့၊” နေနတ်သားကိုလည်း “နေဝန်းကို ဆွဲငင်၍ ဆီးတားထားလော့”ဟု ဆိုပြီးမှ မိမိကိုယ်တိုင်သွား၍ တံခါးသံကောက်ကြိုး ဆွဲငင်ရာအရပ်၌ အစောင့်အရှောက်ကိုယူ၍ တည်နေလေ၏။

ပဏ္ဍိတသာမဏေ အောက်ဖိုလ်သုံးပါးရခြင်း

ကျောင်း၌ သစ်ရွက်ရော်ကြွေ၍ ကျသော်လည်း ကျသံမမည်၊ သာမဏေ၏စိတ်သည် မတုန်မလှုပ် တည်ကြည်လတ်သည်ဖြစ်သဖြင့် သာမဏေသည် ဆွမ်းမစားမီ အကြား၌သာလျှင် ကိုယ်ခန္ဓာအတ္တဘောကို သုံးသပ်ဆင်ခြင်၍ ဖိုလ်သုံးပါးတို့သို့ ရောက်လေ၏။ မထေရ်သည်လည်း “သာမဏေငယ်သည် ကျောင်း၌ နေ၏။ ထိုသာမဏေအား သုံးဆောင်ခြင်းငှာ ထိုက်သော ဆွမ်းဘောဇဉ်ကို အဘယ်မည်သော အမျိုးအိမ်၌ ရခြင်းငှာ တတ်နိုင်ကောင်းအံ့နည်း”ဟု အောက်မေ့လျက် ချစ်ခြင်း, မြတ်နိုးခြင်း, ရိုသေခြင်းရှိသော တစ်ယောက်သော အလုပ်အကျွေး ဒါယကာအိမ်သို့ ကြွတော်မူလေ၏။ ထိုအလုပ်အကျွေး ဒါယကာအိမ်၌လည်း လူတို့သည် ထိုနေ့၌ ငါးကြင်းတို့ကိုရသဖြင့် မထေရ်မြတ်၏ ကြွလာခြင်းကို ဆိုင်းငံ့မျှော်လင့်ကာ နေကြကုန်၏။ ထိုဒါယကာတို့သည် “ကြွလာတော်မူခြင်းတို့ဖြင့် ကောင်းသောလာခြင်းကို ပြုတော်မူပေ၏”ဟု လျှောက်၍ အိမ်တွင်းသို့သွင်းပြီးလျှင် ယာဂုခဲဖွယ် စသည်တို့ကိုလှူ၍ ငါးကြင်းသားဟင်းအရသာဖြင့် ထိုမထေရ်သပိတ်၌ ဘောဇဉ်ကို ပြည့်စေလျက် ဆွမ်းလှူဒါန်းကြလေကုန်၏။ မထေရ်သည်လည်း ဆောင်ယူသွားအံ့သော အကြောင်းကိုပြလျှင် လူတို့သည်မြင်၍ “အရှင်ဘုရား- ဘုဉ်းပေးတော်မူကြပါဘုရား၊ ကျောင်းသို့ ဆောင်ယူအပ်သော ဆွမ်းကိုလည်း ရပါလိမ့်မည်ဘုရား”ဟု လျှောက်ကုန်၍ မထေရ် ဆွမ်းဘုဉ်းပေးပြီးသောအခါ သပိတ်ကို ငါးကြင်းသားဟင်းအရသာရှိသော ဘောဇဉ်ဖြင့် ပြည့်စေ၍ လှူဒါန်းကြလေကုန်၏။ မထေရ်သည်လည်း “သာမဏေသည် ဆာလောင်မွတ်သိပ်တန်ပြီ”ဟု လျင်မြန်စွာ ကြွသွားတော်မူလေ၏။

ဘုရားရှင်သည်လည်း ထိုနေ့ စောစောကလျှင် ဆွမ်းဘုဉ်းပေး၍ ကျောင်းတော်သို့ကြွသဖြင့် ဤသို့ ဆင်ခြင်တော်မူ၏၊ “ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကိုပေး၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လာ၏၊ ထိုသာမဏေအား ရဟန်းကိစ္စ အပြီးတိုင်အံ့လော”ဟု စူးစမ်းသည်ရှိသော် သုံးပါးသော ဖိုလ်တို့သို့ ရောက်သည့်အဖြစ်ကို သိရပြီးလျှင် “အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယ ရှိသလော၊ မရှိသလော”ဟု ဆင်ခြင်ပြန်သည်ရှိသော် “ရှိ၏”ဟု မြင်တော်မူ၍ “ဆွမ်းမစားမီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ တတ်နိုင်အံ့လော၊ မတတ်နိုင်အံ့လော”ဟု စူးစမ်း ဆင်ခြင်ပြန်သည်ရှိသော် “တတ်နိုင်လတ္တံ့”ဟု သိမြင်တော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်လေ၏။ “သာရိပုတြာသည် သာမဏေအလို့ငှာ ဆွမ်းကိုယူ၍ လျင်မြန်စွာ လာ၏။ သာမဏေအား ရဟန်းတရား ပြီးဆုံးခြင်း အန္တရာယ်ကိုလည်း ပြုရာ၏။ တံခါးမုခ်၌ အစောင့်အရှောက်ကို ယူ၍ နေနှင့်အံ့။ ထိုအခါ သာရိပုတြာကို ပြဿနာလေးပါးတို့ကို မေးပေအံ့၊ ထိုပြဿနာကို ဖြေဆိုအပ်သည်ရှိသော် သာမဏေသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့”ဟု အကြံဖြစ်တော်မူလေ၏။ ထို့နောက်မှ ကြွသွားတော်မူ၍ တံခါးမုခ်၌ ရပ်တည်တော်မူပြီးလျှင် ရောက်လာသော အရှင်သာရိပုတြာမထေရ်ကို ပြဿနာလေးပါးတို့ကို မေးတော်မူလေ၏။ မေးတိုင်း မေးတိုင်းသော ပြဿနာကို ဖြေဆိုလေ၏။

ပြဿနာလေးပါး ဖြေဆိုစဉ် ရဟန္တာဖြစ်ခြင်း

မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ဤသို့ မေးမြန်းတော်မူ၏။

၁။ “ချစ်သား သာရိပုတြာ- အဘယ်ကို ရလာသနည်း”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အာဟာရကို ရလာပါသည်ဘုရား”ဟု ဆို၏။
၂။ “ချစ်သား သာရိပုတြာ- အာဟာရမည်သည် အဘယ်ကို ဆောင်တတ်သနည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ဝေဒနာကို ဆောင်တတ်ပါသည်ဘုရား”ဟု ဖြေဆို၏။
၃။ “ချစ်သား သာရိပုတြာ- ဝေဒနာသည် အဘယ်ကို ဆောင်တတ်သနည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ရုပ်ကို ဆောင်တတ်ပါသည်ဘုရား”ဟု ဖြေဆို၏။
၄။ “ချစ်သား သာရိပုတြာ- ရုပ်သည်ကား အဘယ်ကို ဆောင်တတ်သနည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ဖဿကို ဆောင်တတ်ပါသည်ဘုရား”ဟု ဖြေဆို၏။

(မွတ်သိပ်ဆာလောင်သောသူသည် စားအပ်သော အစာအာဟာရသည် ထိုသူအား မွတ်သိပ်ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သုခဝေဒနာကို ရွက်ဆောင်တတ်၏၊ အစာအာဟာရကို သုံးဆောင်ခြင်းဖြင့် ချမ်းသာသောသူအား သုခဝေဒနာဖြစ်ခြင်းကြောင့် ကိုယ်၌ အဆင်း၏ ပြည့်စုံခြင်းသည် ဖြစ်၏။ ဤသို့ ဝေဒနာသည် ရုပ်ကို ရွက်ဆောင်၏၊ ချမ်းသာသော သူသည်ကား အာဟာရကြောင့် ဖြစ်သော ရုပ်၏အစွမ်းဖြင့်ဖြစ်သော ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း ရှိသည်ဖြစ်၍ “ယခုအခါ ငါ့အား သက်သာခြင်းဖြစ်၏”ဟူ၍ အိပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း ကောင်းသောအတွေ့ကိုရ၏၊ ဤကား အဓိပ္ပာယ်တည်း။)

ဤသို့ ဤပြဿနာလေးပါးတို့ကို ဖြေအပ်ကုန်ပြီးသည် ရှိသော် ပဏ္ဍိတသာမဏေသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေသတည်း။

နေလွဲမှ ဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း

မြတ်စွာဘုရားသည်လည်း မထေရ်ကို “ချစ်သား သာရိပုတြာ- သွားချေလော့၊ သင်၏သာမဏေအား ဆွမ်းကို ပေးလော့”ဟု မိန့်တော်မူ၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း သွား၍ တံခါးကို ခေါက်လေ၏။ သာမဏေသည် ထွက်လာ၍ မထေရ်၏လက်မှ သပိတ်ကိုယူလျက် တင့်အပ်သောအရပ်၌ ထားပြီးလျှင် ထန်းရွက်ယပ်ဖြင့် အရှင်သာရိပုတြာမထေရ်ကို ယပ်လေခတ်လျက် နေလေ၏။ ထိုအခါ သာမဏေကို မထေရ်သည် “သာမဏေ- ဆွမ်းစားခြင်းကိစ္စကို ပြုလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့ကား ဆွမ်းစားခြင်းကိစ္စ ပြုပါပြီလော”ဟု လျှောက်ပြန်သော် “ငါသည် ဆွမ်းစားခြင်းကိစ္စကို ပြုအပ်ပြီ၊ သင်သာ ပြုလော့”ဟု ဆိုသောအခါ ခုနစ်နှစ်ရှိသော သူငယ်သည် ရှင်သာမဏေပြု၍ ရှစ်ရက်မြောက်သောနေ့ဝယ် ထိုခဏ၌ ပွင့်သစ်သော ပဒုမ္မာကြာ၊ ဥပ္ပလကြာနှင့်တူစွာ အရဟတ္တဖိုလ်သို့ ရောက်တော်မူသဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်သင့်သောအရာကို ပစ္စဝေက္ခဏာ ဆင်ခြင်ကာနေလျက် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူ၏။ ပဏ္ဍိတသာမဏေသည် သပိတ်ကိုဆေး၍ သိမ်းဆည်းပြီးသောအခါ လနတ်သားသည် လကို လွှတ်လေ၏။ နေနတ်သားသည်လည်း နေကို လွှတ်လေ၏။ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည်လည်း အရပ်လေးမျက်နှာမှ အစောင့်အရှောက်ကို လွှတ်လေ၏။ နေသည် မွန်းတည့်သော အရပ်ဌာနမှ လျှောကျ၍ သွားလေ၏။ ရဟန်းတို့သည် “အရိပ်ကား ပိုလွန်သော ပမာဏရှိပြီ၊ နေသည် မွန်းတည့်ရာမှ လျှောကျ၍ သွားခဲ့ပြီ၊ သာမဏေသည်လည်း ယခုပင်လျှင် ဆွမ်းစားပြီး၏၊ ဤသို့ ဖြစ်ခြင်းကား အဘယ်နည်း”ဟု ကဲ့ရဲစကား ပြောကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူသဖြင့် ကြွလာတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်သနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ဤမည်သောအကြောင်းကို ပြောဆိုကြပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ချစ်သားရဟန်းတို့- ဪ- ဟုတ်ပေ၏၊ ဘုန်းကံရှိသောသူ၏ ရဟန်းတရားကို အားထုတ်ကြိုးပမ်း စီးဖြန်းသောအခါ လနတ်သားသည်လည်း လဝန်းကို ဆွဲငင်၍ တားမြစ်ထား၏၊ နေနတ်သားသည်လည်း နေဝန်းကို ဆွဲငင်၍ တားမြစ်ထား၏၊ နတ်မင်းကြီးလေးယောက်တို့သည်လည်း ဇေတဝန်ကျောင်းတော်အနီး အရပ်လေးမျက်နှာ၌ အစောင့်အရှောက်ကို ယူကြလေကုန်၏၊ သိကြားနတ်မင်းသည်လည်း တံခါးကြိုးဆွဲရာ၌ အစောင့်အရှောက်ကို ယူလေ၏။ ငါဘုရားသည်လည်း “ငါကား သစ္စာလေးပါးသိသော ဘုရားဖြစ်၏”ဟု ကြောင့်ကြမဲ့နေခြင်းငှာ မရဘဲ ကြွသွား၍ တံခါးမုခ်၌ ငါ၏သားတော်အား အစောင့်အရှောက်ကိုယူခဲ့ရလေပြီ၊ ထိုသာမဏေသည် ရေဆောင်သမားတို့ ရေမြောင်းဖြင့်သာလျှင် ရေဆောင်ယူကြသည်တို့ကိုလည်းကောင်း၊ မြားသမားတို့ မြားကိုဖြောင့်အောင် ပြုကြသည်တို့ကိုလည်းကောင်း၊ တံစဉ်းသမားတို့ သစ်တို့ကို ရွေကြသည်တို့ကိုလည်းကောင်း မြင်ရသဖြင့် ဤမျှလောက်သော အာရုံကိုယူပြီးလျှင် ပညာရှိသောသူတို့သည် မိမိကိုယ်ကို ဆုံးမလျက် အရဟတ္တဖိုလ်ကို ယူကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်ဆိုတော်မူလေ၏။

ဒေသနာတော်

[၈၀] ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

နေတ္တိကာ၊ ရေကို ဆောင်ယူတတ်ကုန်သော သူတို့သည်။ ဥဒကံ၊ ရေကို။ နယန္တိ၊ မိမိတို့လိုရာအရပ်သို့ ဆောင်ကြကုန်၏။ ဥသုကာရာ၊ လေးသမားတို့သည်။ တေဇနံ၊ မြားကို။ နမယန္တိ၊ ဖြောင့်အောင် ပြုလုပ်ကြကုန်၏။ တစ္ဆကာ၊ တံစဉ်းသမားတို့သည်။ ဒါရုံ၊ သစ်တုံးကို။ နမယန္တိ ၊ မိမိတို့အလိုရှိတိုင်း အဖြောင့်အကောက် ပြုလုပ်ကြကုန်၏။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိ၊ မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဏ္ဍိတသာမဏေဝတ္ထု ပြီး၏။