မာတိကာသို့ ခုန်သွားရန်

မဟာကဿပတ္ထေရပိဏ္ဍပါတဒိန္နဝတ္ထု

ဝီကီရင်းမြစ် မှ
2525ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၀။ မဟာကဿပတ္ထေရပိဏ္ဍပါတဒိန္နဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ပုပ္ဖဝဂ်

၁၀။ အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူသောတ္ထု

အပ္ပမတ္တော အယံ ဂန္ဓောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူဒါန်းခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နတ်သမီးတို့လှူသော ဆွမ်းကိုပယ်

တစ်ခုသောနေ့၌ ရှင်မဟာကဿပမထေရ်သည် ခုနစ်ရက်လွန်သဖြင့် နိရောဓသမာပတ်မှ ထတော်မူ၍ ရာဇဂြိုဟ်ပြည်၌ အစဉ်တိုင်း အိမ်စဉ်မပြတ် ဆွမ်းအလို့ငှာ လှည့်လည်ပေအံ့ဟု ထွက်ကြွတော်မူခဲ့လေ၏။ ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးဖြစ်ကုန်သော ခိုခြေအဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော ငါးရာသောနတ်သမီးတို့သည် “ရှင်မဟာကဿပမထေရ်အား ဆွမ်းကိုလှူအံ့”ဟု အားထုတ်ခြင်းရှိကုန်သည်ဖြစ်၍ ငါးရာသောဆွမ်းတို့ကို စီရင်ကာ ယူခဲ့ပြီးလျှင် ခရီးအကြား၌ နေလျက် “အရှင်ဘုရား- ဤဆွမ်းဘောဇဉ်ကို အလှူခံတော်မူကြပါ၊ တပည့်တော်မတို့အား ချီးမြှင့်တော်မူကြပါဘုရား”ဟု တောင်းပန် လျှောက်ကြားကြကုန်၏။ ထိုအခါ ရှင်မဟာကဿပမထေရ်သည် “သင်တို့ ဖဲသွားကြကုန်လော့၊ ငါကား ဆင်းရဲငြိုငြင် ပင်ပန်းနွမ်းနယ်သောသူတို့အား ချီးမြှင့်ခြင်းကို ပြုအံ့”ဟု မိန့်မြွက်တော်မူလေလျှင် “အရှင်ဘုရား တပည့်တော်မတို့အား မဖျက်ဆီးကြပါလင့်၊ တပည့်တော်မတို့အား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ပြန်သော် ရှင်မဟာကဿပမထေရ်မြတ်သည် သိပြီးဖြစ်၍ တစ်ဖန် ပယ်မြစ်သော်လည်း ဖဲသွားခြင်းငှာ အလိုမရှိသဖြင့် တောင်းပန်ပြန်ကုန်သော် နတ်သမီးတို့ကို “အသင်တို့သည် မိမိ၏ပမာဏကို မသိကြလေကုန်၊ ဖဲသွားကြလေကုန်လော့”ဟု မိန့်တော်မူ၍ လက်ဖျစ်တီးတော်မူ၏။

သိကြားမင်း သူအိုယောင်ဆောင်ခြင်း

နတ်သမီးတို့သည် မထေရ်၏ လက်ဖျစ်တီးသံကို ကြားရလျှင် ခိုင်ခံ့တည်တံ့စွာပြု၍ မျက်မှောက်တော်၌ တည်နေခြင်းငှာ မတတ်နိုင်ကုန်ရကား ထွက်ပြေးတိမ်းရှောင်ကာ တာဝတိံသာနတ်ပြည်သို့သာ ပြန်သွားရသဖြင့် သိကြားမင်းသည် “အသင်တို့- အဘယ်အရပ်သို့ သွားကြသနည်း”ဟု မေးအပ်ကုန်လတ်သော် “အရှင်သိကြားမင်း- နိရောဓ သမာပတ်မှထသော ရှင်မဟာကဿပအား ဆွမ်းလှူကြကုန်အံ့ဟု သွားကြပါသည်”ဟူ၍ လျှောက်တင်လေလျှင် “သင်တို့ လှူကြရကုန်၏လော”ဟု မေးပြန်သော် “မထေရ်မြတ်သည် ခံယူခြင်းငှာ အလိုမရှိပါ”ဟု လျှောက်တင်ကြကုန်၏။ “မထေရ်မြတ်သည် အဘယ်သို့ မိန့်တော်မူသနည်း”ဟု မေးပြန်သော် “အရှင်သိကြားမင်း- ဆင်းရဲငြိုငြင် ပင်ပန်းသောသူတို့အား ချီးမြှင့်ခြင်းကို ပြုအံ့”ဟု မိန့်တော်မူပါသည်ဟူ၍ လျှောက်တင်ကြလေကုန်၏။ “သင်တို့သည် အဘယ်သို့သော အသွင်ဖြင့် သွားရောက်ကြကုန်သနည်း”ဟု မေးပြန်သော် “အရှင်သိကြားမင်း- ဤယခုအသွင်ဖြင့်သာ သွားရောက်ကြပါသည်”ဟု လျှောက်ကြလေကုန်၏။ သိကြားမင်းသည် “အသင်တို့ကဲ့သို့ သဘောရှိကုန်သောသူတို့သည် မထေရ်မြတ်အား ဆွမ်းအလှူကို အဘယ်မှာ လှူနိုင်ရပေကုန်အံ့နည်း”ဟု ဆိုပြီးလျှင် မိမိကိုယ်တိုင် လှူလိုသည်ဖြစ်၍ အိုမင်းယွင်းယို ကြီးရင့်လေပြီးသော ကျိုးသောသွားရှိသော, ဖွေးဖွေးဖြူသော ဆံပင်ရှိသော, စနောင့်စနင်းကိုယ်ရှိသော ရက်ကန်းသည် သူအိုကြီးဖြစ်အောင် ဖန်ဆင်းလျက် မိဖုရား သုဇာတာ နတ်သမီးကိုလည်း ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော အမယ်အိုကြီးသဏ္ဌာန် ဖန်ဆင်းပြုလုပ်လျက် ရက်ကန်းသည် လမ်းခရီးတစ်ခုကို ဖန်ဆင်းပြီးလျှင် ရက်ကန်းချည်ကို ဖြန့်လျက်နေလေ၏။

(နိရောဓသမာပတ်ဟူသည် ဈာန်အားလုံး ဝင်စားပြီးသည့်အဆုံး၌ စိတ်စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးနှင့် စိတ်ကြောင့်ဖြစ်သော ရုပ်ခန္ဓာ မဖြစ်ပေါ်စေဘဲ ခုနစ်ရက်တိုင်အောင် ဒုက္ခချုပ်ငြိမ်းသော သမာပတ်တည်း။ ထိုသမာပတ်ကို ဈာန်အားလုံးရပြီးသော အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့သာ ဝင်စားနိုင်ကြသည်။)

ရှင်မဟာကဿပ ဆွမ်းခံကြွခြင်း

အရှင်မဟာကဿပ မထေရ်သည်လည်း “ဆင်းရဲငြိုငြင်ကုန်သောသူတို့အား ချီးမြှင့်ခြင်းကိုပြုအံ့”ဟု နှလုံးပြုလျက် မြို့သို့ ရှေးရှုကြွတော်မူသည်ရှိသော် မြို့ပြင်၌သာလျှင် ထိုလမ်းခရီးကိုမြင်၍ ကြည့်တော်မူလေလျှင် အဘိုးအို, အမယ်အို နှစ်ယောက်တို့ကို မြင်တော်မူလေ၏။ ထိုခဏ၌ သိကြားမင်းသည် ရက်ကန်းချည်ကို ဖြန့်၏။ သုဇာတာသည် ရက်ဖောက်ရောက်၏(လုံး၏)။ မထေရ်မြတ် ဆင်ခြင်တော်မူသည်မှာ “ဤသူအိုလင်မယားတို့သည် အိုမင်းကြီးရင့်သောအရွယ်သို့ကျ၍ ဇရာဒုဗ္ဗလအခါ၌သော်လည်း အသက်မွေးမှု ကိစ္စစုကို ပြုလုပ်ရကုန်သေး၏။ ဤမြို့၌ ဤသူတို့အောက် လွန်စွာဆင်းရဲသောသူသည် မရှိယောင်တကား(ရှိမည် ငါမထင်)။ ဤသူအိုမွဲတို့လှူအပ်သော တစ်ယောက်ချို တစ်မှုတ်မျှသော ဆွမ်းဟင်းကိုသော်လည်းကောင်း၊ ဟင်းရွက်ပြုတ်မျှကိုသော်လည်းကောင်း ခံယူသုံးဆောင်၍ သူအိုမွဲလင်မယားတို့အား ချီးမြှင့်ခြင်းကိုပြုအံ့”ဟု ဆင်ခြင်တော်မူပြီးလျှင် ထိုရှင်မဟာကဿပမထေရ်သည် ထိုသူအိုမွဲတို့၏ အိမ်သို့ ရှေးရှုကြွတော်မူလေ၏။

သိကြားမင်းသည်လည်း ကြွလာသော ရှင်မဟာကဿပမထေရ်ကိုမြင်လျှင် သုဇာတာကို ဤသို့ဆို၏။ “ချစ်နှမ- ငါ့အရှင်သည် ဤအရပ်သို့ ကြွလာတော်မူ၏။ သင်နှမသည် မမြင်ဘိသကဲ့သို့ ဟန်ဆောင်၍ တိတ်ဆိတ်စွာ အသာနေလော့။ ထိုခဏဖြင့်သာလျှင် မထေရ်မြတ်ကို လှည့်စား၍ ဆွမ်းလှူဒါန်းပေအံ့”ဟု ဆိုလေ၏။ ရှင်မဟာကဿပမထေရ်မြတ်သည်လည်း ကြွလာတော်မူ၍ ဤအိမ်တံခါး၌ ရပ်တန့်တော်မူ၏။ ထိုလူအိုမွဲ ဇနီးခင်ပွန်းတို့သည် မမြင်လေယောင်ဆောင်၍ မိမိ၏အမှုကိုသာလျှင် ပြုလုပ်ကုန်လျက် အနည်းငယ်မျှသောကာလကို ဆိုင်းငံ့၍ နေကြလေကုန်၏။

ထို့နောက်မှ သိကြားမင်းသည် “အိမ်တံခါးဝ၌ မထေရ်တစ်ပါး ရပ်တည်၍နေဘိ၏၊ စူးစမ်းစမ်းပါဦးရှင်မ”ဟု ဆိုလေ၏။ “အရှင်- အသင်တို့သာသွား၍ စူးစမ်းချေပါဦးလော့”ဟု ပြောဆိုလတ်သော် သူအိုအသွင်ဖန်ဆင်းထားသောသိကြားမင်းသည် အိမ်မှထွက်လာသဖြင့် မထေရ်ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ လက်နှစ်ဖက်တို့ဖြင့် ဒူးတို့ကိုထောက်၍ ညည်းတွားလျက် ထလာပြီးလျှင် “အရှင်မြတ်သည် အဘယ်မထေရ် ဖြစ်ပါလိမ့်မည်နည်း”ဟု အတန်ငယ် နောက်သို့ဆုတ်၍ “ငါ၏မျက်စိတို့သည် အခိုးလွှမ်းထုံ သီမှုန်လှကုန်၏”ဟု နဖူးပြင်၌ လက်ကိုထား၍ အထက်သို့ မော်ကြည့်ပြီးလျှင် “ဪ ဆင်းရဲလှ၏တကား၊ ငါတို့၏အရှင်ဖြစ်သော မဟာကဿပမထေရ်သည် ငါတို့၏အိမ်တံခါးဝသို့ ကြွလာတော်မူ၏။ အိမ်၌ တစ်စုံတစ်ခု လှူဖွယ်ဝတ္ထုရှိသလော”ဟု မေးလေ၏။ သုဇာတာသည် အတန်ငယ် ရှာဖွေမွှေနှောက်ဟန်ပြု၍ “အရှင်-ရှိပါသေးသည်”ဟု စကားတုံ့ပြန်လေ၏။ သိကြားမင်းသည်လည်း “အရှင်ဘုရား- ခေါင်းပါးရုန့်ရင်း ကြမ်းတမ်းခြင်းကိုလည်းကောင်း၊ မွန်မြတ်ခြင်းကိုလည်းကောင်း မရေမတွက် မကြံစည်မူ၍ မွဲအိုချွတ်ချော် တပည့်တော်တို့အား သနားကူပင့် ချီးမြှင့်တော်မူကြပါဘုရား”ဟု လျှောက်၍ သပိတ်ကို ယူ၏။

အရှင်မဟာကဿပမထေရ်သည်လည်း “ဤသူအိုမွဲတို့ လှူအပ်သောဝတ္ထုသည် ဟင်းရွက်ပြုတ်မူလည်းဖြစ်စေ၊ ဆန်ကွဲမုန့်ဆုပ်မူလည်းဖြစ်စေ ထိုသူမွဲတို့အား ချီးမြှင့်ခြင်းကို ပြုပေအံ့”ဟု နှလုံးပြု၍ သပိတ်ကို ပေးလေ၏။ သိကြားမင်းသည်လည်း အိမ်အတွင်းသို့ဝင်၍ ဆွမ်းမည်သည်ကို အိုးမှခူးပြီးလျှင် သပိတ်ကိုပြည့်စေလျက် မထေရ်၏လက်၌ ထားလေ၏။ ထိုဆွမ်းသည် များစွာသော စမဲဟင်းလျာနှင့် ပြည့်စုံသည်ဖြစ်၍ အလုံးစုံသော ရာဇဂြိုဟ်ပြည်တစ်ပြည်လုံးကို မွှေးကြိုင်သောအနံ့ဖြင့် လွှမ်းမိုးလေ၏။ ထိုအခါ အရှင်မဟာကဿပမထေရ်သည် “ဤယောက်ျားအိုကြီးကား နည်းသောဘုန်းကံရှိ၏(မွဲလှ၏)။ ဆွမ်းမူကား ဘုန်းကံကြီးမြတ်သောသူတို့၏ သုံးဆောင်စရာဖြစ်ပေ၏။ သိကြားမင်း၏ ဘောဇဉ်နှင့်တူ၏။ ဤသူကား အဘယ်သူဖြစ်ပါလိမ့်မည်နည်း”ဟု ဆင်ခြင်တော်မူလေ၏။

သာသနာတွင်း, သာသနာပ ကုသိုလ်ကွာခြားပုံ

ထိုသို့ဆင်ခြင်တော်မူသောအခါ ထိုသူအိုကြီးကို “သိကြားမင်းတည်း”ဟု သိတော်မူ၍ “သင်သိကြားမင်းသည် သူဆင်းရဲတို့အား ရထိုက်သော စည်းစိမ်ချမ်းသာကို လုယက်ဖျက်ဆီးသဖြင့် ဝန်လေးသောအမှုကို ပြုဘိ၏။ ယနေ့ ငါ့အား အလှူဒါနကိုပေးလှူ၍ တစ်စုံတစ်ယောက်သာလျှင်ဖြစ်သော သူဆင်းရဲသည် စစ်သူကြီးအရာကိုသော်လည်းကောင်း၊ သူဌေးကြီးအရာကိုသော်လည်းကောင်း ရလေရာ၏”ဟု မိန့်ဆိုတော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်အောက် လွန်စွာဆင်းရဲသောသူ မရှိပါ”ဟု လျှောက်ပြန်သဖြင့် “အသင်သိကြားမင်းသည် နတ်ပြည်၌ နတ်မင်း၏စည်းစိမ်ကို ခံစား၍နေရပါလျက် အဘယ်အကြောင်းကြောင့် ဆင်းရဲရသနည်း”ဟု မေးမြန်းတော်မူ၏။ “အရှင်ဘုရား- ထိုနတ်မင်းစည်းစိမ်ကို ခံစားရသောဟူသည် မှန်ပါ၏၊ ထိုသို့ပင် မှန်သော်လည်း တပည့်တော်သည် ဘုရားပွင့်တော်မမူမီ သာသနာပကာလ၌ ကုသိုလ်ကောင်းမှု ပြုစုအားထုတ်ရပါသည်။ ဘုရားပွင့်တော်မူသောအခါ၌ ကောင်းမှုကုသိုလ်ကို ပြုခဲ့ကြရကုန်၍ စူဠရထနတ်သား, မဟာရထနတ်သား, အနေကဝဏ္ဏနတ်သားဟူသော ဤသုံးယောက်သော တူမျှသော သဘောရှိကုန်သော နတ်သားတို့သည် တပည့်တော်၏ အနီးအပါးနေရာ၌ ဖြစ်ကြပါသည်။ တပည့်တော်ထက် လွန်စွာ တန်ခိုးအာနုဘော် ကြီးကြပါသည်။ ထိုနတ်သားတို့သည် နက္ခတ်သဘင်ကို ကစားကုန်အံ့ဟု အလုပ်အကျွေး အခြွေအရံတို့ကိုခေါ်၍ ခရီးမသို့ သက်ကုန်သည်ရှိသော် တပည့်တော်သည် ထွက်ပြေး၍ နေအိမ်ဗိမာန်တွင်းသို့ ဝင်နေရပါသည်။ ထိုနတ်သားတို့၏ ကိုယ်မှဖြစ်သော အရောင်အဝါတန်ခိုးသည် တပည့်တော်၏ကိုယ်ကို လွမ်းမိုးဖိစီးပါသည်။ တပည့်တော်၏ ကိုယ်မှထွက်သော အရောင်အဝါတန်ခိုးသည် ထိုနတ်တို့၏ကိုယ်ကို မလွှမ်းမိုးနိုင်ပါ။ အရှင်ဘုရား- တပည့်တော်အောက် လွန်စွာဆင်းရဲသောသူသည် အဘယ်မှာ ရှိပါအံ့နည်းဘုရား”ဟု လျှက်ကြားလေ၏။

“ဒကာတော်သိကြားမင်း- ဤသို့ပင်ဖြစ်သော်လည်း ဤနေ့ ဤအခါမှစ၍ နောက်နောက်သောကာလ၌ ငါ့အား ဤသို့လှည့်စားလျက် အလှူကို မလှူလေလင့်”ဟု မိန့်တော်မူလတ်သော် “လှည့်စား၍ အရှင်ဘုရားတို့အား အလှူကို လှူသည်ရှိသော် တပည့်တော်အား ကုသိုလ်ရရှိပါအံ့လော၊ မရဘဲပင် ရှိပါအံ့လော”ဟု လျှောက်ပြန်လေ၏။ “ဒါယကာသိကြားမင်း- ကောင်းမှုကုသိုလ်ကိုမူကား ရရှိ၏”ဟု မိန့်တော်မူသောအခါ “အရှင်ဘုရား- ဤသို့ဖြစ်ခဲ့သည်ရှိသော် ကုသိုလ်ကောင်းမှုပြုခြင်းမည်သည် ဒကာတော်၏ တာဝန်ပါဘုရား”ဟု လျှောက်ကြားလေ၏။ သိကြားမင်းသည် ဤသို့သောစကားကို လျှောက်ထားပြီးလျှင် အရှင်မဟာကဿပမထေရ်ကို ရှိခိုး၍ သုဇာတာမိဖုရားကို ခေါ်လျက် မထေရ်ကို လက်ယာရစ် လှည့်သည်ကိုပြုသဖြင့် ကောင်းကင်သို့ လှမ်းကြွပြန်တက်ပြီးလျှင်-

“အဟော ဒါနံ ပရမဒါနံ၊ ကဿပေ သုပ္ပတိဋ္ဌိတံ။”

“ဒါနံ၊ ငါ၏ အလှူဒါနသည်။ ပရမဒါနံ၊ မြတ်သော အလှူဒါန ဖြစ်လေစွတကား။ ကဿပေ၊ ဓူတင်ဆောင် ဧတဒဂ်ရ နိရောဓသမာပတ်မှ ထတော်မူသော အရှင်မဟာကဿပမထေရ်မြတ်ကြီး၌။ သုပ္ပတိဋ္ဌိတံ၊ ကောင်းစွာ တည်လတ်ပြီဖြစ်၍။ အဟော၊ ဪ လက်ဖျောက်တီး၍ အံ့ချီးဖွယ်ကောင်းသော အလှူဒါန ဖြစ်ခဲ့လေစွတကား”ဟု ဥဒါန်းကျူးရင့်လေ၏။

မြတ်စွာဘုရား ဥဒါန်းကျူးခြင်း

ထိုအခါ မြတ်စွာဘုရားသည် ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ထိုသိကြားမင်း၏ ဥဒါန်းကျူးသောအသံကို ကြားရ၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဝမ်းမြောက်စွာ ဥဒါန်းစကား ကျူးရင့်လျက် ကောင်းကင်ခရီးဖြင့် ပျံတက်သွားသော သိကြားနတ်မင်းကြီးကို ကြည့်ရှုကြကုန်လော့”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုသိကြားမင်းသည် အဘယ်သို့သောအမှုကို ပြုပါလေသနည်းဘုရား”ဟု မေးလျှောက်ကြကုန်သောအခါ “ထိုသိကြားမင်းသည် ငါ၏သားတော် ကဿပအား လှည့်စား၍ ဆွမ်းကိုလှူအပ်၏။ ထိုဆွမ်းကိုလှူပြီးလျှင် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်စွာ ရွတ်ဆိုအပ်သောဥဒါန်းကို ကျူးရင့်လျက် သွား၏”ဟု မိန့်ကြားတော်မူ၏။ “မြတ်စွာဘုရား- မထေရ်အား ဆွမ်းကိုလှူခြင်းငှာ သင့်၏ဟူ၍ ထိုသိကြားမင်းသည် အဘယ်သို့သောအခြင်းအရာဖြင့် သိအပ်သနည်းဘုရား”ဟု မေးလျှောက်ပြန်သော် “ချစ်သားရဟန်းတို့- ငါ့သား ကဿပနှင့်တူသော ပိဏ္ဍပါတ်ဆောက်တည်သော ဆွမ်းခံသွားလေ့ရှိသော ရဟန်းမည်သည်ကို နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ချစ်ခင်မြတ်နိုးကြကုန်၏”ဟု မိန့်တော်မူလေ၏။ ဤသို့သောစကားကို မိန့်တော်မူပြီးလျှင် ကိုယ်တော်မြတ်သည်လည်း ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏။

ပိဏ္ဍပါတိကဿ ဘိက္ခုနော၊ အတ္တဘရဿ အနညပေါသိနော။
ဒေဝါပိ ပိဟယန္တိ တာဒိနော၊ ဥပသန္တဿ သဒါ သတိမတော။

တာဒိနော၊ လောကဓံတရား ရှစ်ပါးတို့ကြောင့် တုန်လှုပ်ခြင်းမရှိသော တာဒိဂုဏ်နှင့်ပြည့်စုံထသော။ ဥပသန္တဿ၊ ငြိမ်းပြီးသော ကိလေသာရှိထသော။ သဒါ၊ အခါခပ်သိမ်း။ သတိမတော၊ သတိနှင့်ပြည့်စုံထသော။ အတ္တဘရဿ၊ မိမိကိုယ်ကို မိမိမွေးမြူနိုင်ထသော။ အနညပေါသိနော၊ သူတစ်ပါးတို့မွေးမြူအပ်သည် မဟုတ်သော။ ပိဏ္ဍပါတိကဿ၊ ဆွမ်းခံသွားလေ့ရှိထသော။ ဘိက္ခုနော၊ ရဟန်းအား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပိဟယန္တိ၊ ချစ်မြတ်နိုးကြကုန်၏။

ဤသို့သော ဥဒါန်းစကားကို ကျူးရင့်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ငါ့သားကဿပ၏ သီလတည်းဟူသောအနံ့ကြောင့် လာ၍ ဆွမ်းကို လှူဒါန်းရလေသတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ပန်းရနံ့ထက် သီလရနံ့ မွန်မြတ်

[၅၆] အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

တဂရစန္ဒနံ တဂရစန္ဒနာနံ၊ တောင်ဇလပ် စန္ဒကူးနီတို့၏။ ယွာယံ ဂန္ဓော၊ အကြင်အနံ့သည်။ အတ္ထိ၊ ရှိ၏။ အယံ ဂန္ဓော၊ ဤအနံ့သည်။ အပ္ပမတ္တော၊ နည်းသော အတိုင်းအရှည်ရှိ၏။ သီလဝတံ၊ သီလရှိကုန်သောသူတို့၏။ ယော စ ဂန္ဓော၊ အကြင် သီလတည်းဟူသော အနံ့သည်။ အတ္ထိ၊ ရှိ၏။ သော ဂန္ဓော၊ ထိုသီလတည်းဟူသော အနံ့သည်။ ဥတ္တမော၊ ထူးကဲလွန်မြတ်သည်ဖြစ်၍။ ဒေဝေသု၊ နတ်တို့၌။ ဝါတိ၊ လှိုင်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူသောဝတ္ထုပြီး၏။