မဟာကဿပတ္ထေရဝတ္ထု -၂
အရဟန္တဝဂ်
၂။ မဟာကဿပမထေရ်ဝတ္ထု
ဥယျုဉ္ဇန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်မဟာကဿပအား ရဟန်းတို့ ကဲ့ရဲ့ခြင်း
အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ဝါကျွတ်တော်မူလတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရားသည် လခွဲလွန်သောအခါ ဒေသစာရီ ကြွချီတော်မူပေအံ့”ဟု ရဟန်းတို့အား မိန့်ကြားသိစေတော်မူ၏။
ရဟန်းတို့သည် မိမိတို့၏ သပိတ်ဖုတ်ခြင်း စသည်တို့ကို ပြုကြကုန်သည်ရှိသော် အရှင်မဟာကဿပမထေရ်သည်လည်း သင်္ကန်းတို့ကို ဖွပ်လျှော်တော်မူလေ၏။ ရဟန်းတို့က “အဘယ့်ကြောင့် မထေရ်သည် သင်္ကန်းတို့ကို ဖွပ်လျှော်ဘိသနည်း။ ဤရာဇဂြိုဟ်ပြည်၌ မြို့တွင်း၌လည်းကောင်း၊ မြို့ပ၌လည်းကောင်း တစ်ဆယ့်ရှစ်ကုဋေကုန်သော လူတို့သည် နေကြကုန်၏။ ထိုသူတို့တွင် အကြင်သူတို့သည် ရှင်မဟာကဿပမထေရ်၏ အဆွေအမျိုးမဟုတ်ကုန်၊ ထိုသူတို့သည် အလုပ်အကျွေးဖြစ်ကြကုန်၏။ အကြင်သူတို့သည် အလုပ်အကျွေးမဟုတ်ကုန်၊ ထိုသူတို့သည် ဆွေမျိုးဖြစ်ကြကုန်၏။ မထေရ်အား ပစ္စည်းလေးပါးတို့ဖြင့် မြတ်နိုးတနာ ပူဇာသက္ကာရကို ပြုကြကုန်၏။ ဤမျှလောက်သော ကျေးဇူးဥပကာရကို ပယ်စွန့်၍ ဤမထေရ်သည် အဘယ်အရပ်သို့ သွားနိုင်အံ့နည်း။ အကယ်၍ သွားခဲ့ငြားအံ့၊ မာပမာဒကန္ဒရချောက်မှ အလွန်သွားနိုင်လိမ့်မည်မဟုတ်”ဟု ကဲ့ရဲ့ကြလေကုန်၏။
ဘုရားရှင်သည်လည်း ဒေသစာရီ ကြွချီတော်မူလတ်သောအခါ ကြံစည်တော်မူသည်မှာ “ဤပြည်၌ မြို့တွင်း၌လည်းကောင်း၊ မြို့ပ၌လည်းကောင်း တစ်ဆယ့်ရှစ်ကုဋေကုန်သော လူတို့သည် နေကြကုန်၏၊ လူတို့၏ သုမင်္ဂလ, ဒုမင်္ဂလအရာတို့၌ ရဟန်းတို့ သွားသင့်၏၊ ကျောင်းတိုက်ကို အချည်းနှီးပြုခြင်းငှာ မတတ်ကောင်း။ အဘယ်သူကို ပြန်နစ်စေရအံ့နည်း”ဟု ကြံစည်တော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားအား ဤသို့အကြံ ဖြစ်တော်မူ၏။ “ဤလူတို့သည် မဟာကဿပ၏ အဆွေအမျိုးတို့သည်လည်းကောင်း၊ အလုပ်အကျွေးတို့သည်လည်းကောင်း ဖြစ်ကုန်၏၊ ငါ့သားကြီးကဿပကို ပြန်နစ်စေခြင်းငှာ သင့်လျော်၏”ဟု အကြံဖြစ်တော်မူ၍ မြတ်စွာဘုရားသည် ရှင်မဟာကဿပကို “ချစ်သားကဿပ- ကျောင်းတိုက်ကို အချည်းနှီးပြုခြင်းငှာ မတတ်ကောင်း။ လူတို့၏ သုမင်္ဂလ, ဒုမင်္ဂလအရာတို့၌ ရဟန်းတို့ဖြင့် အလိုရှိ၏။ သင်သည် မိမိပရိသတ်နှင့်အတူ ပြန်နစ်လေလော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ရှင်မဟာကဿပသည် ပရိသတ်ကိုခေါ်၍ ပြန်နစ်လေ၏။ ထိုအခါ ရဟန်းတို့သည် “ငါ့ရှင်တို့- သင်တို့ မြင်အပ်ပြီလော၊ ယခုပင်လျှင် ငါတို့ဆိုအပ်သည် မဟုတ်တုံလော၊ ရှင်မဟာကဿပသည် အဘယ့်ကြောင့် သင်္ကန်းကို ဖွပ်လျှော်ဘိသနည်း။ ဤအရှင်မဟာကဿပသည် ဘုရားရှင်နှင့် အတူမလိုက်လတ္တံ့ဟု ငါတို့ဆိုအပ်သောစကားအတိုင်းသာ ဖြစ်၏”ဟု ကဲ့ရဲ့ရှုတ်ချကြလေကုန်၏။
ရွှေလမင်းနှင့်တူကြောင်း ဘုရားချီးမွမ်းခြင်း
မြတ်စွာဘုရားသည် ရဟန်းတို့၏စကားကို ကြားရလျှင် ပြန်လည်ရပ်တန့်တော်မူလျက် “ချစ်သားရဟန်းတို့- အဘယ်မည်သော စကားကို ပြောဆိုကြကုန်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ရှင်မဟာကဿပမထေရ်ကို အကြောင်းပြု၍ တပည့်တော်တို့ ပြောဆိုကြပါသည်ဘုရား”ဟု မိမိတို့ကိုယ်တိုင် ပြောဆိုပြီးသောနည်းဖြင့်သာလျှင် အလုံးစုံသောအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ထိုစကားကို ကြားတော်မူရသဖြင့် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- သင်တို့သည် ငါ့သားကဿပကို အလုပ်အကျွေး ဒါယကာတို့၌လည်းကောင်း၊ ပစ္စည်းတို့၌လည်းကောင်း ကပ်ငြိသောစိတ်ရှိ၏ဟု ဆိုချင်ကြကုန်၏။ ငါ့သားကဿပသည် ငါဘုရား၏စကားကို လိုက်နာအံ့ဟု ပြန်နစ်လေ၏၊ ဤကဿပသည် ရှေးဘဝ ဆုတောင်းစဉ်ကပင် ပစ္စည်းလေးပါးတို့၌ ငြိတွယ်ခြင်းမရှိ၊ လမင်းနှင့်တူသော ဥပမာရှိသည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းကို ပြုခဲ့၏။ ထိုကဿပကား ဒါယကာ၌လည်းကောင်း၊ ပစ္စည်းလေးပါး၌လည်းကောင်း ငြိတွယ်ခြင်းမရှိ။ ငါဘုရားသည် လနှင့်တူသော အကျင့်မြတ်ကိုလည်းကောင်း၊ အရိယဝံသအကျင့်မြတ်ကိုလည်းကောင်း ဟောသည်ရှိသော် ငါ့သားကဿပကိုအစပြု၍ ဟောတော်မူရ၏”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အခါ၌ မထေရ်မြတ်သည် ဆုတောင်းခြင်း ပြုပါသနည်းဘုရား”ဟု မေးလျှောက်ကြကုန်၏။ “ချစ်သားရဟန်းတို့- နာကြားလိုကြကုန်သလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- နာကြားလိုကြပါသည်ဘုရား”ဟု လျှောက်ထားကြလေကုန်၏။
မြတ်စွာဘုရားသည် ရဟန်းတို့အား “ချစ်သားရဟန်းတို့- ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရမည်သော ဘုရားရှင်သည် လောက၌ ထင်ရှားပွင့်တော်မူလေ၏” စသည်ဖြင့် ဟောကြားတော်မူပြီးလျှင် ပဒုမုတ္တရဘုရားရှင်၏ ခြေရင်းတော်၌ မထေရ်သည် ထားအပ် တောင်းဆိုအပ်သော ဆုတောင်းခြင်းကို အစပြု၍ မထေရ်၏ အလုံးစုံသော ရှေးအကျင့်ကို ဟောတော်မူလေ၏။ ထိုအကြောင်းကို ထေရပါဠိတော်၌ အကျယ်ချဲ့ အပ်သည်သာလျှင်တည်း။ ဘုရားရှင်သည်ကား ရှင်မဟာကဿပမထေရ်၏ ဤရှေးအကျင့်ကို အကျယ်ချဲ့ကာ ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤသို့လျှင် ငါဘုရားသည် လနှင့်တူသော အကျင့်မြတ်ကိုလည်းကောင်း၊ အရိယဝံသ အကျင့်မြတ်ကိုလည်းကောင်း ငါ့သားဖြစ်သော ကဿပကိုအစပြု၍ ဟောတော်မူရ၏။ ငါ့သားဖြစ်သော ကဿပအား ပစ္စည်းတို့၌လည်းကောင်း၊ ဒါယကာတို့၌လည်းကောင်း၊ ကျောင်းတို့၌လည်းကောင်း၊ ပရိဝုဏ်တို့၌လည်းကောင်း ကပ်ငြိခြင်းမည်သည် မရှိ၊ ညွှန်ပျောင်းသို့ သက်ဆင်း၍ ညွှန်ပျောင်း၌ ကျင်လည်ကျက်စား သွားလာသော ဟင်္သာမင်းကဲ့သို့ တစ်စုံတစ်ခုသောအာရုံ၌ ငါ့သားကဿပသည် မငြိမကပ်သည်သာလျှင်တည်း”ဟု အနုသန္ဓေစပ်၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
ဒေသနာတော်
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။
သတီမန္တော၊ ပြန့်ပြောသော သတိရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။ ဥယျုဉ္ဇန္တိ၊ ဝသီဘော်ငါးပါးတို့ဖြင့် လုံ့လပြုကြကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ နိကေတေ၊ တွယ်တာစရာ နေရာအရပ်၌။ န ရမန္တိ ၊ မမွေ့လျော်ကြကုန်။ ဟံသာ၊ ဟင်္သာငှက်တို့သည်။ ပလ္လလံ၊ ကျက်စားရာညွန်ပျောင်းကို။ ဟိတွာ၊ မငဲ့မကွက်စွန့်ပစ်၍။ ဂစ္ဆန္တိ ဣဝ၊ သွားကြလေကုန်သကဲ့သို့။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ဩကမောကံ၊ တွယ်တာစရာ နေရာတိုင်းကို။ ဇဟန္တိ၊ စွန့်ပယ်ကြကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။