မဟာကဿပတ္ထေရဝတ္ထုဂါထာ -၂
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂-မဟာကဿပတ္ထေရဝတ္ထု
၉၁။ ဥယျုဉ္စန္တိ သတိမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်ကစ၍ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမတို့၌ မကပ်ငြိပဲ ချဉ်းကပ်လို၏ဟု ဆုတောင်းခဲ့သော အရှင်မဟာကဿပထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာအဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
သတိမန္တော၊ သတိရှိကုန်သော။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ဈာနဝိပဿနာဒီသု၊ ထိုးထွင်း၍ သိအပ်ကုန်သော ဈာန် ဝိပဿနာစသည်တို့၌။ ဥယျုဉ္စန္တိ၊ လုံ့လပြုကြကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ နိကေတေ၊ တည်ရာကာမဂုဏ်၌။ န ရမန္တိ၊ မမွေ့လျော်ကြကုန်။ ဟံသာ၊ ဟင်္သာငှက်တို့သည်။ ပလ္လလံ၊ ကျက်စားရာညွှန်ပျောင်းကို။ ဟိတွာ၊ စွန့်ခွါလျက်။ (ဂစ္ဆန္တိ ဣဝ၊ ပျံသွားကုန်သကဲ့သို့။) ဩကမောကံ၊ မှီရာတဏှာဟူသမျှကို။ ဇဟန္တိ၊ စွန့်၍ သွားကုန်၏။
စကားပြေ
ဟင်္သာငှက်တို့သည် ကျက်စားရာ ညွှန်ပျောင်းတို့ကို စွန့်ခွာ၍ ထိုကျက်စားရာနေရာကို မငဲ့ပဲသွားကုန်သကဲ့သို့ သတိရှိ၍ ဈာန်ဝိပဿနာတရားတို့ကို အားထုတ်ပြီးလျှင် ကာမဂုဏ်၌ မမွေ့လျော်ကြသော ရဟန္တာပုဂ္ဂိုလ်တို့သည် မှီရာတဏှာဟူသမျှကို စွန့်၍ သွားကြကုန်၏။
သတိမန္တော— သတိရှိကုန်သော ရဟန္တာပုဂ္ဂိုလ်ရ၏။
နိကေတေ— အာလယတဏှာရ၏။
ဩကမောက— အာလယတဏှာရ၏။
ဟံသာ— ဟင်္သာကိုသာ မယူရ ငှက်အပေါင်းကို ယူရမည်။
ဥပမာ— စားကျက်ပြည့်စုံသော ညွှန်ပျောင်း၌ ငှက်တို့သည် မိမိ၏ အစာကို ယူ၍ ပျံသွားသောအခါ၌ ငါ၏ရေ ငါ၏ကြာဟု စားကျက်ကို ကပ်ငြိခြင်းမရှိပဲ ထိုကျက်စားရာကိုစွန့်၍ ပျံပြီးလျှင် ကောင်းကင်၌ မြူးထူးကြကုန်သကဲ့သို့ ထို့အတူ ရဟန္တာပုဂ္ဂိုလ်တို့သည် ထိုထိုအရပ်၌ နေသည်ရှိသော် ဒါယကာ ဒါယိကာမ စသည်တို့ကို ကပ်ငြိခြင်းမရှိပဲ နေထိုင်၍ သွားသောအခါ ငါ၏ကျောင်း ငါ၏အာရာမ် ငါ၏အလုပ်အကျွေးဟု ကပ်ငြိခြင်းမရှိပဲ ထိုထိုအရပ်တို့ကိုစွန့်၍ သွားကြကုန်၏။
ပါဠိသဒ္ဒါခက်ဆစ်
နိကေတေ = နိကေတတိ နိဝါသတိ ဧတ္ထ ဣတိ နိကေတော။ နိ + ကိတ် + ဏ။
ဟံသာ = ဟသန္တိ ဟံသော။ ဟန် + သ။
ပလ္လလံ = ပလ္လယတိ ရက္ခတိ ဥဒကန္တိ ပလ္လလံ။ ပလ္လ + အလ။
မဟာကဿပတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၇-အရဟန္တဝဂ်
၂-မဟာကဿပတ္ထေရဝတ္ထုပါဠိဂါထာ
ဟံသာဝ ပလ္လလံ ဟိတွာ, ဩကမောကံ ဇဟန္တိ တေ။
သတိမန္တော၊ လွန်စွာသတိရှိသော ရဟန္တာအရှင်မြတ်တို့ သည်။ ဥယျုဉ္ဇန္တိ၊ ဈာန်ဝိပဿနာ, အစဖြာသည့်, ရရာဂုဏ်၌, ဝသိ ဘော်ဆိုက်အောင်, နှစ်ခြိုက်ရွှင်ပျ, အားထုတ်ကြလေ၏။ တေ၊ ထိုရဟန္တာအရှင်မြတ်တို့သည်။ နိကေတေ၊ အာရုံ၅ဖြာ, နေရာ ဌာန, ဟူသမျှ၌။ န ရမန္တိ၊ စွဲမြဲရွှင်ပျော်, မမွေ့လျော်ကြကုန်။ ဟံသာ၊ ဟင်္သာငှက်တို့သည်။ ဝါ၊ ရေတွင်ကျက်စား, ငှက်အများတို့ သည်။ ပလ္လလံ၊ ရွှံ့ညွန်အိုင်ကို။ ဟိတွာ၊ စွန့်ခွာ၍။ (ဂစ္ဆန္တိ) ဣဝ၊ ကောင်းကင်စခန်း, မြူးရွှင်လန်းလျက်, ပျံသန်းသွားကုန်သကဲ့သို့။ (ဧဝမေဝ၊ သာလျှင်။) တေ၊ ထိုရဟန္တာအရှင်မြတ်တို့သည်။ ဩကမောကံ (ဩကံ+ဩကံ)၊ အာရုံ၅ဖြာ, နေရာဌာန, ဟူသမျှကို။ ဇဟန္တိ၊ မငဲ့မကွက်, ထည့်မတွက်ဘဲ, စိတ်စက်ကြည်စွာ, စွန့်ခွာ တော်မူကြကုန်၏။ (ပါ-၉၁)
နိကေတေ။ ။ နိကေတန္တိ နိဝသန္တိ ဧတ္ထာတိ နိကေတော၊ နိကိတတိ နိဝသတိ ရမ္မတိ ဝါ ဧတ္ထာတိ နိကေတံ၊ [နိ+ကိတ+ဏ၊-နမက္ကာရဋီကာ။] နိကေတ၏အနက်ကို “(၁) ဥယျာဉ် ဘုံ ဗိမာန် အိမ်စသော နေရာဌာန, (၂) ၅ဖြာအာရုံကာမဂုဏ်, (၃) လောကီအာရုံ ၆ပါး, (၄) ကာမတဏှာ” ဟု ၄မျိုးတွေ့ရ၏၊ မည်သို့ပင် ကွဲစေကာမူ မူရင်းအနက်မှာ နိဝါသ(နေ ရာဌာန) အနက်သာတည်း။ “ယတ္ထ ကတ္ထစိ ဝိဟရန္တာ ကုလာဒီသု”စသော အဋ္ဌကထာဖွင့်အရ ဤ၌ “ဝိဟာရ, ပရိဝေဏ, ဥပဋ္ဌာက”တို့ကို နိကေတ ဟု ဆိုလိုသည်၊ ထိုဝိဟာရစသည်တို့သည် ပရမတ္ထအားဖြင့် အာရုံ၅ပါး တည်း၊ ကိလေသာတို့၏ တည်ရာဖြစ်သောကြောင့် အာရုံ၅ပါးကို “နိကေတ”ဟု ဆိုရသည်။ (ဒီ၊ဋ္ဌ၊၃၊၁၀၂၊ ဒီ၊ဋီ၊၃, ၁၀၁၊ သံ၊ဋ္ဌ၊၂၊၂၄၀၊ သံ၊ဋီ၊၂၊၂၁၀၊ ထေရ၊ဋ္ဌ၊၁၊၁၂၆၊ ဇာ၊ဋီ၊၂၂၊ ၅၃၉)
ဩကမောကံ။ ။ “ဩကံ”ဟုတည်၊ ဝိစ္ဆာဘိက္ခညေသု ဒွေ(မောဂ်-၁၊၅၄)သုတ်ဖြင့် “ဩကံ ဩကံ”ဟု ဒွိရုပ်(၂ပုဒ်)ပြု၊ နိဂ္ဂဟိတ်ကို မ-ပြု၍ ရုပ်ပြီးစေရာ၏၊ “အဝတိ ဧတ္ထ ဂစ္ဆတိ ပဝတ္တတီတိ ဩကံ”ဟုပြု။
မဟာကဿပတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။