မာတိကာသို့ ခုန်သွားရန်

မဟာဇနကဇာတ်တော်ကြီး/အခန်း-၀၃

ဝီကီရင်းမြစ် မှ
မဟာဇနကဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃။ မိဖုရားကြီး ကာလစမ္ပာနဂိုရ် ရောက်ခန်း
2541မဟာဇနကဇာတ်တော်ကြီး — ၃။ မိဖုရားကြီး ကာလစမ္ပာနဂိုရ် ရောက်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

သိကြားမင်းလည်း ရထားနှင့် မိဖုရားကိုဆောင်ယူ၍နှင်လေသော် ခဏချင်းဖြင့် မိထိလာပြည်မှ ယူဇနာ၃၀-ကွာသော အရပ်တစ်ခု၌ မြစ်နားသို့ရောက်သောအခါ ရထားကိုတန့်နား၍ မိဖုရားကြီးကိုနှိုးပြီးလျှင်

“ချစ်သမီး။ ဤမြစ်၌ ရေချိုးချေတော့။ ရေချိုးပြီးလျှင် သင့် အိပ်ရာဦးခေါင်းရင်း၌ထားသော ထိုအဝတ်စုံတို့ကိုဝတ်ဆင်လျက် ရထားတွင်း၌ထားအပ်သော ထမင်းထုပ်မှ ထမင်းဘောဇဉ်တို့ကိုယူ၍ သုံးဆောင်လေ”ဟုဆို၏။

မိဖုရားကြီး အိပ်ရာမှထ၍ သိကြားမင်းဆိုတိုင်း ရေချိုးခြင်း, ဝတ်စားခြင်းတို့ကိုပြုပြီးသော် တစ်ဖန် ထိုအိပ်ရာ၌ပင် လျောင်းခါမျှဖြင့် အိပ်ပျော်ခြင်းသို့ ရောက်ပြန်လေ၏။ သိကြားမင်းသူအိုလည်း ရထားကို အဖြည်းအသာနှင်၍ ညချမ်းသောအခါ ကာလစမ္ပာနဂိုရ်ပြည်၏ တောင်တံခါးအနီးသို့ ရောက်လေသော် မိဖုရားကြီးကို နှိုး၏။ မိဖုရားကြီးလည်း နိုးပြီးကြည့်လတ်လျှင် မြို့, ပြ, တန်ဆောင်း, ပစ္စင်, ရင်တား, တံခါးမုခ်တို့ကိုမြင်သဖြင့်-

“ဘိုးအေ ဤရှေ့ကမြို့ကား အဘယ်မြို့နည်း”ဟု မေး၏။

သိကြားမင်းသူအိုလည်း “ချစ်သမီး။ ကာလစမ္ပာနဂိုရ်ဆိုသည် ဤမြို့ မဟုတ်လော”ဟု ဆို၏။

မိဖုရားကြီးလည်း “ဘိုးအေ။ အသို့ ဆိုရသနည်း။ ကျွန်ုပ်တို့ကြားဖူးသည်မှာ ကျွန်ုပ်တို့ပြည်မှ ကာလစမ္ပာနဂိုရ်ပြည်သည် ယူဇနာ၆၀ ကွာဝေး၏တကား။ နေ့ချင်းဖြင့် အသို့လျှင် ရောက်နိုင်ပါအံ့နည်း”ဟု ဆို၏။

သိကြားမင်းလည်း “ချစ်သမီး ကြားဖူးတိုင်းပင် ယူဇနာ၆၀-ကွာသည် မှန်၏။ ဘိုးအေမှာမူကား ဤအရပ်၌ ကျွမ်းကျင်သူဖြစ်၍ ခရီးဖြောင့်ကိုသိသောကြောင့် ယခုနေ့ချင်း ဤပြည်သို့ ရောက်နိုင်လေသည်”ဟု ဆို၏။

ဤသို့ပြောဆိုပြီးလျှင် သိကြားမင်းသည် “ချစ်သမီး။ သင်မူကား ယခု လိုရာရောက်ပြီ။ ဘိုးအေမှာမူကား သွားရာခရီး ဝေးသေးသည်ဖြစ်၍ သွားရဦးမည်။ ဤအရပ်၌ဆင်း၍ သင်ချစ်သမီး မြို့တွင်းသို့ ဝင်လေလော့”ဟုဆိုပြီးလျှင်၊ မိဖုရားကြီးကို ထိုအရပ်၌ချထား၍ ရထားဖြင့် မိဖုရားကြီး မျက်စိဆုံးလောက်ရုံတိုင်အောင် သွားဟန်မူ၍ တာဝတိံသာသို့ တက်လေ၏။

မိဖုရားကြီးလည်း ကာလစမ္ပာနဂိုရ်ပြည်၏ တောင်တံခါးအပြင် မနီးမဝေးတွင် တစ်ဆောင်သောဇရပ်၌ဝင်နားကာနေလေ၏။

ထိုအခါ ထိုပြည်၌ ဗေဒင်စသောအတတ်တို့ကို ဆောင်ရွက်၍ အရပ်မျက်နှာတို့၏ ဆရာအကြီးပြုလျက် ဗြာဟ္မဏမဟာသာလ ဖြစ်၍လည်းကောင်း၊ အလုံးစုံသော အတတ်မျိုးတို့ကို တတ်သဖြင့် အရပ် ၈-မျက်နှာတို့၌နေကုန်သော မင်းသား, ပုဏ္ဏားသား, သူဌေးသူကြွယ်သား အမျိုး ၄-ပါးတို့၏ အတတ်သင်ရာ ဆရာဖြစ်၍လည်းကောင်း ကျော်စောထင်ရှားခြင်းကြောင့် ဥဒိစ္စပုဏ္ဏားဟု ခေါ်ဝေါ်အပ်သော ဒိသာပါမောက္ခ ဆရာကြီးသည် တပည့် ၅၀၀ အခြံအရံနှင့်တကွ ထိုနေ့ညချမ်းသောအခါ၌ “ရေချိုးအံ့”ဟု တောင်တံခါးဖြင့် ထွက်လာလတ်၍ အဝေးကပင်လျှင် ဇရပ်ပေါ်၌ အရွယ်အဆင်း တင့်တယ်ခြင်းနှင့်ပြည့်စုံစွာသော မိဖုရားကြီးကိုမြင်လေသော်၊ မိဖုရားကြီးဝမ်း၌ ပိုက်လျက်ပါလာသော ဘုရားလောင်း၏ ဘုန်းအာနုဘော်အစွမ်းဖြင့် မြင်သည်နှင့်တစ်ပြိုင်နက်ပင်လျှင် ကာလလျားစွာ ကွေကွင်းလေပြီးသော တစ်မိတစ်ဘတည်းပေါက်ဖွားသော နှမငယ်ကို ယခုမှတွေ့ကြုံရသကဲ့သို့ အပြစ်ကင်းသော နှမ၏ချစ်ခြင်းဖြင့် ဗြဟ္မစိုရ်မေတ္တာရေသက်ပြီးသော် မိမိအခြံအရံဖြစ်သော ပုဏ္ဏားလုလင်ပျိုတို့ကို လွတ်ရာဖယ်ခွာစေပြီးလျှင် တစ်ယောက်တည်းချင်း ဇရပ်သို့ဝင်၍- “နှမထွေး။ သင် အဘယ်အရပ်သူပေနည်း”ဟု မေး၏။

မိဖုရားကြီးသည်လည်း “မောင်ကြီး။ အကျွန်ုပ်ကား မိထိလာပြည်ကိုအစိုးရသော အရိဋ္ဌဇနကမင်း၏ မိဖုရားကြီးဖြစ်သတည်း”ဟု ဆို၏။

ပါမောက္ခဆရာလည်း “အမယ်။ ထိုသို့သော မိဖုရားစင်လျက် ဤဝေးစွာသောအရပ်သို့ အဘယ်အကြောင်းကြောင့် တစ်ယောက်တည်း လာခဲ့သနည်း”ဟု ဆို၏။ မိဖုရားလည်း “မောင်ကြီး။ ဤအရပ်သို့ အကျွန်ုပ်လာရသည်ကား ပေါလဇနကအမည်ရှိသော အိမ်ရှေ့မင်းသည် ဤမည်သောအကြောင်းဖြင့် ထောင်ထား၍ အကျွန်ုပ်ကျေးဇူးရှင် ဆုံးချေသောကြောင့် ကိုးကွယ်ရာမဲ့ဖြစ်၍ ပဋိသန္ဓေကိုစောင့်ရှောက်ခြင်းငှာ တစ်ယောက်တည်းချင်း ထွက်လာခဲ့လျှင် ခရီးလမ်းအကြား၌ အဘိုးအိုတစ်ယောက် ရထားနှင်လာသည်ကို တွေ့ကြိမ်ပေသောကြောင့် ထိုရထားရှင်ကိုပင် အမှီပြု၍ ဤပြည်သို့ အကျွန်ုပ် ရောက်လာပါသည်”ဟု ဆို၏။

ပါမောက္ခဆရာလည်း “အမယ်။ ဤပြည်၌ သင်နှင့်တော်စပ်သူ အဆွေအမျိုး တစ်စုံတစ်ယောက် ရှိပါ၏လော”ဟု မေး၏။

“မောင်ကြီး။ ဤပြည်၌ အဆွေအမျိုး, သိကျွမ်းသူ တစ်စုံတစ်ယောက်မျှ အကျွန်ုပ်မှာ မရှိ”ဟုဆို၏။

ပါမောက္ခဆရာလည်း “အမယ်။ ယင်းသို့တပြီးကား မစိုးရိမ်ပါလင့်။ အကျွန်ုပ်သည် ဤပြည်၌ ဗြာဟ္မဏမဟာသာလ ဖြစ်၍လည်းကောင်း၊ အလုံးစုံသော အတတ်မျိုးတို့ကိုတတ်သဖြင့် အရပ် ၈-မျက်နှာတို့၌နေကုန်သော မင်းသား, ပုဏ္ဏားသား, သူဌေးသူကြွယ်သား အမျိုး ၄-ပါးတို့၏အတတ်သင်ရာ ဆရာဖြစ်၍လည်းကောင်း ဒိသာပါမောက္ခဆရာဟူ၍ ကျော်စောထင်ရှားသော ပုဏ္ဏားသူကြွယ်ပင်တည်း။ အဝတ်အစား, အသုံးအဆောင် ငြိုငြင်ဆင်းရဲမည်ဟူ၍ မစိုးရိမ်နှင့်။ နှမရင်းကဲ့သို့မှတ်၍ အကျွန်ုပ် ကျွေးမွေးပြုစုပါမည်။ သင်ကလည်း အကျွန်ုပ်ကို မောင်ကြီးကဲ့သို့မှတ်၍ ယခု ကျွန်ုပ်ခြေကိုဖက်လျက် “ကာလရှည်ကြာစွာကွဲပြီးမှ မောင်ကြီးကို မသေမပျောက်တွေ့ရပေသည်”ဟု မြည်တမ်းငိုကြွေးလော့”ဟု ဆို၏။

မိဖုရားလည်း ပါမောက္ခဆရာဆိုတိုင်း ခြေကိုဖက်၍ သည်းစွာငိုကြွေးလေ၏။

ပါမောက္ခဆရာသည်လည်း “ငါ့နှမကို ယခုမှ မသေမပျောက် တွေ့ရပေတော့သည်”ဟု ငိုကြွေးလေ၏။

နှစ်ဦးသောသူတို့၏ ငိုကြွေးသံကိုကြားလျှင် တပည့် ပုဏ္ဏားလုလင်ပျိုတို့သည် ဇရပ်သို့ စည်းဝေးလာကြ၍- “ဆရာ။ အဘယ့်ကြောင့် ငိုကြွေးဘိသနည်း”ဟု မေးကြကုန်၏။

ပါမောက္ခပုဏ္ဏားလည်း “အမောင်တို့ နှစ်လရှည်စွာ ကွဲလေပြီးသော ဤငါ့နှမကို ယခုမှ မသေမပျောက် တွေ့ရပြန်သောကြောင့် နှလုံးကြည်နူးခြင်းဖြစ်၍ ငိုရတော့သည်”ဟုဆိုလျှင် တပည့်လုလင်ပျိုတို့သည်-“ဆရာ။ ကွဲလေပြီးသော ပေါက်ဖော်ဆွေမျိုးကို တွေ့မြင်ရပေသည်ကား အလွန်ကောင်း၏။ ဆောင်ရွက်ရန်ရှိသည်ကို အကျွန်ုပ်တို့ ဆောင်ရွက်ပါကုန်အံ့။ စိုးရိမ်တော်မမူပါလင့်”ဟု ဆိုကြကုန်၏။

ပါမောက္ခပုဏ္ဏားလည်း “အမောင်တို့။ ငါ့နှမစီးရန် အိမ်မှာသွား၍ ရထားပေါင်းချုပ်ကို ယူချေကုန်”ဟု စေလွှတ်လိုက်သဖြင့် ယူစေပြီးလျှင်၊ ရထားပေါင်းချုပ်ထက်၌ မိဖုရားကိုနေစေပြီးသော် “ပုဏ္ဏေးမအား ငါ့နှမအဖြစ်ကိုပြော၍ ပြုရာဆောင်ရာသည့် ဝတ်တို့ကိုပြုလျက် ကောင်းစွာ ငါ့နှမကို သိမ်းပိုက်နှင့်ဘိဟု ငါမှာလိုက်ကြောင်းကို ဆိုလေ”ဟု မှာထားပြီးလျှင် မိဖုရားကို မိမိအိမ်သို့ပို့စေ၏။