မဟာဇနကဇာတ်တော်ကြီး/အခန်း-၀၄
ပုဏ္ဏေးမလည်း မိမိအိမ်သို့ မိဖုရားရောက်လာသဖြင့် ပါမောက္ခဆရာကြီး မှာလိုက်ကြောင်းအလုံးစုံကိုကြားလျှင် “ငါ့ယောက်မကို တွေ့ရပေသည်”ဟု ဝမ်းမြောက်ဝမ်းသာကြိုဆို၍ နံ့သာရေတို့ဖြင့် ရေကိုချိုးစေလျက် ကောင်းမြတ်သောအိပ်ရာနေရာတို့ဖြင့် ချပေးပြုစု သိမ်းပိုက်ကာထားနှင့်လေ၏။
ပါမောက္ခဆရာလည်း ရေချိုးပြီးသော် တပည့်လုလင်ပျိုအပေါင်းခြံရံလျက် မိမိအိမ်သို့ ပြန်လာလတ်၏။ ထမင်းစားသောအခါ၌လည်း “ငါ့နှမနှင့် အတူစားအံ့။ ခေါ်လိုက်ပါ”ဟုဆို၍ မိဖုရားကြီးနှင့်အတူ စား၏။ ပါမောက္ခဆရာသည် မိဖုရားကို နှမရင်းကဲ့သို့သော ချစ်ခြင်းဖြင့် အိမ်တွင်း၌သာနေစေလျက် ကောင်းစွာ ကျွေးမွေးပြုစုလေ၏။ ထိုအခါ ပါမောက္ခဆရာအိမ်သို့ရောက်၍ ကာလမမြင့်မီပင် မိဖုရားကြီးသည် ရွှေအဆင်းကဲ့သို့ ရှုချင်ဖွယ်အဆင်းနှင့်ပြည့်စုံသော ဘုရားလောင်းကို ဖွားမြင်လေ၏။
ထိုသတို့သားအား အမည်မှည့်အံ့သောနေ့၌ မိဖုရားသည် တစ်ပါးသောအမည်ကို မမှည့်မူ၍ ဘိုးတော်မင်းကြီး၏ အမည်ဖြင့်ပင်လျှင် “မဟာဇနကသတို့သား” ဟူသောအမည်ကို မှည့်လေ၏။
(ဤ “မဟာဇနက”ဟူသော အမည်သည် ရုဠှီအမည်, အနွတ္ထအမည် ၂-ပါးတို့တွင် တိဿ, ဒတ္တအမည်တို့ကဲ့သို့ ဝိဂြိုဟ်မပြုကောင်းသော အမည်မဟုတ်။ ဝိဂြိုဟ်ပြုကောင်းသောကြောင့် အနွတ္ထအမည်တည်း။
“မဟာဇနေဟိ ကနိတဗ္ဗော နန္ဒိတဗ္ဗောတိ မဟာဇနကော။”
ယော ရာဇကုမာရော၊ အကြင် မင်းသားကို။ မဟာဇနေဟိ၊ လူအပေါင်းတို့သည်။ ကနိတဗ္ဗော နန္ဒိတဗ္ဗော၊ ချစ်နှစ်လိုအပ်၏။ ဣတိတသ္မာ၊ ထိုသို့ တိုင်းသားပြည်သူ လူအပေါင်းတို့ ချစ်နှစ်လိုအပ်သော သတ္တိကြောင့်။ သော ရာဇကုမာရော၊ ထိုမင်းသားသည်။ မဟာဇနကော၊ မဟာဇနက မည်၏။
ကိတန္တသမာသ်ဝိဂြိုဟ်။ မဟာဇနသဒ္ဒူပပဒ၊ ကန-ဓာတ်၊ ကွီ-ပစ္စည်း။ ကန-ဓာတ်၏အရ ကတွတ္ထကြိယာကား မိဘဆွေမျိုး အစရှိသော တိုင်းသူပြည်သားလူအပေါင်းတို့၏ ချစ်နှစ်လိုခြင်းဟုဆိုအပ်သော အကျိုးပစ္စုပ္ပန်ဖြစ်သော ပီတိသဟဂုတ် ဇောစိတ္တုပ္ပါဒ်သည် မုချအားဖြင့် ရ၏။ ကမ္မတ္ထကြိယာကား ထိုဇောစိတ္တုပ္ပါဒ်၏ အကောင်းအာရမ္မဏပစ္စည်းဖြစ်သော မင်းသား၏အဆင်းသဏ္ဌာန် ဘုန်းကြန်လက္ခဏာ ဇာတိမဟတ္တစသော ဂုဏ်သည် ဖလူပစာရတ္ထအားဖြင့် ရ၏။ ကွိ-ပစ္စည်း၏အရကား ထို မုချဖလူပစာရတို့ဖြင့် မှတ်အပ်သောဂုဏ်, အမည်, သတ္တိတို့၏တည်ရာ ဂုဏေ, အာဓာရ, သတ္တိမာန်ဖြစ်သော နန်းညွန့်နန်းလျာ ဘုန်းပညာ လက္ခဏာကောင်းရှင်ဖြစ်သော မင်းသား ရ၏။ ဤကား စကားချပ်တည်း။)
ထို မဟာဇနကမင်းသားသည် လိမ္မာလောက်သောအရွယ်သို့ ရောက်လတ်သော် တစ်ပါးသောသူငယ်တို့နှင့် ကစားကြသောအခါ သူငယ်တို့သည် မိမိတို့အလိုနှင့် မဆိုင်မိလျှင် သူငယ်တို့ဓလေ့အားဖြင့် ဘုရားလောင်းကို မနာလိုအောင် ချုပ်ချယ်ကြကုန်၏။ ဘုရားလောင်းမင်းသားသည် ဘေးဘိုးမှဆင်းသက်၍ မပျက်သောထီးနန်းရှင် သားမြေးဖြစ်ခြင်း ဇာတိဂုဏ်, တစ်ပါးသောသူငယ်တို့ထက် သာလွန်၍ ခွန်အားကြီးခြင်း ကာယဗလဂုဏ်၊ ဤအကြောင်း ၂-ပါး ပေါင်းယှက်၍ မာန်ခက်ထန်ခြင်းရှိသဖြင့် သူတစ်ပါးရမ်းကားသည်ကို သည်းမခံနိုင်ဘဲ ထိုချုပ်ချယ်သည့်သူငယ်တို့ကို ပြန်၍ လက်စားမချေဝံ့အောင် နာကျင်စွာ တွန်းထိုးပုတ်ခတ်လိုက်၏။ ထိုသူငယ်တို့လည်း နှုတ်ဖြင့်မျှ ဆဲဆိုခြင်းကိုမပြုဝံ့ဘဲ ငိုကာသာ နေကြကုန်၏။ သူငယ်မိဘတို့သည် သားငိုသည်ကို ကြားမြင်သဖြင့် လာ၍- “အဘယ်သူ သတ်ပုတ်သနည်း”ဟု မေးလျှင်၊ သူငယ်တို့သည် မိဘတို့ကိုအမှီရမှ “ဤမုဆိုးမသား ငါ့ကိုသတ်သည်”ဟု ပြောကြကုန်၏။
မုဆိုးမသား” ဟူသောစကားကို ကြားလျှင် “ဤသူငယ်တို့ကား ငါ့ကို မုဆိုးမသားဟု နှိပ်စက်၍ဆိုကုန်ဘိ၏။ အကယ်ပင် ငါသည် မုဆိုးမသား ဟုတ်လေသလော။ ငါ့အမိကို ငါ မေးဦးအံ့” ဟုကြံလျက်၊ တစ်နေ့သ၌ မယ်တော်ကို- “မိခင်၊ အကျွန်ုပ်အဘကား အသူနည်း”ဟု မေးလေ၏။
မယ်တော်လည်း သား နှလုံးမသာရှိအံ့စိုး၍ မှန်တိုင်းမပြောဘဲ- “ချစ်သား။ ဤပါမောက္ခဆရာသည် မောင့်ဖခင်တည်း”ဟုဆို၍ ဘုရားလောင်းမင်းသားလည်း အမိစကားကို ယုံကြည်၏။
နောက်တစ်ဖန် သူငယ်တို့နှင့် ခိုက်ရန်ဖြစ်ပြန်သဖြင့် ရှေးနည်းအတူ “မုဆိုးမသား”ဟု သူငယ်တို့ဆိုသောအခါ-“အဘယ့်ကြောင့် သင်တို့ ငါ့ကို “မုဆိုးမသား” ဟု ဆိုကြသနည်း။ ဤပုဏ္ဏားသူကြွယ်သည် ငါ့အဘမဟုတ်လော”ဟု ဆို၏။
သူငယ်တို့သည်လည်း “သင်တို့ သားအမိကား တစ်ပြည်တစ်ရပ်ကလွင့်ပါး၍ ဤ ငါတို့ပြည်သို့ ရောက်လာသည်တကား။ ဤ ပုဏ္ဏားသူကြွယ်နှင့် သင် အဘယ်တော်စပ်သနည်း”ဟု ဆိုကြကုန်၏။
ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် “ဤသူငယ်တို့ကား ယခု ငါ့ကို ဤသို့သောစကားဖြင့် ဆိုကုန်၏။ ထိုသူငယ်တို့စကားပင် ဟုတ်ရာမည်မသိ။ ငါ့အမိသည် မိမိတို့မိန်းမမာန်ဖြင့် ငါ့အား ဟုတ်မှန်တိုင်းမပြောသည် ဖြစ်ရာ၏။ ငါသို့သော ယောက်ျားကိုစင်လျက် ဟုတ်မှန်တိုင်း ငါ့အမိ မပြောနေရမည်လော”ဟုကြံ၍၊ မယ်တော်မှာလည်း သားတစ်ယောက်တည်းသာရှိသည်နှင့် ဘုရားလောင်းသည် နို့စို့ချိန်အရွယ်ဟူ၍မရှိပြီ။ မယ်တော်ရင်ကြား၌သာ ကြီးရခြင်းကြောင့် တစ်နေ့သ၌ မယ်တော်၏သားမြတ်စွန်းကိုကိုင်လျက်- “မိခင်။ အကျွန်ုပ်ဖခင်ကို အမှန်အတိုင်း ပြောလော့၊ မှန်တိုင်းမပြောလျှင် သားမြတ်စွန်းကို ပြတ်အောင်ကိုက်မည်”ဟု ဆို၏။
မယ်တော်လည်း လှည့်စား၍မပြောဝံ့သောကြောင့် “ချစ်သား။ သင်ကား မိထိလာပြည်ကြီးကိုအစိုးရသော အရိဋ္ဌဇနကမင်းကြီး၏ သားတည်း”ဟုဆို၍ အလုံးစုံ ဤပြည်သို့ မိမိရောက်သည်တိုင်အောင် မခြွင်းမချန် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောလေ၏။
ထိုအခါမှစ၍ တစ်ပါးသောသူငယ်တို့သည် “မုဆိုးမသား”ဟူ၍ပင် နှိပ်စက်ချုပ်ချယ်ကြသော်လည်း စိုးစဉ်းမျှ အမျက်မထွက်ဘဲ “မှန်လျှင်ဆိုစေတော့”ဟု သည်းခံတော်မူ၏။ ဤသို့ ချမ်းသာစွာကစားလျက်ကြီး၍ ပညာစွဲမှတ်ချိန်ရောက်သောအခါ ထိုပါမောက္ခဆရာ့ထံ၌ပင်လျှင် ဗေဒင်ကျမ်း, ဓမ္မသတ်ကျမ်း, ဆန်း, အလင်္ကာ, သဒ္ဒါ, နီတိ အစရှိသော နှုတ်အတတ်, လက်အတတ် များစွာသောအတတ်တို့ကို သင်ကြားဆောင်ရွက်၍ ၁၆-နှစ်အရွယ်ရောက်သောအခါ၌ အတတ်သင်ခြင်း အပြီးသို့ရောက်လေ၏။
ဘုရားလောင်းသည် ၁၆-နှစ်လွန်သဖြင့် မြတ်သောအရွယ်အဆင်းကိုဆောင်လျက် အစွမ်းအားလျော်စွာ ကိုယ်ကိုထူထောင်နိုင်သောအရွယ်သို့ ရောက်လတ်သော် “ငါ့ခမည်းတော်၏ အရိပ်အရာဖြစ်သော မိထိလာပြည်ကို ယောက်ျားတို့၏လုံ့လအစွမ်းဖြင့် ရအောင် ငါ သိမ်းယူအံ့”ဟု ကြံပြီးလျှင် မယ်တော်ကို- “မိခင်၊ ဥစ္စာစိုးစဉ်းမျှ မိခင်မှာ ရှိပါ၏လော။ ဥစ္စာမရှိလျှင်လည်း ကျွန်ုပ် ကုန်သွယ်သွားလာ ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍ ဥစ္စာရသောအခါ အဘအရိပ်အရာဖြစ်သော မိထိလာပြည်ကို သိမ်းယူလိုပါသည်”ဟု ဆို၏။
မယ်တော်လည်း--“ချစ်သား။ မိထိလာပြည်မှ မိခင် ဆင်းရဲစွာထွက်လာခဲ့သော်လည်း လက်ချည်းသက်သက်လာသည် မဟုတ်။ ဆောင်လွယ်ယူလွယ် အနည်းငယ်နှင့် အဖိုးများစွာထိုက်သော ရတနာတို့ကိုယူ၍ မိခင် လာခဲ့၏။ ယခု မိခင်လက်တွင် အဖိုးပြတ်လောက်သော ရွှေကောင်းမှ ကျောက်ကောင်းတို့ကို ထားဘိဦး။ မောင့်ခမည်းတော် ဝတ်ဆင်မြဲဖြစ်သော ပုလဲရတနာ ၁-လုံး၊ မြကောင်း ၁-လုံး, စိန်ကောင်း ၁-လုံး၊ ဤ ၃-လုံးသော မျက်မြတ်ရတနာတို့သည်လည်း ပါလာကုန်၏။ ထို ၃-လုံးသော မျက်မြတ်ရတနာတို့ကို ၁-လုံးလျှင် အဖိုးမည်မျှထိုက်၏ဟူ၍ ရာပြတ်တို့ မပြတ်,မဆိုနိုင်ကုန်။ ဤရတနာ ၃-လုံးသည် မောင့်ခမည်းတော်လက်ထက်တွင်သာ ပေါ်ရောက်လာသည့်ရတနာ မဟုတ်။ ဘေးလောင်းတော်, ဘိုးလောင်းတော်တို့မှ ဆင်းသက်၍ နန်းစဉ်ထားသော မျက်မြတ်ရတနာနှစ် ဖြစ်သည်။ ထို ၃-ခုတွင် တစ်ခုခုသောရတနာပင်လည်း တစ်တိုင်းတစ်ပြည်မက အဖိုးထိုက်သောကြောင့် တစ်ခုခုသော မျက်မြတ်ရတနာကိုယူ၍ မောင့်ခမည်းတော် အရိပ်အရာဖြစ်သော မိထိလာပြည်ကို သိမ်းယူချေလော့။ ရောင်းဝယ်ဖောက်ကား သွားလာခြင်းကို မပြုလင့်”ဟုဆို၏။
မယ်တော်စကားကို ဘုရားလောင်းကြားလျှင်- “မိခင်၊ ယခု မိခင်လက်တွင်ရှိသည့် ဥစ္စာစုကို တစ်ဝက်ခွဲ၍ အကျွန်ုပ်အား ပေးလော့။ ထို တစ်ဝက်သောဥစ္စာကို ပွားများအောင်ပြုလျက် သုဝဏ္ဏဘူမိတိုင်းသို့သွား၍ များစွာသောဥစ္စာနှစ်တို့ကို ဆောင်ယူပြီးလျှင် မိထိလာပြည်ကို ကျွန်ုပ် သိမ်းယူချေအံ့”ဟု ဆို၏။
မယ်တော်လည်း မင်းသားဆိုတိုင်း မိမိတွင်ရှိသမျှဥစ္စာကို တစ်ဝက်ခွဲ၍ ပေးလေ၏။ ဘုရားလောင်းလည်း ထိုဥစ္စာကို လုံခြုံစွာထုပ်ဖွဲ့ပြီးလျှင် သုဝဏ္ဏဘူမိသို့လွှင့်အံ့သည့် သင်္ဘောစီးကုန်သည်တို့ကို ရှာမေးသဖြင့် တွေ့၍၊ “ကျွန်ုပ်တို့နှင့်အတူပင် လိုက်ခဲ့လော့”ဟု သင်္ဘောစီးတို့ကဆိုသော်၊ ထိုဥစ္စာထုပ်ကို သင်္ဘောဆိပ်သို့ချ၍ သင်္ဘော၌တင်ထားခဲ့ပြီးမှ မယ်တော်ဆီသို့ တစ်ဖန်ပြန်လာလတ်၍ မယ်တော်ကို ရိုသေစွာရှိခိုးလျက်- “မယ်တော်။ ယခု သုဝဏ္ဏဘူမိသို့သွားသူ သင်္ဘောစီးကုန်သည်များ အဖော်ကြိမ်သောကြောင့် ထိုသူတို့နှင့်အတူ သုဝဏ္ဏဘူမိသို့လိုက်၍ ကုန်ကူးပါချေအံ့၊ အကျွန်ုပ်ကို အနူးအညွတ်လွှတ်တော်မူပါ”ဟု ခွင့်တောင်းလေ၏။
မယ်တော်လည်း-- “ချစ်သား။ မဟာသမုဒ္ဒရာမည်သည်ကား အလွန် ဘေးအန္တရာယ်များသည်ဖြစ်၍ မဟာသမုဒ္ဒရာ၌ကျက်စားကုန်သော သင်္ဘောစီးကုန်သည်တို့သည် မိမိတို့လိုအပ်သောအရပ်သို့ ရောက်မည်ကား အလွန်ခဲလှ၏။ မဟာသမုဒ္ဒရာသို့ ချစ်သား မလိုက်လေနှင့်။ ဥစ္စာများသည်ဟူ၍ အဘယ်အကျိုး ရှိအံ့နည်း။ ယခု မိခင်တွင်ရှိသော ဥစ္စာနှစ်ဖြင့်ပင်သော်လည်း မိထိလာတစ်ပြည်ကိုသာမက များစွာသောပြည်တိုင်းကားကိုပင် အလိုရှိလျှင် ရလောက်ပြီ။ ယခုရှိသည့် ဥစ္စာနှင့်သာ မိထိလာပြည်သို့သွား၍ အဘအရိပ်အရာကို သိမ်းယူချေလော့” ဟုဆို၍ မဟာသမုဒ္ဒရာသို့ မလိုက်စိမ့်သောငှာ မြစ်၏။