မာတိကာသို့ ခုန်သွားရန်

မဟာဇနကဇာတ်တော်ကြီး/အခန်း-၀၉

ဝီကီရင်းမြစ် မှ
2547မဟာဇနကဇာတ်တော်ကြီး — ၉။ ဖုဿရထား လွှတ်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုသို့ မှူးမတ်ပုရောဟိတ်တို့ အစည်းအဝေး၌ မင်းသမီးနှင့်ထိုက်တန်ရာကို ရှာကြံ၍မရနိုင်ကြလတ်သော် ပုရောဟိတ်က ဤသို့ဆို၏။

“မှူးတော်မတ်တော်တို့။ သင်တို့ ကျွန်ုပ်တို့သည် ဆ၍တော်ပါသော်လည်း လျော်ရာမရနိုင်ဖြစ်၍ မည်သူမည်ဝါဟု အထူးမကြံကြနှင့်တော့။ ထိုက်ရာကံ ဆောင်နှင်းပါစေ။ ဖုဿရထားသာ လွှတ်အပ်လှတော့သည်။ ဖုဿရထားဖြင့်ရအပ်သော မင်းဖြစ်လျှင်လည်း ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို သိမ်းယူပိုင်စိုးနိုင်သော ဘုန်းတန်းရှင်သာ ဖြစ်ရာ၏။ သင်တို့ အသို့နည်း။ နှစ်သက်ကြ၏လော”ဟု ဆို၏။

မှူးမတ်အပေါင်းတို့လည်း ပုရောဟိတ်စကားကိုကြား၍ နှစ်သက်ကြသဖြင့် “ဆရာ့စကား သင့်ပြီ။ ဖုဿရထား လွှတ်ကြကုန်အံ့”ဟု စိတ်ညီညွတ်ကြလေ၏။

ထိုအခါ အမတ်, ပုရောဟိတ်တို့သည် မြို့၌ ပြုရာသမျှအလုံးစုံကို သုတ်သင်ခင်းကျင်း၍ တန်ဆာဆင်စေပြီးသော် မင်္ဂလာရှိသောရထား၌ ထူးမြတ်ဆန်းကြယ်စွာ မင်းနေရာအခင်းနှင့် မင်းမြှောက်တန်ဆာ ၅-ပါးကို တင်ထားခင်းကျင်းကြလျက် ကုမုဒြာကြာပွင့်အဆင်းကဲ့သို့ အဆင်းရှိသော စိုင်လျော်ရွှေမွေး မြင်း၄-စီးတို့ကို ကြိုးကတန်ဆာကောင်းစွာဆင်၍ တညီတစဉ်တည်း ရထား၌ကပြီးလျှင် ထိုရထား၏ ရှေ့တူရူလမ်းကိုသာလွှတ်၍ လက်ယာ, လက်ဝဲ, ရှေ့, နောက် ဝန်းကျင်တို့၌ ဆင်, မြင်း, ရထား, ခြေသည် စစ်အင်္ဂါ၄-ပါးဝန်းရံလျက်၊ “မုရိုးစည်, မြှောက်စည်, နှဲ, ခရာ စသော တီးမှုတ်မျိုးတို့ကိုမူကား ချီးမြှောက်အပ်သူ အရှင်သခင်ရှိမှ ချီးမြှောက် တီးမှုတ်ရာသည်။ ချီးမြှောက်အပ်သူမပါလျှင် မတီးမမှုတ်သင့်။ ထုံးစံရှိသည့်အတိုင်း ယခု မတီးမှုတ်ကြနှင့်ဦး။ နောင် အရှင်သခင်တွေ့မှ ချီးမြှောက်တီးမှုတ်ရမည်”ဆို၍ မတီးမှုတ်စေရဘဲ၊ ရထားတို့၌ အသီးသီး ဆောင်ယူခဲ့စေ၏။ ဤသို့ အလုံးစုံခင်းကျင်းပြီးလျှင် ပုရောဟိတ်ပုဏ္ဏားသည် ရွှေကရားဖြင့် ရထားအဖွဲ့အစပ်တို့ကိုလည်းကောင်း၊ ရထားဦးကိုလည်းကောင်း၊ ရွှေနှင်တံကိုလည်းကောင်း ရေစင်ဖျန်းလျက်- “ဤပြည်စည်းစိမ်ကိုခံထိုက်သော ဘုန်းတန်းရှင်သည် အကြင်အရပ်၌ ရှိအံ့။ ထိုမင်းလောင်းရှိရာသို့ ဤရထား သွားစေသတည်း”ဟု အဓိဋ္ဌာန်ခြင်းနှင့်တကွ အဘိသိက်မြှောက်ပြီးသော် ဖုဿရထားကို လွှတ်ကြ၏။

ထိုအခါ ဖုဿရထားသည် နန်းတော်ကို လက်ယာရစ်လှည့်ပြီးမှ မင်းလမ်းမသို့သက်၍ မြို့ကို လက်ယာရစ်လှည့်လေ၏။ ထို မြို့ကို လက်ယာရစ်လှည့်သောအခါ ယခင်တွင် မင်းသမီးဒဏ်ခတ်သော စစ်သူကြီးသည် မိမိအိမ်သို့ တူရူမင်းလမ်းမဖြင့် ရထားလာသည်ကိုမြင်လျှင် “ငါ့အိမ်သို့ပင် ရထားရွယ်၍ လာယောင်ထင်၏။ ငါကား ဘုန်းရှိသော ယောက်ျားပင်တည်း။ လျင်စွာ ငါ့အိမ်သို့ ရထားဦးဆိုက်ပါစေ”ဟု ကြံစည်လျက် မျှော်ကြည့်ကာနေလင့်၏။ မိမိအိမ်က ရထားလွန်မှ စိတ်အကြံလျှော့ခြင်းသို့ ရောက်၏။ ထို့နောင် ရွှေတိုက်ဝန်, သူဌေးကြီး, ထီးတော်မိုး, ရွှေဓားမှူးတို့လည်း ရထားလာသည်ကိုမြင်လျှင် “ငါ့အိမ်သို့ လာပါစေ”ဟု အသီးသီးကြံကြကုန်၏။ ဖုဿရထားလည်း ထိုအိမ်တို့ကိုလွန်၍ မြို့ကို လက်ယာရစ်လှည့်ပြီးသော် မြို့အရှေ့တံခါးဖြင့်ထွက်လျက် ဘုရားလောင်းရှိရာဥယျာဉ်သို့ ရှေးရှုလျင်စွာ သွားလေ၏။

ထိုအခါ အမတ်တို့သည် “ဆရာပုရောဟိတ်။ ယခု မြို့ကိုလွန်ခဲ့ပြီ။ ရထားလည်း အသွားမြန်လှသည်။ ရထားကိုပြန်စေရသော် မကောင်းလော”ဟု ဆိုကြကုန်၏။ ပုရောဟိတ်လည်း “မှူးတော်မတ်တော်တို့။ အသို့ဆိုကြသနည်း။ ယူဇနာ ၁၀၀တိုင်အောင်ပင် သွားသော်လည်း သွားစေ။ ပြန်စေ၍မသင့်”ဟု ဆို၏။

ရထားလည်း အစဉ်အတိုင်းသွား၍ ဥယျာဉ်သို့ဝင်ပြီးသော် ဘုရားလောင်းစက်တော်ခေါ်ရာ မင်္ဂလာကျောက်ဖျာကို လက်ယာရစ်လှည့်လျက် “တက်တော်မူပါတော့”ဟု အသင့်စီမံ၍ ယာဉ်ခံဘိသကဲ့သို့ ရပ်တန့်လေ၏။

ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် မင်္ဂလာကျောက်ဖျာအပြင်၌ ဦးခေါင်းခြုံ၍ စက်တော်မူသော ဘုရားလောင်းကိုမြင်လေသော်၊ အမတ်တို့ကို “အချင်းတို့။ ကျောက်ဖျာထက်၌ တစ်ယောက်သောသူ အိပ်၍နေသည်မြင်၏။ ထီးဖြူ၏ကျက်သရေကို ဆောင်နိုင်သောဘုန်း ထိုသူ၌ ရှိမည်,မရှိမည်ကို သိအောင်ပြုကုန်အံ့။ အကယ်၍ ဘုန်းရှိသူမှန်မူ ငါတို့လှုပ်ခြောက်သော်လည်း မတုန်လှုပ်သဖြင့် ဖွင့်၍မျှ မကြည့်ရာခဲ့။ ဘုန်းမဲ့သူဖြစ်လျှင် အလန့်တကြားထ၍ ကြည့်လတ္တံ့။ ယခုပင် ထက်စည်, မြှောက်စည်, မုရိုးစည် စသည့်တီးမှုတ်မျိုးတို့ကို တစ်ပြိုင်နက် တီးမှုတ်စေ”ဟု ဆို၏။

ထိုအခါ အရာမကသော တီးမှုတ်မျိုးတို့ကို တစ်ပြိုင်နက်တီးမှုတ်ကြသဖြင့် မဟာသမုဒ္ဒရာ၌ ဗလဝါမုခဝဲ လျှံ၍ကျသောအသံကဲ့သို့ ဥယျာဉ်အလုံး ထိန့်ထိန့်ရှင်မျှ ရှိလေ၏။

ဘုရားလောင်းသည် ထိုတီးမှုတ်သံဖြင့် နိုးလေသော် ဦးခေါင်းခြုံကို စဉ်းငယ်ဖွင့်လှစ်ကာကြည့်၍ များစွာသော ဗိုလ်ထုဗိုလ်ခြေကိုမြင်လျှင် “ငါ့အား ထီးဖြူအပ်နှင်းမည်အကြံနှင့် ထိုသူတို့လာကြသည် ဖြစ်ရာ၏”ဟုကြံလျက်၊ တစ်ဖန် ဦးခေါင်းခြုံမြဲတိုင်းခြုံပြီးမှ တစ်ဘက်သို့ပြောင်းလဲ၍ လက်ဝဲနံတောင်းဖြင့် လျောင်းစက်ပြန်လေ၏။

ပုရောဟိတ်ပုဏ္ဏားသည် ဘုရားလောင်း၏အနီးသို့ချဉ်းကပ်၍ ခြေရင်း၌ထိုင်လျက် ခြေကိုလှစ်ကာကြည့်လေသော် ယောက်ျားမြတ်တို့၏လက္ခဏာကောင်းတို့ကိုမြင်လျှင် “ဤယောက်ျားမြတ်ကား ဇမ္ဗူဒိပ်ကျွန်းကိုထားဘိဦး၊ ကျွန်းငယ် ၂၀၀၀-နှင့်တကွ ၄-ကျွန်းလုံးကိုပင်လည်း သိမ်းယူ၍ မင်းပြုမည်ဆိုသော် မင်းပြုထိုက်သော ဘုန်းလက္ခဏာရှိ၏”ဟု သိ၍ ဝမ်းသာမျိုးမက ဝမ်းသာသဖြင့် တစ်ဖန် အတီးအမှုတ်တို့ကို ချီးပင့်ဆင့်လောင်း၍ သောင်းသောင်းညီမျှ တီးမှုတ်စေပြန်၏။

ထိုအခါ ဘုရားလောင်းသည် မျက်နှာတော်ကိုဖွင့်၍ လက်ဝဲနံတောင်းမှပြောင်းပြီးလျှင် လက်ယာနံတောင်းဖြင့်လျောင်းလျက် ပရိသတ်တို့ကို ကြည့်တော်မူ၏။ ထိုအခါ ပုရောဟိတ်သည် ပရိသတ်တို့ကိုစုရုံးပြီးသော် အမှူး,အမတ်တို့နှင့်တကွ အညီအညွတ်လက်အုပ်ချီ၍ မျက်နှာအောက်ချလျက်- “အရှင်မင်းကြီး ထတော်မူပါလော့။ ဤပြည်စည်းစိမ်သည် အရှင့်ရွှေလက်တော်သို့ ရောက်၏”ဟု လျှောက်ထားကြလျှင်၊ ဘုရားလောင်း မဟာဇနကမင်းသားသည်-“အချင်းတို့။ သင်တို့ ပြည့်ရှင်မင်းကား အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။

ပုရောဟိတ်လည်း-“အရှင်မင်းမြတ်။ အကျွန်ုပ်တို့အရှင်မင်းကြီး နတ်ပြည်စံတော်မူသည် ယခု ၇-ရက်ကျော်ရှိပြီ”ဟု လျှောက်လျှင်၊ “အချင်းတို့။ ယင်းသို့တပြီးကား သင်တို့မင်းကြီးတွင် သားတော်, ညီတော် တစ်စုံတစ်ယောက်ထီးနန်းဆက်ခံမည့်သူ မရှိလော”ဟု မေး၏။ ပုရောဟိတ်လည်း “အရှင်မင်းမြတ်၊ ညီတော်, သားတော် တစ်စုံတစ်ယောက်မျှ ထီးနန်းဆက်ခံမည့်သူ မရှိပါ။ သမီးတော်တစ်ယောက်သာ ရှိရစ်ပါသည်”ဟု လျှောက်လေသော်၊ “အချင်းတို့။ ထိုသို့တပြီးကား ကောင်းပြီ”ဟု ဝန်ခံတော်မူလျက် လျောင်းစက်တော်မူရာမှထ၍ မင်္ဂလာကျောက်ဖျာအပြင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေ၏။

ထိုအခါ အမတ်, ပုရောဟိတ်တို့သည် “ဤမင်းမြတ်ကား ဖုဿရထားဖြင့် ရအပ်သည်ဖြစ်၍ ငါတို့မင်းကြီး မှာတော်မူခဲ့သည့် အင်္ဂါ ၄-ပါးနှင့်လည်း ညီညွတ်တော်မူရာ၏။ အတိုင်းမသိသော ဘုန်း, လက္ခဏာ, အာဏာသတင်းနှင့်လည်း ပြည့်စုံရာ၏”ဟု နှစ်လိုဝမ်းမြောက်ကြသဖြင့် ထိုဥယျာဉ် မင်္ဂလာကျောက်ဖျာအပြင်၌ပင်လျှင် မင်းမြှောက်တန်ဆာ ၅-ပါးနှင့်တကွ ဘုရားလောင်းကို မင်း၏အဖြစ်ဖြင့် အဘိသိက်သွန်းကြလေ၏။

မဟာဇနကမင်းကြီးသည် ပြည်စည်းစိမ်ကို သိမ်းခံတော်မူပြီးလျှင် မင်္ဂလာရှိသောမြင်းရထားထက်သို့ တက်စီးတော်မူလျက် အတိုင်းမသိသော မင်း၏ကျက်သရေဖြင့် တင့်တယ်စွာ မှူးမတ်, ဗိုလ်ခြေအပေါင်းခြံရံ၍ မြို့သို့ဝင်တော်မူပြီးလျှင် နန်းတော်အရှေ့စမုခ်ဝမှ တက်တော်မူသဖြင့် အထက်က စစ်သူကြီးစသောသူ ၅-ယောက်တို့ကို စုံစမ်းရာဖြစ်သောလျောင်းတော်ဦး၌ စစ်သူကြီးအစရှိသောသူတို့အား ရှေး မိမိတို့ရာထူးဌာနန္တရအတိုင်း စီမံခန့်ထားပြီး၍ မင်း၏ကျက်သရေဖြင့် နေတော်မူ၏။

သီလဝိဒေဝီမင်းသမီးလည်း စစ်သူကြီးစသောသူတို့မှာကဲ့သို့ပင် ဘုရားလောင်းကို စုံစမ်းအံ့သောငှာ မင်းချင်းတစ်ယောက်ကိုခေါ်၍ “အမောင်။ သင်သည် မင်းကြီးဆီသို့ ယခုသွား၍ ဤပြည်ကြီးရှင်သမီးတော် သီဝလိဒေဝီမင်းသမီးက အရှင်မင်းကို ခေါ်တော်မူသည်။ ယခုပင် အဆောတလျင် မင်းသမီးထံ ကြွတော်မူပါဟု လျှောက်ချေ” စေလိုက်၏။

ထိုမင်းချင်းလည်း မင်းသမီးဆိုတိုင်း ဘုရားလောင်းထံသွား၍ လျှောက်လေ၏။ ဘုရားလောင်းလည်း အတုမရှိသောပညာ, အတုမရှိသောအလိမ္မာနှင့် ပြည့်စုံတော်မူခြင်းကြောင့် ထိုမင်းသမီးကခေါ်ကြောင်း စကားကိုကြားလျှင် “ဤမင်းသမီးကား မလိမ္မာသူကို အလိုစမ်းသကဲ့သို့ ငါသို့သောသူကိုပင် ကလူကစားဘိ၏”ဟုကြံလျက်၊ ထိုမင်းချင်း၏စကားကိုသော်လည်း မကြားယောင်ကဲ့သို့ ငဲ့စောင်း၍မျှမကြည့်။ ပမာဏမပြုဘဲ တစ်ပါးသောအမတ်ပုရောဟိတ်တို့နှင့်သာ-

“အချင်းတို့။ ဤနန်းပြာသာဒ်ကို စီရင်ပေးသူကား အလွန်စေ့စပ်ပေ၏။ တစ်ခုမျှ အပြစ်ဆိုစရာ မရှိပေ။ တင့်လည်း တင့်တယ်ပေတောင်း”ဟု နန်းတော်ကိုသာ အထွေထွေအပြားပြားစကားရှာ၍ ချီးမွမ်းတော်မူကာသာ နေ၏။ မင်းသမီးကစေလိုက်သော မင်းချင်းလည်း မင်းကြီး မကြားသေးထင်၍ ထိုစကားကို ထပ်ခါထပ်ခါ အဖန်များစွာ လျှောက်ပါသော်လည်း မကြားနိုင်သဖြင့် နားတော်လမ်းမသင့်ကြောင်းကို သိလေလျှင် မင်းသမီးထံသွား၍ “သခင်မ။ မင်းကြီးအား အကြိမ်ကြိမ်အထပ်ထပ် အကျွန်ုပ်လျှောက်ထားပါသော်လည်း ပြာသာဒ်ကိုသာ ချီးမွမ်း၍နေတော်မူခဲ့၏။ သခင်မစကားကိုကား မြက်လောက်မျှမမှတ်ပါ”ဟု လျှောက်ကြားလေ၏။

ထိုစကားကို သီဝလိဒေဝီမင်းသမီး ကြားလျှင် “ဤမင်းကား။ ယောက်ျားမြတ်တို့၏ နှလုံးသွင်းခြင်းနှင့် ပြည့်စုံပေ၏”ဟုကြံလျက်၊ တစ်ဖန် ထိုမင်းချင်းကိုပင် “ခေါ်ချေဦး”ဟု စေလိုက်ပြန်၏။ ဤသို့သောနည်းဖြင့် ၃-ကြိမ်တိုင်အောင်စေ၍၊ မလာလတ်သော် “ဤမင်းကား။ အလွန်ဘုန်းရှိသော ယောက်ျားပေတည်း။ ငါငင်၍ သူမယိမ်း, သူသိမ်းမှ ငါ ပါရချေတော့မည်တကား”ဟု အယူရှိလေ၏။

ဘုရားလောင်း မဟာဇနကမင်းသည် မှူးမတ် ပရိသတ်တို့နှင့် စကားပြောဟော၍ ငြီးငွေ့တော်မူသောအခါမှ အလိုတော်အလျောက် ပြကတေ့သောသွားခြင်းဖြင့် ရွှေဂူဝသို့ဝင်လာသော ခြင်္သေ့မင်းကဲ့သို့ တည်ကြည်ရဲရင့်ခြင်းနှင့်ပြည့်စုံစွာ လျောင်းတော်ဦးမှ မင်းသမီးရှိရာနန်းမဆောင်သို့ တက်ကြွတော်မူလေ၏။

ထိုအခါ ဘုရားအလောင်း၏ ဘုန်းအလျှံတော်ခိုက်နှင့် ကြုံသည်ဖြစ်၍ သီဝလိဒေဝီမင်းသမီးသည် ဘုရားလောင်းလာအံ့သည်ကိုသာ မျှော်လင့်လျက်နေစဉ် လစက်ဝန်းကဲ့သို့ ရွှန်းရွှန်းကြည်လင် သန့်စင်သောကျက်သရေအပေါင်းဖြင့် တင့်တယ်စွာလာလတ်သော ဘုရားလောင်းကိုမြင်လျှင် ဣန္ဒြေကြီးစွာသောမိန်းမဖြစ်လျက် မိမိကိုယ်အဖြစ်ဖြင့် မတည်နိုင်သည်ဖြစ်၍ နေရာမှလျင်စွာထပြီးလျှင် နန်းမဆောင်တံခါးဝသို့သွား၍ ဘုရားလောင်း၏နံပါးမှ မှီတွဲအံ့သကဲ့သို့ ပျောင်းနွဲ့သောအမူအရာဖြင့် မိမိလက်ကို ဘုရားလောင်းလက်ပါးသို့ ညွတ်ယိမ်းလိုက်လေ၏။

ဘုရားလောင်းသည် သီဝလိဒေဝီမင်းသမီး လက်တော်ဖြင့်ဆွဲလျက် နန်းမဆောင်သို့တက်တော်မူပြီးလျှင် ကြငှန်းထီးဖြူ စိုက်ထူဖြန့်မိုးအပ်သော ရာဇပလ္လင်ပေါ်၌ အတူယှဉ်ပြိုင် ထိုင်နေတော်မူလေ၏။ မှူးမတ်အပေါင်းတို့လည်း ရာဇပလ္လင်ရှေ့ဝန်းကျင်၌ အောက်သို့မျက်နှာချကုန်လျက် လက်အုပ်ကြာမုံပြု၍ ကျိုးနွံခစားကြလေ၏။