မာတိကာသို့ ခုန်သွားရန်

မဟာဇနကဇာတ်တော်ကြီး/အခန်း-၁၀

ဝီကီရင်းမြစ် မှ
2548မဟာဇနကဇာတ်တော်ကြီး — ၁၀။ ပုစ္ဆာဖြေခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ မဟာဇနကမင်းကြီးသည် အမတ်တို့ကို “အချင်းတို့။ သင်တို့မင်းကြီး ဆုံးမထားခဲ့သောအရာ တစ်စုံတစ်ခုမျှ မရှိလော။ အဘယ်စကားများကို မှာထားခဲ့သနည်း”ဟု မေးတော်မူ၏။

အမတ်ကြီးတို့လည်း “ဘုန်းတော်ကြီးလှသော အရှင်မင်းကြီး။ အကျွန်ုပ်တို့အရှင် မှာထားခဲ့သည်မှာ “သမီးတော်၏ဂုဏ်ကျက်သရေ အထူးအမြတ်ကို သိတော်မူသည်နှင့်အညီ ဥပေါသထဆင်သည် စကြာရမည့်သူမှန်မှ ညွတ်လတ္တံ့ဟူသကဲ့သို့ နှလုံးထား၍ ငါ့သမီးတော်နှစ်သက်လျှင် မည်သူကိုမဆို ထီးနန်းနှင်းလေ”ဟူ၍ သာမညမှာထားခဲ့ပါသည်။ ယခု အရှင့်သမီးတော်သည် အရှင်မင်းကြီးမသိမ်းမီကပင် ယိမ်းညွတ်၍ ရွှေလက်ရောက်ပြီးဖြစ်သောကြောင့် ထိုအမှာတော်၌ဆောင်ရွက်ရန် ကိစ္စပြီးပါတော့သည်”ဟု လျှောက်ထားကြကုန်၏။

မဟာဇနကမင်းကြီးသည် တစ်ဖန် “အချင်းတို့။ ဤအမှုမှာ ပြီးစေတော့။ ဤမှတစ်ပါး မှာထားခဲ့သောအရာ ရှိသေးသလော”ဟု မေးတော်မူပြန်၏။

အမတ်တို့လည်း “အရှင်မင်းကြီး တစ်ပါး မှာထားတော်မူခဲ့သည်မှာလည်း “သမီးတော် နှစ်သက်သူမှန်လျှင် မစွမ်းနိုင် မရှိရာ”ဟု နှလုံးထား၍ ယခု “ကိုယ်တော်စံပယ်တော်မူသည့် ရာဇပလ္လင်၌ ဦးထားရာကို သိသည်လည်း ဖြစ်စေ”ဟု မှာထားတော်မူခဲ့ပါသည်”ဟု လျှောက်ထားကြပြန်၏။

ထိုအခါ မဟာဇနကမင်းကြီးသည် “ဤအရာကား မြင်ကာမျှနှင့် သိနိုင်ခဲသောအရာ ဖြစ်ချေသည်။ ပရိယာယ်ဖြင့် သိအောင်ပြုအံ့”ဟု ကြံလျက်၊ မင်းသမီးဆီမှာလည်း တစ်ဘက် စကားပြောဟန်ပြု၍ ရွှေဥသျှောင်ကျင်ကို ချွတ်တော်မူပြီးလျှင် “ထားလိုက်”ဟု မင်းသမီးအားပေးတော်မူ၏။ မင်းသမီးလည်း ဥသျှောင်ကျင်ကို လက်ဖြင့်မ,၍နေခြင်းငှာလည်း မသင့်၊ ရင်ခွင်၌ထားခြင်းငှာလည်း မထိုက်၊ တစ်ပါးမှာထားရမည်မှာလည်း မလျောက်ပတ်သဖြင့် ပလ္လင်ဦးခေါင်းရင်း၌ ထားလေ၏။

ဘုရားလောင်းသည် ဥသျှောင်ကျင်ကိုထား၍ တစ်ခဏခန့်ကြာမှ အမတ်တို့စကားကို သတိမမူ၍ မမှတ်မိယောင်ပြုလျက် “အချင်းတို့။ ယခင် လျှောက်ကြသည့်စကားမှာ အဘယ်သို့ဆိုသနည်း”ဟု မေးတော်မူပြန်၏။

အမတ်တို့လည်း ထပ်၍ ထိုစကားကိုလျှောက်ပြန်လျှင် “အချင်းတို့။ ဤအရာသည် အံ့ဖွယ်သရဲ သိနိုင်ခဲသော အရာပေတကား။ ငါ့မှာမူ ထီးနန်းကို ဆက်ခံထိုက်သောသူဖြစ်၍ သင်တို့ ယခုပြောသောစကားကို ကြားကာမျှနှင့်ပင် အသင့်ကြံပြီး၍ အမှန်ငါသိပြီ။ ဤသည်လျှင် ဤပလ္လင်၌ ဦးခေါင်းရင်း ဖြစ်သည်”ဟု ရွှေဥသျှောင်ကျင်ထားရာကို ညွှန်ပြတော်မူလေ၏။

ထို့နောက် တစ်ဖန် “အချင်းတို့။ ဤမှတစ်ပါး ရှိသေးလျှင် လျှောက်ကြဦးလော့”ဟု မေးတော်မူပြန်၏။

အမတ်တို့လည်း “အရှင်မင်းကြီး။ လူဗိုလ်ခြေ ၁၀၀၀အားညီမှ တင်နိုင်,ချနိုင်သော လေးကြီးသည်လည်း ဤနန်းတော်တွင် ရှိပါသည်။ ထိုလေးကို “တစ်ယောက်အားနှင့် တင်နိုင်,ချနိုင်သောသူဖြစ်မှ ထီးနန်းနှင်းလေ”ဟူ၍လည်း မှာခဲ့ပါသည်”ဟု လျှောက်ထားကြပြန်၏။

မဟာဇနကမင်းကြီးလည်း “အချင်းတို့။ ယင်းသို့တပြီးကား ယခုပင် ငါ တင်တော်မူမည်။ ထိုလေးကို ဆောင်ချေ”ဟုစေ၍ ဆောင်စေပြီးလျှင်- ရာဇပလ္လင်ပေါ်၌ နေမြဲတိုင်းသော ပြကတေ့ကိုယ်တော်ဖြင့် ကိုင်စွဲတော်မူလျက် မိန်းမတို့ ဝါဖတ်သော ဝါပစ်လေးကိုကဲ့သို့ လေးကိုဆွဲငင်ကာ တင်တုံချတုံကိုပြု၍ “ရှုကြလော့”ဟု ဆိုတော်မူပြီးလျှင်၊ ထင်ရှားအံ့သြကြသောအခါ၌ ထိုလေးကို လွတ်ရာထားပြီးသော် “အချင်းတို့။ ဤမှတစ်ပါး ရှိသေးလျှင် ဆိုဦးလော့”ဟု မေးတော်မူပြန်၏။

အမတ်တို့လည်း “ဤမှတစ်ပါး “၁၆-လုံးသောရွှေအိုးကြီးတို့ကို ဖော်ထုတ်နိုင်သူဖြစ်မှ ထီးနန်းနှင်းလေ”မှာထားခဲ့ပါသည်”ဟု လျှောက်ကြ၏။

ဘုရားလောင်းလည်း “အချင်းတို့ ရွှေအိုးကြီးတို့၏ထားရာကို အမြွက်မျှမှာထားခဲ့သောအရာ မရှိလော”ဟု မေးတော်မူ၏။ အမတ်တို့လည်း “အရှင်မင်းကြီး။ အမြွက်မျှ မှာထားခဲ့သောအရာ ရှိပါ၏”ဟုလျှောက်လျှင် “ထိုအမြွက်စကားကို ဆိုလော့”ဟု မိန့်တော်မူပြန်၏။

ထိုအခါ အမတ်တို့လည်း အထက်က ပေါလဇနကမင်း မှာခဲ့သည့်အတိုင်း “သူရိယုဂ္ဂမနေ နိဓိ”အစရှိသော ၃-ဂါထာတို့ဖြင့် လျှောက်ထားကြကုန်၏။

ထိုစကားကို ဘုရားလောင်းကြားလျှင် အညစ်အကြေးစင်သောကောင်းကင်ပြင်၌ လစက်ဝန်းကိုမြင်သကဲ့သို့ ထို ၁၆-ဌာနသော အမြွက်စကား၏အနက်ကို ထင်ရှားစွာ သိမြင်တော်မူလေ၏။

ထိုအခါ မဟာဇနကမင်းကြီးသည် “အချင်းတို့။ ယနေ့ကား အခါမရှိပြီဖြစ်၍ ထိုရွှေအိုးကြီးတို့ကို ထုတ်ဖော်မီတော့မည် မဟုတ်။ နက်ဖြန်နံနက်မှ ရွှေအိုးကြီး ၁၆-လုံးတို့ကို ထုတ်ဖော်ကြကုန်အံ့”ဟု ဆိုတော်မူလျှင် အမတ်တို့လည်း “ကောင်းပါပြီ”ဟု ဝန်ခံကြ၏။

ဘုရားလောင်းသည် ထိုနေ့၌ အမတ်တို့နှင့် အဖြစ်အပျက်အလုံးစုံ အကျိုးအကြောင်းစကားကို ပြောဟောတော်မူပြီးလျှင် မှူးမတ်ပရိသတ် အိပ်ဖန်ဝန်းကျင်တို့ဖြင့် စောင့်ရှောက်အပ်သော ရွှေနန်းစည်းစိမ်၌ မင်းသမီးနှင့်အတူတကွ ညဉ့် ၃-ယံပတ်လုံး စံပယ်တော်မူပြီးမှ နံနက်မိုးသောက်သောအခါ မှူးမတ်တို့ အညီအညွတ် မင်းကြီးထံ ခစားလာကြကုန်၏။

ထိုအခါ မဟာဇနကမင်းကြီးသည် အမတ်တို့ကို ဤသို့မေးတော်မူ၏။

“အချင်းတို့။ သင်တို့မင်းကြီးသည် အရှင်ပစ္စေကဗုဒ္ဓါတို့အား နေ့တိုင်းမပြတ် နန်းတော်မှာ ဆွမ်းလုပ်ကျွေးသည် မဟုတ်လော”ဟု မေးတော်မူ၏။

အမတ်တို့လည်း “အရှင်မင်းကြီး။ မပြတ်ပင် ဆွမ်းလုပ်ကျွေးပါသည်”ဟု လျှောက်ထားကြလျှင်၊ ဘုရားလောင်းသည် ဤသို့ကြံ၏။

“နေဟူသည်ကား အခြားမဟုတ်။ ဘုရားဟူသည်လည်း နေမင်းနှင့်တူသည်ဖြစ်၍ အရှင်ပစ္စေကဗုဒ္ဓါတို့ကို “နေ”ဟူ၍ ဆိုသည်။ ထိုအရှင်ပစ္စေကဗုဒ္ဓါတို့ ကြွလာတော်မူသောအခါ မင်းကြီးထ၍ ခရီးဦးကြိုဆိုရာအရပ်သည် နေထွက်ရာ ဖြစ်တော့သည်။ ထိုအရပ်၌ ရွှေအိုးတစ်လုံး မြှုပ်ထားသည် ဖြစ်ရာ၏”ဟု ကြံတော်မူပြီးလျှင်၊ “အချင်းတို့။ ထို အရှင်ပစ္စေကဗုဒ္ဓါတို့ နန်းတော်သို့ကြွလာတော်မူသောအခါ သင်တို့မင်းကြီးသည် အဘယ်အရပ်တိုင်အောင်သွား၍ ခရီးဦးကြိုဆိုသနည်း”ဟု မေးတော်မူ၏။

အမတ်တို့လည်း “အရှင်မင်းကြီး။ ဤအရပ်တိုင်အောင် ခရီးဦးကြိုဆိုပါသည်”ဟု လျှောက်ထားကြလျှင်-

“အချင်းတို့ ဤအရပ်သည်လျှင် နေထွက်ရာဖြစ်တော့သည်။ ထိုအရပ်၌ ရွှေအိုးကြီး ၁-လုံးရှိ၏။ တူးလော့”ဟုဆို၍ တူးဖော်စေ၏။ ထို့နောင် “အချင်းတို့။ အရှင်ပစ္စေကဗုဒ္ဓါတို့သည် နန်းတော်မှ ဆွမ်းစားပြီး၍ ကြွတော်မူသောအခါ အဘယ်အရပ်တိုင်အောင် မင်းကြီး လိုက်ပို့သနည်း”ဟု မေးတော်မူ၏။

“ဤအရပ်တိုင်အောင် မင်းကြီး ပို့လိုက်ပါသည်”ဟု အမတ်တို့လျှောက်လျှင်- “အချင်းတို့။ နေဝင်ရာဟူသည်ကား ဤအရပ်တည်း။ ထိုအရပ်၌ ရွှေအိုးကြီး ၁-လုံးရှိ၏။ တူးလော့” ဟုဆို၍ တူးဖော်စေ၏။

ထိုအခါ အမတ်တို့သည် “ငါတို့ကား နေထွက်ရာ, နေဝင်ရာဆိုသည် အကယ် နေမင်းစင်စစ်မှတ်၍ အသို့လျှင် ဥဒည်တောင်, အတ္ထင်္ဂမတောင်မှာ တူးနိုင်ပါအံ့နည်း”ဟု မအပ်သောအရာများကိုပင် ကြံမိလေသည်။ ငါတို့ကဲ့သို့ အယူပေါ့လျှံသူသာ ဖြစ်ချေလျှင် အရှေ့မျက်နှာ, အနောက်မျက်နှာ အရပ်တို့၌ ရွှေအိုးကိုရှာသည်နှင့် မြေအပြင် အကောင်းမရနိုင်အောင်ပင် ရှိရာချေ၏။ ဘုန်းပညာကြီးတော်မူလှသော အရှင်ဖြစ်၍သာလျှင် အလျှို့အဝှက် အမြွက်စကားကို ကြားရုံမျှနှင့် အလွယ်တကူ သူတစ်ပါးမပင်ပန်းရ ခဏချင်း ထုတ်ဖော်ယူနိုင်ပေသည်ကား အံ့ဩပြောပ၍ မကုန်နိုင်ရာ”ဟု အထောင်မကသော ကောင်းချီးပေးခြင်းဖြင့် ကြွေးကြော်ကြကုန်၏။

ထို့နောင် ဘုရားလောင်းသည် အမတ်တို့ကို-- “အချင်းတို့ အတွင်း၌ ၁-လုံး၊ အပြင်၌ ၁-လုံး၊ အတွင်းအပြင်မဟုတ်သည်၌ ၁-လုံး ဆိုသည်မှာ အခြားမဟုတ်။ ဤနန်းတော် အရှေ့တံခါးမ၌ တံခါးခုံတွင်းကလည်း ၁-လုံး, တံခါးခုံပြင်နားကလည်း ၁-လုံး, တံခါးခုံအောက်ကလည်း ၁-လုံး၊ ရွှေအိုးရှိသည်။ ယခုပင် ဖော်ချေ” ဟုဆို၍ ထိုရွှေအိုး ၃-လုံးတို့ကိုလည်း ဖော်ထုတ်စေ၏။

ထို့နောင် “အချင်းတို့ မင်းကြီးလည်း မင်္ဂလာဆင်တော်ကိုစီးသောအခါ အဘယ်အရပ်၌ ဆင်တက်လှေကား ထားသနည်း။ ဆင်ထက်မှ ဆင်းသောအခါ အဘယ်အရပ်၌ လှေကား ထားသနည်း”ဟု မေးတော်မူ၏။ အမတ်တို့လည်း “အရှင်မင်းကြီး။ ဤအရပ်၌ ဆင်တက်လှေကားထား၍ ဆင်ထက်သို့ တက်တော်မူပါသည်။ ဤအရပ်၌ လှေကားထား၍ ဆင်ပေါ်မှ ဆင်းသက်တော်မူပါသည်”ဟု လျှောက်ထားကြကုန်၏။

ဘုရားလောင်းသည် ထိုစကားကိုကြားလျှင် “အချင်းတို့။ တက်ရာ၌ ၁-လုံး, သက်ရာ၌ ၁-လုံးဆိုသည်မှာ အခြား တက်ရာ, သက်ရာ မဟုတ်။ ဤ ဆင်တော်၌ တက်ရာ, သက်ရာပင် ဖြစ်သည်။ ထို ၂-ရပ်၌ ၁-လုံးစီ ရွှေအိုးရှိသည်။ တူးလေ”ဟုဆို၍ ထိုရွှေအိုး ၂-လုံးတို့ကိုလည်း တူးဖော်စေ၏။

ထို့နောင် “အချင်းတို့၏ အင်ကြင်းပင်ကြီး ၄-ပင်တို့၌ ၁-လုံးစီဆိုသည်မှာ အခြားမဟုတ်။ ဤနန်းတော်ရှေ့အမတ်တို့စည်းဝေးရာမြေပြင်၌ မင်းကြီး လျောင်းစက်စံပယ်ရန်အလို့ငှာ နန်းမြင့်စီရင်အပ်သော ညောင်စောင်းတော်၏ အခြေ ၄-ချောင်းသည် အင်ကြင်းသား မဟုတ်လော။ ထိုညောင်စောင်းခြေ ၄-ချောင်းတို့၏အောက်၌ ရွှေအိုး ၁-လုံးစီ ရှိသည်။ ဖော်ထုတ်လေ”ဟု ဆို၍ ဖော်ထုတ်စေ၏။

ထို့နောင် “အချင်းတို့။ ၈-ရပ်ဝန်းကျင် တစ်ယူဇနာထက်၌ ရွှေအိုးရှိသည်ဆိုရာမှာ ဤအရာ၌ ၄-ဂါဝုတ်ဖြင့် နှိုင်းယှဉ်အပ်သောခရီးတာကို ယူဇနာဆိုသည် မဟုတ်။ မြင်း ၄-စီးဖြင့် ကအပ်သော ရထားထမ်းပိုးနှင့် နှိုင်းယှဉ်အပ်သော ခရီးတာကို ယူဇနာဆိုသည် ဖြစ်မည်။ မင်းကြီးစက်တော်မူရာ ကျက်သရေတိုက်မှ ပတ်ဝန်းကျင် ရထားထမ်းပိုး တစ်ပြန်ခြားရာ ၈-မျက်နှာအရပ်တို့၌ ရွှေအိုး ၁-လုံးစီ ရှိသည်။ ထိုရွှေအိုး ၈-လုံးတို့ကို ဖော်ထုတ်လေ” ဟုဆို၍ ဖော်ထုတ်စေ၏။

(ဤ၌ ရွှေအိုး ၈-လုံးပင်ဖြစ်သော်လည်း ဌာနအားဖြင့် ၁-ခုသာယူရမည်။)

ထို့နောင် “အချင်းတို့။ အစွယ်ဖျားတို့၌ ရွှေအိုးရှိသည်ဆိုရာမှာ အခြားမဟုတ်။ မင်္ဂလာဆင်ထားရာတင်းကုပ်မှာ ဆင်မျက်နှာမူမြဲသောအရပ်တွင် ဆင်စွယ် ၂-ချောင်းတို့၏အောက်၌ ရွှေအိုး ၁-လုံးစီ ရှိသည်။ ထိုရွှေအိုး ၂-လုံးကိုလည်း ဖော်ထုတ်ချေ”ဟုဆို၍ ဖော်ထုတ်စေ၏။ (ဤ၌လည်း ဌာနအားဖြင့် ၁-လုံးသာယူ)

ထို့နောင် “အချင်းတို့။ အမြီးဖျား၌ ၁-လုံးဆိုသည်မှာလည်း ၎င်းဆင်တော်ထားရာ တင်းကုပ်တွင် ဆင်တော်အမြီးနေရာအောက်၌ ရွှေအိုး ၁-လုံး ရှိသည်။ တူးချေ”ဟုဆို၍ တူးဖော်စေ၏။

ထို့နောင် “အချင်းတို့။ ရေထဲ၌ ၁-လုံးဆိုရာမှာ တစ်ပါးရေထဲမှာ မဟုတ်။ မင်္ဂလာရေကန်တော် အလယ်တွင် ရှိသည်။ သင်တို့မြင်လိုလျှင် ကန်တော်မှရေကို ပြွန်ဝဖြင့် အစဉ်ထုတ်”ဟုဆို၍ ကန်ရေကို ထုတ်စေပြီးလျှင်၊ “ကန်အလယ်၌ ရွှေအိုးကို ရှုကြလော့”ဟု ပြတော်မူ၏။

ထို့နောင် “အချင်းတို့။ သစ်ပင်ဖျားဆိုသည်ကား တစ်ပါးမဟုတ်။ ဥယျာဉ်တွင် မင်္ဂလာပြုရာဖြစ်သော အင်ကြင်းပင်ကြီး၌ နွယ်တာလရာသီဝယ် နေမွန်းတည့်သောအခါ ပင်စည်ဝန်းကျင် ပတ်၍နေသောအရိပ်သည် သစ်ပင်ဖျား ဖြစ်တော့သည်။ ထိုအင်ကြင်းပင်ကြီး ပတ်ဝန်းကျင် အရပ် ၈-မျက်နှာ အရိပ်ဖျားကျရာ၌ ရွှေအိုးကြီး ၈-လုံး ရှိသည်။ ဖော်ထုတ်ချေ”ဟုဆို၍ ဖော်ထုတ်စေ၏။

ဤသို့ ရွှေအိုးကြီး ၁၆-လုံးတို့ကို ဖော်ထုတ်စေပြီးလျှင် မဟာဇနကမင်းကြီးသည် အမတ်တို့ကို- “အချင်းတို့။ ဤမှတစ်ပါး သင်တို့မင်းကြီးမှာခဲ့သောအရာရှိလျှင် လျှောက်ထားဦး”ဟု ဆိုတော်မူ၏။ အမတ်တို့လည်း “အရှင်မင်းကြီး။ ဤမှတစ်ပါး မှာထားခဲ့သောအရာ မရှိပြီ”ဟု လျှောက်ထားကြကုန်၏။

(ဤအရာ၌ ရွှေအိုးကြီး ၁၆-လုံးဆိုသော်လည်း ဌာနအားဖြင့် ၁၆-ဌာနကို ရည်၍သာဆိုသည်။ ရွှေအိုးကား ၁၆-လုံးမက။

အရှင်ပစ္စေကဗုဒ္ဓါတို့ကို မင်းကြီးကြိုဆိုရာ၌ ၁-လုံး, ပို့လိုက်၍ မင်းကြီးပြန်လည်ရာ၌ ၁-လုံး, နန်းတော်တံခါးခုံတွင်း၌ ၁-လုံး, တံခါးခုံပြင်နား၌ ၁-လုံး, တံခါးခုံအောက်၌ ၁-လုံး, ဆင်တော်သို့တက်ရာ၌ ၁-လုံး, ဆင်တော်မှဆင်းသက်ရာ၌ ၁-လုံး, အင်ကြင်းသား ညောင်စောင်းခြေ ၄ ခုအောက်၌ ၁-လုံးစီ, (ဤကား ဌာနလည်း ၁၁-ဌာန, ရွှေအိုးလည်း ၁၁-လုံး), ကျက်သရေတိုက် ၈-ရပ်ဝန်းကျင် ရထားထမ်းပိုး တစ်ပြန်ခြားရာ၌ ရွှေအိုးကြီး ၈-လုံး (ဌာနကား သမန္တာယောဇန တစ်ပါးသာ။), ဆင်တင်းကုပ်၌ ဆင်တော်အစွယ်၂-ချောင်းအောက်ဝယ် ရွှေအိုးကြီး ၂-လုံး (ဌာနအားဖြင့် ဒန္တဂ္ဂေသု တစ်ပါးသာ။) ဆင်တော်အမြီးထားရာ၌ ၁-လုံး, ရေကန်ထဲ၌ ၁-လုံး, (ဤ၌ကား ဌာနနှင့် ဌာနီ ညီ၏။), ဥယျာဉ်၌ အင်ကြင်းပင်ကြီး ၈-ရပ်ဝန်းကျင် မွန်းတည့်အရိပ်ဖျားကျရာ၌ ၁-လုံး (ဌာနအားဖြင့် ရုက္ခဂ္ဂေသု တစ်ပါးသာ။)။ ဤသို့ ဌာနအားဖြင့်ပေါင်းသော် ၁၆-လုံး, အိုးလုံးရေအားဖြင့်ပေါင်းသော် ၃၁-လုံး ရွှေအိုးရှိသည်ဟု သိအပ်၏။ ဤကား စကားချပ်တည်း။)

ထိုအခါ မှူးမတ်, ပုရောဟိတ်မှစ၍ ပြည်သားပြည်သူအပေါင်းတို့သည် ဤသို့သော ဘုရားလောင်း၏ အာဏာ, လက်ရုံး, ဘုန်းအင်, တေဇာ, ပညာတော်အစွမ်းကို မြင်ရပြန်သဖြင့် အံ့ဩ၍မပြီး ကောင်းချီးပဲ့တင်ထပ်မျှ နှစ်သိမ့်ဝမ်းမြောက်ခြင်း ရှိကြကုန်လျက် ငှက်ပျောပင်, ကြံပင်, တံခွန်, ကုက္ကား၊ မုလေးပွား စသည်တို့ဖြင့် တန်ဆာဆင်ပြီးသော မင်းလမ်းမတို့၌ ရပ်စုရပ်ကွက်အသီးအသီး ပွဲကြီးသဘင် ခံကြကုန်၏။ နန်းတော်ပတ်လည် ဝန်းကျင်တို့၌လည်း ကော်ဇော, ခင်းနှီးပြောက် အစရှိသော အထူးထူးအပြားပြား များမြတ်ဆန်းကြယ်စွာ အခင်းတို့ကိုခင်းကုန်လျက် နံ့သာဆိုင်း, ပန်းဆိုင်း စိုက်ဆွဲခြင်း၊ ပေါက်ပေါက်ပန်း ကြဲဖြန့်ခြင်း၊ အခိုး,အထုံ,နံ့သာမှုန့်, နံ့သာပျောင်းတို့ဖြင့် ကျင်းပတည်ထားခြင်း၊ စားဖွယ်, ခဲဖွယ်, သောက်ဖွယ်, အဖျော်ယမကာတို့ကို တည်ထားကျင်းပခြင်းတို့ဖြင့် ချီးမြှောက်ပူဇော်ကြကုန်လျက်၊ မှူးမတ်, ပုရောဟိတ်, သူဌေးသူကြွယ်တို့သည် ရွှေဖလားတတ်နိုင်သူ ရွှေဖလားတို့၌၊ ငွေဖလားတတ်နိုင်သူ ငွေဖလားတို့၌ မွန်မြတ်သောခဲဖွယ်ဘောဇဉ်, စတုမဓုတို့ကိုထည့်၍ မင်းကြီးအား လက်ဆောင်တော်အလို့ငှာ တစ်လုံးစီကိုင်စွဲလျက် ဥကင်ရာဇပလ္လင်၌ စံပယ်တော်မူသောမင်းကြီးထံ ဆက်သပူဇော်ကြပြီးလျှင်၊ မှူးကြီး, မတ်ကြီး မှူးလတ်, မတ်လတ်, မှူးငယ်, မတ်ငယ်, မင်းခယောက်ျားတို့မှာလည်း မိမိတို့အားထိုက်သော နေရာကနေ၍ ရိုသေဦးညွတ်ကာ ခစားကြကုန်၏။

ပုဏ္ဏားပုရောဟိတ်တို့မှာလည်း ထိုက်သောနေရာက တစ်စုတဝေးနေ၍ မင်္ဂလာရှိသော ပန်း, ရေချမ်း, ရေအေး, အမွှေးနံ့သာတို့ဖြင့်စီမံအပ်သော ခရုသင်းတစ်ခုစီကိုင်စွဲလျက် မင်းကြီးထံသို့ပျောင်းညွတ်ကာ နှုတ်မင်္ဂလာဖြစ်ကြောင်း ကောင်းချီးဘိသိက် သွန်းကြကုန်၏။ သူဌေး, သူကြွယ်, ဆင်စီးသူရဲ, မြင်းစီးသူရဲ, ရထားစီးသူရဲ, ခြေသည်သူရဲစသော ပြည်သူပြည်သားတို့လည်း အစုသင့်ရာ တစ်စည်းတဝေးတည်း မိမိတို့အားထိုက်သောနေရာကနေ၍ ကန်တော့ပွဲလက်ဆောင်နှင့် ပူဇော်ချီးမြှောက်ကြကုန်၏။ ကခြင်း, သီခြင်း, တီးမှုတ်ခြင်းတို့၌ လိမ္မာလေ့ကျွမ်းကုန်သော သဘင်သည်လုလင်ပျိုတို့သည်လည်း မိမိတို့ထိုက်ရာအရပ်က တစ်စုတဝေးတည်းနေ၍ နား,မျက်စိအာရုံ ကာမဂုဏ်မှု အနုအပျောင်း ကောင်းမြတ်သောကခြင်း, သီခြင်း, တီးမှုတ်ခြင်းတို့ဖြင့် ချီးမြှောက်ပူဇော်ကြကုန်၏။ မြတ်သောအဆင်းကိုဆောင်ကုန်လျက် အသောင်းမကသော နန်းတွင်းသူ အပျိုတော်အပေါင်းတို့သည်လည်း သီဝလိဒေဝီမင်းသမီးကို ခြံရံကုန်လျက် မင်းကြီး၏အနီး၌ ဦးညွတ်ကာ နေကြကုန်၏။ ကခြင်း, သီခြင်း, တီးမှုတ်ခြင်း၌ လိမ္မာကုန်သော ကချေသည် နန်းတွင်းသူတို့သည်လည်း သိမ်မွေ့ပျော့ပျောင်း ကောင်းမြတ်သာယာစွာတီးမှုတ်လျက် ပူဇော်ကြကုန်၏။ ထိုသို့ ပူဇော်ချီးမြှောက်ကြသောအသံ, တီးမှုတ်ကခုန်ရွှင်မြူးကြသော ပွဲသဘင်အသံဖြင့် ယုဂန္ဓိုရ်တောင်ခြေကလေအဟုန်လှုပ်သော သမုဒ္ဒရာအဝှမ်းကဲ့သို့ နန်းတော်အလုံး အုန်းအုန်းသဲသဲ တစ်ခဲနက် ပဲ့တင်ထပ်ကုန်၏။

မဟာဇနကမင်းကြီးသည်လည်း ထီးဖြူဖြန့်မိုးအပ်သော ဥကင်ရာဇပလ္လင်ပေါ်၌ မင်း၏ဣန္ဒဖြင့် ရဲရင့်တည်ကြည်စွာ ကန်တော့ပူဇော်ခြင်းကိုခံတော်မူ၍ မိထိလာပြည်နှင့်တကွ ထီးနန်းကို သိမ်းပိုက်တော်မူလေ၏။ ဝိဒေဟရာဇ်တိုင်းအတွင်း မြို့ငယ်, ခရိုင်, နိဂုံး, ရွာနေအကြီးအအုပ်ပြုသူတို့နှင့်တကွ တိုင်းသားတိုင်းသူအပေါင်းတို့သည်လည်း “ငါတို့ရာဇဌာနီ မိထိလာပြည်ကြီးသည် ကျက်သရေမဆုံးနိုင်သောမြို့ဖြစ်၍ တိထီ ၁၅-လုံးမှီသော လပြည့်နေ့၌ နေမင်းဝင်လျှင် အရှေ့ဥဒည်တောင်က လစက်ဝန်းထွန်းပေါ်လာသကဲ့သို့ ငါတို့အရှင် နတ်ပြည်စံတော်မူလျှင် အရှင့်အရိပ်အရာထီးနန်းသို့ ဆက်ခံမည့်သူ ဘုန်းတန်းရှင်မင်းတရား ပေါ်ထွန်းကြွရောက်တော်မူလာပေ၏။ ထိုအရှင်သည် အခြားမဟုတ်။ ငါတို့အရှင်ဖြစ်သော အရိဋ္ဌဇနကမင်းကြီး၏သားတော် နန်းညွန့်ပင်ဟူသတတ်။ ယခုအရွယ်တော်လည်း နံနက် ၄-ချက်တီးကျော်အချိန်၌ လျှံထိန်တောက်ပသောနေမင်းကဲ့သို့ ပထမအရွယ် နုနယ်ပျိုမျစ် ဘုန်းသစ်သောအချိန်တွင် စည်းစိမ်တော်နှင့်ဆိုင်၍ မအံ့နိုင်သောပညာ, ၃-ဖြာသော ဗလ, ရာဇပရိယာယ်, အသွယ်သွယ်သောသတ္တိ, အတုမရှိသော ဘုန်းပညာအလျှံဖြင့် နိုင်ငံလုံးကျက်သရေ ဖြစ်တော်မူပေ၏။ ထိုမင်းမြတ်ကို ရှုကြည့်ဖူးမြော် ပူဇော်ကြကုန်အံ့”ဟု အသီးအသီး များစွာသောလက်ဆောင်တို့ဖြင့် နေပြည်တော်သို့ ဆက်သပူဇော် ဖူးမြော်လာကြကုန်သဖြင့် မိထိလာပြည်၌ နေရာမြေပြင်မဆံ့နိုင်အောင် အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။

မဟာဇနကမင်းကြီးသည်လည်း သီဝလိဒေဝီမင်းသမီးကို များစွာသော ကိုယ်လုပ်မောင်းမတို့၏အမှူးဖြစ်သော မိဖုရားကြီးအရာ တောင်ညာနန်းမ၌ထား၍ နန်းလုံးနှင်းလေ၏။

ကာလစမ္ပာနဂိုရ်ပြည်၌နေသော မယ်တော်ကိုလည်းကောင်း၊ အိမ်ထောင်သမီးသား ပုဏ္ဏေးမနှင့်တကွ ပါမောက္ခဆရာကြီးကိုလည်းကောင်း ထိုပြည်မှ မိထိလာပြည်သို့ ခေါ်ဆောင်စေပြီးသော် မယ်တော်အား များစွာသောစည်းစိမ်အခြံအရံနှင့် နန်းအခြားဆောက်၍ ချီးမြှောက်ကိုးကွယ်လျက်ထား၏။ ပါမောက္ခဆရာကြီးလည်း ထိုပြည်၌ ပုဏ္ဏားသူကြွယ်စည်းစိမ်ထက် သာလွန်ထူးမြတ် ကြီးမြင့်သောစည်းစိမ်ဖြင့် ဦးရီးတော်အရာနှင့် ကျေးစားမြို့ရွာခရိုင်ပေး၍ သင့်ရာချထား ချီးမြှောက်တော်မူ၏။

ထိုအခါ မဟာဇနကမင်းကြီးသည် “ငါ့ဘိုးတော်, ခမည်းတော်, ဘထွေးတော်တို့ကား မိမိတို့သွားရာထက်ကြပ်ပါအောင် ဥစ္စာကိုမဆောင်ယူကြဘဲ ငါ့ကိုဆောင်ယူစိမ့်မည်ဟု စွန့်ထားခဲ့ကြသည်။ ဥစ္စာရပ်လည်း များစွာရှိ၏။ ငါ့ဘထွေးတော်ထားခဲ့သည့် ရွှေအိုးကြီး ၁၆-ဌာနတို့၌ များစွာသောဥစ္စာတို့သည်လည်း ရှိကုန်၏။ ယခု ငါ့လက်ထက်မှ ကန်တော့ပူဇော်ရောက်သည့် ဥစ္စာရပ်တို့လည်း သုံး၍မကုန်နိုင်အောင် ဖြစ်၏။ ထိုဥစ္စာရပ်တို့ကို ထက်ကြပ် ငါသွားတိုင်းပါအောင် ဆောင်ရွက်အံ့”ဟု ကြံတော်မူလျက်၊ မြို့တံခါး ၄-မျက်နှာ, မြို့လယ် ဤ၅-ဌာနတို့၌ ကြီးစွာသောအလှူဇရပ် ၅-ဆောင်ဆောက်စေ၍ နေ့တိုင်းမပြတ် ကြီးစွာသောအလှူကို ပေးလှူစွန့်ကြဲတော်မူ၏။