မဟာဇနကဇာတ်တော်ကြီး/အခန်း-၂၂
ထိုသို့ မင်း၂-ပါး သွားကြပြန်လေသော် ရှေ့မနီးမဝေး၌ သစ်ကြီးဝါးကြီးပိတ်ဆီးအုံ့ဆိုင်း မှိုင်းမှိုင်းညို့ညို့ရှိသော တောကြီးစုံမြိုင်ကိုမြင်လျှင် ဘုရားလောင်းသည် ထိုတောသို့ရောက်သောအခါ မိဖုရားကိုပြန်စေအံ့ဟု ကြံလျက် လမ်းနား၌ရှိသော ဖြူဆံမြက်ပင်မှ အညွန့်အမြိတ်စကို လက်တော်ဖြင့် ဖြုတ်ယူပြီးသော် မိဖုရားကိုခေါ်၍-
“သီဝလိ။ သင်ရှုလော့။ ဤမြက်ညွန့်ကို ထိုအပင်၌ တစ်ဖန်ဆက်ပြန်လျှင် စပ်နိုင်ပါဦးမည်လော။ ဤမြက်ညွန့်နှင့်ပမာတူစွာ ငါသည်လည်း ရဟန်းတရားကို ကျင့်လိုသောကြောင့် သင်တို့ကိုစွန့်ပြီးမှ တစ်ဖန် သင်တို့နှင့်ပေါင်းဖော်ခြင်းမည်သည်ကို မပြုလိုပြီ။ သီဝလိ အပင်မှပြတ်ကင်းသော ဖြူဆံမြက်ညွန့်ကဲ့သို့ ငါတစ်ယောက်အထီးတည်း ဟိမဝန္တာ၌ ရဟန်းတရားကိုပွားစေ၍ နေပါအံ့။ သင်သည်လည်း စည်းစိမ်ချမ်းသာ၌ ငြီးငွေ့လောက်သောအရွယ် ရှိပြီ။ ငါနှင့်ကင်း၍ စည်းစိမ်ချမ်းသာကိုခံစားခြင်းဖြင့် အဘယ်ပြုတော့အံ့နည်း။ ငါကဲ့သို့ပင် တစ်ယောက်အထီးတည်း ရဟန်းပြု၍ နေရစ်လေတော့”ဟု အဆုံးအမပေးတော်မူ၏။
ထိုစကားကိုကြားလျှင် သီဝလိဒေဝီ မိဖုရားသည် “ငါ့ကိုပစ်၍ ကျေးဇူးရှင် ဤတောအုပ်သို့ ဝင်မည်ကြံခဲ့ပြီတကား။ စိမ်းကားသောစကားကို ယခု ဆိုတော်မူခဲ့၏”ဟု ကိုးကွယ်ရာမရ ပူပန်ခြင်းရှိသည်ဖြစ်၍ မသေနိုင်မှသာ ရှင်စေတော့ ဟူသကဲ့သို့ လက်ဆုပ် ၂-ဘက်ဖြင့် ပြင်းစွာရင်တီးခတ်လျက် ခရီးမ၌ မတ်တတ်ပင်လျှင် မိန်းမောခြင်းသို့ ရောက်သဖြင့် အရင်းပြတ်သောငှက်ပျောတိုင်ကဲ့သို့ ယိုင်ကာ လဲလေ၏။ ထိုအခါ ဘုရားလောင်းသည် မိဖုရား မိန်းမော၍ရှိကြောင်းကို သိလေလျှင် ခြေရာကိုဖျက်၍ တောအုပ်သို့ ပြေးဝင်တော်မူလေ၏။
အမတ်တို့လည်း စိတ်လျှော့ကြသဖြင့် ဘုရားလောင်းဆီသို့မလိုက်ဘဲ မိဖုရားမိန်းမော၍ရှိသည်ကိုသာ စုရုံးဝိုင်းအုံကြလျက် ရေဖြင့်သွန်းခြင်း, ခြေလက်ဆုပ်နယ်ခြင်းတို့ဖြင့် ပြုစုကူမကြ၏။ အိမ်ရှေ့မင်းမယ်တော်လည်း သတိရပြီးသော် အမတ်တို့ကို “အမောင်တို့။ မင်းကြီး အဘယ်မှာနည်း”ဟု မေး၏။ အမတ်တို့လည်း “အကျွန်ုပ်တို့ကား ဝေးရာကဖြစ်၍ မင်းကြီး အဘယ်သို့သွားသည် မသိလိုက်ပါ”ဟု လျှောက်ကြကုန်၏။
အိမ်ရှေ့မင်းမယ်တော်လည်း “အမောင်တို့။ ထိုသို့တပြီးကား ယခု မင်းကြီးကို တွေ့အောင်ရှာကြ” ဆို၏။ အမတ်တို့လည်း ပြည်ထဲရှင်မစကားကို မလွန်ဝံ့ကြသဖြင့် အသီးသီးခွဲခန့်၍ ထိုတောစုံမြိုင်ထဲ၌ ထိုမှဤမှ လှည့်လည်ရှာဖွေကြပြီးလျှင် ပြန်ခဲ့ကြ၍ ခြေရာမျှမထင် မတွေ့မမြင်ကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ အိမ်ရှေ့မင်းမယ်တော်သည် ပြင်းစွာငိုကြွေးခြင်းဖြင့် ငိုကြွေး၍ ဘုရားလောင်းရပ်နေတော်မူလျက် ဖြူဆံမြက်ကိုပြရာအရပ်၌ စေတီတည်ထားစေပြီးလျှင် ပန်းနံ့သာစသည်တို့ဖြင့် စေတီကိုရှိခိုးပူဇော်၍ ထိုတောမှ ဗိုလ်ထုနှင့်တကွ ပြန်လည်လေ၏။
ဘုရားလောင်းသည်လည်း ထိုဟိမဝန္တာ၌ ကသိုဏ်းပရိကံတို့ကို ပွားစေလတ်သော် ကြောင့်ကြကြီး ကြောင့်ကြငယ်တို့ကိုဖြတ်ပြီးလျှင် စင်ကြယ်သောသီလ, သမာဓိရှိခြင်းကြောင့် ၇-ရက်အတွင်း၌ပင်လျှင် အဘိညာဉ်သမာပတ်ကို ရတော်မူသည်ဖြစ်၍ အနှစ် ၃၀၀၀-ပတ်လုံး လူတို့သွားသောခရီးသို့ တစ်ရံတစ်ဆစ်မျှမလာဘဲ ဟိမဝန္တာ၌သာလျှင် ဈာန်၏မွေ့လျော်ခြင်းဖြင့် နေတော်မူ၏။