မဟာဇနကဇာတ်တော်ကြီး/အခန်း-၂၃
အိမ်ရှေ့မင်းမယ်တော်သည်လည်း ထိုတောဝမှ ပြန်လည်၍လာခဲ့သော် ခရီးအစဉ်အတိုင်း ပြန်သွားသဖြင့် ထူဏမြို့သို့ရောက်သောအခါ လေးသမားနှင့်ဘုရားလောင်း စကားပြောရာအရပ်၌ စေတီတစ်ဆူ၊ သတို့သမီးနှင့်ဘုရားလောင်း စကားပြောရာအရပ်၌ စေတီတစ်ဆူ, ပံ့သုကူအမဲကင်ကို ဘုဉ်းပေးတော်မူရာအရပ်၌ စေတီတစ်ဆူ၊ ထိုထူဏမြို့၌ စေတီ ၃-ဆူတည်၍ ပန်းနံ့သာစသည်တို့ဖြင့် ရှိခိုးပူဇော်လျက် လာပြန်လတ်သော်၊ ခရီးအစဉ်အတိုင်း မိဂါဇိန်ရှင်ရသေ့နှင့် စကားပြောတော်မူရာ၌ စေတီတစ်ဆူ, နာရဒရှင်ရသေ့နှင့် စကားပြောတော်မူရာ၌ စေတီတစ်ဆူ, ထိုစေတီတို့ကို တံခွန်ကုက္ကား ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်၍လာခဲ့ပြန်သော်၊ ဘုရားလောင်း တောင်ဝှေးတော်ဖြင့် ခရီးမတွင် ဖီလာဖြတ် အရေးသားတော်မူရာ၌ စေတီတစ်ဆူ, မိထိလာပြည်ကို ရောက်လုနီး လူဆိုးလူပျက်, ခိုးသူဓားပြ ထကြောင်းကို အထက်က မိဖုရားလျှောက်ရာ၌ စေတီတစ်ဆူ, မီးလောင်ကြောင်းကိုလျှောက်ရာ မြို့တွင်း၌ စေတီတစ်ဆူတည်ထားစေ၍ ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်လျက် မိထိလာပြည်သို့ ရောက်လေ၏။
ထိုသို့ စေတီတော်များကို ပူဇော်ကိုးကွယ်ခြင်း ပွဲသဘင်ပြုပြီးသော် အိမ်ရှေ့မင်းမယ်တော်သည် မြို့ကိုတန်ဆာဆင်စေလျက် မှူးမတ်, ဗိုလ်ပါ စစ်အင်္ဂါအပေါင်းခြံရံ၍ အိမ်ရှေ့မင်းနှင့်တကွ ဥယျာဉ်သို့ထွက်ပြီးလျှင် ထိုဥယျာဉ်မင်္ဂလာ ကျောက်ဖျာအပြင်၌ အိမ်ရှေ့မင်းကိုနေစေလျက် ရာဇာဘိသေကဘိသိက်ဖြင့် အဘိသိက်သွန်း၍ မှူးမတ်စစ်သည် ဗိုလ်ပါအလုံးအရင်းနှင့်တကွ ပြည်စည်းစိမ်ကို အိမ်ရှေ့မင်းအား အပ်နှင်းပြီးသော်-
“ချစ်သား။ မောင့်ခမည်းတော် အုပ်ချုပ်သည့်အတိုင်း ပြည်ထဲရေး ၄-မျက်နှာ သာယာငြိမ်ဝပ်အောင် တရားသဖြင့် မင်းပြုလေ။ မမေ့မလျော့စေနှင့်။ မိခင်မူကား မောင့်ခမည်းတော် ဆုံးမခဲ့သည့်အတိုင်း ဤဥယျာဉ်တွင် ရဟန်းပြု၍ နေရစ်အံ့”ဟု ဆိုလျက် အလုံးစုံကိုမှာထား၍ လွှတ်လိုက်၏။
သားတော် ဒီဃာဝုမင်းသည်လည်း မှူးမတ်, ဗိုလ်ပါအပေါင်းခြံရံလျက် မြို့တွင်းသို့ဝင်၍ ထီးနန်းကို သိမ်းမြန်းစိုးစံလေ၏။
ဒီဃာဝုမင်းကြီးမယ်တော်လည်း သားတော် မြို့သို့ဝင်ပြီးနောက်၌ ဆတ္တာသည်ကိုခေါ်၍ ပရိက္ခရာရောင်းသောဈေး၌ သင်္ကန်း, သပိတ်ဝယ်စေလျက် ဆံချပြီးလျှင် ရဟန်းပြု၍ ထိုဥယျာဉ်၌နေလျက် ကြောင့်ကြကြီး, ကြောင့်ကြငယ်တို့ကိုဖြတ်သဖြင့် ကသိုဏ်းပရိကံကို ပွားစေလျက် မကြာမြင့်မီပင်လျှင် ပထမဈာန်သမာပတ်ကို ရလေ၏။
(ဤ၌ “အဘိညာသမာပတ္တိယော နိဗ္ဗတ္တေတွာ”ဟု မဆိုဘဲ “ဈာနံ နိဗ္ဗတ္တေတွာ”ဟူ၍သာ ဆိုတော်မူခြင်းသည်ကား ပဋိသမ္ဘိဒါပတ္တ မဟုတ်သေးသော မိန်းမတို့သည် ဈာန်ရတုံသော်လည်း အဘိညာဉ်၏အခြေဖြစ်သော စတုတ္ထဈာန်ကို မရနိုင်။ စတုတ္ထဈာန်ကို မရသဖြင့်လည်း အဘိညာဉ်မရ။ ပထမဈာန်သမာပတ်ကိုသာ ရနိုင်စွမ်းသောကြောင့် “ဈာနံ နိဗ္ဗတ္တေတွာ”ဟူ၍သာ ဆိုတော်မူသည်ဟု သိအပ်၏။)
ဤသို့ ဒီဃာဝုမင်းကြီးမယ်တော်သည် ဥယျာဉ်၌ ဈာန်သမာပတ်စည်းစိမ်ကိုခံစားလျက် အနှစ် ၃၀၀၀-ပတ်လုံးနေ၍ စုတေလတ်သော် ရပြီးသောဈာန်မပျက်သဖြင့် ဗြဟ္မပါရိသဇ္ဇာဘုံသို့ ပြောင်းလဲလေ၏။
ဘုရားလောင်းသည်လည်း အဘိညာဉ်သမာပတ် စည်းစိမ်ကိုခံစားလျက် ဟိမဝန္တာ၌ အနှစ် ၃၀၀၀-ပတ်လုံးနေ၍ စုတေလတ်သော် ရပြီးသောဈာန်မပျက်သဖြင့် ဝေဟပ္ဖိုလ်ဘုံသို့ ပြောင်းလဲတက်စံတော်မူလေ၏။