မဟာဒုက် (ဆရာ)
သင်ခန်းစာ (၁၄)
သင်ခန်းစာခေါင်းစဉ်။ ။ မဟာဒုက်
ယေဘုယျရည်ရွယ်ချက်။ ။ စေတနာထက်သန်စွာဖြင့် လှူဒါန်းတတ်ရန်။
စာသင်ချိန် (၁)။ ။ ၆၀ မိနစ်
အသေးစိတ်ရည်ရွယ်ချက်။ ။ စေတနာထက်သန်စွာဖြင့် လှူဒါန်းလျှင် ကြီးကျယ်သောအကျိုးကို ခံစားရကြောင်း ရှင်းပြတတ်ရန်။
သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။
သင်ယူမှုလုပ်ငန်းစဉ်
လုပ်ငန်း (၁) မေးခွန်းမေးမြန်းခြင်းနှင့် ဇာတ်လမ်းဖတ်ခြင်း။
(၂၀ မိနစ်)
֍ အောက်ပါမေးခွန်းများဖြင့် စတင်ပါ။
-ကလေးတို့ကိုယ်တိုင် အလှူဒါန လုပ်ဖူးသလား။
-ဘယ်လို အလှူဒါနတွေ လုပ်ဖူးသလဲ။
-ဘာကြောင့် လှူသလဲ။
-ဘယ်လို စိတ်ထားမျိုးနဲ့ လှူသလဲ။
֍ ကလေးများ၏ အဖြေကို ဆရာက မှတ်သားထားပြီး “အလှူဒါနတွေ ပြုလုပ်မယ်ဆိုရင် ဘယ်လို ကောင်းကျိုး တွေရနိုင်တယ်ဆိုတာ လေ့လာကြရအောင်”ဟု ပြောပါ။
֍ ထို့နောက် ဆရာက “မဟာဒုက်အကြောင်းကို ကလေးတို့ ကြားဖူးကြသလား”ဟု မေး၍ ပြောနိုင်သော ကလေးများက ပြောကြပါစေ။ ကလေးများ ပြောပြီးနောက် ဇာတ်လမ်းကို ဖတ်ကြပါစေ။
မဟာဒုက်
ကဿပဘုရားရှင်လက်ထက်က ဗာရာဏသီမြို့တွင် အလွန်ဆင်းရဲသော မဟာဒုက်တို့ ဇနီးမောင်နှံ ရှိ၏။ မဟာဒုက်သည် သူတစ်ပါးဝိုင်းစေသည့် အခစားအလုပ်ကိုလုပ်၍ အသက်မွေးရသည်။ အလုပ်မလုပ် ရသောနေ့တွင် ဘုရားရှင်ကျောင်းတော်သို့ သွား၍ ဆွမ်းကျန်ဟင်းကျန်များကို တောင်းရမ်းစားသောက်ရသည်။
တစ်နေ့တွင် ကဿပဘုရားရှင်သည် ရဟန်း ၂၀၀၀၀ နှင့်အတူ ဗာရာဏသီမြို့သို့ ကြွချီတော်မူလာရာ နိဗ္ဗာန်ဆော်တစ်ယောက်က ကဿပဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းနိုင်ရန် မြို့သူ မြို့သားများကို နှိုးဆော်ပေးနေ၏။ မဟာဒုက်လည်း သံဃာတစ်ပါးစာ တာဝန်ယူမည်ဟု စာရင်းပေးခဲ့သည်။ မဟာဒုက်တို့ ဇနီးမောင်နှံမှာ အလွန်ဆင်းရဲလှသဖြင့် အိမ်တွင် ဆန်၊ ဆီ၊ ဆားမှာလည်း တစ်ခါချက်အပြင် အပိုမရှိပေ။ သို့သော် ထိုကဲ့သို့ သံဃာတစ်ပါးစာ တာဝန်ယူခဲ့သည့်အကြောင်း ဇနီးသည်ကိုပြောရာ ဇနီးသည်ကလည်း အပြစ်မဆိုသည့်အပြင် ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်၏။
ထို့နောက် မဟာဒုက်တို့ ဇနီးမောင်နှံသည် သံဃာတစ်ပါးစာ ဆွမ်းကပ်လှူနိုင်ရေးအတွက် အလုပ်မရွေး လုပ်ကြလေသည်။ ရဟန်းတော်တစ်ပါးကို ဆွမ်းကပ်လှူမည်ဟူသော စိတ်စေတနာဖြင့် ပင်ပန်းသည်ကို အမှုမထားဘဲ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြ၏။ စေတနာအကျိုးပေးကြောင့် ဆီပေးသူ၊ ဆန်ပေးသူ၊ ငါးပေးသူများ ရှိလာပြီး သံဃာတစ်ပါးက ချက်ပြုတ်ရန် လုံလောက်သွားလေသည်။ မဟာဒုက်တို့ ဇနီးမောင်နှံ၏ စေတနာထက်သန်မှုကြောင့် သိကြားမင်းက ဆင်းရဲသားအသွင်ဆောင်ကာ ဆွမ်းချက်ရာတွင် ကူညီလုပ်ကိုင်ပေးသည်။ ထိုအချိန်တွင် မဟာဒုက်သည် မိမိအိမ်သို့ ဆွမ်းစားကြွမည့် ရဟန်းကို နိဗ္ဗာန်ဆော်ထံ သွားရောက်တောင်းခံလေ၏။ နိဗ္ဗာန်ဆော်က စာရင်းမှတ်ရန် မေ့လျော့သွားသဖြင့် မဟာဒုက်အတွက် ရဟန် တစ်ပါးမျှ မကျန်တော့ကြောင်း ပြောပြရာ မဟာဒုက်သည် ဝမ်းနည်းခြင်းကြီးစွာဖြင့် လူးလှိမ့်ငိုကြွေးလေ၏။
ထိုအခါ နိဗ္ဗာန်ဆော်ကြီးက မဟာဒုက်ကို “မြတ်စွာဘုရားသည် ဆင်းရဲနွမ်းပါးသူများကို သနားချီးမြှောက် လေ့ရှိ၏။ ထို့ကြောင့် မြတ်စွာဘုရားထံသို့သွားကာ တပည့်တော်၏ ဆွမ်းအလှူကို လက်ခံတော်မူပါဟု လျှောက်တင်၍ ဆွမ်းပင့်ဖိတ်ပါလော့၊ သို့သော်လည်း မြတ်စွာဘုရားကို ဆွမ်းလှူရန် ပြည့်ရှင်မင်း၊ မင်းညီမင်းသား၊ စစ်သူကြီးနှင့် သူဌေးသူကြွယ်တို့လည်း မြတ်စွာဘုရားထွက်အလာကို စောင့်ဆိုင်းနေကြ၏၊ သင့်မှာ ဘုန်းကံ ရှိပါက မြတ်စွာဘုရား၏ သပိတ်တော်ကို ရပါလိမ့်မည်”ဟု အကြံပေးလိုက်သည်။ မဟာဒုက်လည်း နိဗ္ဗာန်ဆော် အကြံပေးသည့်အတိုင်း မြတ်စွာဘုရား ကျောင်းတော်သို့ သွား၍ အရဲစွန့်ကာ မြတ်စွာဘုရားအား ပင့်လိုက်သည်၊ မြတ်စွာဘုရားရှင်လည်း မဟာဒုက်၏ ပင့်ဖိတ်မှုကို လက်ခံတော်မူပြီး သပိတ်တော်ကို မဟာဒုက်အား ချီးမြှင့် လိုက်လေသည်။
ထိုအခါ မင်း၊ အမတ်၊ စစ်သူကြီးနှင့် သူဌေးတို့က “မဟာဒုက် ... အသင်ဟာ ဆင်းရဲလှတယ်၊ သင့်ကို အသပြာများစွာ ပေးပါ့မယ်၊ သပိတ်တော်ကို ရောင်းပါ”ဟု ပြောကြားရာ မဟာဒုက်က “ကျွန်ုပ်သည် ဥစ္စာကို အလိုမရှိ၊ မြတ်စွာဘုရားရှင်ကိုသာ ဆွမ်းလုပ်ကျွေးလို၏”ဟု ပြန်ပြော၍ ဝမ်းမြောက်ဝမ်းသာဖြင့် ဘုရားရှင်ကို အိမ်သို့ ပင့်ဆောင်ခဲ့သည်။ အိမ်၌ ဘုရားရှင်အား ရွှင်လန်းဝမ်းမြောက်စွာ ဆွမ်းလုပ်ကျွေးလှူဒါန်း၏။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးနောက် ဆွမ်းအနုမောဒနာတရား ဟောတော်မူသည်။ ထို့နောက် မဟာဒုက်သည် သပိတ်ပိုက်၍ ဘုရားရှင်ကို ကျောင်းတော်သို့ လိုက်ပို့ခဲ့သည်။ ထိုစဉ် သူ့အိမ်၌ ကောင်းကင်မှ ရတနာ ခုနစ်ပါးမိုးကြီး ရွာချလေ၏။ မဟာဒုက် အိမ်ပြန်ရောက်သောအခါ သူ့အိမ်တစ်အိမ်လုံး ရတနာများဖြင့် ပြည့်နေသည်ကိုအံ့ဩဖွယ် တွေ့ရလေသည်။
ဗာရာဏသီပြည့်ရှင် ဘုရင်ကြီးသည် မဟာဒုက်တို့အကြောင်းကို သိရှိသွားရာ မဟာဒုက်အား သူဌေးကြီးအရာ ပေးလိုက်လေသည်။ ဘုရင်ကြီးက ယခင်သူဌေးကြီး နေခဲ့သော အိမ်နေရာဟောင်းကို မဟာဒုက်အား ပေးလိုက်သည်။ ထိုအိမ်မြေနေရာကို ရှင်းလင်းသောအခါ ရွှေအိုးများကို ထပ်မံတွေ့ရသဖြင့် မဟာဒုက်သည် ဗာရာဏသီပြည်၏ အချမ်းသာဆုံး သူဌေးကြီးဖြစ်သွားလေသည်။
မဟာဒုက်သူဌေးကြီးသည် အိမ်ဆောက်ပြီးသောအခါ ဘုရားရှင်နှင့်တကွ သံဃာတော်များအား အလှူကြီးပေးပြန်သည်။ ဤသို့ဖြင့် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုများ တိုးသည်ထက်တိုးကာ ပြုလုပ်သွားပြီ သေလွန်သောအခါ နတ်ပြည်၌ နတ်သား ဖြစ်သွားခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလှူဒါနကို စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ပြုလုပ်သောကြောင့် ဖြစ်ပေသည်။
မှီငြမ်း။ ။ ပဏ္ဍိတသာမဏေရဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ ဒုတိယတွဲ၊ ၃၃၂။ ဓမ္မ၊ဋ္ဌ၊၁၊၃၅၉၊
ခက်ဆစ်အဖွင့်
နိဗ္ဗာန်ဆော် = နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတို့ကို အခြားသူများ ပြုလုပ်နိုင်စေရန် တိုက်တွန်းနှိုးဆော်ပေးသူ။
ဆွမ်းအနုမောဒနာတရား = ဆွမ်းလှူဒါန်းမှုကို ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် ဟောကြားသောတရား။
လုပ်ငန်း (၂) ကလေးများ၏ နားလည်မှုကို မေးမြန်းဆွေးနွေးခြင်း။
(၂၀ မိနစ်)
֍ အောက်ပါမေးခွန်းများကို မေးပါ။
-မဟာဒုက်တို့ ဇနီးမောင်နှံ ဘယ်လို လုပ်ကိုင်စားသောက်ရသလဲ။
-သံဃာတစ်ပါးက ဆွမ်းလှူနိုင်ဖို့ မဟာဒုက်တို့ဇနီးမောင်နှံ ဘယ်လို အလုပ်လုပ်ကြသလဲ။
-သိကြားမင်းက ဘာကြောင့် ဆွမ်းလာချက်ပေးရတာလဲ။
-မြတ်စွာဘုရားရဲ့ သပိတ်တော် ရသွားတဲ့မဟာဒုက်ကို မင်း၊ အမတ်၊ စစ်သူကြီးတို့က ဘာပြောသလဲ။ မဟာဒုက်က ဘယ်လို ပြန်ပြောသလဲ။ ဘာကြောင့်လဲ။
-ဘုရင်ကြီးက မဟာဒုက်ကို သူဌေးရာထူး ဘာကြောင့် ပေးရတာလဲ။
-မြတ်စွာဘုရားကို ဆွမ်းကပ်ခွင့် မရရင် မဟာဒုက် ဘယ်လို ဖြစ်သွားမယ်လို့ ထင်သလဲ။
လုပ်ငန်း (၃) မေးခွန်းပးခြင်းနှင့် အနှစ်ချုပ်ခြင်း။
(၂၀ မိနစ်)
֍ “မဟာဒုက်ဟာ အလှူဒါနနဲ့. ပတ်သက်လို့ စေတနာထက်သန်တဲ့သူဖြစ်ကြောင်း ဘယ်အချက်တွေအရ သိနိုင်သလဲ”ဟု မေး၍ ကလေးများ ပြောသောအချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ထားပါ။ (အောက်ပါမျှော်မှန်းအဖြေများ ပါလာရန် ဆရာက ပံ့ပိုးပေးပါ။)
(မျှော်မှန်းအဖြေ = စေတနာဖြူစင်ခြင်း၊ ဆင်းရဲသော်လည်း ငွေကြေးမမက်မောခြင်း၊ မင်း၊ အမတ်၊ စစ်သူကြီးတို့က ငွေအသပြာများစွာပေး၍ သပိတ်ကို ဝယ်ကြသော်လည်း “ငါဟာ ဥစ္စာကို အလိုမရှိ၊ မြတ်စွာဘုရားကိုသာ ဆွမ်းလုပ်ကျွေးမယ်”ဟု ပြောခြင်း၊ လှူဒါန်းနိုင်ရန်အတွက် ကြိုးစား၍ စေတနာအပြည့်အဝ ထားကာ အလုပ်လုပ်ခြင်း၊ နိဗ္ဗာန်ဆော်က ရဟန်းတစ်ပါးမှ မကျန်တော့ဟု ပြောသော်လည်း အရဲစွန့်၍ ဆွမ်းအလှူခံရန် မြတ်စွာဘုရားကို သွားရောက်ပင့်ခြင်း။)
֍ နောက်ဆုံးတွင် ဆရာက “မဟာဒုက်ဟာ ထင်းရဲပေမယ့် ငွေအသပြာကို မမက်မောဘဲ မြတ်စွာဘုရားကို ကြည်ညိုတဲ့စိတ်နဲ့ စေတနာထက်သန်ဖြူစင်စွာ ဆွမ်းလှူခြင်းဟာ လေးစားအတုယူဖို့ ကောင်းတယ်”ဟု အနှစ်ချုပ်ပေးပါ။
စာသင်ချိန် (၂)
အသေးစိတ်ရည်ရွယ်ချက်။ ။ မိမိလှူဒါန်းလိုသည့် ပုဂ္ဂိုလ်များနှင့် လှူဒါန်းလိုသည့် ပစ္စည်းဝတ္ထုတို့ကို ဖော်ထုတ်တတ်ရန်။
သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။
သင်ယူမှုလုပ်ငန်းစဉ်
လုပ်ငန်း (၁) ဇာတ်လမ်းနှင့် ချိတ်ဆက်နိဒါန်းပျိုးခြင်း။
(၅ မိနစ်)
֍ အောက်ပါမေးခွန်းများကို မေးပါ။
-မဟာဒုက်ရဲ့အလှူက သူ့ကို ဘာကြောင့် ချက်ချင်း အကျိုးပေးတာလဲ။
-အလှူဒါန ပြုလုပ်တဲ့အခါ ဘယ်လို စိတ်ထားမျိုး ရှိသင့်သလဲ။
လုပ်ငန်း (၂) မေးခွန်းမးခြင်းနှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်း။
֍ အောက်ပါမေးခွန်းများကို မေးပါ။
(၃၀ မိနစ်)
-ဘုရားရှင်နဲ့ သံဃာတော်တွေအပြင် အခြားဘယ်သူတွေကို လှူလို့ရသေးလဲ။
-အခြား ဘယ်လိုနည်းတွေနဲ့ အလှူဒါန လုပ်လို့ရသေးလဲ။
֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့၍ အုပ်စုတိုင်းအား စာရွက်ပိုင်းများ ဝေပေးပါ။ အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေး၍ ဆွေးနွေးမှုရလဒ်များကို အောက်ပါဥပမာအတိုင်း စာရွက်ပိုင်းတစ်ခုတွင် တစ်ချက်စီ ရေးကြပါစေ။ ထို့နောက် ရေးပြီးသော စာရွက်ပိုင်းများကို စာရွက်ကြီးပေါ်တွင် ယှဉ်တွဲ၍ ကပ်ကြပါစေ။
(သတ်မှတ်ချိန်အတွင်း အချက်များများ ရေးသားနိုင်ရန် ဆရာက စာရွက်ပိုင်းများကို လိုသလောက်ပေးပါ။)
-ဘယ်သူတွေကို ဘာတွေလှူဒါန်းကြမလဲ။ ဘာကြောင့်လဲ။
ဉပမာ-
ဘယ်သူတွေကို ဘာတွေလှူမှာလဲ ဘာကြောင့်လဲ
သံဃာတော်များကို နေစဉ် ဆွမ်းလောင်းလှူမယ် သာသနာပြုလုပ်ငန်းလုပ်နိုင်အောင်
ရေဘေး ဒုက္ခသည်တွေကို အဝတ်အစား လှူမယ် ဒုက္ခရောက်သူလုံခြုံအောင်
တိရစ္ဆာန်လေးတွေကို အစာကျွေးမယ် အစာဝဝ စားစေချင်လို့
သက်ကြီးရွယ်အို အဘိုးအဘွားတွေရဲ့ အဝတ်တွေကို လျှော်ပေးမယ် သန်သန်ရှင်းရှင်း နေနိုင်အောင်
ပရဟိတလုပ်ငန်းတွေမှာ လိုအပ်တဲ့ဝေယျာဝစ္စအလုပ်တွေလုပ်ပေးမယ် ကုသိုလ်ရအောင်
လုပ်ငန်း (၃) အုပ်စုလိုက်တင်ပြခြင်းနှင့် အနှစ်ချုပ်ခြင်း။
(၂၅ မိနစ်)
֍ ပြီးနောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက မိမိတို့အုပ်စု၏ ဆွေးနွေးမှုရလဒ်များကို ကျန်အုပ်စုများကို တင်ပြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပေးပါ။
֍ နောက်ဆုံးတွင် ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။
“ဂုဏ်အားဖြင့်မြတ်တဲ့ ရဟန်းသံဃာတော်တွေ၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတွေကို လှူဒါန်းနိုင်သလို အမှန်တကယ် လိုအပ်နေတဲ့သူတွေကိုလည်း လိုအပ်တဲ့နေရာမှာ မိမိတတ်နိုင်သလောက် ပေးကမ်းလှူဒါန်း ဖို့လိုအပ်တယ်၊ ငွေကြေး၊ ပစ္စည်းပေးကမ်းခြင်းကိုသာ အလှူလို့ခေါ်တာ မဟုတ်ဘူး၊ တံမြက်စည်လှည်းခြင်း၊ အများသောက်တဲ့ သောက်ရေအိုးကို ရေဖြည့်ခြင်းစတာတွေကိုလည်း လုပ်အားအလှူလို့ ခေါ်တယ်၊ ဒီလိုလှူဒါန်းတဲ့အတွက် လှူဒါန်းသူမှာ ဝမ်းသာပီတိဖြစ်ရသလို အလှူခံပုဂ္ဂိုလ်တွေမှာလည်း လိုအပ်နေတာတွေ ပြည့်စုံသွားပြီး ဝမ်းသာမယ်၊ စိတ်ချမ်းသာမယ်၊ အရေးကြီးဆုံးက စေတနာထက်သန်စွာ လှူဒါန်းဖို့ပဲ”