မာတိကာသို့ ခုန်သွားရန်

မဟာဗုဒ္ဓဝင်/ဂေါတမမြတ်စွာဘုရား အလောင်းတော်ကျင့်စဉ် အကျဉ်းချုပ်

ဝီကီရင်းမြစ် မှ
မဟာဗုဒ္ဓဝင်
by မင်းကွန်းဆရာတော်
ဂေါတမမြတ်စွာဘုရား အလောင်းတော်ကျင့်စဉ် အကျဉ်းချုပ်
2588မဟာဗုဒ္ဓဝင် — ဂေါတမမြတ်စွာဘုရား အလောင်းတော်ကျင့်စဉ် အကျဉ်းချုပ်မင်းကွန်းဆရာတော်

(နောက်ဆက်တွဲ)

ဂေါတမမြတ်စွာဘုရား အလောင်းတော် ကျင့်စဉ်အကျဉ်းချုပ်

     ရှေးက ရေးသားဖော်ပြအပ်ပြီးသောအတိုင်း ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာဘုရားမှစ၍ ကဿပ မြတ်စွာဘုရားတိုင်အောင် နှစ်ကျိပ်လေးဆူသော မြတ်စွာဘုရားများထံမှာ ဗျာဒိတ်ခံယူရသည်ဖြစ်ရာ ဗျာဒိတ်ခံယူခဲ့သည့် ဘဝအထူးတို့ကို သဘောတူရာ စုရုံးဖော်ပြသည်ရှိသော်..

ရသေ့အဖြစ် (၅)ဘဝ

(က) ဒီပင်္ကရာမြတ်စွာဘုရား အထံတော်မှာ သုမေဓာရှင်ရသေ့အဖြစ်ဖြင့် ရှေးဦးအစ နိယတဗျာဒိတ် ခံယူတော်မူပြီးနောက်..

(ခ) နာရဒမြတ်စွာဘုရား အထံတော်မှာ ဇဋိလအမည်ရှိသော ရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ဂ) အတ္ထဒဿီမြတ်စွာဘုရား အထံတော်မှာ သုသီမ ရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ဃ) သိဒ္ဓတ္ထမြတ်စွာဘုရား အထံတော်မှာ မင်္ဂလ ရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊



၅၄၁

(င) တိဿမြတ်စွာဘုရား အထံတော်မှာ သုဇာတ ရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

အားဖြင့် ရှင်ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံယူရသော ဘဝပေါင်းမှာ (၅) ငါးဘဝ ဖြစ်လေသည်။

ရဟန်းဘဝ (၉)ဘဝ

(က) ကောဏ္ဍညမြတ်စွာဘုရား အထံတော်မှာ ဝိဇိတာဝီ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ခ) မင်္ဂလမြတ်စွာဘုရား အထံတော်မှာ သုရုစိပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ဂ) သုမေဓမြတ်စွာဘုရား အထံတော်မှာ ဥတ္တရအမည်ရှိသော ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ဃ) သုဇာတမြတ်စွာဘုရား အထံတော်မှာ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(င) ဖုဿမြတ်စွာဘုရား အထံတော်မှာ ဝိဇိတာဝီအမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(စ) ဝေဿဘူမြတ်စွာဘုရား အထံတော်မှာ သုဒဿနအမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ် ခံယူခြင်း၊

(ဆ) ကကုသန်မြတ်စွာဘုရား အထံတော်မှာ ခေမအမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊



၅၄၂

(ဇ) ကောဏာဂုံမြတ်စွာဘုရား အထံတော်မှာ ပဗ္ဗတအမည်ရှိသော မင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ဈ) ကဿပမြတ်စွာဘုရား အထံတော်မှာ ဇောတိပါလ ပုဏ္ဏားလုင်ဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

အားဖြင့် ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူရသော ဘဝပေါင်းမှာ (၉) ကိုးဘဝ ဖြစ်လေသည်။

လူအဖြစ်ဖြင့် (၅)ဘဝ

(က) ရေဝတမြတ်စွာဘုရား အထံတော်မှာ အတိဒေဝအမည်ရှိသော ပုဏ္ဏားဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ခ) သောဘိတမြတ်စွာဘုရား အထံတော်မှာ အဇိတအမည်ရှိသော ပုဏ္ဏားဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ဂ) ပဒုမုတ္တရမြတ်စွာဘုရား အထံတော်မှာ ဇဋိလအမည်ရှိသော သူဌေးဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(ဃ) ပိယဒဿီမြတ်စွာဘုရား အထံတော်မှာ ကဿပအမည်ရှိသော ပုဏ္ဏားလုင်ဖြစ်၍ လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်း၊

(င) သိခီမြတ်စွာဘုရား အထံတော်မှာ အရိန္ဒမအမည်ရှိသော မင်းဖြစ်၍ လူအဖြစ်ဖြင့်ပင် ဗျာဒိတ်ခံယူခြင်း-

အားဖြင့် လူအဖြစ်ဖြင့် ဗျာဒိတ်ခံယူရသော ဘဝပေါင်းမှာ (၅) ငါးဘဝ ဖြစ်လေသည်။

နဂါးဘဝ (၂)ဘဝ

(က) သုမနမြတ်စွာဘုရား အထံတော်မှာ အတုလအမည်ရှိသော နဂါးမင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း၊



၅၄၃

(ခ) ဝိပဿီမြတ်စွာဘုရား အထံတော်မှာ အတုလအမည်ရှိသော နဂါးမင်းပင်ဖြစ်၍ ဗျာဒိတ်ခံယူခြင်း-

အားဖြင့် နဂါးအဖြစ်ဖြင့် ဗျာဒိတ်ခံယူရသော ဘဝပေါင်းမှာ (၂) နှစ်ဘဝ ဖြစ်လေသည်။

အဖြစ်တော်တမျိုးစီဖြင့် (၃)ဘဝ

(က) ဓမ္မဒဿီမြတ်စွာဘုရား အထံတော်မှာ သိကြားမင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း (၁) တစ်ဘဝ၊

(ခ) အနောမဒဿီမြတ်စွာဘုရား အထံတော်မှာ ဘီးလူးစစ်ဘုရင်ဖြစ်၍ ဗျာဒိတ်ခံယူခြင်း (၁)တစ်ဘဝ၊

(ဂ) ပဒုမမြတ်စွာဘုရား အထံတော်မှာ ခြင်္သေ့မင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း (၁)တစ်ဘဝ-

အားဖြင့် အဖြစ်တော်တမျိုးစီဖြင့် ဗျာဒိတ်ခံယူရသော ဘဝပေါင်းတို့မှာ (၃) ဘဝတို့ ဖြစ်ကုန်၏။

ရသေ့ ပဉ္စ၊ နဝ ဘိက္ခု၊ လူ့အဖြစ်ငါး၊ နှစ်နဂါးတည့်၊ သိကြား ယက္ခ၊ သီဟရာဇာ၊ တစ်စီသာ၊ သင်္ချာဇောဝီသ။

သာသနာတော်နှင့် ကြုံကြိုက်ခဲခြင်း

     ဤသို့လျှင် ငါတို့မြတ်စွာဘုရား အလောင်းတော် ပါရမီဖြည့်တော်မူရသော လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလအတွင်း၌ ဒီပင်္ကရာမြတ်စွာဘုရား၏ သာသနာတော်အစ ကဿပမြတ်စွာဘုရား၏ သာသနာတော် တိုင်အောင် (၂၄) နှစ်ဆယ့်လေးဘ၀သာ သာသနာတော်နှင့် တွေ့ကြုံရသည်ကို ထောက်ဆ၍ ဘုရားသာသနာနှင့် ကြုံကြိုက်ခဲသည်၏အဖြစ်ကို နစ်နစ်နာနော သဘောကြံဆမိကြ၍ မိမိတို့ တွေ့ကြုံနေရသော သာသနာတော်ခေတ်ကို အချည်းနှီးမဖြစ်အောင် အားသစ် ကြိုးစားသင့်လှပေ၏။



၅၄၄

ရဟန်းအဖြစ်၏ ရခဲခြင်း

     ဒီပင်္ကရာမြတ်စွာဘုရား အထံတော်မှာ နိယတဗျာဒိတ်ကို ခံယူရရှိပြီးဖြစ်သော အလောင်းတော် သူမြတ်ကြီးပင် တွေ့ကြုံရသော မြတ်စွာဘုရားတို့၏ သာသနာတော်မှာ (အချိန်ကာလနှင့် နှိုင်းစာလျှင် အလွန့်အလွန် နည်းပါးလှသည်ဟု ဆိုရလောက်အောင်ပင်) နှစ်ဆယ့်လေးသာသနာဖြစ်၍ ထိုနှစ်ဆယ့်လေး သာသနာတို့တွင်လည်း အလောင်းတော်သူမြတ်ကြီးမှာ သာသနာဝန်ထမ်း ရှင်ရဟန်းအဖြစ် (၉) ကိုးဘဝကိုသာ ရရှိတော်မူသည်ကို ထောက်ဆလျှင် ရဟန်းဖြစ်ရန်ကိစ္စမှာ “ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော= ရဟန်းအဖြစ်ကို ရခဲလှ၏”ဟူသော ကျမ်းလာစကားအရ အလွန်တရာ ခဲယဉ်းကြောင်း ထင်ရှားပေသည်။ နိယတဗျာဒိတ်ရပြီး ပုဂ္ဂိုလ်ကြီးများပင် ရဖို့ရန် ခဲယဉ်းလှသော ရဟန်းအဖြစ်ကို အခြားသာမညလူတို့ ရဖို့ရန်မှာ ဆိုဖွယ်ရာမရှိ၊ အလွန့်အလွန်ပင် ခဲယဉ်းလှသည်ဟူ၍သာ မှတ်ယူသင့်ပေသည်။

ဒုလ္လဘရဟန်း

     ယခုလောက ဗုဒ္ဓဘာသာဝင်အချို့ သူတော်စင်တို့မှာ မိမိတို့၏ ပရိယေသနဆိုင်ရာ အမှုကိစ္စများကို ဆောင်ရွက်လုပ်ကိုင် နေကြရသည့်အတွင်း အားလပ်ခွင့်ရလာလျှင် ထိုအားလပ်သောအချိန်ကို အချည်းနှီးမဖြစ်စေပဲ ရခဲလှစွာသော ရဟန်းအဖြစ်ကို ဤအားလပ်သော အချိန်အတွင်းမှာပင် ရယူနိုင်ရန် ရည်သန်၍ ရဟန်းပြုလုပ်ကြ၏။ ထိုသို့ပြုလုပ်သော ရဟန်းကို “ဒုလ္လဘရဟန်း”ဟူ၍ ခေါ်ကြ၏။ ဆိုလိုရင်း အဓိပ္ပါယ်မှာ.. ပြခဲ့ပြီးသည့်အတိုင်း အလွန်တရာ ရခဲလှစွာသော ရဟန်းအဖြစ်ကို နေ့လတာရှည် အမြဲမပြုလုပ်နိုင်စေကာမူ ခေတ္တယာယီအတွင်း ရရှိရန် ပြုလုပ်ကြခြင်း ဖြစ်သည်ဟု ဆိုလိုသည်။

     ဤအဓိပ္ပါယ်ကို မစဉ်းစား မဆင်ခြင်မိလျှင် လောက၌ ဤကဲ့သို့ အားလပ်သည့်အချိန်အတွင်း ခေတ္တယာယီ ရဟန်းခံသောသူသာ ဒုလ္လဘရဟန်းဖြစ်သည်။ ငယ်စဉ်ကစ၍ သာမဏေအဖြစ်မှ



၅၄၅

ကူးပြောင်းကာ အစဉ်သဖြင့် ရဟန်းအဖြစ်သို့ ရောက်သောသူ၏ ရဟန်းအဖြစ် (ငယ်ပြုစင်စစ် ရဟန်းအဖြစ်)ကိုကား ဒုလ္လဘမဟုတ်ဟူ၍ ထင်မြင်ယူမှားတတ်သည်။ ထိုသို့ ထင်မြင်ယူမှားသောကြောင့်ပင် ဒုလ္လဘရဟန်းကို ပကတိ အသက်အရွယ် နှစ်ဆယ်ကစ၍ ရဟန်းပြုခဲ့သော ငယ်ဖြုထာဝရ ရဟန်းများထက် ပိုမိုအရေးယူကာ လှူဒါန်းတတ်ကြလေသည်။ စင်စစ်ကား ယာယီခေတ္တ ဒုလ္လဘရဟန်းအဖြစ်မျှပင် ရနိုင်ပါက အစဉ်ထာဝရ အရှည်ရည်ရွယ် ပြုလုပ်သော ရဟန်းအဖြစ်မှာကား ရခဲသည်ဟူ၍ပင် ထူး၍ပြောဆိုရန်မလို၊ အမှန်ပင် ရခဲလှ၏ဟူ၍သာ မှတ်သားအပ်၏။

မင်းမှုထမ်းနှင့် ရဟန်းအဖြစ်

အချို့သောသူများက-

“န ဘိက္ခဝေ ရာဇဘဋော ပဗ္ဗာဇေတဗ္ဗော= ရဟန်းတို့.. မင်းခစားများကို ရှင်ရဟန်းပြု၍ မပေးရ”ဟု ပညတ်တော်မူချက် ရှိသောကြောင့် အစိုးရအမှုထမ်းများမှာ ပြဆိုခဲ့သည့်အတိုင်း အားလပ်ချိန်မှာ “ရဟန်းပြုလိုပါသည်။ ရဟန်းပြုလုပ်ပေးပါ”ဟု လျှောက်ထားသော်လည်း သံဃာတော်များက ရဟန်းပြု၍ မပေးကောင်း၊ ဤသို့ ဝိနည်းတော်နှင့် ဆန့်ကျင်နေသည့်အတွက် ယခုကာလ ဒုလ္လဘရဟန်းအလုပ်ကို မင်းမှုထမ်းများ မပြုလုပ်သင့်”ဟု-

ပြောဆိုတတ်ကြပေ၏။ ဤသို့လည်း မပြောထိုက်ပေ၊ ဝိနည်း မဟာဝဂ္ဂ အဋ္ဌကထာ မဟာခန္ဓက ရာဇဘဋဝတ္ထုအဖွင့်၌၊ ၊မင်းခစားပင်ဖြစ်သော်လည်း စားကြေးလခ နှစ်ခတို့ကို မင်းအား ပြန်၍အပ်နှင်းသောသူ၊ မိမိရာထူးဌာနန္တရကို သားကိုဖြစ်စေ ညီကိုဖြစ်စေ လွှဲအပ်၍ ရာထူးပေးသောမင်းကို “ယခုအခါ အကျွန်ုပ်သည် အရှင်မင်း၏ အခစားမဟုတ်တော့ပေ”ဟု မင်းထံ ပန်ကြားပြီးသောသူ၊ ပေးအပ်သော လစာရိက္ခာ အတွက် ဆောင်ရွက်ရန်အလုပ်ကိစ္စကို ပြီးစီးအောင် ဆောင်ရွက်ပြုလုပ်ပြီးသောသူနှင့် အာဏာပိုင် မင်းကိုယ်တိုင်က “ရှင်ရဟန်းပြုလိုမူ ပြုလော့”ဟု



၅၄၆

အနူးအညွတ် ကျေနပ်စွာ ခွင့်ပြုပြီးသော သူတို့ကိုကား ရဟန်းပြုပေးခြင်းငှါ အပ်စပ်၏၊ ၊ဟူ၍ ဖွင့်ပြထားလေသည်။ ဤအဋ္ဌကထာ ဖွင့်ပြချက်ကို ထောက်၍ ယခုကာလ ပင်စင်စားများ အပြီးအပိုင် ရဟန်းပြုလိုမူ (အမြဲတမ်း ရဟန်းပြုလိုမူ) ထိုပင်စင်ကို မင်းထံပြန်၍ အပ်နှင်းပြီးမှသော်၎င်း၊ မင်းထံမှ “ရဟန်းပြုလိုမူ ပြုလော့”ဟူ၍ အနူးအညွတ် ခွင့်ပြုချက်ကို ရယူပြီးမှသော်၎င်း ရဟန်းပြုသင့်ပေသည်။

     ဝိနည်းတော်မှာ “မင်းခစား ယောက်ျားများကို ရှင်ရဟန်းပြု၍ မပေးရ”ဟု ပညတ်တော်မူချက်မှာ မင်းခစားယောက်ျားအဖြစ်မှ လွတ်မြောက်ရန် ရည်သန်ကာ သာသနာတော်တွင် ခိုဝင်နေသူ မင်းခစားများကိုသာ ရှင်ရဟန်းပြု၍ မပေးရဟု ပညတ်တော်မူလိုရင်း ဖြစ်သည်။ (ထိုအကြောင်းကို ထိုရာဇာဘဋဝတ္ထုရင်း ပါဠိတော်ကိုထောက်၍ သိရာ၏။) ယခုကာလ ယာယီ ဒုလ္လဘ ရဟန်းပြုကြသော မင်းမှုထမ်းတို့မှာ အမှုထမ်းအဖြစ်မှ လွတ်မြောက်ရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိ၊ အာဏာပိုင် အစိုးရများက “ဤသို့ ဒုလ္လဘရဟန်း ပြုရမည်လော”ဟု စိတ်သဘောမကျပဲ အမှုထမ်းအဖြစ်မှ ထုတ်ပယ်ပစ်လိုက်မည်ကိုပင် များစွာစိုးရိမ်နေကြသော သူတွေချည်း ဖြစ်ပေသည်။ သို့ဖြစ်၍ ဝိနည်း မဟာဝါပါဠိတော်လာ သိက္ခာပုဒ်တော်နှင့် ယခုကာလ ဒုလ္လဘ ယာယီရဟန်း ပြုခြင်းမှာ ဆိုင်ရာ အာဏာပိုင်မင်းများထံမှ ခွင့်ရလျှင် တစုံတရာ ဆန့်ကျင်ခြင်းမရှိ ဖြစ်ပေသည်။

     ထိုသိက္ခာပုဒ်၌ လာသည့်အတိုင်း မင်းခစားအဖြစ်မှ လွတ်မြောက်လို၍ သာသနာတော်တွင် ခိုဝင်လာသောသူ ဖြစ်စေကာမူ ရဟန်းခံပေးလိုက်သောအခါ ခံပေးသည့် ဆရာရဟန်းများမှာသာ ဒုက္ကအာပတ်သင့်၍ ရဟန်းခံသောသူမှာကား ရဟန်းအဖြစ် မြောက်သည်သာဟု ဝိနည်းကျမ်းဂန်တို့၌ အထင်အရှားရှိပေသည်။

ထင်မြင်ဖွယ် ရှိပြန်သည်ကား-

ဤသို့ နိယတဗျာဒိတ်ရပြီးသော အလောင်းတော်ကြီးပင် နှစ်ကျိပ်လေးဆူသော မြတ်စွာဘုရားတို့နှင့် တွေ့ကြုံပါလျက်



၅၄၇

ကိုးကြိမ်သာ ရဟန်းဖြစ်ရသည်ကို ထောက်သဖြင့် ရဟန်းအဖြစ်ကိုရရန် ခဲယဉ်းသည်ဟု ဆိုသော် ဆိုတန်ပါစေ၊ ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် မြတ်စွာဘုရား ရမ္မာဝတီပြည်သို့ ဆွမ်းခံဝင်သောအခါ နောက်မှ ရဟန္တာလေးသိန်း ပါရှိကြောင်းကို၎င်း၊ သာဝကအစည်းအဝေး သုံးဌာနရှိသည့်အနက် ပဌမအစည်းအဝေးမှာ ရဟန္တာပေါင်း ကုဋေတသိန်း ရှိကြောင်းကို၎င်း ဗုဒ္ဓဝင်ပါဠိတော်ကြီးမှာ ဟောထားတော်မူသည်ကို ထောက်ပြန်လျှင် ဤမျှလောက် ရဟန္တာပုဂ္ဂိုလ်ကြီးတွေ များနေသည့်အတွက် ရဟန်းဖြစ်ရန် ခက်ခဲမည်မဟုတ်ပေဟု-

ထင်မြင်မှတ်သားဖွယ်ရာလည်း ရှိနေပြန်သည်။ စင်စစ်မှာ ရဟန်းအဖြစ်ကိုရရန် ခဲယဉ်းသည်ဆိုရာ၌ ရရန်အကြောင်းများ ညီညွတ်ခဲသည်ဟူ၍ အဓိပ္ပါယ်ကောက်ယူရ၏။ ဘုရားအလောင်းတော်ကြီးသည် မြတ်စွာဘုရား သာသနာတော်နှင့် တွေ့တိုင်း တွေ့တိုင်း ရဟန်းပြုရန် အကြောင်းအခွင့် မညီညွတ်သောကြောင့် ရဟန်းအဖြစ် ရခဲနေပေသည်။ ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် အလွန်များပြားလှစွာသော ရဟန္တာပုဂ္ဂိုလ်တို့မှာ ရဟန်းဖြစ်ရန်မျှသာမက ရဟန္တာဖြစ်ရန်ပင် အကြောင်းအခွင့် ညီညွတ်ပြည့်စုံပြီးကြသော ပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်ကြသည်။ မည်သည့်အရာမဆို အကြောင်းမညီညွတ်လျှင် အကျိုးဖြစ်ပေါ်ရန် ခဲယဉ်း၏။ အကြောင်းညီညွတ်သောအခါ အကျိုးဖြစ်ပေါ်ရန် လွယ်ကူ၏။

     ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် မရေတွက်နိုင်လောက်အောင် များပြားသော ရဟန္တာပုဂ္ဂိုလ်ကြီးတို့မှာ ထိုဘဝတွင် ရဟန္တာဖြစ်ရန် ရှေးရှေးဘဝတို့က ဆုပန်ဖြည့်ဆည်းပူးခဲ့သော ပါရမီတော်တို့မှစ၍ အကြောင်းဥဿုံ ပြည့်စုံ ညီညွတ်ကြသောကြောင့် ရဟန်းလည်းဖြစ် ရဟန္တာလည်း ဖြစ်ကြကုန်သည်။ ဥပမာဆိုသော်..



၅၄၈

     မနုဿတ္တဘာဝေါ ဒုလ္လဘော= လူ့အဖြစ်ကို ရခဲသည်၊ ရခဲပုံကို ဥပရိပဏ္ဏာသ ပါဠိတော် (၃) သုညတဝဂ်၊ (၉) ဗာလပဏ္ဍိတသုတ်၌လာသော လိပ်ကဏ်းဥပမာတွင် “တယောက်သောသူသည် အပေါက်တပေါက်သာ ထွင်းထားသော ထမ်းပိုးတုံးတခုကို သမုဒြာထဲသို့ ပစ်ချလိုက်ရာ ထိုထမ်းပိုးတုံးသည် အရှေ့မျက်နှာမှလေလာလျှင် အနောက်ဖက်သို့ မျော၍၊ အနောက်မျက်နှာမှ တဖန် လေလာပြန်လျှင် အရှေ့ဖက်သို့ တဖန် မျောပြန်ရာ၏၊ မြောက်မျက်နှာမှ လေလာပြန်လျှင် တောင်ဖက်သို့၊ တောင်မျက်နှာမှ လေလာပြန်လျှင် မြောက်ဖက်သို့ အတည်မကျ မျောပါးနေလေရာ၏။ ထိုသမုဒြာကြီးထဲမှာ မျက်စိနှစ်ဖက် စုံလုံးပျက်သော လိပ်ကဏ်းကြီးတကောင်သည် အနှစ်တရာတရာလွန်မှ တကြိမ်တကြိမ်သာ ရေမျက်နှာပြင်ပေါ် တက်လာလေရာ၏။ ထိုသို့ အနှစ်တရာတရာမှ တကြိမ်တကြိမ်သာ ရေမျက်နှာပေါ်သို့ ပေါ်တက်လာသော လိပ်ကဏ်းကြီး၏ ဦးခေါင်းသည် လေယူရာသို့ အတည်မကျ မျောပါနေသော ထမ်းပိုးတုံး၏ အပေါက်ထဲသို့ လျှိုမိ စွပ်မိရန် ခဲယဉ်းလှပေ၏။ ထို့ထက် တကြိမ်လောက် အပါယ်ဘေး ဝိနိပါတဘေးကြီးသင့်သော သတ္တဝါ (အပါယ်ဘုံသား သတ္တဝါ)တယောက်သည် လူ့အဖြစ်ကိုရဖို့ရန် အပြန်အရာမက ခဲယဉ်းလှပေ၏”ဟူ၍ ဟောကြားထားသည်။ တပါးသော ပါဠိတော်များ၌လည်း လူ့အဖြစ်ကို ရဖို့ရန် ခဲယဉ်းကြောင်း များစွာ ဟောကြားထားလေသည်။

     ဤသို့ တဖက်မှ လူ့အဖြစ်ကို ရခဲလှကြောင်း ဟောကြားထားသော်လည်း အပဒါန်ပါဠိတော် ဝိမာနဝတ္ထု ပါဠိတော် အစရှိသည်တို့မှာ ပန်းတပွင့်လှူရုံမျှနှင့် ဘဝများစွာ လူချမ်းသာ နတ်ချမ်းသာ ရနိုင်ကြောင်းကို ဟောထားပြန်သဖြင့် “လူဖြစ်ရန် မခဲယဉ်းပါ၊ အလွယ်နှင့်ပင် ဖြစ်နိုင်ပါသည်”ဟု ထင်မြင် မှတ်ယူဖွယ်လည်း ရှိပြန်၏။ သို့ရာတွင် ပြခဲ့ပြီးသောအတိုင်း လူဖြစ်ရန် အကြောင်းအပေါင်း မညီညွတ်နိုင်သူတို့အတွက် ဗာလပဏ္ဍိတသုတ် စသည်တို့၌ ဟောတော်မူ၍၊ အကြောင်းအပေါင်း ညီညွတ်၍



၅၄၉

ပန်းတပွင့်အလှူမျှဖြင့်ပင် လူ့ဘဝများစွာ ရနိုင်ခြင်းကို အပဒါန်ပါဠိတော် စသည်တို့၌ ဟောထားခြင်းကဲ့သို့ ရဟန်းအဖြစ်၏ ရခဲပုံကိုလည်း ဤနည်းအတူ မှတ်ယူရာ၏။

     လူအဖြစ်နှင့် စပ်၍ကား.. ယခုမျက်မြင် လောကလူ့ပြည်တွင် လူဦးရေ တနေ့တခြား တိုးတက် မွေးဖွားနေကြသည်တို့ကို ထောက်၍ လူဖြစ်ရန်မခဲယဉ်းဟု (လေးနက်စွာ မစဉ်းစားလျှင်) ထင်မြင်ဖွယ်ရှိသော်လည်း စင်စစ်မှာ အပါယ်လေးဘုံတို့၌ဖြစ်သော သတ္တဝါတို့ကို ထောက်စာလျှင် (အပါယ်လေးဘုံကို မဆိုထားဘိ) တိရစ္ဆာန်ဘုံ တဘုံတွင်မှာလည်း အမျိုးပေါင်း မရေမတွက်နိုင်အောင် များပြားရာ ပရွက်ဆိတ်သတ္တဝါတို့၏ ဘဝမှာ အစဉ်ပေါက်ဖွားနေကြသော ပရွက်ဆိတ်ဦးရေနှင့် လူဦးရေကို နှိုင်းစာလိုက်လျှင် ပရွက်ဆိတ်ဦးရေက မနှိုင်းစာနိုင်လောက်အောင် များပြားနေသည်ကို တွေ့ရပေလိမ့်မည်။ ဤသို့ အပါယ်လေးဘုံမှာ ပေါက်ဖွားသော သတ္တဝါတွေ အလွန်များပြား၍ လူ့အဖြစ်မှာ ပေါက်ဖွားသော သတ္တဝါကား အလွန်နည်းပါးနေ သည်ကို ထောက်လျှင်လည်း လူ့အဖြစ်ကိုရဖို့ရန် ခဲယဉ်းကြောင်း ထင်ရှားပေ၏။

     ဤနည်းအတူ ရဟန်းအဖြစ်မှာလည်း လောက၌ မြတ်စွာဘုရား သာသနာတော် ပေါ်ပေါက်တိုင်း ပေါ်ပေါက်တိုင်း ဝင်ရောက်ရဟန်းပြုရန် ခဲယဉ်းပေသည်၊ တဆူ တဆူသော မြတ်စွာဘုရားတို့၏ သာသနာတော်မှာကား ရဟန်းဖြစ်ရန် အကြောင်းအခွင့် ညီညွတ်ပြည့်စုံကြသော ပုဂ္ဂိုလ်အများတို့ ရဟန်းဖြစ်ရုံသာမက ရဟန္တာအထိ ဖြစ်ကြသည့်အတွက် များနိုင်ပေသည်၊ ဤသို့ အကြောင်းညီညွတ်သဖြင့် တဆူ တဆူသော မြတ်စွာဘုရားထံမှာ တိုက်ဆိုင် စုရုံးမိကြသည်ကို ထောက်၍ ရဟန်းအဖြစ်ကို ရဖို့ရန် လွယ်ကူသည်ဟု မမှတ်ယူထိုက်ပေ။

     တနည်းအားဖြင့် ဒုလ္လဘငါးပါးတွင် အပါအဝင်ဖြစ်သည့် ရဟန်းအဖြစ်သည် (၁) ဗုဒ္ဓုပ္ပါဒဒုလ္လဘခေါ် ရခဲလှစွာသော သာသနာတော်နှင့် ကြုံကြိုက်ခြင်း၊ (၂) မနုဿတ္တ ဒုလ္လဘခေါ်



၅၅၀

ရခဲလှစွာသော လူ့အဖြစ်ကို ရရှိခြင်း ဤနှစ်မျိုးစုံ ပြည့်စုံနေသော သူသာလျှင် ရဟန်းဖြစ်နိုင်သည်။ သာသနာတော် ကွယ်နေသည့်အခါ လူပင်ဖြစ်သော်လည်း ရဟန်းဖြစ်ခွင့် အလျဉ်းမရှိ၊ သာသနာတော် ထင်ရှားရှိနေသော်လည်း နတ် သိကြား ဗြဟ္မာ အပါယ်သတ္တဝါ ဖြစ်နေလျှင်လည်း ရဟန်းဖြစ်ခွင့် အလျဉ်းမရှိ။ ဤသို့လျှင် ရဟန်းအဖြစ်ကို ရနိုင်ခြင်း၏အကြောင်းရင်း ဒုလ္လဘနှစ်ဌာန ရှိသည့်အနက် ဗုဒ္ဓုပ္ပါဒနဝမခေါ် သာသနာတော်နှင့် တွေ့ကြုံရန် အလွန်တရာ ခဲယဉ်းလှပေ၏။ လောက၌ ဘုရားပွင့်တော်မူသော အခါမှာမှ သာသနာတော် ထွန်းလင်းနိုင် ထင်ရှားရှိနိုင်သည်။ ဘုရားတဆူတဆူ ပွင့်တော်မူရန်မှာလည်း နိယတဗျာဒိတ် ရရှိပြီးသည့်နောက်မှာပင် အောက်ထစ်ဆုံး လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ရှေး၌ ဆိုအပ်ပြီးသည့် ဘာဝနာလေးပါးဖြင့် မနားမနေ ပါရမီတော်တို့ကို ဖြည့်ကျင့်မှ ဖြစ်ပွင့်တော်မူနိုင်လေသည်။ ဘုရားဖြစ်ပွင့်၍ သာသနာတော် ထွန်းလင်းနေသည်တိုင်အောင် လူ့အဖြစ်ကိုမရခြင်း လူ့အဖြစ်ကိုရပါသော်လည်း အခြား အနှောက်အရှက်များ ရှိနေခြင်း ဖြစ်ခဲ့ပြန်လျှင် ရဟန်းမဖြစ်နိုင်တော့ပေ။ ဤအချက်ကို လေးနက်စွာ စဉ်းစားလျှင် လောက၌ သာသနာတော်ခေတ်ကို ကြုံကြိုက်ရန်ထက်ပင် ရဟန်းအဖြစ်က ပိုမိုခဲယဉ်းသည်ဟု ဆိုနိုင်ဖွယ်အကြောင်း ရှိပေ၏။

     ကြုံကြိုက်ရန် ခဲယဉ်းလှစွာသော သာသနာတော်နှင့် ရရှိရန် ခဲယဉ်းလှစွာသော လူ့အဖြစ် နှစ်ဌာနတို့ကို ကြီးကျယ်သော ကုသိုလ်ထောက်မ၍ ရရှိနေသော သူတို့မှာကား အကြောင်းရင်းနှစ်ပါးကို ရရှိပြီးဖြစ်သည့်အတွက် အကျိုးသဘောသက်သော ရဟန်းအဖြစ်မှာ အလွန်ကြီး ခဲခက်ဖွယ်မရှိတော့ပြီ။ ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ကုဋေပေါင်းများစွာဖြင့် ရေတွက်အပ်သော ရဟန္တာတို့မှာ ခဲခက်လှစွာသော အကြောင်းရင်းတရားနှစ်ပါးနှင့် ပြည့်စုံနေတော်မူကြသည့်အတွက် ရဟန်းအဖြစ်ကို လွယ်ကူစွာ ရယူနိုင်သကဲ့သို့ ထင်ရသော်လည်း ရဟန်းဖြစ်နိုင်ခြင်း၏ အကြောင်းရင်းဖြစ်သော သာသနာတော်ခေတ်နှင့် လူ့အဖြစ်တို့ကို



၅၅၁

ရရှိရန် အလွန့်အလွန် ခဲယဉ်းလှသောကြောင့် ရဟန်းအဖြစ်မှာလည်း ခဲယဉ်းလှသည်ဟူ၍သာ ပြောဆို မှတ်ယူသင့်ပေ၏။

**********

     ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရားကို မဖူးတွေ့ရမီ မိမိ ပျိုရွယ်စဉ်ကာလကပင် အိမ်ရာခမ်းနားရှိသမျှ ပစ္စည်းများကို စွန့်ကြဲလှူဒါန်းခြင်း ဒါနမှု၊ လူ၏ဘောင်မှ ခွါရှောင်ကာ တောထွက်ခြင်း နေက္ခမ္မမှု၊ ရှင်ရသေ့ပြုလုပ်ကာ စင်ကြယ်သော သီလကို ကျင့်ခြင်းတည်းဟူသော သီလမှု၊ ဈာန်အဘိညာဉ် ပေါက်ရောက်အောင် အားထုတ်ခြင်းဟု ဆိုအပ်သော သမထဘာဝနာမှုတို့ကို ပြုလုပ် ပြည့်စုံစေပြီးမှ ဒီပင်္ကရာ မြတ်စွာဘုရားထံ နိယတဗျာဒိတ် ခံယူပြီးသောအခါ ရှေးက ပြခဲ့ပြီးသောအတိုင်း ပါရမီဆယ်ပါးတို့ကို စူးစမ်းဆင်ခြင်တော်မူ၍ ဒါနပါရမီ အစရှိသည်တို့ကို ရှေးဆိုပြီးသော ဘာဝနာလေးပါးတို့ဖြင့် မနားမနေ ဆည်းပူး အားထုတ်တော်မူသည်မှာ ဝေဿန္တရာမင်းဘဝတိုင်အောင်ပင် လေးအသင်္ချေ ကမ္ဘာတသိန်း ကာလကြာညောင်းခဲ့လေသည်။

     ဤသို့ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ပွားများ အားထုတ်တော်မူရာမှာ (အဋ္ဌသာလိနီ အဋ္ဌကထာ ပါဌဇာတ် အဋ္ဌကထာတို့၌) ဒါနပါရမီနှင့်စပ်၍ အကိတ္တိပုဏ္ဏား ဖြစ်သောအခါ၊ သင်္ခပုဏ္ဏား ဖြစ်သောအခါ၊ ဓနဉ္ဇယမင်း ဖြစ်သောအခါ၊ မဟာသုဒဿနမင်း ဖြစ်သောအခါ၊ မဟာဂေါဝိန္ဒပုရောဟိတ်ကြီး ဖြစ်သောအခါ၊ နိမိမင်းကြီး ဖြစ်သောအခါ၊ စန္ဒကုမာရမင်းသား ဖြစ်သောအခါ၊ ဝိသယှသူဌေး ဖြစ်သောအခါ၊ သိဝိမင်းကြီး ဖြစ်သောအခါ၊ ဝေဿန္တရာမင်းကြီး ဖြစ်သောအခါ စသည်ဖြင့် ဒါနပါရမီကို ဖြည့်ဆည်းပူးတော်မူခဲ့သော အခါကာလ ဘဝပေါင်းကား အတိုင်းအရှည်မရှိပေ၊ အထူးအားဖြင့် ယုန်ပညာရှိဖြစ်သောအခါ မိမိအသက်ကိုစွန့်၍ သိကြားမင်းပုဏ္ဏားအား လှူဒါန်းခြင်းသည် ပရမတ္ထ= (မြတ်သော) ဒါနပါရမီဖြစ်ကြောင်း၊



၅၅၂

     သီလပါရမီနှင့်စပ်၍ သီလဝဆင်မင်း ဖြစ်သောအခါ စမ္ပေယျနဂါးမင်း ဖြစ်သောအခါ ဘူရိဒတ်နဂါးမင်း ဖြစ်သောအခါ ဆဒ္ဒန်ဆင်မင်း ဖြစ်သောအခါ ဇယဒိသမင်းသား ဖြစ်သောအခါ အလိနသတ္တုမင်းသား ဖြစ်သောအခါ စသည်ဖြင့် သီလပါရမီကို ဖြည့်ဆည်းပူးတော်မူခဲ့သော အခါကာလ ဘဝပေါင်းကား အတိုင်းအရှည်မရှိပေ၊ အထူးအားဖြင့် သင်္ခပါလနဂါးမင်း ဖြစ်သောအခါ၌ အသက်ကိုစွန့်ကာ သီလကို စောင့်သုံးခြင်းသည် ပရမတ္ထ= (မြတ်သော) သီလပါရမီဖြစ်ကြောင်း၊

     နေက္ခမ္မပါရမီနှင့်စပ်၍ သောမနဿမင်းသား ဖြစ်သောအခါ ဟတ္ထိပါလမင်းသား ဖြစ်သောအခါ အယောဃရပညာရှိ ဖြစ်သောအခါ စသည်ဖြင့် တိုင်းကြီးပြည်ကြီးအရှင် ဘုရင်မင်းအဖြစ်ကို စွန့်၍ တောထွက်ခြင်း နေက္ခမ္မပါရမီကို ဖြည့်ဆည်းပူးတော်မူခဲ့သော အခါကာလ ဘဝပေါင်းကား အတိုင်းအရှည်မရှိပေ၊ အထူးအားဖြင့် စူဠသုတသောမမင်း ဖြစ်သောအခါ လက်သို့ရောက်ပြီးဖြစ်သော မင်းစည်းစိမ်ကို တံတွေးပေါက်ကဲ့သို့ထင်ကာ ငြိကပ်တွယ်တာခြင်း အလျဉ်းမရှိပဲ တောထွက်ခြင်းသည် ပရမတ္ထ= (မြတ်သော) နေက္ခမ္မပါရမီဖြစ်ကြောင်း၊

     ပညာပါရမီနှင့်စပ်၍ ဝိဓုရပညာရှိ ဖြစ်သောအခါ မဟာဂေါဝိန္ဒပညာရှိ ဖြစ်သောအခါ ကုဒါလပညာရှိ ဖြစ်သောအခါ အရကပညာရှိ ဖြစ်သောအခါ မဟောသဓပညာရှိ ဖြစ်သောအခါ စသည်ဖြင့် ပညာပါရမီကို ဖြည့်ဆည်းပူးတော်မူခဲ့သော အခါကာလ ဘဝပေါင်းကား အတိုင်းအရှည်မရှိပေ၊ အထူးအားဖြင့် သတ္တုဘသ္တဇာတ်၌ သေနကပညာရှိ ဖြစ်သောအခါတွင် သားရေအိတ်အတွင်းမှာ ရှိနေသောမြွေကို (မျက်စိဖြင့် မကြည့်ရပဲ ပညာအစွမ်းဖြင့် ပြနိုင်ခြင်းသည် ပရမတ္ထ= (မြတ်သော) ပညာပါရမီဖြစ်ကြောင်း၊

     ဤအတူ ဝီရိယပါရမီ အစရှိသည်တို့နှင့် စပ်၍လည်း ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သော အခါကာလ ဘဝပေါင်းကား အတိုင်းအရှည်မရှိ မရေတွက်နိုင်အောင် များလှသည်ချည်းပင်



၅၅၃

ဖြစ်ပေသည်။ အထူးအားဖြင့် မဟာဇနကဇာတ်တော်၌ မဟာဇနကမင်းသား၏ မဟာသမုဒြာကြီးကို လက်ပစ်ကူးခြင်းသည် ပရမတ္ထ= (မြတ်သော) ဝီရိယပါရမီဖြစ်ကြောင်း၊

     ခန္တီဝါဒီဇာတ်၌ ခန္တီဝါဒီ ရှင်ရသေ့ဖြစ်၍ ကလာဗုမင်းက အင်္ဂါကြီးငယ်တို့ကို ဖြတ်တောက်သော်လည်း စိတ်မဆိုးပဲ သည်းခံနိုင်ခြင်းသည် ပရမတ္ထ= (မြတ်သော) ခန္တီပါရမီဖြစ်ကြောင်း၊

     မဟာသုတသောမဇာတ်၌ သုတသောမမင်းကြီးဖြစ်၍ ပေါရိသာဒထံ ပြန်သွားလျှင် သတ်လိုက သတ်စေဟု အသက်ကိုပင် စွန့်လွှတ်ကာ "ငါပြန်လာခဲ့မည်”ဟူသော စကားကို မချွတ်မယွင်း မှန်ကန်အောင် စောင့်ရှောက်သောအားဖြင့် ပြန်လာခြင်းသည် ပရမတ္ထ= (မြတ်သော) သစ္စာပါရမီဖြစ်ကြောင်း၊ .

     မူဂပက္ခဇာတ် (တေမိယဇာတ်)၌ တဆယ့်ခြောက်နှစ်ကြာအောင် အနုအကြမ်း အနည်းနည်း အလိုစမ်းသော်လည်း အသက်ကိုပင်စွန့်ကာ မိမိ၏ အဓိဋ္ဌာန်ချက်ကို မပျက်စီးစေခြင်းသည် ပရမတ္ထ= (မြတ်သော) အဓိဋ္ဌာန်ပါရမီဖြစ်ကြောင်း၊

     ဧကရာဇဇာတ် (တနည်း သုဝဏ္ဏသာမဇာတ်)၌ ရန်သူမင်းအပေါ် (တနည်း ခြင်္သေ့ သစ်ကျားစသည့် သားရဲများအပေါ်)မှာပင် ချစ်ခင်မေတ္တာတရား ပွါးများနိုင်ခြင်းသည် ပရမတ္ထ= (မြတ်သော) မေတ္တာပါရမီဖြစ်ကြောင်း၊

     လောမဟံသဇာတ်၌ ရွာသူသားငယ်တို့သည် ချွဲ သလိပ် တံတွေးတို့ဖြင့် ထွေးခြင်းစသည် ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ခြင်းစသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးပြုကြသည်ကို မုန်းချစ်မပြုပဲ လျစ်လျူရှုနိုင်ခြင်းသည် ပရမတ္ထ= (မြတ်သော) ဥပေက္ခာပါရမီ ဖြစ်ကြောင်းများကို ဖွင့်ဆိုတော်မူထားကြ၏။ (ဖော်ပြရာပါ ပရမတ္ထပါရမီမြောက် ဇာတ်တော်ဆယ်ပါးအကျယ်ကို စရိယာပိဋကအဋ္ဌကလာ မြန်မာပြန်မှ ထုတ်ယူမှတ်သားအပ်၏။)

     ဤသို့ အဋ္ဌကထာဆရာကြီးများက ပါရမီဆယ်ပါး ဖြည့်ဆည်းပူးရာဖြစ်သော ဘဝတို့ကို ထုတ်ပြတော်မူခြင်းမှာလည်း



၅၅၄

ပါဌဇာတ်လာ ဇာတ်နိပါတ်များအတွင်းမှ ဆိုင်ရာဆိုင်ရာ ထုတ်ပြခြင်းမျှသာ ဖြစ်သည်။ တဖန် စိစစ်ပြန်သော် ထိုပါဌဇာတ်လာ ဇာတ်နိပါတ်များအနက် ဇာတ်ငါးဇာတ်မှတပါး ကျန်သော ဇာတ်နိပါတ်များသည် ဤကမ္ဘာတွင် ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများသာ ဖြစ်၏။

ဤကမ္ဘာတွင် ဖြစ်သည်မဟုတ်သော ငါးဇာတ်တို့မှာ-

၁။ ဧကနိပါတ် (၁) အပဏ္ဏက၀ဂ် (၃) သေရိဝဝါဏိဇဇာတ်၊ ၊(ဤဇာတ်သည် လွန်ခဲ့သော ငါးကမ္ဘာထက်မှာဖြစ်သည့် ဇာတ်ဖြစ်ကြောင်း အဋ္ဌကထာ၌- အတီတေ ဣတော ပဉ္စမေ ကပ္ပေ ဗောဓိသတ္တော သေရိ၀ရဋ္ဌေ သေရိဝနာမကော ကစ္ဆပုဋဝါဏိဇော အဟောသိ= ဤကမ္ဘာမှ ရှေးလွန်ခဲ့ပြီးသော ငါးခုမြောက်ကမ္ဘာ၌ ဘုရားအလောင်းတော်သည် သေရိဝတိုင်း၌ လူအမည်မှာလည်း သေရိဝပင် အမည်ရှိသော (ရွဲပစ္စည်းများကို) လွယ်အိတ်ဖြင့်ထည့်ကာ လှည့်လည်ရောင်းချသည့် ရွဲကုန်သည် ဖြစ်ဘူးပြီ)ဟူ၍ ပြဆိုတော်မူ၏။

၂။ ဧကနိပတ် (၁ဝ) လိတ္တ၀ဂ် (၄) လောမဟံသဇာတ်၊ ၊(ဤဇာတ်သည် ဤကမ္ဘာမှ ရှေးလွန်ခဲ့ပြီးသော ကိုးဆယ့်တကမ္ဘာထက်ကဖြစ်သည့် ဇာတ်ဖြစ်ကြောင်း အဋ္ဌကထာ၌- အတီတေ ဧကနဝုတိကပ္ပမတ္ထကေ ဗောဓိသတ္တော ဗာဟိရကံ တပံ ဝီမံသိဿာမီတိ အာဇီဝကပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ အစေလကော အဟောသိ= လွန်လေပြီးသော ကိုးဆယ့်တကမ္ဘာထက်၌ ဘုရားအလောင်းတော်သည် သာသနာတော်မှ အပဖြစ်သော အကျင့်တရားကို စုံစမ်းအံ့ဟူ၍ တက္ကတွန်းခေါ် အဝတ်မဝတ်သောသူတို့၏ ရဟန်းအဖြစ်ကို ခံယူကာ အဝတ်မလွှမ်းသည့် တက္ကတွန်း ဖြစ်ခဲ့ဘူးသည်)ဟူ၍ ပြဆိုတော်မူ၏။



၅၅၅

၃။ ဒုကနိပါတ် (၂) သန္ထ၀၀ဂ် (၉) အရကဇာတ်၊ ၊(ဤဇာတ်သည် ဤကမ္ဘာမှ လွန်ခဲ့သော ခုနှစ်ကမ္ဘာထက်ကဖြစ်သည့် ဇာတ်ဖြစ်ကြောင်း အဋ္ဌကထာ၌ ဇာတ်ပေါင်းခဏ်းတွင်- ဧဝံ ဗောဓိသတ္တော အပရိဟီနဇ္ဈာနော ဗြဟ္မလောကေ နိဗ္ဗတ္တိတွာ သတ္တသံဝဋ္ဋဝိဝဋ္ဋကပွေ န ဣမံ လောကံ ပုန အာဂမာသိ= ဤသို့ မြတ်စွာဘုရား အလောင်းတော်သည် ဈာန်မှ မလျောကျသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ပြီးလျှင် ကမ္ဘာခုနှစ်ကြိမ်ပျက်၍ ကမ္ဘာခုနှစ်ကြိမ်တို့ ဖြစ်သည်တိုင်အောင် ဤလူ့ပြည်သို့ မလာရောက်)ဟူ၍ ပြဆိုတော်မူ၏။

၄။ စတုက္ကနိပါတ် (၅) စူဠကုဏာလ၀ဂ် (၆) ကေသ၀ဇာတ်၊ ၊ဤဇာတ်သည် ရှေးလွန်လေပြီးသော ကမ္ဘာပေါင်း ငါးရာခုနစ်ဆယ်ခန့်က ဖြစ်ပေါ်သော ဇာတ်ဖြစ်၏။

၅။ သတ္တကနိပါတ် (၁) ကုက္ကုရဝဂ် (၁၀) ဗကဇာတ်၊ ၊ဤဇာတ်သည် လွန်ခဲ့ပြီးသော ကမ္ဘာပေါင်း ငါးရာခုနှစ်ဆယ်ခန့်ကပင် ဖြစ်ပေါ်သော ဇာတ်ဖြစ်၏။

ဤကေသဝဇာတ်နှင့် ဗကဇာတ်တို့မှာ ဘဝမခြားပဲ ဖြစ်ပေါ်ကြသော ဇာတ်တော်များ ဖြစ်၏။ အဋ္ဌကထာမှာ အကျယ်လာသည်ကို အကျဉ်းချုံး၍ ပြဆိုရသော်.. ပဌမ ကေသဝဇာတ်၌ ကေသဝရှင်ရသေ့ဖြစ်ပြီးမှ ထိုကေသ၀ရသေ့ ကွယ်လွန်သောအခါ ဗကဗြဟ္မာကြီး ဖြစ်ရလေသည်။ ထိုဗကဗြဟ္မာကြီးသည် ရှေးဦးစွာ ဝေဟပ္ဖိုလ်ဘုံ၌ ဗြဟ္မာကြီးဖြစ်၍ မဟာကပ်ငါးရာ အသက်ရှည်၏။ ထိုဘုံမှ စုတေပြန်သောအခါ သုဘကိဏ်ဘုံ၌ဖြစ်၍ မဟာကပ်ပေါင်း (၆၄) ခြောက်ဆယ့်လေးကမ္ဘာ အသက်ရှည်ပြန်၏။ တဖန် ထိုဘုံမှ စုတေပြန်သောအခါ အာဘဿရာဘုံ၌ဖြစ်၍ မဟာကပ်ပေါင်း (၈) ရှစ်ကမ္ဘာ အသက်ရှည်မည့် ဗြဟ္မာကြီး ဖြစ်သောအခါ မိစ္ဆာအယူကို ယူကြောင်း



၅၅၆

အဋ္ဌကထာ၌ လာရှိသည်။ ဤသို့ လာရှိသည်ကို ထောက်လျှင် ဝေဟပ္ဖိုလ်ဘုံ၌ ကမ္ဘာပေါင်း (၅၀၀)ငါးရာ၊ သုဘကိဏ်ဘုံ၌ ကမ္ဘာပေါင်း (၆၄) ခြောက်ဆယ့်လေး၊ နှစ်ရပ်ပေါင်း (၅၆၄) ငါးရာခြောက်ဆယ့်လေးကမ္ဘာ ကျော်လွန်ပြီးမှ အာဘဿရာဘုံသို့ ရောက်ပေသည်၊ အာဘဿရာဘုံသို့ ရောက်လာ၍ မိစ္ဆာအယူကို ယူသည်မှာ အာဘဿရာဘုံသက် ရှစ်ကမ္ဘာရှိသည့်အနက် မည်သည့်ကမ္ဘာမှာ ယူသည်ဟူ၍ သေချာစွာ ပြဆိုချက်မရှိသော်လည်း မှန်းခြေအားဖြင့် ထိုကေသ၀ဇာတ်နှင့် ဗကဗြဟ္မာဇာတ် နှစ်ဇာတ်လုံးကို ပေါင်းရောရေတွက်လျှင် ကမ္ဘာပေါင်း (၅၇၀) ငါးရာ့ခုနစ်ဆယ်ခန့် ရှိလေသည်။

ဤသို့လျှင် “ဤကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် ကမ္ဘာပေါင်း မည်ရွေ့မည်မျှထက်”ဟူ၍ ကမ္ဘာအပိုင်းအခြားကို မဖော်ပြပဲ၊ အတီတေဟူ၍ သာမညသာ အဋ္ဌကထာဆရာ ညွှန်ပြရေးသားသော ဇာတ်ဟူသရွေ့သည် ဤကမ္ဘာတွင်သာဖြစ်သော ဇာတ်များ ဖြစ်ကြ၏ဟု ဆရာ့ဆရာတို့ ယူဆ ယုံကြည်တော်မူကြသည်။ ဤယူဆချက်အတိုင်းဆိုလျှင် အဋ္ဌသာလိနီ အဋ္ဌကထာနှင့် ပါဌဇာတ် အဋ္ဌကထာတို့၌ ပြဆိုအပ်သော အလောင်းတော်၏ ကျင့်စဉ်ဘဝများမှာ (အတီတေ)ဟူ၍ သာမညသာ ဖော်ပြသော ဇာတ်များချည်းဖြစ်၍ ဤကမ္ဘာတွင်ဖြစ်သော ဇာတ်တော်များ ဖြစ်သည်၊ ဤကမ္ဘာတွင်းမှာဖြစ်သမျှ ဇာတ်တော်တို့ကိုလည်း အကုန်အစင် ဖော်ပြနိုင်သည်မဟုတ်၊ ဤကမ္ဘာ၌ဖြစ်သော ဘဝဇာတ်တို့မှာ အလွန်ပင် များပြားလှ၏။ သို့ရာတွင် မြတ်စွာဘုရားသည် ပစ္စုပ္ပန် အဖြစ်အပျက် အကြောင်းအဋ္ဌုပ္ပတ်နှင့် တိုက်ဆိုင်သော အဖြစ်တော် ဇာတ်တော်စုကိုသာ အဆင်သင့်ရာ ကောက်နုတ်ဟောပြတော်မူသည်၊ မဟောပြရပဲ ကြွင်းကျန်နေသော ဘဝဇာတ်တို့ကသာ များလှပေသည်။



၅၅၇

ဤမျှလောက် ဤကမ္ဘာတွင် ဖြစ်ပျက်သည့် ဘ၀ဇာတ်အများထဲမှ အကြောင်းတိုက်ဆိုက်ရာ တစိတ်တဒေသ ဘဝဇာတ်တို့မျှကိုသာ ထုတ်ဖော် ဟောတော်မူရခြင်းကို ထောက်လျှင် မထုတ်ဖော် မဟောပြရသော ပါရမီဖြည့်ရာ ဘဝတို့က များပြားလှသည့်အပြင် ဤကမ္ဘာမတိုင်မီ ရှေး (ဘဝပေါင်းကို မဆိုထားဘိ) ကမ္ဘာပေါင်းပင် မရေမတွက်နိုင်သော လေးအသင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ပါရမီဖြည့်ဆည်းပူးရသော ဘဝတွေမှာ မရေမတွက်နိုင်အောင်ပင် မည်မျှများပြားသည်ကို စဉ်းစားဆင်ခြင်လိုက်လျှင် အလောင်းတော်ကြီးများ ပါရမီဖြည့်ရသော ကိစ္စသည် လူသာမန်တို့အဖို့ လွန်စွာ ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့ဖွယ် ကောင်းလှသော ကိစ္စကြီးဖြစ်၍နေပေ၏။

တနည်းအားဖြင့် အလောင်းတော်ကြီးများဖက်သို့ အာရုံပြုလိုက်ပြန်လျှင် ပါရမီဖြည့်ကျင့်တော်မူကြသော အလောင်းတော်ကြီးတို့သည် လွန်စွာ နှစ်သက် လေးနက် အံ့ဩ ပြောပ၍ မကုန်မခန်းနိုင်အောင် ချီးမွမ်းဖွယ်ရာ ပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြောင်း ကောင်းစွာ သိအပ်၏။

     ဤသို့ အလွန်တရာ များပြားလှစွာသော ပါရမီဖြည့်ရသည့် ဘဝအစီအစဉ်တွင် ဝေဿန္တရာမင်းဘဝသည် အဆုံးသတ်ဘဝ ဖြစ်၏။ အလောင်းတော် သုမေဓာသည် တောမထွက်မီ လူအဖြစ်ကပင် မိမိ၌ရှိသမျှ ပစ္စည်းအလုံးစုံကို လှူဒါန်းစွန့်ကြဲခြင်း တည်းဟူသော ဒါနကို ရှေးဦးစွာ ပြုလုပ်တော်မူခဲ့ခြင်း၊ နောက် ရသေ့ဖြစ်၍ နိယတဗျာဒိတ် ခံယူပြီးသောအခါ ဘုရားဖြစ်ကြောင်း တရားများကို စဉ်းစား ဆင်ခြင်တော်မူရာမှာလည်း “ဣမံ တွံ ပဌမံ တာဝ” စသည်ဖြင့် ဒါနပါရမီကိုသာ ရှေးဦးစွာ ဖြည့်ကျင့်ရန် ကောင်းစွာ ဆောက်တည်တော်မူခြင်းများကို ထောက်၍ အလောင်းတော် သူမြတ်ကြီးတို့မှာ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရာတွင် ဒါနပါရမီကသာစ၍ ဝေဿန္တရာမင်းဘဝကဲ့သို့သော အဆုံးဘဝတိုင် ဖြည့်ကျင့်တော်မူကြသည်။



၅၅၈

     ဒါနပါရမီသည် မြင့်မြတ်သောဘဝနှင့် ပြည့်စုံခြင်း တည်းဟူသော ဘဝသမ္ပတ္တိ, ဖြစ်ရာဘဝတို့၌ လိုအပ်သော အသုံးအဆောင် ဟူသမျှတို့နှင့် ပြည့်စုံခြင်း တည်းဟူသော ဘောဂသမ္ပတ္တိတို့ကို (နိဗ္ဗာန်မရမီအကြား တား၍မရ အရိပ်ကဲ့သို့ လိုက်ပါကာ) အကျိုးပေးတတ်သော တရားဖြစ်၏။ ဘုရားအလောင်းတော်ကြီးများမှာ (ဒါနပါရမီခဏ်း အနုဒီပနီ၌ ပြအပ်သောအတိုင်း) သံသရာခရီးသွား ရှေ့သွားခေါင်းဆောင်ကြီးများပီပီ သံသရာ၌ ကျင်လည်နေရသောသူ မှန်သမျှ ဒါနနှင့်ပြည့်စုံရန် အထူး အရေးကြီးလှသည်ဖြစ်၍ အဆုံးသတ် ဝေဿန္တရာဘဝမှာလည်း ဒါနကိုပင် အထူး ဖြည့်ကျင့်တော်မူကာ ပါရမီဖြည့်ကျင့်ခဏ်းဇာတ်လမ်း ရုပ်သိမ်းတော်မူပြီးလျှင် ပါရမီပြည့်ဝပြီဖြစ်ရကား ဘုရားဖြစ်ရမည့် အချိန်အခါကို ကောင်းစွာ ငံ့လင့် စောင့်ဆိုင်းတော်မူသောအားဖြင့် ရှေးဘုရားအလောင်းတော်များ စံနေရာ တုသိတာနတ်ပြည်သို့ ဝေဿန္တရာမင်းဘဝမှ ပြောင်းကြွ စံနေတော်မူလေသတည်း။

**********