မာတိကာသို့ ခုန်သွားရန်

မဟာဗုဒ္ဓဝင်/ဝေမတ္တတရားရှစ်ပါး

ဝီကီရင်းမြစ် မှ
2591မဟာဗုဒ္ဓဝင် — ဝေမတ္တတရားရှစ်ပါးမင်းကွန်းဆရာတော်

ဝေမတ္တတရား ရှစ်ပါး

ဤဝေမတ္တတရား ရှစ်ပါးကို ဗုဒ္ဓဝင်အဋ္ဌကထာ၌ ဂေါတမဗုဒ္ဓဝင်ဆုံးမှ ဖွင့်ပြသော်လည်း ဤဗုဒ္ဓဝင်ကျမ်း၌ ထိုကဲ့သို့ ဂေါတမဗုဒ္ဓဝင်ဆုံးမှ ဖော်ပြနေလျှင် ရှေး ဒီပင်္ကရအစရှိသော ဗုဒ္ဓဝင်စုနှင့် အဆက်ဝေးကွာနေမည်ဖြစ်၍ ဤနှစ်ကျိပ်လေးဆူ ဗုဒ္ဓဝင်ခဏ်းအဆုံး၌ ဖော်ပြခြင်း ဖြစ်ပေသည်။

     ဝေမတ္တဟူသည် မတ္တဟူသော စကားရင်းမှ ဆင်းသက်လာသော ပါဠိစကားဖြစ်သည်။ (ဝိ= ထူးထွေသော၊ မတ္တ= အတိုင်းအရှည် ပမာဏ) ဒီပင်္ကရာအစရှိသော မြတ်စွာဘုရားတို့သည် တဆူနှင့် တဆူ ဂုဏ်ကျေးဇူးတော်အားဖြင့် တူကြသော်လည်း တဆူနှင့် တဆူ မတူထူးထွေ ကွဲပြားနေသော အတိုင်းအရှည် ပမာဏများမှာ ရှစ်ပါးရှိပေသည်။



၅၅၉

     ရှစ်ပါးဟူသော်ကား-

၁။ အာယုဝေမတ္တ = (အသက်တမ်း မတူမှု)

၂။ ပမာဏဝေမတ္တ = (အရပ်တော် အနိမ့်အမြင့် မတူမှု)

၃။ ကုလဝေမတ္တ = (အမျိုးအနွယ်တော် မတူမှု)

၄။ ပဓာနဝေမတ္တ = (ဒုက္ကရစရိယာကျင့်ရပုံ မတူမှု)

၅။ ရသ္မိဝေမတ္တ = (ရောင်ခြည်တော်ထွက်ပုံ မတူမှု)

၆။ ယာနဝေမတ္တ = (တောထွက်သောအခါ စီးနင်းသောယာဉ် မတူမှု)

၇။ ဗောဓိဝေမတ္တ = (ပွင့်ရာဗောဓိပင်၏ မတူမှု)

၈။ ပလ္လင်္ကဝေမတ္တ = (ပလ္လင်တော်ပမာဏ မတူမှု)

အားဖြင့် ဤရှစ်ပါးတို့တည်း။

     ထိုရှစ်ပါးတို့တွင်-

(၁) အာယုဝေမတ္တ

     အာယုဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရားတို့မှာ တဆူနှင့် တဆူ အသက်တမ်း မတူမှုပင် ဖြစ်၏။

     ဒီပင်္ကရာ မြတ်စွာဘုရား၊ ကောဏ္ဍည မြတ်စွာဘုရား၊ အနောမဒဿီ မြတ်စွာဘုရား၊ ပဒုမ မြတ်စွာဘုရား၊ ပဒုမုတ္တရ မြတ်စွာဘုရား၊ အတ္ထဒဿီ မြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရား၊ သိဒ္ဓတ္ထ မြတ်စွာဘုရား၊ တိဿ မြတ်စွာဘုရား- ဤကိုးဆူကုန်သော မြတ်စွာဘုရားတို့သည် အသက် တသိန်းတမ်း၌ ပွင့်တော်မူကြကုန်၏။

ဒီပင်္ကရ၊ ကောဏ္ဍည၊ အနောမဒဿီ။

မြတ်ပဒုမ၊ ဥတ္တရ၊ အတ္တ ဓမ္မဒဿီ။

သိဒ္ဓတ္ထမူ၊ တိဿဟူ၊ ကိုးဆူ ထွတ်ဘုန်းစည်။

အာယုတွက်ကိန်း၊ နှစ်တသိန်း၊ မယိမ်း ပွင့်ကြပြီ။



၅၆၀

     မင်္ဂလ မြတ်စွာဘုရား၊ သုမန မြတ်စွာဘုရား၊ သောဘိတ မြတ်စွာဘုရား၊ နာရဒ မြတ်စွာဘုရား၊ သုမေဓ မြတ်စွာဘုရား၊ သုဇာတ မြတ်စွာဘုရား၊ ပိယဒဿီ မြတ်စွာဘုရား၊ ဖုဿ မြတ်စွာဘုရား- ဤရှစ်ဆူသော မြတ်စွာဘုရားတို့သည် အသက် ကိုးသောင်းတမ်း၌ ပွင့်တော်မူကြကုန်၏။

မြတ်မင်္ဂလ၊ သုမန၊ ဇိန သောဘိတာ။

နာရဒရှင်စော၊ သုမေဓော၊ ဇိနော သုဇာတာ။

ပိယဒဿီ၊ ဖုသမည်၊ ရှစ်လီ မြတ်ဗုဒ္ဓါ။

ကျွတ်ဆုငှကြောင်း၊ ပွင့်တုံရှောင်း၊ ကိုးသောင်း သက်တမ်းမှာ။

     ရေဝတ မြတ်စွာဘုရား၊ ဝေဿဘူ မြတ်စွာဘုရား- ဤနှစ်ဆူသော မြတ်စွာဘုရားတို့သည် အသက် ခြောက်သောင်းတမ်း၌ ပွင့်တော်မူကြကုန်၏။

ရေဝတဟူ၊ ဝေဿဘူ၊ နှစ်ဆူ ခြောက်သောင်းမှာ။

     ဝိပဿီ မြတ်စွာဘုရားသည် အသက်ရှစ်သောင်းတမ်း၌ ပွင့်တော်မူ၏၊ သိခီမြတ်စွာဘုရားသည် အသက်ခုနှစ်သောင်းတမ်း ပွင့်တော်မူ၏၊ ကကုသန်မြတ်စွာဘုရားသည် အသက်လေးသောင်းတမ်း၌ ပွင့်တော်မူ၏၊ ကောဏာဂုံမြတ်စွာဘုရားသည် အသက် သုံးသောင်းတမ်း၌ ပွင့်တော်မူ၏၊ ကဿပ မြတ်စွာဘုရားသည် အသက်နှစ်သောင်းတမ်း၌ ပွင့်တော်မူ၏၊ အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် အသက် တရာတမ်း၌ ပွင့်တော်၏။

မြတ်ဝိပဿီ၊ မြတ်သိခီ၊ ဘုန်းစည်နှစ်ဆူမှာ။

အနှစ်ရှစ်သောင်း၊ ခုနစ်သောင်း၊ ပွင့်ညောင်း စဉ်တိုင်းသာ။

သန်, ဂုံ, ပ, မ၊ လေးဗုဒ္ဓ၊ ဘဒ္ဒ ဤကမ္ဘာ။

လေးသောင်း, သုံးသောင်း၊ နှစ်သောင်းတလှစ်၊ တရာခေတ်၊ ပွင့်လစ် စဉ်တိုင်းသာ။

မြတ်စွာဘုရားများသည် ဘုရားဖြစ်ရန် ပါရမီကံတို့ကို အကြီးအကျယ် ဖြည့်ဆည်းပူးထားသော ပုဂ္ဂိုလ်မြတ်ကြီးများဖြစ်၍ အသက် အတိုအရှည် တူမျှသည်သာ ဖြစ်သင့်သည် မဟုတ်လောဟု မေးမြန်းဖွယ်ရှိ၏။



၅၆၁

     ဤအရာ၌ သုတ်မဟာဝါ အဋ္ဌကထာ မဟာပဒါနသုတ်အဖွင့်၌ အကျယ်ပြဆိုထားချက်ကို အကျဉ်းအားဖြင့် မှတ်ယူရန်မှာ.. လောက၌ မင်းတို့၏ တရားစောင့်ခြင်း မစောင့်ခြင်းသည် သတ္တဝါတို့ အသက်ရှည်ရန် အသက်တိုရန် အခြေခံအကြောင်းရင်း ဖြစ်သည်။ ချဲ့ဦးအံ့.. မင်းများ တရားစောင့်သောအခါ တလောကလုံး တရားစောင့်ရှောက်ကြသည်ဖြစ်၍ နတ်များလည်း တရားစောင့်ကာ မိုဃ်းကို ကောင်းစွာ ရွာသွန်းစေခြင်း စသည်အကြောင်းတို့ကြောင့် အသီး အပွင့် အရွက်စသော လူတို့ စားသောက်ဖွယ်ရာ အစာအာဟာရမှာ အဆီဩဇာ ပြည့်စုံ၍ ဥတုသပ္ပါယ မျှတသည့်အတွက် လူတို့သည် ကျန်းမာကြ အသက်ရှည်ကြကုန်သည်။ မင်းများ တရားမစောင့်သောအခါ အဆင့်ဆင့်အားဖြင့် အများပင် တရားမစောင့်ကြပဲ နတ်များကလည်း မိုဃ်းကို ကောင်းစွာရွာသွန်းစေမှု မပြုကြသည့်အတွက် လူ့ပြည်ရှိ အသီး အပွင့် အရွက်စသော စားသောက်ဖွယ်ရာ အစာအာဟာရမှာ ဩဇာမပြည့်စုံသည့်ပြင် ဥတုသပ္ပါယ မမျှတသည့်အတွက် ထိုမမျှတသော ဥတုကို မှီဝဲရခြင်း ဩဇာမရှိသော အစာအာဟာရကို စားသုံးရခြင်းကြောင့် လူတို့သည် အနာရောဂါ ထူပြောကြ အသက်တိုကြရကုန်သည်။

     ဤသဘောအရ မြတ်စွာဘုရားများမှာလည်း အသက်ရှည်ကြသောခေတ်၌ ဖြစ်ပွင့်တော်မူကြသော မြတ်စွာဘုရားတို့မှာ အသက်တော်ရှည်ကြကုန်၏။ အသက်တိုသော ခေတ်၌ ဖြစ်ပွင့်တော်မူကြသော မြတ်စွာဘုရားတို့မှာ အသက် တိုတော်မူကြကုန်၏။

     မြတ်စွာဘုရားတိုင်းပင် ပဋိသန္ဓေကျိုးကို ပေးလိုက်သော ကံအစွမ်းမှာ အသက်ရှည်ခြင်းကို ဖြစ်စေနိုင်သော သတ္တိရှိစေကာမူ ဖြစ်ပွင့်တော်မူရာ အာယုကပ် (အသက်တမ်း)သို့ လိုက်၍ အသက်တော် အတိုအရှည် မညီမမျှ ရှိရကြောင်းကို ဗုဒ္ဓဝင်အဋ္ဌကထာ၌- ဥပစိတပုညသမ္ဘာရာနံ ဒီဃာယုကသံဝတ္တနိကကမ္မသမုပေတာနမ္ပိ ဗုဒ္ဓါနံ ယုဂဝသေန အာယုပ္ပမာဏံ အသမာနံ အဟောသိ=



၅၆၂

ဆည်းပူးအပ်ပြီးသော ကောင်းမှုအဆောက်အဦ ရှိတော်မူကြသည်ဖြစ်၍ အသက်ရှည်ခြင်းကို ဖြစ်စေနိုင်သော ကံနှင့် ပြည့်စုံတော်မူကြသော်လည်း မြတ်စွာဘုရားတို့မှာ အာယုကပ် (အသက်တမ်း)သို့ လိုက်၍ အသက်တော်ပမာဏ အတိုအရှည် မညီမမျှ ဖြစ်တော်မူကြရသည်ဟူ၍ ဖွင့်ပြတော်မူသည်။

     လောကဥပမာအားဖြင့် အနှစ်တထောင်ကြာအောင် တည်နိုင်သော သတ္တိအစွမ်းရှိသည့် ကျွန်းပင်မျိုးစေ့ကို ရေရှားမိုဃ်းခေါင်သည့် ကြပ်တီးမြေပြင်အရပ်၌ စိုက်ပျိုးအပ်သည်ရှိသော် အနှစ်တထောင် မတည်နိုင်သကဲ့သို့၊ ထို့အတူ ပစ္ဆိမဘဝ ဘုရားအလောင်းတော်တို့မှာလည်း ပဋိသန္ဓေကျိုးကိုပေးလိုက်သော ကံက မည်မျှပင် အသက်ရှည်စေနိုင်သည့် သတ္တိရှိစေကာမူ ရေရှားမိုဃ်းခေါင်သည့် ကြပ်တီးမြေပြင်အရပ်နှင့်တူသည့် အာယုကပ် (အသက်တမ်း) တိုတောင်းသောခေတ်၌ ဘုရားဖြစ်တော်မူရလျှင် အာယုကပ်သို့ လိုက်၍ အသက်တိုတော်မူကြရသည်။

ဘုရားပွင့်ရာ အာယုကပ် အပိုင်းအခြား

     မြတ်စွာဘုရားတို့မည်သည် သတ္တဝါတို့အသက် တဖြည်းဖြည်း တိုးတက် တိုးတက်ကာ ရှည်လျားနေသော တက်ကပ်မှာ ပွင့်တော်မမူကြကုန်။ အကြောင်းကား.. တက်ကပ်တွင် မြတ်စွာဘုရားများ ပွင့်တော်မူ၍ အနိစ္စ= မမြဲခြင်းသဘော စသည်ကို ဟောကြားသော်လည်း သတ္တဝါများ နာယူ ယုံကြည်နိုင်ကြမည် မဟုတ်၊ ထိုတက်ကပ်ခေတ်မှာ တဆက်ထက် တဆက် တဆတဆတိုးကာ အသက်တမ်း ရှည်နေသည့် အတွက် သတ္တဝါတို့၏ဉာဏ်မှာ သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောများ မထင်မြင်နိုင်ဖြစ်၍ နေ၏။ ထို့ကြောင့် တက်ကပ်တွင် မြတ်စွာဘုရားများ ပွင့်တော်မမူကြပဲ အသက်တမ်း တဖြည်းဖြည်း ဆုတ်ယုတ် ဆုတ်ယုတ်လာသော ဆုတ်ကပ်မှာသာ ပွင့်တော်မူကြသည်။

     ဆုတ်ကပ်မှာလည်း အသက် တသိန်းတမ်းမကျမီ များစွာ အသက်ရှည်သည့် အခါများ (အနှစ်တသိန်းတမ်းအထက်)မှာ ပြခဲ့ပြီးသောအတိုင်း သင်္ခါရတရားတို့၏ မမြဲခြင်းသဘော စသည်ကို



၅၆၃

ဟောပြသော်လည်း နာယူ ယုံကြည်နိုင်ကြမည် မဟုတ်သောကြောင့် အများဆုံး အနှစ်တသိန်းတမ်းမှာသာ ပွင့်တော်မူကြသည်၊ (ထိုထက် အသက်ရှည်သည့် ဆုတ်ကပ်၌လည်း ပွင့်တော်မမူကြကုန်။) တသိန်းတမ်းမှ အောက်သို့ ဆုတ်ယုတ်သွားပြန်လျှင်လည်း တရာတမ်းအထိသာ ပွင့်တော်မူရာခေတ် ဖြစ်သည်။ တရာတမ်းအောက် ဆုတ်ယုတ်သွားပြန်လျှင်လည်း သင်္ခါရတရားတို့၏ အနိစ္စအစရှိသော သဘောကို အလွန့်အလွန် ထင်ရှားစွာ ဟောပြောနိုင်မည် ဖြစ်သော်လည်း သတ္တဝါတို့၏ စိတ်သန္တာန်မှာ ထိုအခါ၌ လောဘ ဒေါသ မောဟစသော ကိလေသာတရားတို့ တိုးတက်ထူထပ်လာသည့်အတွက် အနိစ္စစသော သဘောကို ဟောပြောသော်လည်း လက်မခံနိုင် မနာယူနိုင် မကျင့်သုံးနိုင် ကြတော့ သဖြင့် ထိုအနှစ်တရာတမ်းအောက် ဆုတ်ကပ်၌လည်း မြတ်စွာဘုရားများ ပွင့်တော်မမူကြကုန်။

     ဤသို့အားဖြင့် မြတ်စွာဘုရားတို့သည် အများဆုံး အသက် တသိန်းတမ်းနှင့် အနည်းဆုံး အသက်တရာတမ်းတို့၏ အကြား၌သာ ပွင့်တော်မူကြမြဲဖြစ်သည်။ ဤသို့ ဆုတ်ကပ်ကာလ အသက် တသိန်းတမ်းနှင့် တရာတမ်းတို့၏ အကြားဖြစ်သော ကာလမှာ ပွင့်နိုင်သည်ချည်းသာ ဖြစ်သောအခါ မှန်သော်လည်း အလောင်းတော်ကြီးများ၏ ပါရမီကံ အဆောက်အဦ အနုအရင့်အားဖြင့် တိုက်ဆိုင်ရာ အသက်တမ်းတွင် ပွင့်တော်မူကြသည်။ ပါရမီကံ အဆောက်အဦ ရင့်သန်နေသော အလောင်းတော်ကြီးများမှာ ဖြည့်ဆည်းပူးခဲ့သော ပါရမီကံကလည်းရင့်သန် ပွင့်နိုင်ရန် အချိန်အခါဖြစ်သည့် အသက်တသိန်းတမ်းနှင့်လည်း တိုက်ဆိုင်လာလျှင် တသိန်းတမ်းမှာပင် ပွင့်တော်မူကြသည်။ ပါရမီကံ အဆောက်အဦကို ဖြည့်ကျင့်နေဆဲဖြစ်၍ မရင့်သန်သေးသော အလောင်းတော်တို့မှာ တသိန်းတမ်းတွင် မပွင့်နိုင်ကြပဲ ကိုးသောင်း ရှစ်သောင်း ခုနစ်သောင်း ခြောက်သောင်း စသည်ဖြင့် မိမိပါရမီကံ အဆောက်အဦ ရင့်သန်ချိန်နှင့် တွေ့ကြိမ် တိုက်ဆိုင်သည့် အသက်တမ်းမှာ ပွင့်တော်မူကြရသည်။



၅၆၄

     ဤဘဒ္ဒကမ္ဘာတွင် အနှစ်လေးသောင်းတမ်း၌ ကကုသန်မြတ်စွာဘုရား (ထို့နောက် အန္တရကပ် တကပ်ခြား၍) အနှစ် သုံးသောင်းတမ်း၌ ကောဏာဂုံမြတ်စွာဘုရား (ထို့နောက် အန္တရကပ် တကပ်ခြား၍) အနှစ် နှစ်သောင်းတမ်း၌ ကဿပမြတ်စွာဘုရားတို့ ပွင့်တော်မူကြသည်ဖြစ်၍ အကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရားသည် အစဉ်အတိုင်းအားဖြင့် (အန္တရကပ် တကပ်ခြား၍) အနှစ်တသောင်းတမ်း၌ ပွင့်ထိုက် သည်ဟု ဆိုရန်ရှိပေ၏။ သို့သော် ပါရမီကံ အဆောက်အဦတို့ မရင့်သန်သေး၍ မပွင့်နိုင်သေးချေ။ တသောင်းတမ်းမှာ မဆိုထားဘိ ငါးထောင်တမ်းမှာလည်း မပွင့်နိုင်သေး၊ တထောင်တမ်းမှာလည်း မပွင့်နိုင်သေး၊ ငါးရာတမ်းမှာလည်း မပွင့်နိုင်သေး၊ အကြောင်းကား ပါရမီတော်တို့ကို ဖြည့်ကျင့်ခြင်းကိစ္စမှာ ဝေဿန္တရာမင်းဘဝဆုံးမှ အဆုံးသတ်တော်မူရသည်၊ (ထိုဘဝမှာမှ ပါရမီတော်များ ရင့်သန် ပြီးစီးသည်။) ထိုဝေဿန္တရာမင်းဘဝသည် အသက်တရာတမ်းမှာ ဖြစ်၏၊ ဤသို့ အသက်တရာတမ်းမှာမှ ပါရမီဖြည့်ကျင့်ခြင်းကိစ္စ အဆုံးသတ် (ပါရမီတော်များ ရင့်သန်)သောကြောင့် အသက်တရာတမ်းမှာမှ ပွင့်တော်မူရသည်။

ဗုဒ္ဓဝင်အဋ္ဌကထာလာ (ယုဂဝသေန)ဟူသော စကားနှင့်စပ်၍ အဂ္ဂမဟာပဏ္ဍိတ ဆရာကြီးဦးလင်း၏ မှတ်ချက်ကို ပြဆိုဦးအံ့..၊(ယုဂသဒ္ဒါသည် အစုံဟူသော အနက်ကို ဟော၏၊ ကြတ, တြေတ, ဒွါပရ, ကလိ ဤလေးခုအစုံကို ယုဂဟု ခေါ်သည်။ ကြတယုဂ်, တြေတယုဂ်, ဒွါပရယုဂ်, ကလိယုဂ်ဟူ၍ ယုဂ်လေးပါးရှိ၏၊ ကြတယုဂ်ကို ကတယုဂ် ဟူ၍၎င်း သစ္စယုဂ်ဟူ၍၎င်း ခေါ်ကြသေး၏။ ကြတဟူသော စကားမှာ သက္ကတသံဖြစ်၍ (စတ စတု) ဖြစ်သင့်၏၊ လေးခုဟူသော အဓိပ္ပါယ်ရ၏၊ ဤကြတယုဂ်ဖြင့် ပိုင်းခြားအပ်သော နှစ်ပရိစ္ဆေဒအတွင်းမှာ သူတော်ကောင်းတရားသည် အခြေလေးချောင်းရှိသော အရာဝတ္တုကဲ့သို့ တည့်မတ်ခိုင်မြဲလှ၏။



၅၆၅

ထို့နောက် တြေတယုဂ်အပိုင်းအခြားသို့ ရောက်သောအခါ အခြေသုံးချောင်းသာရှိသော အရာဝတ္ထုကဲ့သို သူတော်ကောင်းတရားသည် ခိုင်မြဲသေးသော်လည်း ကြတယုဂ်၏ အဆင့်အတန်းကို မမှီလေ။

ထို့နောက် ဒွါပရယုဂ်အပိုင်းအခြားသို့ ရောက်သောအခါ အခြေနှစ်ချောင်းရှိသော အရာဝတ္ထုကဲ့သို့ သူတော်ကောင်းတရားသည် ကြတယုဂ် တြေတယုဂ်တို့၌ကဲ့သို့ တည်တံ့ကောင်းမွန်စွာ ခိုင်မြဲခြင်း မရှိချေ။ လှုပ်ရှား၍ လာတတ်၏။

ကလိယုဂ်သို့ ရောက်သောအခါမှာမူ သူတော်ကောင်းတရား အလွန်ဆုတ်ယုတ် လျော့ပါး၍ မကောင်းမှုကသာ အားရှိလေတော့သည်။

ထိုယုဂ်လေးပါးတို့တွင် ကြတယုဂ်၏ အပိုင်းအခြားမှာ နှစ်ပေါင်း (၁၇၂၈ဝဝဝ) တသန်းခုနစ်သိန်း နှစ်သောင်း ရှစ်ထောင် အရေအတွက်ရှိသည်၊ တြေတယုဂ်၏ အပိုင်းအခြားမှာ နှစ်ပေါင်း (၁၂၉၆၀ဝ၀) တသန်းနှစ်သိန်း ကိုးသောင်းခြောက်ထောင် အရေအတွက်ရှိသည်။ ဒွါပရယုဂ်၏ အပိုင်းအခြားမှာ နှစ်ပေါင်း (၈၆၄၀၀၀) ရှစ်သိန်း ခြောက်သောင်း လေးထောင် အရေအတွက်ရှိသည်၊ ကလိယုဂ်၏ အပိုင်းအခြား မှာကား နှစ်ပေါင်း (၄၃၂ ၀၀၀) လေးသိန်းသုံးသောင်းနှစ်ထောင် အရေအတွက်ရှိသည်။

ကမ္ဘာဦးအခါတွင် ကြတယုဂ်ကစ၍ တယုဂ်ကုန်ဆုံးလျှင် တယုဂ်ကူးပြောင်းလာခဲ့ရာ နောက်ဆုံး ကလိယုဂ်ကုန်ဆုံးလျှင် အစ ကြတယုဂ်သို့ တဖန်ပြန်လှည့်၏၊ ဤသို့ ယုဂ်လေးပါး အလှည့်အလည်အားဖြင့် ဆန်းလျက် ကွယ်လျက် နေကြသည်။ ဤသို့ ယုဂ်လေးပါး အပိုင်းအခြား လှည့်လည်နေရာ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသော အခါသည် ကလိယုဂ် ဆန်းသည့်အတွင်းမှာ



၅၆၆

ကြုံကြိုက်၍နေ၏။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောနှစ်မှာ ကလိယုဂ်နှစ် (၂၅၇၀) နှစ်ထောင့် ငါးရာခုနစ်ဆယ် ရှိပြီဟူ၍ ဂေါတမပူရာဏ်ကျမ်း၌ ဆို၏။ ထိုဂေါတမပူရာဏ်ကျမ်းအရ ရောက်ဆဲကလိယုဂ်နှစ်ကို သိလိုသော် ရောက်ဖြစ်သော သာသနာနှစ် အရေအတွက်နှင့် (ဘုရားပရိနိဗ္ဗာန်မစံမီ လွန်နှင့်သည့် ကလိယုဂ်နှစ်ပေါင်း) နှစ်ထောင့် ငါးရာခုနစ်ဆယ် ပေါင်းလျှင် ရောက်ဆဲ ကလိယုနှစ်ဖြစ်၏။ (ဥပမာ) သာသနာနှစ် ၂၅ဝဝရှိသော သက္ကရာဇ် ၁၃၁၈ခုနှစ်၌ ကလိယုဂ်နှစ်ပေါင်း မည်မျှသို့ ရောက်နေ ပြီဟု သိလိုသော် ရောက်ဆဲ သာသနာနှစ် ၂၅၀၀နှင့် ၂၅၇၀တို့ကိုပေါင်း၍ ကလိယုဂ်နှစ်ပေါင်း ၅၀၇၀သို့ ရောက်ပြီဟု သိရာ၏။

ဤသို့ လောကီဆရာများအလို ယုဂ်လေးပါး အပိုင်းအခြား ရှိရာတွင် ကြတယုဂ်စသော ကောင်းမြတ်သော ယုဂ်အတွင်းမှာ ပွင့်တော်မူကြသော ဘုရားများသည် အသက်တော် ရှည်ကြ၍ ညံ့သောယုဂ်အတွင်းမှာ ပွင့်တော်မူကြသော ဘုရားများသည် အသက်တော် တိုကြသည်ဟု ဗုဒ္ဓဝင်အဋ္ဌကထာဆရာ ဆိုလိုသည်။ ဤဗုဒ္ဓဝင်အဋ္ဌကထာ စကားအရမှာလည်း “လောက၌ အသက်တမ်း ရှည်သောအခါ ပွင့်တော်မူကြသော မြတ်စွာဘုရားများသည် အသက်တော်ရှည်၍ အသက်တမ်း တိုသောအခါမှာ ပွင့်တော်မူကြသော မြတ်စွာဘုရားများသည် အသက်တော် တိုသည်”ဟူ၍ပင် အဓိပ္ပါယ်ရရှိ၏။ ဤကား ဆရာကြီးဦးလင်း၏ မှတ်ချက်တည်း။

(၂) ပမာဏဝေမတ္တ

     ပမာဏဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရားတို့ တဆူနှင့် တဆူ အရပ်တော် အနိမ့်အမြင့် မတူကြခြင်းပင် ဖြစ်၏။



၅၆၇

     ဒီပင်္ကရာ မြတ်စွာဘုရား၊ ရေဝတ မြတ်စွာဘုရား၊ ပိယဒဿီ မြတ်စွာဘုရား၊ အတ္ထဒဿီ မြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရား။ ဝိပဿီ မြတ်စွာဘုရား— ဤခြောက်ဆူသော မြတ်စွာဘုရားတို့၏ အရပ်တော်သည် အတောင်ရှစ်ဆယ် မြင့်တော်မူ၏။

     ကောဏ္ဍည မြတ်စွာဘုရား၊ မင်္ဂလ မြတ်စွာဘုရား၊ နာရဒမြတ်စွာဘုရား၊ သုမေဓ မြတ်စွာဘုရား- ဤလေးဆူသော မြတ်စွာဘုရားတို့၏ အရပ်တော်သည် ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူ၏။

     သုမန မြတ်စွာဘုရား၏ အရပ်တော်သည် အတောင်ကိုးဆယ် မြင့်တော်မူ၏။

     သောဘိတ မြတ်စွာဘုရား၊ အနောမဒဿီ မြတ်စွာဘုရား၊ ပဒုမ မြတ်စွာဘုရား၊ ပဒုမုတ္တရ မြတ်စွာဘုရား၊ ဖုဿ မြတ်စွာဘုရား- ဤငါးဆူသော မြတ်စွာဘုရားတို့၏ အရပ်တော်သည် ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏။

     သုဇာတမြတ်စွာဘုရား၏ အရပ်တော်သည် အတောင်ငါးဆယ် မြင့်တော်မူ၏။

     သိဒ္ဓတ္ထ မြတ်စွာဘုရား၊ တိဿ မြတ်စွာဘုရား၊ ဝေဿဘူ မြတ်စွာဘုရား- ဤသုံးဆူသော မြတ်စွာဘုရားတို့၏ အရပ်တော်သည် အတောင်ခြောက်ဆယ် မြင့်တော်မူ၏။

     သိခီမြတ်စွာဘုရား၏ အရပ်တော်သည် အတောင်ခုနစ်ဆယ် မြင့်တော်မူ၏။

     ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား- ဤသုံးဆူသော မြတ်စွာဘုရားတို့၏ အရပ်တော်သည် အစဉ်အတိုင်း အတောင် လေးဆယ် သုံးဆယ် နှစ်ဆယ် မြင့်တော်မူ၏။

     ဂေါတမမြတ်စွာဘုရား၏ အရပ်တော်သည်ကား တဆယ့်ခြောက်တောင် (သို့မဟုတ်) တဆယ့်ရှစ်တောင် မြင့်တော်မူ၏။



၅၆၈

(ဤသို့ စကားနှစ်ခွ ဖော်ပြရခြင်း၏ အကြောင်းကို ဂေါတမဗုဒ္ဓဝင်သို့ရောက်မှ ပြဆိုအံ့။)

ဤသို့ မြတ်စွာဘုရားများ တဆူနှင့်တဆူ အရပ်တော်ချင်း မတူပဲ အနိမ့်အမြင့် ကွဲပြားကြရာမှာ ဥတုနှင့် အာဟာရတို့သည် အဓိကအကြောင်းများ ဖြစ်ကြသည်ဟု မှတ်ယူထိုက်၏။ မြတ်စွာဘုရားတို့မည်သည် လူသားထံမှ ဖြစ်ပွင့်တော်မူလာရသော လူသားဘုရားများသာဖြစ်၍ မိမိတို့ ဖြစ်ပွင့်တော်မူရာ ခေတ်ကာလအတွင်းရှိ လူများ၏ သဘာဝအတိုင်း အသက်တမ်းမှာ ပကတိလူတို့၏ အသက်တမ်းနှင့် တူမျှတော်မူကြကုန်၏။ တသိန်းတမ်းမှာ ပွင့်တော်မူကြသော မြတ်စွာဘုရားတို့လက်ထက် လူအပေါင်းသည်လည်း အများအားဖြင့် အနှစ်တသိန်းပင် အသက်ရှည်ကြကုန်၏။ ကိုးသောင်းတမ်းမှာ ပွင့်တော်မူကြသော မြတ်စွာဘုရားတို့လက်ထက် လူအပေါင်းသည်လည်း အများအားဖြင့် အနှစ်ကိုးသောင်းပင် အသက်ရှည်ကြ၏။ ဤသို့ စသည်ဖြင့် အသက်တမ်း အတိုအရှည်မှာပင် လူတို့၏ အသက်တမ်းနှင့် လိုက်လျောစွာ ဖြစ်ပေါ်ရ၏။

ကိုယ်ခန္ဓာအရပ်တော် အနိမ့်အမြင့် သဘောကိုမူကား အသက်တမ်းဖြင့် ပိုင်းခြား၍ မရနိုင်၊ မရနိုင်ကြောင်းမှာ.. အသက်တသိန်းတမ်းတွင် ပွင့်တော်မူကြသော ဘုရားများဖြစ်လျက် ဒီပင်္ကရာမြတ်စွာဘုရား၊ အတ္ထဒဿီမြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရားတို့မှာ အရပ်တော် အတောင်ရှစ်ဆယ်သာမြင့်၍ ကောဏ္ဍညမြတ်စွာဘုရားမှာ ရှစ်ဆယ့်ရှစ်တောင်၊ အနောမဒဿီ မြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရား၊ ပဒုမုတ္တရ မြတ်စွာဘုရားတို့မှာ ငါးဆယ့်ရှစ်တောင်၊ သိဒ္ဓတ္ထ မြတ်စွာဘုရား၊ တိဿ မြတ်စွာဘုရားတို့မှာ အတောင် ရှစ်ဆယ်အားဖြင့် ကွဲပြားတော်မူသည်ကို ထောက်၍ အရပ်အနိမ့်အမြင့်မှာ သက်တမ်းသို့ မလိုက်သည်ကို သိရာ၏။ ပွင့်တော်မူရာ သက်တမ်းချင်းတူသော



၅၆၉

မြတ်စွာဘုရားများသော်မှ အရပ်တော် အနိမ့်အမြင့် မတူသေးလျှင် ပွင့်တော်မူရာ အသက်တမ်း ကွဲပြားကြသော မြတ်စွာဘုရားများ၏ အရပ်တော်မှာ ဆိုဖွယ်ပင်မရှိ ဖြစ်တော့သည်။

ဝိနယပိဋက (၂) ပါစိတ္တိယပါဠိ (၉) ရတနဝဂ် (၁၀) နန္ဒသိက္ခာပုဒ်၌ မြတ်စွာဘုရား၏ညီတော် အရှင်နန္ဒသည် မြတ်စွာဘုရားအောက် လက်လေးသစ်မျှသာ အရပ်နိမ့်ကြောင်း ဟောကြားထားသည်ကို ထောက်၍ ထိုခေတ်က အခြားလူများလည်း မြတ်စွာဘုရား၏ အရပ်တော်ကို မမှီစေကာမူ မြတ်စွာဘုရား၏ အရပ်တော်နီးပါးမျှ ရှိကြသူ အများရှိမည်ဟု ယုံကြည်ရာ၏။ သို့ဖြစ်၍ မြတ်စွာဘုရားများ၏ အရပ်တော် အနိမ့်အမြင့်သဘောသည် ဖြစ်ပွင့်တော်မူရာ ခေတ်ကာလရှိ လူများ၏ အရပ်အနိမ့်အမြင့် သဘောသို့လိုက်၍ ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။ ထိုထို ခေတ်ကာလရှိ လူများ၏အရပ်နှင့် မြတ်စွာဘုရား၏ အရပ်တော် တထပ်တည်း တူညီသည်ဟု မဆိုလိုပေ။

ဤသို့ လူအများ၏ အနိမ့်အမြင့်သဘောသို့ လိုက်၍ မြတ်စွာဘုရားများ၏ အရပ်တော် အနိမ့်အမြင့် ဖြစ်ပေါ်ရခြင်း အကြောင်းရင်းမှာ ဥတုနှင့် အာဟာရနှစ်ပါးတို့ပင် ဖြစ်၏။ မင်းတို့ တရားမစောင့်ခြင်းကအစ (အရိယာတို့ကိုထား၍) တလောကလုံး တရားမစောင့်ဖြစ်သောအခါ ဖောက်ပြန်သော ဥတု ဩဇာဓာတ်ဆီ နည်းပါးသော အစာအာဟာရကို မှီဝဲရသဖြင့် ထိုခေတ်လူများ၏ ဥတုဇရုပ် အာဟာရဇရုပ်များသည် ကြီးပွါး ထွားကြိုင်းသင့်သလောက် မကြီးပွါး မထွားကြိုင်းနိုင်ပေ။ ထိုမှ ပြန်သောအားဖြင့် တရားစောင့်သောအခါ ဥတုဇရုပ် အာဟာရဇရုပ်တို့ ကြီးမားထွားကြိုင်းသည်ကို သိရာ၏။



၅၇၀

(၃) ကုလဝေမတ္တ

     ကုလဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရားများ တဆူနှင့်တဆူ အမျိုးအနွယ်တော် မတူခြင်းပင် ဖြစ်၏။

     ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား- ဤမြတ်စွာဘုရား သုံးဆူတို့မှာ ပုဏ္ဏားမျိုး၌ ဖြစ်တော်မူကြကုန်၍ ကြွင်းသော နှစ်ကျိပ်နှစ်ဆူသော မြတ်စွာဘုရားတို့သည် မင်းမျိုး၌ ဖြစ်တော်မူကြကုန်၏။ “လောက၌ မင်းများသည် အထွတ်အမြတ်ဖြစ်သည်”ဟု လူအပေါင်းတို့က အထိမ်းအမှတ် ပြုလုပ်ကြသောအခါ မြတ်စွာဘုရားများသည် မင်းမျိုး၌ ဖြစ်တော်မူကြကုန်၏။ “လောက၌ ပုဏ္ဏားမျိုးသည် အထွတ်အမြတ်ဖြစ်သည်”ဟု လူအပေါင်းတို့က အထိမ်းအမှတ် ပြုလုပ်ကြသောအခါ မြတ်စွာဘုရားတို့သည် ပုဏ္ဏားမျိုး၌ ဖြစ်တော်မူကြကုန်၏။

(၄) ပဓာနဝေမတ္တ

     ပဓာနဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရားများ တဆူနှင့် တဆူ ပဓာနခေါ် ဒုက္ကရစရိယာကျင့်ရပုံ မတူခြင်းပင်ဖြစ်၏။

     ဒီပင်္ကရာ မြတ်စွာဘုရား၊ ကောဏ္ဍည မြတ်စွာဘုရား၊ သုမန မြတ်စွာဘုရား၊ အနောမဒဿီ မြတ်စွာဘုရား၊ သုဇာတ မြတ်စွာဘုရား၊ သိဒ္ဓတ္ထ မြတ်စွာဘုရား၊ ကကုသန် မြတ်စွာဘုရား- ဤခုနစ်ဆူသော မြတ်စွာဘုရားတို့သည် ဆယ်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူကြရကုန်၏။

     မင်္ဂလ မြတ်စွာဘုရား၊ သုမေဓ မြတ်စွာဘုရား၊ တိဿ မြတ်စွာဘုရား၊ သိခီ မြတ်စွာဘုရား- ဤလေးဆူသော မြတ်စွာဘုရားတို့သည် ရှစ်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူကြရကုန်၏။

     ရေဝတ မြတ်စွာဘုရားသည် ခုနှစ်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူရ၏၊ သောဘိတ မြတ်စွာဘုရားသည် လေးလကြာ ဒုက္ကရစရိယာ ကျင့်တော်မူရ၏။



၅၇၁

     ပဒုမ မြတ်စွာဘုရား၊ အတ္ထဒဿီ မြတ်စွာဘုရား၊ ဝိပဿီ မြတ်စွာဘုရား- ဤသုံးဆူသော မြတ်စွာဘုရားတို့သည် လဝက် (တဆယ့်ငါးရက်)ကြာ ဒုက္ကရစရိယာ ကျင့်တော်မူကြရကုန်၏။

     နာရဒ မြတ်စွာဘုရား၊ ပဒုမုတ္တရ မြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရား၊ ကဿပ မြတ်စွာဘုရား- ဤလေးဆူသော မြတ်စွာဘုရားတို့သည် ခုနစ်ရက်ကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူကြရကုန်၏။

     ပိယဒဿီ မြတ်စွာဘုရား၊ ဖုဿ မြတ်စွာဘုရား၊ ဝေဿဘူ မြတ်စွာဘုရား၊ ကောဏာဂုံ မြတ်စွာဘုရားတို့သည် ခြောက်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူကြရကုန်၏။

     အကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွတ်ထား ဂေါတမ မြတ်စွာဘုရားသည်ကား ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူရ၏။

ရှေးက ပြခဲ့ပြီးသော အာယုဝေမတ္တ စသည်တို့မှာ အသက်တော်စသည် အရှည်အတို မတူရာ၌ အကြောင်းရှိသကဲ့သို့၊ ဤပဓာနခေါ် ဒုက္ကရစရိယာ ကျင့်ရာမှာ ကာလအနည်းအများ ကွာခြားခြင်း၌လည်း အကြောင်း ရှိရမည်သာဖြစ်၏၊ အကြောင်းထူးကိုရှာသော် ကံအတွက်ပင် ဖြစ်သည်ဟု ဆိုသင့်၏။

ထင်ရှားစေဦးအံ့.. အပဒါနပါဠိ ပဌမအုပ် မျက်နှာ (၃၄၉) (၃၉) အဝဋဖလဝဂ် (၁၀) ပုဗ္ဗကမ္မပိလောတိက ဗုဒ္ဓါပဒါန်၌၊ ၊“အဝစာဟံ ဇောတိပါလော၊ သုဂတံ ကဿပံ တဒါ” အစရှိသည်ဖြင့် (အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော် ခြောက်နှစ်တိုင် ဒုက္ကရစရိယာ ကျင့်ရခြင်း၏ ရှေးမကောင်းမှု အကုသိုလ်ကံအကြောင်းကို) “ငါသည် ကဿပမြတ်စွာဘုရား လက်ထက်တော်မှာ ဇောတိပါလ အမည်ရှိသော ပုဏ္ဏားလုင်ဖြစ်၍ ကဿပမြတ်စွာဘုရားကို “ဤဦးပြည်း= ခေါင်းတုံးအား အဘယ်မှာ



၅၇၂

အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် ရှိနိုင်ပါအံ့နည်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဟူသည် အလွန်တရာ ရခဲလှ၏”ဟု ပြောဆိုပြစ်မှားခဲ့သော အကုသိုလ်ဝစီကံ အကျိုးအားဖြင့် ယခုဘုရားဖြစ်ရမည့် နောက်ဆုံးဘဝမှာ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ရှည်မြင့်စွာ ကျင့်ခဲ့ရလေပြီ”ဟု မြတ်စွာဘုရားကိုယ်တိုင် ဟောကြားတော်မူအပ်သည်။

ဤသို့ ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာ ကျင့်ရခြင်းမှာ မကောင်းမှုကံကြောင့် ဖြစ်ကြောင်း ပါဠိတော် တိုက်ရိုက်လာသည်ကို ထောက်သဖြင့် ခုနစ်ရက်မျှ ဒုက္ကရစရိယာ ကျင့်တော်မူကြရသည့် မြတ်စွာဘုရားများမှာ ထက်သန်လုံလောက် အားကြီးသော ကောင်းမှုကုသိုလ်ကံကြောင့် ဖြစ်သည်ဟူ၍ သိသာပေ၏၊ ထို့ကြောင့် ဒုက္ကရစရိယာ ကျင့်တော်မူကြရာ၌ ကာလအနည်းအများ ကွာခြားခြင်း၏ အကြောင်းရင်းကား ကံသာလျှင် ဖြစ်၏ဟု ဆိုသင့်ပေ၏။

ဤသို့ ဘုရားဖြစ်ခါနီး ကျင့်ရသော ပဓာနဝီရိယချင်း ကာလအနည်းအများ မတူသော်လည်း ဘုရားဖြစ်သောအခါ ဘုန်းတော်ခြောက်ပါး အဝင်အပါ ပယတ္တဝီရိယတော်မှာ ဘုရားအချင်းချင်း အတူအညီသာ ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏။

(၅) ရသ္မိဝေမတ္တ

     ရသ္မိဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရားများ တဆူနှင့်တဆူ ရောင်ခြည်တော်ထွက်ပုံ မတူခြင်းပင် ဖြစ်၏။ မင်္ဂလမြတ်စွာဘုရား၏ ရောင်ခြည်တော်သည် စကြဝဠာ တိုက်တသောင်းကို ပျံ့နှံ့၍တည်၏၊ ပဒုမုတ္တရ မြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် (၁၂) တဆယ့်နှစ်ယူဇနာ ပျံ့နှံ့၍ တည်၏၊ ဝိပသီ မြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် (၇) ခုနစ်ယူဇနာ



၅၇၃

ပျံ့နှံ့၍ တည်၏၊ သိခီမြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် (၃) သုံးယူဇနာ ပျံ့နှံ့၍ တည်၏၊ ကကုသန် မြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် (၁၀) ဆယ်ယူဇနာ ပျံ့နှံ့၍ တည်၏။ ဂေါတမမြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် ကိုယ်တော်၏အလံနှင့် ညီမျှစွာ လေးတောင်ခန့် ပျံ့နှံ့၍ တည်၏၊ ကြွင်းသော မြတ်စွာဘုရားတို့၏ ရောင်ခြည်တော်သည် အမြဲမရှိ အလိုတော်ရှိသမျှ ထွန်းလင်းတောက်ပ၏။

တတြ ရသ္မိဝေမတ္တံ အဇ္ဈာသယပ္ပဋိဗဒ္ဓံ၊ ယော ယတ္တကံ ဣစ္ဆတိ၊ တဿ တတ္တကာ သရီရပ္ပဘာ ဖရတိ။ မင်္ဂလဿ ပန နိစ္စမ္ပိ ဒသသဟဿိလောကဓာတုံ ဖရတူတိ အဇ္ဈာသယော အဟောသိ။ (သုတ်မဟာဝါ အဋ္ဌကထာ ဆဋ္ဌမူ စာမျက်နှာ ၁၈)။ တတြ၊ ထိုဝေမတ္တတရားတို့တွင်။ ရသ္မိဝေမတ္တံ၊ ရောင်ခြည်တော်၏ ထူးခြားခြင်းသည်။ အဇ္ဈာသယပ္ပဋိဗဒ္ဓံ၊ ပါရမီဖြည့်စဉ်အခါ ပန်ထွာတောင့်တ အလိုရှိခဲ့သော အဇ္ဈာသယနှင့် စပ်ခြင်းရှိ၏။ ယော၊ အကြင် မြတ်စွာဘုရားသည်။ ယတ္တကံ၊ အကြင်မျှလောက်။ ဣစ္ဆတိ၊ ကိုယ်ရောင်ပျံ့နှံ့ရလို၏ဟု ပါရမီဖြည့်စဉ်အခါ အလိုရှိခဲ့ တောင့်တခဲ့၏။ တဿ၊ ထိုမြတ်စွာဘုရား၏။ တတ္တကာ၊ ထိုမျှလောက်သော။ သရီရပ္ပဘာ၊ ကိုယ်တော်ရောင်သည်။ ဖရတိ၊ ပျံ့နှံ့၏။ မင်္ဂလဿ ပန၊ မင်္ဂလမြတ်စွာဘုရား၏ကား။ နိစ္စမ္ပိ၊ အမြဲလည်း။ ဒသသဟဿိလောကဓာတုံ၊ တသောင်းသော စကြဝဠာလောကဓာတ်ကို။ ဖရတူတိ၊ ကိုယ်ရောင်ပျံ့နှံ့စေသတည်း ဟူ၍။ အဇ္ဈာသယော၊ ပါရမီဖြည့်စဉ်အခါ ပန်ထွာတောင့်တ အလိုရှိသော အဇ္ဈာသယသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။ (ဤကား ဖော်ပြရာပါ အဋ္ဌကထာပါဠိ၏ အနက်တည်း။) ၎င်း အဖွင့်ဋီကာ၌ အဇ္ဈာသယအရ ပါရမီဖြည့်စဉ်ကဖြစ်ခဲ့သော ဆုတောင်းပတ္ထနာကို ယူရမည်-ဟု ဖွင့်ပြသည်။



၅၇၄

     ဤသို့ မြတ်စွာဘုရားများ တဆူနှင့်တဆူ ရောင်ခြည်တော် ထွက်ကြွပုံ မတူရာ၌ အကြောင်းရင်းကိုရှာလျှင် ဖြည့်ဆည်းပူးတော်မူခဲ့ကြသော ပါရမီတော်ကံတို့ပင် ဖြစ်သင့်၏။ ထိုသို့ ဖြစ်သင့်ကြောင်းကို လောကဓာတ် စကြဝဠာ တသောင်းတိုင် ပကတိကိုယ်တော်ရောင် ပျံ့နှံ့သော မင်္ဂလမြတ်စွာဘုရား၏ အဋ္ဌုပ္ပတ်မှာ အဋ္ဌကထာဆရာတော်များက-

“မင်္ဂလဘုရား အလောင်းတော်သည် (ဂေါတမဘုရား အလောင်းတော်၏ ဝေဿန္တရာမင်း ဘဝကဲ့သို့သော) ပါရမီတော်ဖြည့်ကျင့်ရာ နောက်ဆုံး တခုသောဘဝ၌ ဝင်္ကပဗ်တောင်နှင့်တူသော တောင်၌ သားမယားတို့နှင့်တကွ နေတော်မူရာ ခရဒါဌိကအမည်ရှိသော ဘီလူးသည် ပုဏ္ဏားယောင်ဆောင်ကာ သားတော်နှင့် သမီးတော်တို့ကို အလှူခံရာတွင် မင်္ဂလမြတ်စွာဘုရား အလောင်းတော်သည် ဝမ်းမြောက်ဝမ်းသာ ငါလှူဒါန်းအံ့-ဟု ကြံ၍ သားတော်နှင့် သမီးတော်တို့ကို ပေးလှူတော်မှု၏။ ခရဒါဌိက ဘီလူးသည် စင်္ကြံ၏အစွန်း ပျဉ်ချပ်ကိုမှီ၍ သားတော်နှင့် သမီးတော်တို့ကို အလောင်းတော်၏ မျက်မှောက်မှာပင် ကြာစွယ်စည်းကို ဝါး၍စားသည့်ပမာ ကျွတ်ကျွတ်ဝါး၍ စားလေသည်။ အလောင်းတော်သည် ဘီလူးကို ကြည့်လိုက်သည်တွင် ဘီလူးခံတွင်းဟနေခိုက် မီးအလျှံကဲ့သို့ ဘီလူးခံတွင်းမှ ချင်းချင်းနီသော သွေးရည်အလျဉ် တသွင်သွင် ယိုစီးကျနေသည်ကို မြင်ရသော်လည်း ဆံခြည်ဖျားလောက်မျှ စိတ်နှလုံးမသာမယာ ဖြစ်တော်မမူပဲ “ငါသည် အလှူကို ကောင်းစွာ လှူအပ်လေပြီတကား”ဟု စဉ်းစား ကြံစည်တော်မူသောအခါ များစွာသော နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်လာပြီးလျှင် “ငါ၏ကောင်းမှု အကျိုးဆက်အားဖြင့် နောက်အခါ၌ ဤသဘောအတိုင်း ငါ၏ကိုယ်မှ ရောင်ခြည်တို့သည် ထွက်ကြွစေကုန်သတည်း”ဟူ၍ ဆုတောင်းပတ္ထနာမှုကို ပြုတော်မူ၏၊ ထိုဆုတောင်းအတွက်ကြောင့်



၅၇၅

မင်္ဂလမြတ်စွာဘုရား ဖြစ်တော်မူသောအခါ ပကတိ ကိုယ်တော်ရောင်သည် စကြဝဠာတိုက်ပေါင်း တသောင်းတိုင် ပျံ့နှံ့၍ တည်သည်—

စသည်ဖြင့် ဖွင့်ပြတော်မူကြ၏။

     ဤဖွင့်ပြချက်ကို ထောက်ဆ၍ ရှေးဆုတောင်း ကောင်းမှုအထူး ရှိ-မရှိအလိုက် ဘုရားဖြစ်တော်မူသောအခါ ပကတိ ကိုယ်တော်ရောင်ထွက်ကြွပုံ ထူးခြားရသည်-ဟု မှတ်ယူရာ၏။ ဤရသ္မိဝေမတ္တခေါ် ရောင်ခြည်တော်ထွက်ပုံချင်း ထူးကြသည်ဆိုရာမှာ ပကတိ ကိုယ်တော်ရောင်ကိုသာ ဆိုလိုသည်။ စိတ်တော်က အလိုရှိ၍ တန်းခိုးတော်ဖြင့် ဖန်ဆင်းခဲ့လျှင် မည်သည့်ဘုရားမဆို အလိုတော်ရှိသလောက် ရောင်ခြည်တော် ထွက်ပေါ် ပျံ့နှံ့စေနိုင်သည်ချည်းသာ ဖြစ်၏။ တန်းခိုးတော်အရာမှာ မည်သည့်ဘုရားကနည်း၍ မည်သည့်ဘုရားက များသည်ဟူသော ဣဒ္ဓိဝေမတ္တမျိုး မရှိပေ။

ရောင်ခြည်တော် သုံးမျိုး

     (၁) ဗျာမပ္ပဘာ ရောင်ခြည်တော်.. ဤရောင်ခြည်တော်မှာ မြတ်စွာဘုရား (ကျွန်ုပ်တို့ဂေါတမဘုရား)၏ ပကတိကိုယ်တော်မှ အမြဲထွက်ကြွ၍ ကိုယ်တော်၏ ပတ်ဝန်းကျင်တွင် တလံမျှ အတိုင်းအရှည်ရှိသော အလွန်ထူထဲ၍ ဘုရားရှင်၏ ကိုယ်တော်နှင့် ဝေခွဲ၍ပင် မရနိုင်လောက်အောင် တခဲနက်သော ရောင်ခြည်တော်ဖြစ်သည်။ လျှပ်စစ်ဓာတ်မီးပွင့်ကို ဝါးတရိုက်ခန့်လောက်မှ ကြည့်လျှင် မီးတောက်လုံးဟု ထင်ရသည့် အရောင်ဝန်းရှိ၏။ အနားကပ်၍ စေ့စေ့စပ်စပ်ကြည့်မှ ပကတိ မီးတောက်၏ ကွေ့ကွေ့ကောက်ကောက် ပုံကလေးကို မြင်ရသည်။ ထို့အတူပင် မြတ်စွာဘုရား၏ ကိုယ်တော်မှာလည်း တလံမျှလောက်သော ရောင်ခြည်အဝန်း ရှိသည်၊ ထိုရောင်ခြည်တော်ကို “ဗျာမပ္ပဘာ ရောင်ခြည်တော်” ခေါ် ၏။ အလွန်ထူထဲ တခဲနက်သော ရောင်ခြည်အဝန်း ဖြစ်သည်။

     (၂) အသီတိနိစ္စလောဘာသ ရောင်ခြည်တော်.. ဤရောင်ခြည်တော်ကား ဗျာမပ္ပဘာရောင်ခြည်တော်မှ သန္တာန်ဆက်ကာ



၅၇၆

အတောင်ရှစ်ဆယ် အရပ်တိုင်အောင် ဖြာ၍ထွက်လာသော ပကတိကိုယ်တော်ရောင်ပင် ဖြစ်သည်။

     (၃) ဒိသာဖရဏ ရောင်ခြည်တော်.. ဤရောင်ခြည်တော်မှာ ပဋ္ဌာန်းတရားကို သုံးသပ်သောအခါ ယမိုက်ပြာဋိဟာ ပြတော်မူသောအခါ စသည်တို့၌ သွေးတော်စသည် တိုး၍ကြည်လင်ခြင်းကြောင့် အနန္တစကြဝဠာသို့ ပျံ့နှံ့၍ထွက်သော ရောင်ခြည်တော်ဖြစ်သည်။

ရောင်ခြည်တော်နှစ်မျိုး

     လူ နတ် ဗြဟ္မာ သတ္တဝါတို့ မျက်စိဖြင့် မြင်ကောင်းသည့် မြတ်စွာဘုရား၏ ရူပါရုံအဆင်း ဝဏ္ဏဓာတ်အထူးကို ဤအရာ၌ ရောင်ခြည်တော်ဟူ၍ ခေါ်သည်။ အဘိဓမ္မာသဘောအရ ဗျာမပ္ပဘာ ရောင်ခြည်တော်နှင့် အသီတိနိစ္စလောဘာသ ရောင်ခြည်တော်တို့ကို ကမ္မဇရောင်ခြည်တော် (သိုမဟုတ် ကမ္မပစ္စယ ဥတုဇရောင်ခြည်တော်)ဟူ၍ ခေါ်ရပေမည်။ အကြောင်းကား.. ထိုရောင်ခြည်တော် နှစ်မျိုးလုံးပင် ရှေးကံလျှင် အကြောင်းရင်း ရှိသောကြောင့်တည်း။ ဒိသာဖရဏ ရောင်ခြည်တော်ကို စိတ်တော် ကြည်လင်ခြင်းလျှင် အကြောင်းရင်း ရှိသောကြောင့် စိတ္တဇရောင်ခြည်တော် (သို့မဟုတ် စိတ္တပစ္စယ ဥတုဇရောင်ခြည်တော်)ဟူ၍ ခေါ်ရပေမည်။ ဤသို့ ရောင်ခြည်တော်တို့၏ အထူးကို သိမှတ်ရာ၏။

(၆) ယာနဝေမတ္တ

     ယာနဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရား အလောင်းတော်များ တောထွက်တော်မူသောအခါ စီးနင်းသောယာဉ်၏ မတူခြင်းပင် ဖြစ်၏။

     ဒီပင်္ကရာမြတ်စွာဘုရား၊ သုမနမြတ်စွာဘုရား၊ သုမေဓမြတ်စွာဘုရား၊ ဖုဿမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား အလောင်းတော်တို့သည် ဆင်ယာဉ်စီးလျက် တောထွက်တော်မူကြကုန်၏။



၅၇၇

     ကောဏ္ဍည မြတ်စွာဘုရား၊ ရေဝတမြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရား၊ ပိယဒဿီ မြတ်စွာဘုရား၊ ဝိပဿီမြတ်စွာဘုရား၊ ကကုသန်မြတ်စွာဘုရား အလောင်းတော်တို့သည် အာဇာနည်မြင်းကသော ရထားယာဉ်ကိုစီးလျက် တောထွက်တော်မူကြကုန်၏။

     မင်္ဂလ မြတ်စွာဘုရား၊ သုဇာတ မြတ်စွာဘုရား၊ အတ္ထဒဿီ မြတ်စွာဘုရား၊ တိဿ မြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရား အလောင်းတော်တို့သည် မြင်းယာဉ်ကိုစီးလျက် တောထွက်တော်မူကြကုန်၏။

     အနောမဒဿီ မြတ်စွာဘုရား၊ သိဒ္ဓတ္ထ မြတ်စွာဘုရား၊ ဝေဿဘူ မြတ်စွာဘုရား အလောင်းတော်တို့သည် ရွှေထမ်းစင်စီးလျက် တောထွက်တော်မူကြကုန်၏။

     နာရဒမြတ်စွာဘုရား အလောင်းသည် ခြေလျင်ကြွသွားတော်မူလျက် တောထွက်တော်မူ၏။

     သောဘိတ မြတ်စွာဘုရား၊ ပဒုမုတ္တရမြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရား၊ ကဿပ မြတ်စွာဘုရား အလောင်းတော်တို့သည် ပြာသာဒ်ယာဉ်စီးလျက် တောထွက်တော်မူကြကုန်၏။

     ဤသို့လျှင် မြတ်စွာဘုရား အလောင်းတော်များ တောထွက်တော်မူကြသောအခါ စီးတော်ယာဉ်ချင်းမတူသည်ကို “ယာနဝေမတ္တ”ခေါ်သည်-ဟု မှတ်ယူအပ်၏။

(၇) ဗောဓိဝေမတ္တ

     ဗောဓိဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရားများ တဆူနှင့် တဆူ ပွင့်တော်မူရာ မဟာဗောဓိပင်ချင်း မတူထူးခြားမှုပင် ဖြစ်၏။

     ဒီပင်္ကရာမြတ်စွာဘုရား၏ ပွင့်တော်မူရာဗောဓိပင်မှာ ညောင်ကြတ်ပင်ဖြစ်၏။

     ကောဏ္ဍည မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ သာလကလျာဏီခေါ် ကြောင်လျှာပင် (သို့မဟုတ် နှံပဲပင်) ဖြစ်၏။



၅၇၈

     မင်္ဂလမြတ်စွာဘုရား၊ သုမနမြတ်စွာဘုရား၊ ရေဝတမြတ်စွာဘုရား၊ သောဘိတ မြတ်စွာဘုရားတို့၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ကံ့ကော်ပင်ဗောဓိ ဖြစ်၏။

     အနောမဒဿီ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ထောက်ကြံ့ (ဖောက်ကြံ့)ပင်ဗောဓိ ဖြစ်၏။

     ပဒုမမြတ်စွာဘုရား၊ နာရဒမြတ်စွာဘုရားတို့၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ကြောင်လျှာပင်ဗောဓိ ဖြစ်၏။

     ပဒုမုတ္တရ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ထင်းရှူးပင်ဗောဓိ ဖြစ်၏။

     သုမေဓ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ တမာပင်ဗောဓိ ဖြစ်၏။

     သုဇာတမြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ကြခတ်ဝါးပင်ဗောဓိ ဖြစ်၏။

     ပိယဒဿီ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ရေခံတက်ပင် သို့မဟုတ် (ဖောက်ကြံ့ပင်)ဗောဓိ ဖြစ်၏။

     အတ္ထဒဿီ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ စကားပင်ဗောဓိ ဖြစ်၏။

     ဓမ္မဒဿီ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ မျက်နှာပန်းပင်ဗောဓိ ဖြစ်၏။

     သိဒ္ဓတ္ထမြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ မဟာလှေကားပန်းပင် ဖြစ်၏။

     တိဿ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ပိတောက်ပင်ဗောဓိ ဖြစ်၏။

     ဖုဿ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ရှိရှားပင်ဗောဓိ ဖြစ်၏။



၅၇၉

     ဝိပဿီ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ သခွတ်ပင်ဗောဓိ ဖြစ်၏။

     သိခီ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ သရက်ဖြူပင်ဗောဓိ ဖြစ်၏။

     ဝေဿဘူ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ အင်ကြင်းပင်ဗောဓိ ဖြစ်၏။

     ကကုသန် မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ကုက္ကိုပင်ဗောဓိ ဖြစ်၏။

     ကောဏာဂုံမြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ရေသဖန်းပင်ဗောဓိ ဖြစ်၏။

     ကဿပမြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ပညောင်ပင် ဖြစ်၏။

     ဂေါတမ မြတ်စွာဘုရား၏ ပွင့်တော်မူရာ ဗောဓိပင်မှာ ညောင်ဗုဒ္ဓဟေပင် (ညောင်နီပင်)ဗောဓိ ဖြစ်၏။

(သစ္စာလေးပါးတရားကို သိမြင်တတ်သောကြောင့် မဂ်လေးပါးကို “ဗောဓိ”ဟူ၍ ခေါ်၏၊ ဉေယျတရားတို့ကို သိမြင်တတ်သောကြောင့် သဗ္ဗညုတဉာဏ်ကို “ဗောဓိ”ဟူ၍ ခေါ်၏၊ ဗုဇ္ဈတီတိ ဗောဓိဟု ဝိဂြိုဟ်ပြုရာ၏၊ ထိုသစ္စာလေးပါး ဉေယျတရားတို့ကို ပိုင်းခြားထင်ထင် သိမြင်ရာဖြစ်သောကြောင့် ပွင့်တော်မူရာ သစ်ပင်ကိုလည်း “ဗောဓိ”ဟု ခေါ်၏၊ ဗုဇ္ဈတိ ဧတ္ထာတိ ဗောဓိဟု ဝိဂြိုဟ်ပြု။ ဧတ္ထ၊ ဤသစ်ပင်၌။ ဗုဇ္ဈတိ၊ သစ္စာ လေးပါး ဉေယျတရားကို သိတတ်၏။ ဣတိ တသ္မာ၊ ထိုသို့ သိရာဖြစ်သောကြောင့်။ ဗောဓိ၊ ဗောဓိမည်၏ဟု အနက်ပေး။)

     ဤသို့လျှင် မြတ်စွာဘုရားရှင်တို့၏ ပွင့်တော်မူရာ ဗောဓိပင်ချင်း မတူထူးခြားမှုကို “ဗောဓိဝေမတ္တ” ခေါ်သည်ဟု မှတ်ယူအပ်၏။



၅၈၀

(၈) ပလ္လင်္ကဝေမတ္တ

     ပလ္လင်္ကဝေမတ္တ ဟူသည်ကား.. မြတ်စွာဘုရားများ တဆူနှင့် တဆူ ပွင့်တော်မူရာ ပလ္လင်တော်၏ မတူထူးခြားခြင်းပင် ဖြစ်၏။

     ဒီပင်္ကရာ မြတ်စွာဘုရား၊ ရေဝတ မြတ်စွာဘုရား၊ ပိယဒဿီ မြတ်စွာဘုရား၊ အတ္ထဒဿီ မြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရား၊ ဝိပဿီ မြတ်စွာဘုရားတို့၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်တို့သည် (၅၃) ငါးဆယ့်သုံးတောင်စီ ပမာဏရှိကုန်၏။

     ကောဏ္ဍည မြတ်စွာဘုရား၊ မင်္ဂလ မြတ်စွာဘုရား၊ နာရဒမြတ်စွာဘုရား၊ သုမေဓမြတ်စွာဘုရားတို့၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်တို့သည် (၅၇) ငါးဆယ့် ခုနစ်တောင်စီ ပမာဏရှိကုန်၏။

     သုမန မြတ်စွာဘုရား၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်သည် အတောင် (၆၀) ခြောက်ဆယ် ပမာဏရှိ၏။

     သောဘိတ မြတ်စွာဘုရား၊ အနောမဒဿီ မြတ်စွာဘုရား၊ ပဒုမ မြတ်စွာဘုရား၊ ပဒုမုတ္တရ မြတ်စွာဘုရား၊ ဖုဿ မြတ်စွာဘုရားတို့၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်တို့သည် (၃၈) သုံးဆယ့်ရှစ်တောင်စီ ပမာဏရှိကုန်၏။

     သုဇာတမြတ်စွာဘုရား၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်သည် (၃၂) သုံးဆယ့်နှစ်တောင် ပမာဏရှိ၏။

     သိဒ္ဓတ္ထ မြတ်စွာဘုရား၊ တိဿ မြတ်စွာဘုရား၊ ဝေဿဘူ မြတ်စွာဘုရားတို့၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်တို့သည် အတောင် (၄၀) လေးဆယ်စီ ပမာဏရှိကုန်၏။

     သိခီမြတ်စွာဘုရား၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်သည် (၃၂) သုံးဆယ့်နှစ်တောင် ပမာဏရှိ၏။

     ကကုသန်မြတ်စွာဘုရား၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်သည် (၂၆) နှစ်ဆယ့်ခြောက်တောင် ပမာဏရှိ၏။



၅၈၁

     ကောဏာဂုံ မြတ်စွာဘုရား၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်သည် အတောင် (၂ဝ) နှစ်ဆယ် ပမာဏရှိ၏။

     ကဿပ မြတ်စွာဘုရား၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်သည် (၁၅) တဆယ့်ငါးတောင် ပမာဏရှိ၏။

     ဂေါတမမြတ်စွာဘုရား၏ ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်သည် (၁၄) တဆယ့်လေးတောင် ပမာဏရှိ၏။

ပလ္လင်္ကနှစ်မျိုး

ဤအရာ၌ (ပါဠိလို) ပလ္လင်္က (မြန်မာလို) ပလ္လင်ဟူသည် အာဘုဇနပလ္လင်, အာသနပလ္လင်ဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင်- နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ= တင်ပလ္လင်ခွေ ထိုင်နေ၏ဟူသော မဟာသတိပဋ္ဌာနသုတ် စသည်တို့၌လာသော တင်ပလ္လင်ခွေ ထိုင်နေခြင်းမျိုးကို အာဘုဇနပလ္လင်ဟူ၍ မှတ်ယူရာ၏။

နေထိုင်ဖွယ်ရာ အခင်းအထူးကို အာသနပလ္လင်ဟူ၍ မှတ်ယူရာ၏။ ထိုနေထိုင်ဖွယ်ရာ အခင်းအထူး တည်းဟူသော အာသနပလ္လင်သည် သေဋ္ဌိပလ္လင်, ရာဇပလ္လင်, နာဂပလ္လင်, ဒေဝပလ္လင်, ဓမ္မပလ္လင်, ဗောဓိပလ္လင် စသည်ဖြင့် များစွာရှိ၏။ ထိုတွင်-

“ဂစ္ဆ ဣမံ အမှာကံ ဃရံ အာနေတွာ မမ ပလ္လင်္ကေ နိသီဒါပေတွာ အမှာကံ ပဋိယတ္တဘတ္တဿ ပတ္တံ ပူရေတွာ ဒါပေဟိ= အချင်း.. သွားလော့၊ ဤပစ္စေကဗုဒ္ဓါကို ငါတို့အိမ်သို့ ပင့်ခေါ်သွားပြီးလျှင် ငါ၏(ပလ္လင်၌) ထိုင်နေစေ၍ ငါ့အတွက် စီမံထားသော ထမင်းကို သပိတ်အပြည့်ထည့်၍ လှူဒါန်းလိုက်လော့”ဟူ၍ ဆက္ကနိပါတ် (၂) သူစိဝဂ် (၅) မယှကဇာတ် အဋ္ဌကထာ၌ လာရှိသည့် ဗာရာဏသီသူဌေး၏ ပလ္လင်မျိုးသည် သေဋ္ဌိပလ္လင်မည်၏။ သူဌေးများသုံးသည့် နေထိုင်ဖွယ်ရာ အခင်းအထူးဟူလို။



၅၈၂

မင်းတို့၏ အသုံးအဆောင်ဖြစ်သည့်-

(၁) နန်းဦးပြာသာဒ်တော်တွင်ထား၍ မင်းတို့ အပူဇော်ခံရာ ခြင်္သေ့ရုပ်ခံသော ယမနေသားဖြင့် ထုလုပ်အပ်သည့် သီဟာသနပလ္လင်၊

(၂) ဇေတဝန်ဆောင်တွင်ထား၍ မင်းတို့ ရတနာသုံးပါးကို ပူဇော်ရာ ဟင်္သာရုပ်ခံသော သင်္ကန်းသားဖြင့် ထုလုပ်အပ်သည့် ဟံသာသနပလ္လင်၊

(၃) ဗောင်းတော်ဆောင်တွင်ထား၍ မင်းတို့ တရားစကား နာခံရာ ခရုသင်းရုပ်ခံသော သရက်သားဖြင့် ထုလုပ်အပ်သည့် သင်္ခါသနပလ္လင်၊

(၄) မှန်နန်းဆောင်တွင်ထား၍ မင်းတို့ စက်တော်ခေါ် (အိပ်)ရာ ပိတုန်းရုပ်ခံသော ကရဝေးသားဖြင့် ထုလုပ်အပ်သည့် ဘမရာသနပလ္လင်၊

(၅) ဗြဲတိုက်ဆောင်တွင်ထား၍ မင်းတို့ ချီးမြှင့်နှိမ့်ချရာ ဆင်ရုပ်ခံသော စကားသားဖြင့် ထုလုပ်အပ်သည့် ဂဇာသနပလ္လင်၊

(၆) မြောက်စမုတ်ဆောင်တွင်ထား၍ မင်းတို့ ဆင် မြင်း သိမ်းမြန်းလက်ခံရာ ဥဒေါင်းရုပ်ခံသော ပေါက်သားဖြင့် ထုလုပ်အပ်သည့် မယူရာသနပလ္လင်၊

(၇) တောင်စမုတ်ဆောင်တွင်ထား၍ မင်းတို့ တိုင်ပင်ဆွေးနွေးရာ သားရဲရုပ်ခံသော ရေသဖန်းသားဖြင့် ထုလုပ်အပ်သည့် မိဂါသနပလ္လင်၊

(၈) အနောက်ပွဲတက်ဆောင်တွင်ထား၍ မင်းတို့ အပူဇော်ခံရာ ပဒုမာကြာရုပ်ခံသော ပိန္နဲသားဖြင့် ထုလုပ်အပ်သည့် ပဒုမာသနပလ္လင်- ဤသို့ ဘုရင်မင်းမြတ်တို့ အသုံးပြုတော်မူကြသည့် ပလ္လင်တော် ရှစ်ခဏ်းတို့သည်၎င်း၊ အလောင်းတော် မဟာသုဒဿန စကြာမင်း၏ အသုံးအဆောင်ဖြစ်သော ပလ္လင်တော်ပေါင်း ရှစ်သောင်း လေးထောင်တို့သည်၎င်း ရာဇပလ္လင်မည်၏။



၅၈၃

ဓတရဋ္ဌနဂါးမင်း စသည်တို့၏ နေထိုင်ရာ ပလ္လင်သည် နာဂပလ္လင်မည်၏။

သုတ်မဟာဝါပါဠိတော် ဇနဝသဘသုတ် မဟာဂေါဝိန္ဒသုတ် စသည်တို့၌ လာရှိသည့် “သနင်္ကုမာရ ဗြဟ္မာကြီးသည် သူအလိုရှိရာ နတ်သားတဦးဦး၏ ပလ္လင်၌ ထိုင်နေလိမ့်မည်”ဟု ပြဆိုအပ်သောပလ္လင်၊ စူဠတဏှာသင်္ခယသုတ်၌ လာရှိသည့် အရှင်မဟာမောဂ္ဂလာန်အတွက် ခင်းပေးအပ်သော တယူဇနာပမာဏရှိသော ပတ္တမြားပလ္လင်မျိုးသည် ဒေဝပလ္လင်မည်၏။

.

သုတ်သီလက္ခန်အဋ္ဌကထာ နိဒါန်းစသည်တို့၌ လာရှိသည့် သံဂါယနာတင်သောအခါ ဓမ္မဝိဿဇ္ဇက အရှင်ဥပါလိ အရှင်အာနန္ဒာတို့ ထိုင်ရာ ပလ္လင်မျိုးသည်၎င်း၊ ဘုရားအစရှိသော ဓမ္မကထိကပုဂ္ဂိုလ်မြတ်တို့ နေထိုင် သီတင်းသုံးကာ တရားဟောရာ ပလ္လင်သည်၎င်း ဓမ္မပလ္လင်မည်၏။

အလုံးစုံသော ဘုရားအလောင်းတော်တို့ မဟာဗောဓိပင်အရင်း၌ “အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကိုမရသမျှ ဤနေရာမှ ငါမထတော့ပြီ”ဟု လှလှခိုင်မြဲ အဓိဋ္ဌာန်စွဲကာ တင်ပလ္လင်ခွေထိုင်နေရာ ဌာနအထူးသည် ဗောဓိပလ္လင်မည်၏။ ထိုဗောဓိပလ္လင်ကိုပင် မာရ်ငါးပါးကို (ကိုယ်တော်မြတ်က မရှုံးပဲ) အောင်ပွဲယူရာဖြစ်၍ အပရာဇိတပလ္လင်ဟူ၍လည်း ခေါ်၏။

ထိုပလ္လင်တော်မှာ ဗောဓိမဏ္ဍိုင် ကုန်းတော်ပေါ် အတောင်တရာမြင့်၍ အလွန်တင့်တယ်သော ဗောဓိပင်၏အရင်း အရှေ့ဖက်မျက်နှာ လေးတောင်ကွာဌာနတွင် ဘုရားအလောင်းတော်များ မြက်ရှစ်ဆုပ်ကို ဖြန့်ကြဲလိုက်သည်နှင့် တပြိုင်နက် ဖြည့်ဆည်းပူးတော်မူခဲ့သော ပါရမီကောင်းမှု ကုသိုလ်ကံ အဟုန်တို့ကြောင့် မြေအပြင်မှ



၅၈၄

ပေါ်ပေါက်လျက် ရတနာအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်တင့်တယ်သော ပလ္လင်တော်ဖြစ်သည်။ ဤပလ္လင်ကို ဘုရားအလောင်းတော်တို့ ဗောဓိခေါ် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို ထိုးထွင်းသိမြင်ရာ (ဘုရားဖြစ်ရာ) ပလ္လင်ဖြစ်သောကြောင့် (ပါဠိလို) ဗောဓိပလ္လင်္က (မြန်မာလို) ဗောဓိပလ္လင်ဟူ၍ ခေါ်၏။

ပလ္လင်တော် မြင့် မမြင့် ဝါဒများ

     ပလ္လင်တော်နှင့်စပ်၍ ဂေါတမမြတ်စွာဘုရား၏ ပွင့်တော်မူရာ ပလ္လင်တော်သည် မြေမှအထက် တလက်မမျှ မမြင့်တက် ဟူ၍၎င်း၊ မြေမှအထက် (၁၄) တဆယ့်လေးတောင် မြင့်တက်သည် ဟူ၍၎င်း ဝါဒနှစ်ပါး ပြားလျက်ရှိပေသည်။ ထိုနှစ်ပါးတို့တွင်—

မဏိဒီပဋီကာဆရာ၏ဝါဒ

     သောတ္ထိယ မြက်ထမ်းသမား လှူဒါန်းလိုက်သော မြက်ရှစ်ဆုပ်တို့ကို မဟာဗောဓိပင်ရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် မနှိုင်းရှည်နိုင်သော ကပ်ကမ္ဘာကာလတို့က ဆည်းပူးတော်မူအပ်သည့် ပါရမီတော်တို့၏ အာနုဘော်ကြောင့် မြေမှပေါ်ထွက်သော အပရာဇိတပလ္လင်တော်သည် ရတနာအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်လျက် အလွန်ပင် မွေ့လျော်ဖွယ်ရှိ၏၊ လောကသုံးပါး၌ မည်သူတဦးတယောက်မျှ စီမံပြုလုပ်ခြင်းငှါ မစွမ်းနိုင်သော သဘောရှိ၏။ အကျယ်အပြန့်အားဖြင့် (၁၄) တဆယ့်လေးတောင် ပမာဏရှိ၍ ထိုနှင့်လိုက်လျောသော အလျားရှိသည်။ သို့သော်လည်း အခြေမရှိသည့်အတွက် မြေမှ မလွတ်မထွက်ပဲ (မြင့်မတက်ပဲ) တည်ရှိ၏။ မြေအပြင်တခုလုံး၏ ဦးဆောက်ပန်းသဖွယ်လည်း ဖြစ်ပေ၏၊ ၀ဇိရ စိန်တုံး စိန်ခဲကဲ့သို့ မကွဲမအက် မပျက်မကြွေနိုင်သော နေရာဖြစ်သည့်ပြင် မာရ်ငါးပါးကို (ကိုယ်တော်ကမရှုံးပဲ) အောင်ပွဲခံယူရာ ဖြစ်သောကြောင့် အပရာဇိတ ပလ္လင်တော်ဖြစ်၏။ ဗောဓိပင်၏ အနီးမှာတည်သော ပလ္လင်ဖြစ်၍ ဗောဓိပလ္လင်ဟု ခေါ်၏။ “စုဒ္ဒသဟတ္ထုဗ္ဗေဓော ပလ္လင်္ကော”ဟု လာသော ကျမ်းဂန်များ၌လည်း



၅၈၅

ဥဗ္ဗေဓသဒ္ဒါသည် အကျယ်အပြန့်ကိုသာ ဟော၏၊ အမြင့်ကို မဟော၊ ထို့ကြောင့် “စုဒ္ဒသဟတ္ထုဗ္ဗေဓော”ဟူသော ပါဠိ၌ တဆယ့်လေးတောင် အပြန့်ကျယ်သောပလ္လင် ဟူ၍သာ အနက်ကို ယူရာ၏။ ။ဤကား မဏိဒီပဋီကာ ပဌမအုပ် မျက်နှာ ၁၄၉-လာ စကားရပ်တည်း။ ။(ဤ၌ မဏိဒီပဋီကာဆရာ ရှင်အရိယဝံသ၏ ဆိုလိုရင်းမှာ ပလ္လင်တော်သည် အနံ တဆယ့်လေးတောင် အလျားမှာ ထိုနှင့်လိုက်လျောရုံသာ ရှိ၏၊ အမြင့်မရှိ မြေပြင်နှင့် တညီတည်းသာဖြစ်လျက် မြေသားလည်းမဟုတ်ပဲ ပါရမီတော်ကြောင့် မြေမှ ပေါ်ထွက်လာသော ရတနာပလ္လင်တော် ဖြစ်၏ဟု ဆိုလိုရင်း ဖြစ်သည်။)

ပရိတ်ကြီးဋီကာဆရာ၏ဝါဒ

     ပရိတ်ကြီး ဋီကာဆရာကမူကား.. “ဘုရားအလောင်းတော်သည် သောတ္ထိယ မြက်ထမ်းသမား လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ ဗောဓိမဏ္ဍိုင် ကုန်းတော်ပေါ်သို့တက်ပြီး ဗောဓိပင်၏ အရှေ့မြောက်ထောင့်အရပ်၌ ရပ်တော်မူလျက် အဖျားမှကိုင်ကာ ကြဲဖြန့်လိုက်သည်နှင့် တပြိုင်နက် များစွာသော ကပ်ကမ္ဘာကာလတို့က ဆည်းပူးတော်မူခဲ့သော ပါရမီကောင်းမှု ကုသိုလ်တို့၏ တန်းခိုးအာနုဘော်ကြောင့် မြေမှ ပေါ်ထွက်လာသော အပရာဇိတ ပလ္လင်တော်သည် အလုံးစုံသော ရတနာတို့ဖြင့် ပြီး၏၊ တဆယ့်လေးတောင် အမြင့်အနံရှိ၏၊ ထိုတဆယ့်လေးတောင်နှင့် လိုက်လျော သင့်လျော်သော အလျားရှိ၏။ မြေပြင် တခုလုံး၏ အထွတ်လည်း ဖြစ်ပေ၏၊ ဗောဓိပင်၏အနီး လေးတောင်ထွာကွာသော နေရာဌာနမှာ ဖြစ်ပေါ် လာသော ပလ္လင်ဖြစ်၍ ဗောဓိပလ္လင်မည်၏။

     ဆရာတို့ကား.. “ပလ္လင်တော်သည် မြေမှ အပေါ်သို့ လက်တသစ်ခန့်မျှ မတက်၊ မြေပြင်နှင့် တညီတည်းသာဖြစ်၏။ “စုဒ္ဒသ ဟတ္ထော ပလ္လင်္ကော”ဟူသော စကားမှာ အနံ တဆယ့်လေးတောင်ကိုသာ ရည်၍ ဆိုသည်။ အမြင့်အစောက်ကိုရည်၍ ဆိုသည်မဟုတ်။



၅၈၆

အကယ်၍ ပလ္လင်တော်အမြင့်ရှိခဲ့ပါလျှင် (ဝိပဿီဗုဒ္ဓဝင်ကို ပြန်၍ကြည့်ပါ) ဝိပဿီမြတ်စွာဘုရား၏ ပလ္လင်တော်ပမာဏကို ပြဆိုသော (တေပညာသ ဟတ္ထ-ဟူသော) ပါဠိအရ ဝိပဿီမြတ်စွာဘုရား၏ ပလ္လင်တော်သည် ငါးဆယ့်သုံးတောင် မြင့်ရပေမည်။ ထို ဝိပဿီမြတ်စွာဘုရား၏ သခွတ်ပင်ဗောဓိမှာလည်း ပင်စည် အတောင် ငါးဆယ်၊ အကိုင်းအခက် အတောင်ငါးဆယ်၊ နှစ်ရပ်ပေါင်း မြေမှ ဗောဓိပင်ဖျားတိုင်အောင် အတောင်တရာရှိရာ ငါးဆယ့်သုံးတောင်မြင့်သော ပလ္လင်သည် (မြတ်စွာဘုရား မထိုင်ရမီကပင်) အတောင် ငါးဆယ်ရှိသော ပင်စည်ကို သုံးတောင်ကျော်လွန်၍ အခက်ကြားထဲ၌ ဝင်၍ တည်နေရပေလိမ့်မည်၊ ထို အခက်ကြားထဲ၌ ဝင်၍တည်နေသော ပလ္လင်ပေါ်ဝယ် ဝိပဿီ မြတ်စွာဘုရားသည် (ပင်စည်ကို ကျောမပြုရပဲ) အကိုင်းမကြီးကိုသာ နောက်ကျောပေးကာ အတောင်ရှစ်ဆယ်မြင့်သော ဝိပဿီ မြတ်စွာဘုရားသည် မတင့်မတယ် ထိုင်နေရပေလိမ့်မည်။ ထို့ကြောင့် ပလ္လင်တော်၏ အမြင့်မှာ လုံးလုံးမရှိ”ဟူ၍ ဖွင့်ဆိုကြသည်။

     ထိုဆရာတို့၏ စကားကို စူးစမ်းဆင်ခြင်သင့်၏။ အကြောင်းကား.. ဘုရားရှင်တို့၏ အရာမည်သည် မကြံအပ် မကြံစည်နိုင်သောကြောင့်တည်း၊ ဆင်ခြင်ရန် ဥပမာကား.. တထွာမျှလောက်ရှိသော မှန်အပြင်၌ ဆယ်တောင် အတောင်တရာရှိသော စေတီရိပ် ထင်နိုင်၏၊ ထိုသို့ရာ၌ မှန်ကလည်း ကြီး၍မလာ၊ စေတီကလည်း ငယ်၍မသွားပဲလျက် မှန်အပြင်၌ စေတီထင်ခြင်းမှာ မကြံစည်နိုင်သောအရာ (လောကဝိသယအစိန္တေယျ) ဖြစ်သကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားတို့ မည်သည် တန်းခိုးဖြင့် တမင် ဖန်ဆင်းတော်မမူကြပဲ အလိုတော်ရှိလျှင် မုန်ညင်းစေ့အတွင်း၌ပင် လျောင်း ထိုင် ရပ် သွား ဣ‌ရိယာပုထ် လေးပါးတို့ဖြင့် သီတင်းသုံးတော်မူနိုင်ကြကုန်၏။ သို့ဖြစ်၍ ဘုရားရှင်တို့၏ အရာသည် မကြံစည်အပ် မကြံစည်နိုင်သော အရာဖြစ်၏ဟူသော အနက်အဓိပ္ပါယ်ကို ယူသင့်သည်။



၅၈၇

(ဤကား ပရိတ်ကြီးဋီကာ ရတနသုတ်နိဒါန်း ဗောဓိပလ္လင်္ကေပုဒ် အဖွင့်၌လာသော စကားရပ်တည်း။ ။ဤ၌ ပရိတ်ကြီးဋီကာဆရာ၏ ဆိုလိုရင်း အကျဉ်းချုပ်မှာ ပလ္လင်တော်သည် အမြင့် တဆယ့်လေးတောင် အနံ တဆယ့်လေးတောင် အလျား ထိုနှင့်လိုက်လျောသင့်လျော် ရှိပြီးလျှင် ပါရမီတော်ကြောင့် မြေမှ ပေါ်ပေါက်လာသည့် ရတနာအတိပြီးသော ပလ္လင်တော်ဖြစ်၏ဟု ပြဆိုလိုသည်။)

     မည်သည့်ဝါဒ သင့်မြတ်သနည်း.. ဤအမေးအတွက် မုံရွေး ဇေတဝန်ဆရာတော်၏ ဖြေရှင်းချက်ကို ဤ၌ အကျဉ်းချုပ် ဖော်ပြပေအံ့၊ (အကျယ်ကို သမန္တစက္ခုဒီပနီ ဒုတိယတွဲ၌ ကြည့်ရာ၏။)

မုံရွေးဆရာတော်၏ ရှင်းပြချက် အတိုချုပ်မှာ-

     ဤသို့ ဋီကာဆရာနှစ်ဦးတို့ ပလ္လင်တော် အမြင့်အစောက် ရှိ-မရှိ ယူကြသည့် စကားနှစ်ရပ်တွင် ပလ္လင်တော်သည် မမြင့်ဟူ၍ယူသော မဏိဒီပဆရာက ဝိပဿီဘုရားပလ္လင်တော် ငါးဆယ့်သုံးတောင်ဆိုသော စကားအရ အမြင့်ဖြစ်ခဲ့သော် ထိုပလ္လင်သည် အတောင်ငါးဆယ်ရှိသော ဗောဓိပင်ပင်စည်ကို ကျော်လွန်ကာ ခက်မကြားသို့ဝင်လျက် တည်လေရာ၏၊ (ပလ္လင်တော်ချည်းပင် တင့်တယ်နိုင်အံ့လော၊) အတောင်ရှစ်ဆယ်မြင့်သော ဝိပဿီဘုရား ကိုယ်တော်သည် ခဲခဲကပ်ကပ် ကြပ်ကြပ်တည်းတည်း (ပင်စည်ကို နောက်မှီမထားရပဲ) ခက်မကိုသာ နောက်မှီထား၍ အကိုင်းကြား၌ (ကြည့်ရှု၍ မလျော်) နေတော်မူရသည် ဖြစ်ရာ၏ဟု အမြင့်ရှိမှု၌ အပြစ်ကို ဖော်ပြကြံစည်သည်။

     ပရိတ်ကြီးဋီကာဆရာကမူ.. “မြတ်စွာဘုရားသည် မုန်ညင်းခွံအတွင်း၌ပင်သော်လည်း ပရိက္ခရာရှစ်ပါးတို့နှင့်တကွ ရပ်တော်မူနိုင်သည်၊ ဗုဒ္ဓဝိသယ အစိန္တေယျ ဖြစ်သည်၊ ဝိပဿီမြတ်စွာဘုရား၏ ပလ္လင် ဗောဓိ အရပ်တော်တို့၏ အတိုင်းအရှည်နှင့်စပ်၍ မကြံအပ်သောအရာပင် ဖြစ်သည်”ဟု ယူသည်။



၅၈၈

     ဆရာနှစ်ဦးတို့၏ ဝါဒနှစ်မျိုးလုံးပင် အထောက်အထားနှင့်ချည်းပင်ဖြစ်၍ နှစ်သက်ရာ မှတ်သားနိုင်သော်လည်း ယုတ္တိရှိရာကို ဆင်ခြင်စဉ်းစားသော်ကား..

     မဏိဒီပကျမ်းမှာ သက္ကရာဇ် (၈၃၀) ရှစ်ရာသုံးဆယ်ကျော်လောက်မှ ဖြစ်သောကျမ်း ဖြစ်သည်။ ပလ္လင်တော်အမြင့် မရှိဟူသော စကားသည်လည်း မဏိဒီပမပေါ်မီ သီဟိုဠ်ကျွန်း ပုဂံ မြင်စိုင်း စစ်ကိုင်း ပင်းယမင်းတို့လက်ထက် ပြုသောကျမ်းတို့က မဆိုမလာ၊ ဤမဏိဒီပကျမ်းသစ် ဖြစ်လာမှသာ ဤစကားသစ် ဖြစ်ချေသောကြောင့်၎င်း၊ တပါးသောကျမ်းတို့က ဤကဲ့သို့ မဆိုချေသောကြောင့်၎င်း စကားထီးချေသည်။

     တကြောင်းမှာလည်း.. ဘုရားသခင် အနိမိသဌာန၌ နေတော်မူ၍ ခုနစ်ရက် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရှု၍ နေသည့်အရာ၌ ပလ္လင်တော်အမြင့် မရှိဖြစ်ခဲ့သော် မြေ၌ခင်းသော နေရာမျှကိုသာ ရှုရမည့်လက္ခဏာ ရှိချေသည်။

     အချို့ဆရာတို့ကလည်း- “ပလ္လင်္ကသဒ္ဒါသည် နေရာကိုလည်း ဟော၏၊ အစောက်ရှိသော ပလ္လင်ကိုလည်း ဟော၏၊ ဤအရာတွင် ပလ္လင်္ကသဒ္ဒါသည် နေရာဟောဖြစ်သည်” ဟူ၍လည်း ဆို၏။ ထိုစကား၌လည်း နေရာဟောမျှသာမှန်သော် “ဗောဓိပလ္လင်္ကေ” စသည်ဖြင့်သာ ကျမ်းဂန်တို့၌ ဆိုချေသည်၊ “ဗောမိအာသနေ” စသည်ဖြင့် မဆိုစဘူး၊ ထိုဆရာတို့စကားအတိုင်းဖြစ်လျှင် ဆိုရပေမည်၊ ဆိုကားမဆိုခဲ့၊ တပါးသောအရပ်၌ နေတော်မူသော ကာလ (နေရာသာမညကိုရည်၍) “ပညတ္တာသနေ နိသီဒိ ၊ ၊အာသနံ ပညာပေတွာ၊ ၊အညတရသ္မိံ ရုက္ခမူလေ ပညတ္တေ အာသနေ နိသီဒိ” စသည်ဖြင့် အာသနသဒ္ဒါဖြင့် လာသော်လည်း ဗောဓိပင်သို့ ရောက်သောကာလ၌ အာသနသဒ္ဒါဖြင့် မလာ၊ ပလ္လင်္ကသဒ္ဒါဖြင့်သာ “ပလ္လင်္ကဉ္စ ဗောဓိရုက္ခဉ္စ အနိမိသေဟိ အက္ခီဟိ ဩလောကယမာနော သတ္တာဟံ ဝီတိနာမေသိ၊ ၊ပလ္လင်္ကဿ စ ဌိတဋ္ဌာနဿ စ အန္တရာ” စသည်ဖြင့် လာရှိသည်၊ ထို့ကြောင့် နေရာသာမည မြေ၌ခင်းလျက် တည်သော



၅၈၉

လက်တသစ်မျှပင် မြေမှတက်ခြင်း အလျဉ်းမရှိသော အာသနမျှသာ မယူသင့်၊ ဤအရာ၌ ပလ္လင်္ကသဒ္ဒါဖြင့် အထူးဆိုသောကြောင့် အရပ်အမြင့် အထူးရှိသော ပလ္လင်ဟု ယူသင့်သည်။

     မြက်ခင်းနေရာ သာမန်မျှသာ ယူချေသော် အကြောင်းပါရမီကို အထူးဆို၍ အကျိုးမရှိလွန်းရာကျသည်၊ ထူးဆန်းလှသော အမြင့်အရပ်ရှိသော ပလ္လင်အထူးဖြစ်၍သာ လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ဆည်းပူးအပ်သော ပါရမီတော်၏အကျိုးကြောင့် ဖြစ်ကြောင်းကို ဝိနည်း မဟာဝါအဋ္ဌကထာ၌ “စတ္တာရိ အသင်္ချေယျာနိ ကပ္ပသတသဟဿဉ္စ ဥပစိတာနံ ပါရမီနံ ဗလာဓိဂမဋ္ဌာနံ ပလ္လင်္ကဉ္စ ဗောဓိရုက္ခဉ္စ”ဟု ဆိုလေသည်။

ဤဆိုလတ္တံ့သော စကားရပ်ကို စိုက်စိုက်စူးစူး အထူးမှတ်ရာ၏

     သောဘိတဘုရား၊ အနောမဒဿီဘုရား၊ ပဒုမုတ္တရဘုရား၊ ဖုဿဘုရားရှင်တို့၏ ပလ္လင်တော် သုံးဆယ့်ရှစ်တောင် ပမာဏရှိသည်ကို ဗုဒ္ဓဝင်အဋ္ဌကထာ၌ ဖွင့်ပြထား၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် ပလ္လင်္ကသတ္တာဟ= (ပလ္လင်၌ နေတော်မူသည့် ခုနှစ်ရက်)ကို လွန်စေပြီး၍ ပလ္လင်တော်မှ ဆင်းသောကာလ ခြေတော်ကိုချမည်ဟူ၍ လက်ျာခြေတော်ကို ချီကြွသည်တွင် မြေကိုခွဲ၍ အရွက်ကြီး အတောင်ကိုးဆယ် ဝတ်ဆံ အတောင်သုံးဆယ် အချက်နားဍောင်း တဆယ့်နှစ်တောင် အရိုးတခုတခုလျှင် တဆယ့်နှစ်တောင်စီရှိသော ကြာပဒုမာ ခံလာကြောင်းကို ဗုဒ္ဓဝင်အဋ္ဌကထာ ပဒုမုတ္တရဗုဒ္ဓဝင်ခဏ်းနှင့် သုတ်မဟာဝါအဋ္ဌကထာ မဟာနိဒါနသုတ်အဖွင့် မျက်နှာ ၇၉-တို့၌ ပြဆိုထား၏။ ပလ္လင်တော် အမြင့်အရပ်မရှိလျှင် ပလ္လင်ကနိမ့်၍ ခံသောကြာက မြင့်သဖြင့် အဆင်မသင့် ဖြစ်ရာသည်။ သုံးဆယ့်ရှစ်တောင်မြင့်သော ပလ္လင်မှ ဆင်းသက်ရာတွင် တဆယ့်နှစ်တောင်ရှိသော ကြာပဒုမမာ ခြေတော်အောက်မှာ ခံလာသည်ဟူ၍ယူမှ သင့်လျော်နိုင်မည်၊ ပလ္လင်တော်အမြင့်မရှိ အပြင်သာရှိသည်ဟု



၅၉၀

ယူခဲ့သော် ပလ္လင်ကနိမ့်၍ နောက်ပေါက်သောကြာက မြင့်၍ တည်ခဲ့ရကား မလျော်ချေ၊ အမြင့်မရှိ အပြင်သာရှိသည်ဆိုသော အရာကိုလည်း နောက်လာ ကျမ်းတတ်ဆရာတို့ မနှစ်သက်လွန်းကုန်၊ မဏိဒီပဆရာမှာ ကျမ်းဂန်တတ်သိသော ဆရာဖြစ်၍သာ ပြစ်ပြစ်ခါခါ မဆိုအားရှိကြချေသည်။

     ဤသို့ စသည်ဖြင့် မုံရွေး ဇေတဝန်ဆရာတော် (ပလ္လင်တော် အမြင့်အရပ် ရှိ၏ဟူသော ဝါဒသာ သင့်မြတ်ကြောင်း) အကျယ်တဝင့် ဆုံးဖြတ်တော်မူသည်။ (သမန္တစက္ခုဒီပနီ၊ ဒု ၃၁၈-မှစ၍။)

တောင်ခွင် သာသနာပိုင်ဆရာတော်ဘုရား၏ အဆုံးအဖြတ်

     ဤ “ပလ္လင်တော် အရပ်အမြင့် ရှိ-မရှိ”နှင့် စပ်၍ ဝိသုဒ္ဓသီလာစာရ သိရိပ၀ရ ဓမ္မသေနာပတိ မဟာသံဃရာဇာ သာသနာပိုင် ဆရာတော်ဘုရားကြီး၏ အဆုံးအဖြတ်ကို “ဂုဠှတ္ထဝိနိစ္ဆယ”ကျမ်းမှ ထုတ်နုတ်ပြဆိုဦးအံ့..။

     မြတ်စွာဘုရားပလ္လင်တော် တဆယ့်လေးတောင်ဆိုသည့် စကားရပ်၌ မဏိဒီပကျမ်းကို စီရင်ရေးသားတော်မူသော ရှင်အရိယဝံသ ဆရာ့အလိုအားဖြင့် မြေမှ အမြင့်အစောက်မဟုတ်၊ အကျယ်အပြန့်သာဖြစ်သည်။ ပရိတ်ကြီးဋီကာကို စီရင်ရေးသားတော်မူသော ရှင်တေဇောဒီပ ဆရာ့အလိုအားဖြင့် မြေမှ အစောက်အမြင့် ဖြစ်သည်ဟု အယူဝါဒ ကွဲပြားလျက်ရှိရာ ထိုဆရာနှစ်ဦးတို့ပင် ကျမ်းပြုဆရာနှင်နှင်ချည်း ဖြစ်ကြ၍ အသီး အသီး ပါဠိအာဂုံတို့ကို နည်းနာနယ ယုတ္တာယုတ္တိ နှိုင်းညှိလျက် ဆိုစွမ်းနိုင်သော ဆရာတို့နှင်နှင်ချည်း ဖြစ်ကြသည့်အလျောက် တိုင်းထွာနှိုင်းညှိ ယုတ္တိပုံပြင် အာဂုံဆင်၍ မမြင်ဉာဏ်နု ပုဂ္ဂိုလ်စုကို ယုံမှုယုံကြောင်း ဉာဏ်သစ်လောင်း၍ အပေါင်းများစွာ ယုံကြည်ပါအောင် ကြံဆောင်အားထုတ်ကြသည်ကို ထိုထိုကျမ်းဂန်တွင် သိမြင်လာရှိသည့်အတိုင်း လီနန္တရစောဒနာ= အတွင်းငုပ် အပြစ်တင်ဖွယ်ဖြင့် တက်၍ ဆင်ခြင်ရန်ရှိသည်မှာ..



၅၉၁

     ပလ္လင်သည်-

(၁) ပေါင်ဖြင့် ထက်ဝယ်ဖွဲ့ခွေ နေခြင်းဟူသော ဦရုဗဒ္ဓါသနပလ္လင်၊

(၂) ထိုပေါင်ဖြင့် ထက်ဝယ်ဖွဲ့ခွေ နေရာအရပ်တည်းဟူသော ဌာနပလ္လင်၊

(၃) နေရာအထူးဖြစ်သော အာသနဝိသေသပလ္လင်-

ဟူ၍ သုံးရပ်ရှိသည်။ ထိုတွင် (ပ) ဗုဒ္ဓဝင်အဋ္ဌကထာ ပလ္လင်္ကဝေမတ္တကထာ၌ ဌာနပလ္လင်အရကို အနံအပြန့်ဟောသည့် ဝိတ္ထတသဒ္ဒါနှင့်သာ လာသည်။ ကောဏ္ဍညဗုဒ္ဓဝံသမှစ၍ ဘုရားရှင်တို့၏ ပလ္လင်တော် နေတော်မူဟန်ကို ဆိုသည့်အရာများမှာလည်း အလျားအနံအပြန့်ဟော အာယာမ ဝိတ္ထတ သဒ္ဒါတို့နှင့်သာ လာသည်။

     အချို့သော ဆရာတို့ကား- “ဗောဓိမဏ္ဍံ အာရုယှ စုဒ္ဒသဟတ္ထုဗ္ဗေဓေ ဌာနေ တိဏသန္ထရံ အတ္ထရိတွာ”ဟူ၍ ခန္ဓဝဂ္ဂသံယုတ် အဋ္ဌကထာ ခဇ္ဇနီယဝဂ် ပဉ္စမသုတ်အဖွင့်၊ စတုကင်္ဂုတ္တရ အဋ္ဌကထာတို့၌ ဥဗ္ဗေဓသဒ္ဒါနှင့် လာသောကြောင့် “ပလ္လင်တော်သည် အကျယ်အပြန့်မဟုတ်၊ အစောက်အမြင့်သာ”ဟု ပရိတ်ကြီးဋီကာဆရာ၏ အယူဝါဒသို့လိုက်၍ ပြောဆို ဆုံးဖြတ်ကြကုန်သည်။ ထိုဆရာတို့၏ စကားကို ဆင်ခြင်အပ်သည်။ အဘယ့်ကြောင့်နည်း ဟူမူကား အကယ်၍ ဥဗ္ဗေဓသဒ္ဒါနှင့် ဖွင့်ပြသည်ဖြစ်၍ အစောက်အမြင့် ဖြစ်ခဲ့အံ့၊ ထို “စုဒ္ဒသဟတ္ထုဗ္ဗေဓေ ဌာနေ”ဟူသော ပါဌ်၏ နောက်၌ “တိဏသန္ထရံ အတ္ထရိတွာ”ဟူသော ပါဌ်ကို အဋ္ဌကထာဆရာ တက်၍ ပြပြန်သောကြောင့် တဆယ့်လေးတောင် အစောက်မြင့်အောင် မြက်ကိုခင်း၏ဟူသော အနိဋ္ဌပသင်္ဂဒေါသ= မလိုလားအပ်သောအနက်၏ ငြိကပ်မှုအပြစ် ရောက်ခဲ့ရာ၏။ ထိုသို့လည်း တဆယ့်လေးတောင် အစောက်မြင့်အောင် ခင်းတော်မမူ၊ ထို့ကြောင့် ဤအရာ၌ ဥဗ္ဗေဓသဒ္ဒါသည် မဏိဒီပဆရာတော် ပြဆိုသည့်အတိုင်း ဝိတ္ထာရ= အနံအပြန့်ဟောယူမှ



၅၉၂

“တိဏသန္ထရံ အတ္ထရိတွာ”ဟူသော အဋ္ဌကထာ နောက်စကားနှင့် ညီညွတ်ရာသည်၊ ထို့ကြောင့် “တဆယ့်လေးတောင် ပြန့်သောအရပ်၌ မြက်ကိုခင်းသည်”ဟူသော အဓိပ္ပါယ်ကိုသာ မှတ်ယူ ဆုံးဖြတ်အပ်သည်။

     ဤ၌ မေးဖွယ်ရှိသည်ကား.. အကယ်၍ မဏိဒီပဆရာ ဆုံးဖြတ်သည့်အတိုင်း ပလ္လင်တော်သည် အစောက်အမြင့် မဟုတ်၊ အနံ အပြန့်မျှသာ ဖြစ်ငြားအံ့၊ “မာရ်နတ်သားသည် ပလ္လင်ကိုအကြောင်းပြု၍ စစ်ကြီးချီတက်လာသည်”ဟူသော စကားသည် အချည်းနှီးဖြစ်ရာသည် မဟုတ်လော၊ (မြက်အခင်း သာမန်မျှသာ ဖြစ်လျှင် မာရ်နတ်သားသည် ပလ္လင်ကို ရယူရန် စစ်ကြီးချီတက်ရန် မလိုဟု ဆိုလိုသည်) ဤသို့ မေးဖွယ်ရှိ၏။

     အဖြေကား.. ထိုသို့ အချည်းနှီးမဖြစ်၊ စင်စစ်သော်ကား မြတ်စွာဘုရားသည် တဆယ့်လေးတောင် အပြန့်ကျယ်သော မြက်အခင်း၌သာ ထိုင်နေတော်မူသော်လည်း ဘ၀များစွာ သံသရာက ဖြည့်ဆည်းပူးတော်မူအပ်သော ပါရမီကောင်းမှု ကုသိုလ်တို့ကြောင့် ခပ်သိမ်းသော မြင်မြင်သမျှ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ဆန်းကြယ်လှစွာသော အပရာဇိတ ပလ္လင်တော်၌ စံနေတော်မူသကဲ့သို့ ထင်မှတ်ကြရသည်။ ထို့ကြောင့် အချည်းနှီး မဖြစ်ဟူ၍ ဖြေဆိုရာ၏။

     ဥပမာအားဖြင့် မြတ်စွာဘုရား အလောင်းတော် ဖွားတော်မူစ အခါကာလ၌ ဖွားသစ်စဖြစ်သော ဘုရားအလောင်းကို ရှေးဦးစွာ သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည် ရွှေကွန်ရက်ဖြင့် ခံကြကုန်၏။ ထိုဗြဟ္မာကြီးတို့၏လက်မှ စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်တို့သည် သစ်နက်ရေဖြင့် ခံကြကုန်၏။ ထိုစတုမဟာရာဇ် နတ်မင်းကြီးလေးယောက်တို့၏လက်မှ လူတို့သည် ဘွဲ့ဖြူပုဆိုးဖြင့် ပြုအပ်သော ခေါင်းခုသဏ္ဌာန်အခွေဖြင့် ခံကြကုန်၏။ ဘုရားအလောင်းသည် လူတို့၏ လက်မှလွတ်၍ မြေ၌ရပ်တော်မူ၏။ နတ်ဗြဟ္မာတို့သည် ထီးဖြူစသော မင်းမြှောက်တန်းဆာ ငါးပါးတို့ကို ကိုင်စွဲလျက် ခြံရံကုန်၍ ထီးဖြူ စမရီသားမြီးယပ်တို့ဖြင့် ဆောင်းမိုးပူဇော်ကြကုန်၏။ ဖွားပြီးစ တမုဟုတ်မျှသာရှိသော



၅၉၃

ဘုရားအလောင်းတော်သည် မြေ၌ ရပ်တော်မူ၍ အရှေ့အရပ်ကို ကြည့်တော်မူလျှင် ထောင်ပေါင်းများစွာ စကြဝဠာတို့သည် တပြင်တည်းကဲ့သို့ (အပိတ်အဆို့ အကွယ်အကာ မရှိ) ဖြစ်ကုန်၏၊ ထိုအရပ်၌ နေကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် နံ့သာ ပန်း စသည်တို့ဖြင့် ပူဇော်ကြကုန်လျက် “အလောင်းမင်းသား.. ဤလောက၌ အလောင်းမင်းသားတို့နှင့် တူသောသူမျှလည်း မရှိ၊ လွန်မြတ်သောသူမူကား အဘယ်ဆိုဖွယ် ရှိအံ့နည်း၊ စင်စစ် မရှိသည်သာလျှင်တည်း”ဟု လျှောက်ထားကြကုန်၏။ ဤသို့သောနည်းဖြင့် အရပ်ဆယ်မျက်နှာတို့ကို ကြည့်တော်မူပြီး၍ ကိုယ်တော်နှင့် တူသောသူကို မြင်တော်မမူသောကြောင့် “ဤအရပ်ကား မြတ်သောအရပ်တည်း”ဟု နှလုံးပိုက်တော်မူပြီးလျှင် မြောက်အရပ်သို့ရှေးရှု ခုနစ်ဖဝါး လှမ်းကြွတော်မူပြီး၍ “အဂ္ဂေါဟမသ္မိ” အစရှိသော မကြောက်မရွံ့ မြတ်သောစကားကို ကြုံးဝါးတော်မူ၏ဟု သုတ်မဟာဝါ မဟာပဒါနသုတ်ပါဠိတော် ၎င်းအဖွင့် အဋ္ဌကထာတို့၌ လာရှိသည်။ (ပ)

     ဤအရာ၌ ပြဿနာမေးကြကုန်၏၊ မေးပုံကား.. ဘုရားအလောင်းတော် မြေ၌ရပ်တော်မူ၍ မြောက်အရပ်သို့ ရှေးရှု ကြွသွားတော်မူပြီးလျှင် မကြောက်မရွံ့ မြတ်သောစကားကို ကြုံးဝါး မြွက်ဆိုတော်မူသောအခါ မြေပြင်ခရီးဖြင့်ပင် ကြွသွားတော်မူသလော၊ သို့မဟုတ် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသလော။ ထင်သောကိုယ် ရှိသည်ဖြစ်၍ ကြွသွားတော်မူသလော၊ သို့မဟုတ် မထင်သောကိုယ် ရှိသည်ဖြစ်၍ ကြွသွားတော်မူသလော။ အဝတ်မစည်း အချည်းဆည်းဖြစ်၍ ကြွသွားတော်မူသလော၊ သို့မဟုတ် တန်းဆာဆင်၍ ကြွသွားတော်မူသလော၊ ပျိုမျစ်နုနယ် သူငယ်ပင်ဖြစ်၍ ကြွသွားတော်မူသလော၊ သို့မဟုတ် အရွယ်ရောက်ပြီး လူကြီးဖြစ်၍ပင် ကြွသွားတော်မူသလော။ (အကယ်၍) ထိုမွေးဖွားစအခါ အရွယ်ရောက်ပြီး လူကြီးဖြစ်၍ ကြွသွားတော်မူလျှင် နောက်အခါလည်း ကြွသွားတော်မူစဉ်ကကဲ့သို့ လူကြီးပင် ဖြစ်ဖြစ်သလော၊ သို့မဟုတ် တဖန် သူငယ်ပြန်၍ ဖြစ်သလောဟု မေးကြကုန်၏။ (ဤပြဿနာ ပေါ်ခဲ့ဘူးသည်။)



၅၉၄

     သီဟိုဠ်ကျွန်း လောဟပါသာဒအောက်၌ ဖြစ်ပေါ်လာသော ဤပြဿနာကို တိပိဋက စူဠာဘယမထေရ်သည် (ပ) ဤသို့ ဖြေကြားတော်မူ၏။ ဖြေကြားပုံကား.. ဘုရားအလောင်း ဖြစ်တော်မူသော ယောက်ျားမြတ်သည် မြေပြင်ခရီးဖြင့်ပင် ကြွသွား တော်မူ၏၊ လူများအပေါင်းအား ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသကဲ့သို့ ထင်မှတ်ကြရ၏။ ဘုရားအလောင်းသည် ထင်သောကိုယ် ရှိသည်ဖြစ်၍ ကြွသွားတော်မူ၏။ သူများအပေါင်းအားမူ မထင်သောကိုယ် ရှိသည်ဖြစ်၍ ကြွသွားတော်မူသကဲ့သို့ ထင်မှတ်ကြရ၏။ ဘုရားအလောင်းသည် ပကတိ မိမွေးတိုင်း အဝတ်မစည်း အချည်းဆည်းဖြစ်၍ ကြွသွားတော်မူ၏၊ လူများအပေါင်းအားမူ တန်းဆာဆင်၍ ကြွသွားတော်မူသကဲ့သို့ ထင်မှတ်ကြရ၏။ ဘုရားအလောင်းသည် ပျိုမျစ်နုနယ် ငယ်ရွယ်သူဖြစ်၍ပင် ကြွသွားတော်မူ၏။ လူများအပေါင်းအားမူ တဆယ့်ခြောက်နှစ်အရွယ် တင့်တယ်သော လူကြီးဖြစ်၍ ကြွသွားတော်မူသကဲ့သို့ ထင်မှတ်ကြရ၏။ ကြွသွားပြီးနောက်၌ကား အလောင်းတော် ၏အဖို့မှာ ကြွသွားစဉ်ကလည်း သူငယ်၊ ကြွသွားပြီး နောက်အခါ၌လည်း သူငယ်ပင်ဖြစ်၏။ လူများအပေါင်းအားမူ ကြွသွားစဉ်က တဆယ့်ခြောက်နှစ်အရွယ် တင့်တယ်သောလူကြီး ကြွသွားပြီးမှ သူငယ်ဟု ထင်မှတ်ကြရ၏ဟူ၍ ဖြေကြားတော်မူ၏။

     ဤအဖြေကို ကြားသိရသောအခါ များစွာသော ပရိသတ်အပေါင်းသည် “အချင်းတို့.. တိပိဋက စူဠာဘယမထေရ်သည် မြတ်စွာဘုရားကိုယ်တော်တိုင် ဖြေကြားတော်မူဘိသကဲ့သို့ ပြဿနာကို ဖြေကြားတော်မူပေ၏”ဟု နှစ်သက် ဝမ်းမြောက်ကြလေသည်ဟူ၍ သုတ်မဟာဝါ မဟာပဒါနသုတ်အဖွင့် အဋ္ဌကထာ၌ လာရှိသည်။

     ဤ “ပလ္လင်တော်သည် အစောက်အမြင့်ဖြစ်သည်၊ အကျယ်အပြန့်ဖြစ်သည်”ဟု ဝိဝါဒ ဖြစ်ပွါးရာ၌လည်း ဘုရားအလောင်း မြောက်သို့ ခုနစ်ဖဝါး လှမ်းကြွသွားရာ တိပိဋ ကစူဠာဘယမထေရ် ဖြေကြားတော်မူသကဲ့သို့ပင် “မြတ်စွာဘုရား ပလ္လင်တော်သည်



၅၉၅

အစောက်အမြင့် မဟုတ်၊ အကျယ်အပြန့်မျှသာ ဖြစ်၏။ သို့သော်လည်း ဘဝများစွာ သံသရာက ဖြည့်ဆည်းပူးတော်မူအပ်သော ပါရမီကောင်းမှု ကုသိုလ်အဆောက်အဦတို့ကြောင့် ခပ်သိမ်းသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ဆန်းကြယ်သော အပရာဇိတရွှေပလ္လင် အမြင့်အမောက် ပေါက်သကဲ့သို့ဖြစ်၍ ထိုပလ္လင်ထက်၌ စံနေတော်မူသကဲ့သို့ ထင်မှတ်ကြရသည်”ဟု ယုတ္တိလက္ခဏာဟာရ နည်းအားဖြင့် ဆုံးဖြတ်သင့်ကြောင်းကို ဧကန်ယုံမှားမဲ့ မှတ်ယူအပ်၏။

     ဤကား တောင်ခွင်သာသနာပိုင် ဆရာတော်ဘုရား၏ အဆုံးအဖြတ်တည်း။ (ဂုဠှတ္ထဝိနိစ္ဆယကျမ်း ပဌမအုပ် မျက်နှာ ၄၄-မှ။)

     ဤသို့လျှင် နှစ်ကျိပ်ငါးဆူသော ဘုရားရှင်တို့၏ မတူထူးခြား ကွဲလွဲချက် ရှစ်ပါးတည်းဟူသော ဝေမတ္တတရားတို့ကို သိမှတ်ရာ၏။ ဤဝေမတ္တတရား ရှစ်ပါးနှင့်စပ်၍ ဓမ္မရာသီပျို့ ပိုဒ်ရေ- ၂၆၊ (၃) သဘာဝခဏ်း၌ ဤဆိုလတ္တံ့သောအတိုင်း စပ်ဆိုထားသည်-

အသင်္ချေယျ၊ ကပ်ဝီသ၌၊ ဓမ္မပါရမီ၊ ပေါင်းစည်းညီ၍၊ ပွင့်ဆီတိုင်လစ်၊ ဘုရားဖြစ်က၊ အလှစ်ပြည့်စုံ၊ ကျေးဇူး ပုံသား၊ သုံးဘုံသနင်း၊ တရားမင်းတို့၊ ပြားခြင်းဟူသည်၊ အင်ရှစ်မည်တွင်၊ ရင်းတည်စဖော်၊ အမျိုးတော်ကား၊ မြတ်ကျော်အစစ်၊ ဧကရာဇ်နှင့်၊ နွယ်မြစ်သန်လှ၊ ဗြာဟ္မဏဟု၊ တွင်ထမည်ရိုး၊ ပုဏ္ဏားမျိုး၌၊ ကျော်ဟိုးလူ့ရွာ၊ မြတ်ရာရာလျှင်၊ ရံခါဖြစ်မြဲ၊ ထူးကြကွဲ၏။ (ကုလဝေမတ္တ)

မစဲမညံ၊ အလျှံတပြောင်၊ ကိုယ်တော်ရောင်ကား၊ အတောင်အတာ၊ ယူဇနာထိ၊ မျှသာထွန်းသည်၊ တူရည် မရှိ၊ ထူးကြဘိ၏။ (ရသ္မိဝေမတ္တ)

ထိုပြိသက်တော်၊ နေခြင်းသော်လည်း၊ မှတ်ရော်ထင်ထင်၊ သည်မျှလျှင်ဟု၊ မြဲပင်မဲ့ဘူး၊ ယွင်းကြထူး၏။ (အာယုဝေမတ္တ)



၅၉၆

မဖြူ မသွယ်၊ မငယ် မကွ၊ မလျ မဆူ၊ ကိုယ်တော်မူလည်း၊ မတူကြငြား၊ နိမ့်မြင့်ပြား၏။ (ပမာဏဝေမတ္တ)

ထသွားစွန့်ခွါ၊ တောထွက်ခါ၌၊ ယာဉ်သာမြင်းဆင်၊ ရထားလျင်နှင့်၊ ထမ်းစင်သံလျင်း၊ စံခြင်းအသီး၊ ယာဉ်ထူးစီး၏။ (ယာနဝေမတ္တ)

ကျင့်ကြီးခဲလှ၊ ဒုက္ကရစရိယာ၊ ရက်သာ လ နှစ်၊ အထူးဖြစ်၏။ (ပဓာနဝေမတ္တ)

သနစ်ဆန်းကြယ်၊ လျှပ်စစ်နွယ်သို့၊ အံ့ဖွယ်ဖြိုးမောက်၊ မြေကပေါက်သား၊ အစောက်မိုးမျှော်၊ ပလ္လင်ကျော်လည်း၊ ရပ်တော်လျောက်ပတ်၊ ညီညွတ်စွာဘိ၊ နိမ့်မြင့်ရှိ၏။ (ပလ္လင်္ကဝေမတ္တ)

ဗောဓိမည်ပင်၊ ပွင့်ကြောင်းထင်သား၊ သစ်ပင်များမင်း၊ ထူးသောခြင်းနှင့်၊ မယွင်းညီတုံ၊ ရှစ်ပါးစုံ၏။ (ဗောဓိဝေမတ္တ)

ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် ပဌမတွဲတည်း။